“ခီး ခီး ခီး...”
ဧရာမ တွင်းကြီးထဲမှ အက်ရှရှနှင့် ကြောက်မက်ဖွယ်ကောင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံက လူတိုင်း၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေ၏။
သို့သော် ကြောက်ရွံ့မှုထက် ဇဝေဇဝါဖြစ်မှုက ပိုများနေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် ပြင်းထန်သည့် တိုက်ပွဲများကို ကြုံဖူးပေသည်။
‘ဒီလောက်အထိ အပြင်းအထန် အရိုက်ခံရပြီးတာတောင် ရယ်နိုင်သေးတာလား။ ဒါ လူတိုင်းအတွက် ပထမဆုံးအကြိမ် ကြုံဖူးခြင်းပဲ’
မိုယုသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။
“မိုဝူရှင်း၊ မင်းက သေခါနီးနေပြီကိုတောင် ရယ်နိုင်သေးတယ်ပေါ့လေ”
သူ စကားပြောပြီးသည်နှင့် ရယ်သံမှာ ရုတ်ချည်း ရပ်တန့်သွား၏။
တွင်းကြီးထဲမှ မိုဝူရှင်းသည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာအရှိန်အဝါများ ဝန်းရံနေသည်။
သူသည် နှုတ်ခမ်းထောင့်ရှိ သွေးများကို လျှာဖြင့် ယက်လိုက်ပြီး ယုတ်မာသော အပြုံးဖြင့်
“ငါ့ကို မိုဝူရှင်းလို့ မခေါ်နဲ့။ မိစ္ဆာလို့ ခေါ်။ မိစ္ဆာအရှင်သခင်လို့ ခေါ်စမ်း”
“ကမ္ဘာခြားမိစ္ဆာ”
မဟာယွီအင်ပါယာမှ အဋ္ဌမမင်းသားက အလိုအလျောက် အာမေဍိတ် ထွက်သွားသည်။
သူတော်စင်တစ်ပိုင်း တစ်ဦး၏ တိုက်ရိုက်မျိုးဆက်ဖြစ်သည့်အတိုင်း သာမန်လူများ တစ်ခါမှ မကြားဖူးသော အကြောင်းအရာများကို သူကတော့ သဘာဝအတိုင်း သိရှိထားသည်။
“ဟား ဟား ဟား...”
မိုဝူရှင်း…မဟုတ်သေး ကမ္ဘာခြားမိစ္ဆာက တစ်စုံတစ်ယောက်က သူ၏ ဇာစ်မြစ်ကို ပြောလိုက်သည်ကို ကြားသောအခါ ပို၍ပင် ရူးသွပ်စွာ ရယ်မောလေတော့သည်။
“မှန်တယ်။ ဒီမိစ္ဆာအရှင်သခင်က မင်းတို့ပြောတဲ့ ကမ္ဘာခြားမိစ္ဆာ အစစ်အမှန်ပဲ။ မင်းတို့အားလုံးက ဒီခန္ဓာကိုယ်ပိုင်ရှင်ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ပေးလိုက်လို့သာ ငါက ဒီတိုက်ကြီးပေါ်ကို ဆင်းသက်နိုင်ခဲ့တာ။ ဆုလာဘ်အနေနဲ့ ဒီမိစ္ဆာအရှင်က မင်းတို့အားလုံးကို ငါ့ရဲ့ အစာအဖြစ် ပြောင်းလဲပေးမယ်၊ ပြီးတော့ ငါတို့ ဒီကမ္ဘာကြီးကို အတူတူ စိုးမိုးကြတာပေါ့”
သူ့စကားအဆုံးတွင် ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ထျန်းတောက်စံအိမ်မှ မိုဝူရှင်း၏ တိုက်ရိုက်မျိုးဆက်များဆီသို့ လှိုင်းလုံးကြီးသဖွယ် တိုးဝင်သွားတော့တော့၏။
“ဟင့်အင်း ဘိုးဘေး... မလုပ်ပါနဲ့”
