“လက်ပါရုံတင် ရပါတယ်”
ဝမ်ပေါင်လဲ့သည် သူ့အဘ်ိုးကို ရိုးသားစွာကြည့်ပြီး လက်ထဲမှ ဓားကျောက်စိမ်းကိုပင် လှုပ်ခါပြလိုက်သည်။
မိုယု၏ ကြောင်အမ်းအမ်းမျက်နှာထားကို မြင်သောအခါ သူ ဆက်လက်ရှင်းပြသည်။
“ကျွန်တော်တို့ တောင်ပေါ်က မဆင်းခင်မှာ ဆရာက တစ်ယောက်ကို တစ်ခုစီ ပေးလိုက်တာပါ။ အထဲမှာ ဆရာသိုလှောင်ထားတဲ့ ဓားချီတွေ ပါတယ်လေ။ ကျွန်တော်တို့လုပ်ရမှာက အဲဒါကို အသက်သွင်းလိုက်ဖို့ပဲ”
“ဪ... ဒါကြောင့်ကိုး”
မိုယုသည် ရင်ထဲတွင် မနာလိုဖြစ်မိရုံသာ တတ်နိုင်တော့သည်။ သူ ငယ်စဉ်က ဘာကြောင့် သူတော်စင်တစ်ပိုင်း တစ်ဦးထံတွင် တပည့်မခံခဲ့ရပါလိမ့်။ အကယ်၍သာ တပည့်ဖြစ်ခဲ့လျှင် အခြေအနေက ယခုလိုဖြစ်လာမှာ မဟုတ်ပေ။
ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာလည်း ဤစကားကို ကြားပြီးနောက် ဝမ်ပေါင်လဲ့ကို ပို၍ပင် စိုးရိမ်ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်ကြတော့သည်။
လူတိုင်း၏စိတ်ထဲတွင် အတွေးတစ်ခု တပြိုင်နက်တည်း ပေါ်လာသည်။ သူတော်စင်တစ်ပိုင်းချူ၏ တပည့်များကိုတော့ လုံးဝ သွားမစမိဖို့ပင်။
ထိုဓားချက်မှာ ကမ္ဘာခြားမိစ္ဆာကို မဆိုထားနှင့်၊ သူတော်စင်တစ်ပိုင်း တစ်ဦးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသည်။
လူတိုင်းသည် သူတို့ကိုယ်သူတို့ တာ့ယန်မြင့်မြတ်နယ်မြေမှ ကံဆိုးသူ သူတော်စင်တစ်ပိုင်းနှင့် မနှိုင်းယှဉ်နိုင်မှန်း သိကြသည်။
အရေးကြီးဆုံးအချက်မှာ ဌာနမှူးချူသည် အမှန်တကယ် မည်မျှအစွမ်းထက်သည်ကို မည်သူမျှ မသိကြသေးခြင်းပင်။
သူတော်စင်တစ်ပိုင်းဆိုသည်မှာ ရေခဲတောင်၏ အဖျားလေးသာ ဖြစ်နိုင်သည်။
တစ်နေ့တွင် သူသည် အားကုန်ထုတ်သုံးပြီး သူတော်စင်အဆင့် စွမ်းအားကို ထုတ်ပြလာလျှင်ပင် အံ့သြစရာ လုံးဝရှိတော့မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့က ဆိုသည်။
“အဘိုး... ကိစ္စတွေလည်း ပြေလည်သွားပြီဆိုတော့ ကျန်တာကို အဘိုးပဲ စီစဉ်လိုက်ပါတော့။ ကျွန်တော်ကတော့ ဆက်ကျင့်ကြံဖို့ ဝမ်တောက်ကျောင်းတော် ကို ပြန်တော့မယ်”
မိုယုသည် ထိုစကားကြောင့် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ ဤလောကတွင် ဝမ်ပေါင်လဲ့မှာ သူ၏ တစ်ဦးတည်းသော မိသားစုဝင် မဟုတ်ပါလား။
ယခုအခါ သူ၌ အခြားဆန္ဒမရှိတော့ဘဲ မြေးဖြစ်သူနှင့်အတူ အေးအေးချမ်းချမ်း နေထိုင်လိုခြင်းသာ ရှိတော့သည်။