ရင်ကွဲမတတ် အော်ဟစ်သံများနှင့်အတူ တိုက်ရိုက်မျိုးဆက်များမှာ ခဏချင်းအတွင်းမှာပင် အရိုးစုဖြူဖြူပုံများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
မိုဝူရှင်းမှာ ယခုအခါ လူသားပုံစံ မကျန်တော့ဘဲ လုံးလုံးလျားလျား မိစ္ဆာအဖြစ်သို့ ကူးပြောင်းသွား၏။
ဤရုတ်တရက် အပြောင်းအလဲကြောင့် လူတိုင်းမှာ အခြေအနေကို မရင်ဆိုင်နိုင်ကြတော့ပေ။ ကျင့်ကြံမှု နိမ့်ပါးသူများမှာ ဘာမှမစဉ်းစားတော့ဘဲ လှည့်၍ ထွက်ပြေးကြတော့သည်။
“မိစ္ဆာ ကမ္ဘာခြားမိစ္ဆာ ရောက်လာပြီ ပြေးကြ”
မဟာယွီအင်ပါယာ အဋ္ဌမမင်းသားကဲ့သို့ အစွမ်းထက်သူပင် မျက်နှာဖြူလျော့သွားကာ အော်ဟစ်လိုက်သည်။
“ချက်ချင်း ဆုတ်ကြ။ ဒါက သူတော်စင်တစ်ပိုင်း အဆင့်ရှိတဲ့ မိစ္ဆာပဲ။ သူတော်စင်တစ်ပိုင်းတစ်ယောက် မပါရင် ဘယ်သူမှ သူ့ကို မတားနိုင်ဘူး”
သူ့အော်ဟစ်သံက ပျာယာခတ်နေသော ကြည့်ရှုသူများကို ပို၍ပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားစေပြီး အလုအယက် ထွက်ပြေးကြတော့၏။
သီးသန့်တောင်ထိပ်ပေါ်တွင်
မြို့စားရီရှန်း သည် ဖြစ်ပျက်နေသည်များကို မြင်သောအခါ ကျောင်းအုပ်ကြီး ပေးထားသော အထွတ်အမြတ် လက်နက်ကို ထုတ်ယူကာ မိစ္ဆာကို တစ်ချက်တည်းနှင့် နှိမ်နင်းရန် ပြင်လိုက်သည်။
သို့သော် ဘေးနားရှိ ရှောင်ချန်းက လက်ကို မြှောက်ကာ သူ့ကို တားလိုက်သည်။
“ဦးလေး၊ ခဏစောင့်ပါဦး”
မြို့စားရီရှန်းက သူ့ကို နားမလည်စွာ ကြည့်လိုက်သည်။
“ရှောင်ချန်း၊ မင်း ဘာကို ဆိုလိုတာလဲ။ တကယ်လို့ ဒီမိစ္ဆာက ဒီမှာရှိတဲ့လူတိုင်းကို သတ်လိုက်ရင် ကျောင်းအုပ်ကြီးက ငါတို့ကို တာဝန်ရှိတယ်လို့ သတ်မှတ်လိမ့်မယ်။ မင်းရဲ့ သူတော်စင်းလောင်း ရာထူးတောင် ပြုတ်သွားနိုင်တယ်”
ရွှမ်ထျန်းတိုက်ကြီးရှိ မြင့်မြတ်နယ်မြေအားလုံးတွင် တူညီသော စည်းမျဉ်းတစ်ခု ရှိ၏။
တွေ့ရှိသမျှ ကမ္ဘာခြားမိစ္ဆာမှန်သမျှကို သတ်ဖြတ်ရမည်။ အကယ်၍ မြင့်မြတ်နယ်မြေတစ်ခုခုက သူတို့နှင့် ပူးပေါင်းပါက အားလုံး၏ ချေမှုန်းခြင်းကို ခံရမည် ဖြစ်သည်။
ရှောင်ချန်းက ပြုံးလိုက်သည်။
“ဒါက သာမန် မိစ္ဆာတစ်ကောင်ပါပဲ။ ဦးလေးအနေနဲ့ ကျောင်းအုပ်ကြီးရဲ့ အထွတ်အမြတ်လက်နက်ကို သုံးဖို့ မလိုပါဘူး။ ဖက်တီးလေးကိုပဲ လွှတ်ထားလိုက်ပါ။ နောက်ဆုံးတော့ ဒီနေ့က သူ့ရဲ့ စင်မြင့်ပဲ မဟုတ်လား။”
မြို့စားရီရှန်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွား၏။
“ငါက အရမ်း စိုးရိမ်သွားလို့ပါ။ တူလေးဝမ်မှာ ဌာနမှူးချူ ချန်ထားပေးတဲ့ ဝှက်ဖဲတစ်ခုခု ရှိနေမှာပေါ့”