သို့သော် ထပ်မံစဉ်းစားကြည့်ပြန်လျှင် သူ၏မြေးဖြစ်သူ၏ အနာဂတ်မှာ သေးငယ်သော ထျန်းတောက်စံအိမ်တွင် ချုပ်နှောင်ထားရမည့် အရာမဟုတ်မှန်း ရှင်းနေပါသည်။ ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။
“လမ်းခရီးမှာ ဂရုစိုက်သွားပါဦး”
“သွားတော့မယ်နော် အဘိုး”
ထိုသို့ဆိုကာ ဝမ်ပေါင်လဲ့သည် လှည့်ထွက်ပြီး မဟာယွီအင်ပါယာနှင့် ချန်ယွင်ဝမ်မျိုးနွယ်စုတို့၏ တပ်ဖွဲ့ကြီးဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။
ဝမ်ပေါင်လဲ့က တပ်ဖွဲ့ကြီးကို ဦးဆောင်ကာ ထွက်ခွာသွားသည်ကို အားလုံးက ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်ကြပေ။
“အရင်ဆုံး ထျန်းတောက်အမွေခံကို ခေါင်းဖြတ်သတ်တယ်၊ ပြီးတော့ ကမ္ဘာခြားမိစ္ဆာကို သုတ်သင်တယ်... အကြီးအကဲချူရဲ့ တပည့်တွေထဲက နောက်ထပ် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာပြန်ပြီပဲ”
“ဟုတ်တယ်ဗျာ။ ဒီအဘိုးကြီးတောင် ဌာနမှူးချူဆီမှာ တပည့်ခံချင်စိတ် ပေါက်သွားမိတယ်”
“ဒီပါရမီရှင်ကို နောင်မှာ ဘယ်လိုခေါ်ကြရင် ကောင်းမလဲ”
“ကျွန်တော့်အမြင်အရတော့ သူ့ကို မိစ္ဆာသုတ်သင် ကောင်းကင်ဓား လို့ ခေါ်သင့်တယ်။”
“အဲဒါတော့ သိပ်မသင့်တော်ဘူး ထင်တယ်။ ကောင်းကင်ဓား ဆိုတာက သူတော်စင်တစ်ပိုင်း ဘွဲ့အမည်ပဲလေ။ ဒီလူငယ်က တစ်နေ့မှာ မဟာသူတော်စင်တောင် ဖြစ်လာနိုင်တာ။ မိစ္ဆာသုတ်သင်ဆိုရင်ပဲ လုံလောက်ပါပြီ”
“ဟုတ်သားပဲ၊ အဲဒါ ပိုအဓိပ္ပာယ်ရှိတယ်”
“…”
ဝမ်ပေါင်လဲ့သည် သူ့အကြောင်း ပြောဆိုနေကြသည်ကို မကြားရသော်လည်း ‘မိစ္ဆာသုတ်သင်ဓား’ ဟူသော ဘွဲ့အမည်မှာ မကြာမီမှာပင် သူ့နားထဲသို့ ရောက်ရှိလာသည်။
သူက ထိုအမည်ကို စိတ်ထဲ သိပ်မထားပေ။ အဆုံးတွင်တော့ သူသည် ချက်ပြုတ်ခြင်းနတ်ဘုရား တစ်ဦး ဖြစ်လာရန် ရည်မှန်းထားသူ ဖြစ်သည်။
သူ့အတွက်တော့ ဓားဆိုသည်မှာ ဟင်းချက်စရာများကို ပြင်ဆင်ရန်အတွက် ကိရိယာတစ်ခုထက် မပိုပေ။
သူ့ကို အံ့ဩစေသည့် တစ်ခုတည်းသော အချက်မှာ သူ့ဆရာ ပေးထားသော ဓားကျောက်စိမ်းအကြောင်း ကောလာဟလတစ်ခုမျှ ထွက်မလာခြင်းပင် ဖြစ်သည်။
ဝမ်တောက်ကျောင်းတော် သောင်းပြောင်းပညာရပ်ဌာန အတွင်း၌
ဟန်ပင်း သည် ချူဖုန်း၏ ဝင်းထဲသို့ အမြန်ပြေးဝင်လာကာ အော်ဟစ်လိုက်သည်။
“ဆရာ စတုတ္ထစီနီယာအစ်ကို နိုင်သွားပြီ၊ ပြီးတော့ မိစ္ဆာသုတ်သင်ဓားဆိုတဲ့ ဘွဲ့တောင် ရခဲ့တယ်”
ချူဖုန်း၏ မျက်နှာထားမှာ ဘာမှမပြောင်းလဲဘဲ တီးတိုး ရေရွတ်လိုက်သည်။
“ မိစ္ဆာသုတ်သင် သမက်တော်လို့ မခေါ်ကြဘူးလား ကမ္ဘာကြီးက ဝတုတ်လေးအကြောင်းကို အခုထိ ကောင်းကောင်း နားမလည်ကြသေးဘူးပဲ”
ဟန်ပင်း “...”
အကြီးအကဲပင်း “...”
ခဏအကြာတွင် သူမက ရှင်းပြသည်။
“ဌာနမှူးကလည်း... သမက်တော်ဆိုတာက သိပ်ပြီး ဂုဏ်ယူစရာကောင်းတဲ့ ဘွဲ့မှ မဟုတ်တာ။ ဖက်တီးလေးက အခုဆို ထိပ်တန်းပါရမီရှင် ဖြစ်နေပြီလေ။သဘာဝကျကျပဲ ဘယ်သူကမှ အဲဒီလိုမျိုး ထည့်ပြောမှာ မဟုတ်တော့ဘူး”
ချူဖုန်းက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
“ကြည့်ရတာ ရွှမ်ထျန်တိုက်ကြီး က လူတွေက သမက်တော် တစ်ယောက် ဘယ်လောက်အစွမ်းထက်နိုင်လဲ ဆိုတာကို နားမလည်ကြသေးဘူး ထင်တယ်။”
ဝင်းထဲရှိ လူတိုင်းမှာ နားမလည်နိုင်သော ကြောင်အမ်းအမ်း မျက်နှာထားများ ဖြစ်သွားကြသည်။
ချူဖုန်းက ထပ်ပြီး ရှင်းမပြတော့ဘဲ အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်သည်။
“ပေါင်ပေါင် [ဟန်ပင်း၏ အမည်ပြောင်]၊ မင်းရဲ့ ဝိညာဉ်ဆေးပင်တွေအကြောင်း သုတေသနက ဘယ်လို အခြေအနေရှိလဲ”
ဟန်ပင်းက ပြန်ဖြေသည်။
“ဆရာ၊ ဝမ်တောက်ကျောင်းတော်ကို ရောက်လာကတည်းက ကျွန်တော့်ရဲ့ ပုလင်းထဲမှာ ဝိညာဉ်ရည်တွေ ဖြစ်ပေါ်တဲ့အရှိန်က ပိုမြန်လာတယ်။ အရင်က တစ်စက်ရဖို့ ရက်ပေါင်းတစ်ရာ ကြာပေမဲ့ အခုတော့ ဆယ်ရက်ပဲ ကြာတော့တယ်။ တစ်စက်ချင်းစီက ဝိညာဉ်ဆေးပင်တစ်ပင်ရဲ့ ကြီးထွားမှုကို ဆယ်နှစ်စာ အရှိန်မြှင့်ပေးနိုင်ပါတယ်”
“ရက်ပေါင်းတစ်ရာအတွင်းမှာ နှစ်တစ်ရာသက်တမ်းရှိ ဆေးပင်ကို ကျွန်တော် စိုက်ပျိုးနိုင်တယ်။ သုံးနှစ်အတွင်းမှာတော့ နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်ကို စိုက်ပျိုးနိုင်ပါလိမ့်မယ်”
သူပြောနေစဉ်တွင် ရင်ခုန်စိတ်လှုပ်ရှားမှုများက မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။ ဝမ်တောက်ကျောင်းတော်သို့ ဝင်လိုက်ပြီးနောက် သူကိုယ်တိုင် သန်မာလာရုံတင်မကဘဲ သူ၏ပုလင်းမှာပါ ပို၍အစွမ်းထက်လာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
အကြီးအကဲပင်းသည် သူ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
“အဲဒီလိုဆိုရင်တော့ မင်းရဲ့ပုလင်းက တစ်ချိန်က အသက်ရှည်ခြင်းဂိုဏ်းကို တည်ထောင်သူ သူတော်စင်တစ်ပိုင်း ချန်ချွန်း ပိုင်ဆိုင်ခဲ့တဲ့ ကျောက်စိမ်းဝိညာဉ် အထွတ်အမြတ်ပုလင်းပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကတည်းက ကွယ်လွန်သွားခဲ့ပြီ။ အကယ်၍ မင်းသာ အဲဒီပုလင်းထဲမှာရှိတဲ့ ဝိညာဉ်ကို ရှာတွေ့နိုင်ခဲ့ရင် သူ့ရဲ့စွမ်းဆောင်ရည်က နောက်ထပ်တစ်ဆင့် မြင့်တက်လာလိမ့်မယ်”