ရှောင်ချန်းက ဘာမှမပြောဘဲ ခေါင်းအသာ ညိတ်ပြလိုက်ပြီး ကမ္ဘာခြားမိစ္ဆာရှိရာဘက်သို့ အကြည့်ကို ပြန်လှည့်လိုက်သည်။
တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် သူ၏ လက်ထဲမှ နတ်ဘုရားဓားမှာ ဓားအိမ်ထဲမှ ရုန်းထွက်၍ မိစ္ဆာအရှင်ကို နှိမ်နင်းလိုသည့် ဆန္ဒများ ရုတ်တရက် ဖြစ်ပေါ်နေသည်။
သို့သော် ရှောင်ချန်းက သူ့ဝိညာဉ်အသိစိတ်ဖြင့် ထိုလှုံ့ဆော်မှုကို အတင်းအကျပ် ထိန်းချုပ်ထားလိုက်၏။
ထျန်းတောက်စံအိမ်ပြင်ပတွင် မိုယု၏ မျက်နှာမှာ မဟာယွီအင်ပါယာ အဋ္ဌမမင်းသား၏ စကားကို ကြားပြီးနောက် ပို၍ပင် တည်ကြည်သွားသည်။
သူသည် ဝမ်ပေါင်လဲ့ဘက် လှည့်ကာ ပြောသည်။
“လဲ့အာ၊ မင်း အရင်သွားတော့။ ဒါကို မင်းအဘိုးကိုပဲ လွှတ်ထားလိုက်”
သူ့ရှေ့တွင် ကာကွယ်ရပ်တည်ပေးနေသော အဘိုးဖြစ်သူကို မြင်ရသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
မိုယုသည် အသက်စွန့်ရန်ပင် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
သူက ရှေ့သို့ ခြေတစ်ဝက်ခန့် တိုးလိုက်ပြီး ပြုံးပြလိုက်သည်။
“အဘိုး... အခြေအနေက ပြန်လှည့်မရတဲ့အထိ မဆိုးသေးပါဘူး။ အဘိုးအနေနဲ့ ဒီလို စွန့်စားစရာ မလိုပါဘူး။ ဒါကို မြေးကိုပဲ လွှတ်ထားလိုက်ပါ”
“မလုပ်နဲ့”
မိုယုသည် သူ့မြေးကို တားဆီးရန် လက်မောင်းကို ဆန့်ထုတ်ထားပြီး ဝမ်ပေါင်လဲ့ကို စွန့်စားခွင့် လုံးဝ မပေးပေ။
ဤမြင်ကွင်းကို မိစ္ဆာက အလုံးစုံ မြင်နေရသည်။ ၎င်းက ကျောချမ်းဖွယ် ရယ်သံတစ်ခုကို ထပ်မံ လွှတ်ထုတ်လိုက်ပြန်၏။
“ခီး ခီး ခီး... တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်းပါပဲ။ အဘိုးနဲ့ မြေး စိတ်ချလက်ချ နေကြပါ။ ဒီနေ့ တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး။ မင်းတို့ မိသားစုတစ်ခုလုံး နောက်ဘဝကို အတူတူ သွားနိုင်အောင် ငါ စီစဉ်ပေးမယ်”
မဟာယွီအင်ပါယာ အဋ္ဌမမင်းသားသည် ဤမြင်ကွင်းကို ရင်လေးစွာဖြင့် ကြည့်နေမိ၏။ သူ နားမလည်နိုင်သည်မှာ ဝမ်ပေါင်လဲ့သည် အမြဲတမ်း ထက်မြက်ပြီး တည်ငြိမ်သူတစ်ယောက်ပင်။
‘အခုမှ ဘာလို့ သူရဲကောင်း လာလုပ်နေရတာလဲ။ တကယ်လို့ မင်း ဒီမှာ သေသွားရင် ငါတို့ မဟာယွီအင်ပါယာက အလကား သက်သက် လာခဲ့ရသလို ဖြစ်သွားမှာ မဟုတ်လား၊ ပြီးတော့ ငါတို့ရဲ့ လက်ရွေးစင်တွေလည်း အများကြီး ဆုံးရှုံးရဦးမယ်”
သူသည် နန်ကုန်းယွီကို ကြည့်လိုက်၏။
“ယွီအာ၊ ဒီတစ်ခါတော့ မင်း လူမှားလောင်းမိပြီ ထင်တယ်”
နန်ကုန်းယွီက လှည့်ကြည့်ကာ မင်းသားကို သာသာယာယာ ပြုံးပြလိုက်၏။
“ဦးလေး၊ ကျွန်မ လူမှားလောင်းတယ်လို့ ဘယ်လိုလုပ်ပြီး အပိုင်ပြောနိုင်ရတာလဲ တကယ့် ပွဲကောင်းက အခုမှ စမှာပါ”
အဋ္ဌမမင်းသားက ကြောင်တောင်တောင်ဖြစ်သွားသည်။
“မင်း ဘာတွေ ပြောနေတာလဲ”
“မင်းကတော့ကွာ၊ ဦးလေးကို ဒီလိုမျိုး ပြောရလား”
နန်ကုန်းယွီက ရယ်မောလိုက်၏။
“တကယ်လို့ ဦးလေး ကြောက်တယ်ဆိုရင်တော့ အခုပဲ ဆုတ်ခွာနိုင်ပါတယ်။ ဒါပေမဲ့ သူတော်စင်တစ်ဦးရဲ့ ဓားကို မြင်တွေ့ရမဲ့ အခွင့်အရေးကို လက်လွတ်သွားခဲ့ရင်တော့ ကျွန်မ သတိမပေးခဲ့ဘူးလို့ မပြောပါနဲ့ဦး”
“မင်း ဆိုလိုတာက ဝမ်တောက်ကျောင်းတော်က အဲဒီလူလည်း ဒီမှာ ရှိနေတာလား”
အဋ္ဌမမြောက်မင်းသား၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်သွားသည်။ သူသည် ဝမ်တောက်ကျောင်းတော်မှ သူတော်စင်တစ်ပိုင်းချူ ကို ချက်ချင်း သတိရသွား၏။
နန်ကုန်းယွီက ပြန်ဖြေသည်။
“ဒီလို ပွဲသေးသေးလေးလား ဌာနမှူးချူကတော့ ကိုယ်တိုင်ကိုယ်ကျ ပေါ်လာဖို့အထိ အလုပ်ရှုပ်ခံမှာ မဟုတ်ပါဘူး”
အဋ္ဌမမင်းသား “...”
‘ဒီကောင်မလေးက သူ့ကို နောက်နေတယ်လို့ ခံစားရပေမဲ့ သက်သေတော့ မရှိဖြစ်နေပြီ’
သူတို့ စကားပြောနေစဉ်မှာပင် ကမ္ဘာခြားမိစ္ဆာက လှုပ်ရှားလိုက်သည်။
မိစ္ဆာသည် လက်ကို သာသာယာယာ ဝှေ့ယမ်းလိုက်ရုံဖြင့် မိုးထိအောင် မြင့်မားသော မိစ္ဆာလက်သည်းကြီး တစ်ခု ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့နှင့် မိုယုတို့ဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့၏။
မိုယုသည် အလိုအလျောက်ပင် သူ၏ ဓားကို ဝှေ့ယမ်းလိုသော်လည်း ထိုလက်သည်းကြီး၏ ရှေ့တွင် သူသည် ခုခံလိုစိတ်ပင် မမွေးနိုင်တော့ပေ။
ထိုအချိန်မှာပင် ဝမ်ပေါင်လဲ့က သူ့နားနားတွင် ရုတ်တရက် အော်ဟစ်လိုက်သည်
“ဆရာ၊ ကျွန်တော့်ကို ကူညီပါ”
မိုယု လန့်သွားပြီး လှည့်ကြည့်လိုက်ရာ ဝမ်ပေါင်လဲ့က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။
ချလွမ်
ဓားသံတစ်ချက်နှင့်အတူ ဓားအလင်းတန်းလေး တစ်ခု ထွက်ပေါ်လာပြီးနောက် ပေတစ်သောင်းခန့်ရှိသော အလင်းတန်းကြီး ပေါက်ကွဲကာ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးဖောက်သွားတော့သည်။
ထိုဓားချက်တစ်ချက်မှာ ကောင်းကင်ကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ပင်။ အလွန်တရာ အံ့ဩဖွယ်ကောင်းလှသဖြင့် လောကရှိ သက်ရှိအားလုံးမှာ တိတ်ဆိတ်သွားကြရသည်။
လီပေါင်းများစွာ ဝေးကွာသည့်နေရာသို့ ထွက်ပြေးသွားကြသော ကျင့်ကြံသူများပင်လျှင် ထိုဓားသံကို ကြားရသောအခါ ခြေလှမ်းများ ရပ်တန့်သွားကြပြီး နောက်သို့ လှည့်ကြည့်လိုက်ကြ၏။
သူတို့ မြင်လိုက်ရသည်မှာ ကောင်းကင်ရှိ မိစ္ဆာလက်သည်းကြီးကိုသာမက ကမ္ဘာခြားမိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်ကိုပါ တိုက်ရိုက် ထိုးဖောက်သွားသော ကြောက်မက်ဖွယ် ဓားအရှိန်အဝါကြီးပင်။
တိတ်ဆိတ်သွားသည်။
အားလုံး၏ အကြည့်များမှာ နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုသည်ကို သိလိုစိတ်ဖြင့် မိစ္ဆာအရှင်သခင်ထံသို့ ရောက်သွားကြသည်။
မိစ္ဆာအရှင်သခင်သည် သူ့ရင်ဘတ်ကို အလိုအလျောက် ငုံ့ကြည့်လိုက်၏။
ဓားအလင်းတန်းကြောင့် ဖြစ်သွားသော အပေါက်ကြီးကို မြင်လိုက်ရသောအခါ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒါ... မဟာသူတော်စင်ရဲ့ ဓားလား... ငါ... ငါ အရှုံးမပေးချင်သေးဘူး...”
သူစကားမဆုံးခင်မှာပင် ခန္ဓာကိုယ်မှာ ဓားအလင်းတန်းအတွင်း နစ်မြုပ်သွားကာ ပြာပုံဘဝရောက်သွားသည်။
မိုဝူရှင်း၏ ခန္ဓာကိုယ်ထဲမှ မည်းနက်နေသော မိစ္ဆာအနှစ်သာရလုံးလေးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်သို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
“ဟမ့်”
ဝမ်ပေါင်လဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“မင်း လွတ်မယ် ထင်နေတာလား”
ပြောပြောဆိုဆိုနှင့်ပင် သူသည် ဓားကျောက်စိမ်းကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြန်သည်။
ဓားအလင်းတန်း နောက်တစ်ကြိမ် လက်သွား၏။ ခဏချင်းအတွင်းမှာပင် ကောင်းကင်ရှိ မိစ္ဆာအနှစ်သာရမှာ ဖုန်မှုန့်အဖြစ် ချေမှုန်းခံလိုက်ရတော့သည်။
ဟူး...
ဤမြင်ကွင်းကို ကြည့်ရင်း ဝမ်ပေါင်လဲ့သည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ မိုယုဘက်သို့ လှည့်လိုက်သည်။
“အဘိုး... ကျွန်တော်တို့ နိုင်ပြီ”
ထိုစကားကို ကြားမှ မိုယုသည် အံ့အားသင့်နေမှုမှ နိုးထလာတော့သည်။
သူ့မျက်နှာတွင် ပျော်ရွှင်မှု သို့မဟုတ် အသက်ဘေးမှ လွတ်မြောက်သွားသည့် စိတ်သက်သာရာရမှုမျိုး မရှိဘဲ ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်သာ ရှိသည်။ သူက အလိုအလျောက်ပင် ဗလုံးဗထွေး မေးလိုက်မိသည်။
“လဲ့အာ... ဒါကို မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ထိုစကားအဆုံးတွင် လူတိုင်း၏ အကြည့်များမှာ ဝမ်ပေါင်လဲ့ထံသို့ စုပြုံရောက်ရှိသွားကြတော့၏။
***