ဟန်ပင်း၏ မျက်လုံးများမှာ ထိုစကားကြောင့် တောက်ပသွားသည်။ သူက မေးလိုက်သည်။
“ဆရာကတော်... အဲဒီဝိညာဉ်ကို ရှာဖို့ ကျွန်တော် ဘယ်ကို သွားရမလဲ”
အကြီးအကဲပင်းက ပြန်မဖြေဘဲ ချူဖုန်းဘက်သို့ အကြည့်လွှဲလိုက်သည်။
ချူဖုန်းက ပြုံးလိုက်၏။
“အချိန်တန်ရင် အဲဒီပစ္စည်းဝိညာဉ်ကို မင်း သဘာဝအတိုင်း ရှာတွေ့ပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်မှပဲ အခွင့်အလမ်းတွေကို သွားရှာပါ”
ဟန်ပင်းက ခေါင်းခါလိုက်သည်။
“ဆရာ... ကျွန်တော် ကောင်းကင်ဇာစ်မြစ်ကို ရောက်တဲ့အထိ စောင့်ပြီးမှ တောင်ပေါ်က ဆင်းလို့ ရမလား”
ချူဖုန်း တစ်ခဏ မှင်တက်သွားပြီးမှ ပြောလိုက်သည်။
“ရတာပေါ့။ မင်းက မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်တာပဲ၊ ငါကတော့ ကန့်ကွက်စရာ မရှိပါဘူး”
ဤကလေးသည် ဤမျှအထိ ဂရုတစိုက်ရှိပြီး တည်ငြိမ်သော အမျိုးအစား ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ကျေးဇူးတင်ပါတယ် ဆရာ”
ဟန်ပင်းသည် သူ့ဆရာက ဤမျှအထိ သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။
သူ၏ ယခင်ဂိုဏ်းဟောင်းများတွင် အေးအေးချမ်းချမ်း အခြေချပြီး ကျင့်ကြံခွင့် တစ်ခါမှ မရခဲ့ဖူးပေ။
နှစ်စဉ်နှစ်တိုင်း အဆုံးမရှိသော တာဝန်ဝတ္တရားများ ရှိနေပြီး တောင်ပေါ်က ဆင်းရတိုင်းမှာလည်း အလွန်အန္တရာယ်များလှသည်။
တော်သေးသည်မှာ သူက ထွက်ပြေးရာတွင် လျင်မြန်သောကြောင့်သာ။ မဟုတ်လျှင် သူ အသက်ဆုံးရှုံးခဲ့သည်မှာ တစ်ကြိမ်မက ရှိလောက်ပြီ။
ချူဖုန်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အထူးသတိပေးချက်တစ်ခု ပေးလိုက်သည်။
“ဒါနဲ့... သုံးနှစ်မှာတစ်ကြိမ် ကျင်းပတဲ့ အပြင်စည်း ပြိုင်ပွဲကြီးက နောက်တစ်နှစ်တောင် မလိုတော့ဘူး။ ထိပ်တန်းအဆင့်တွေထဲ ရောက်အောင်ပဲ ရည်မှန်းထားလိုက်။”
ဟန်ပင်းက အလိုအလျောက်ပင် ဗလုံးဗထွေး ပြောလိုက်မိသည်။
“ဆရာ... ကျွန်တော် တကယ် လုပ်နိုင်ပါ့မလား”
သူ၏ သာမန်ပါရမီကို သူကိုယ်တိုင် ကောင်းကောင်းသိသည်။ အသက်ရှည်ကျမ်း ကို အစပြုနိုင်ရန်အတွက်ပင် တစ်နှစ်အပြည့် အချိန်ယူခဲ့ရပြီး ယခုထက်ထိလည်း ၎င်း၏ အနှစ်သာရအစစ်အမှန်ကို မသိရှိသေးပေ။
ချူဖုန်းက ရယ်မောလိုက်သည်။
“ဒီကလေးလေးတော့ကွာ။ မင်းကိုယ်မင်း မယုံရင်တောင် ငါ့ကိုတော့ ယုံစမ်းပါ။ စီနီယာအစ်ကိုရွှီက ပြိုင်ပွဲမတိုင်ခင်မှာ စစ်မှန်ကံကြမ္မာအဆင့်ကို တက်နိုင်ဖို့ များနေတယ်၊ ပြီးတော့ စီနီယာအစ်မချူကလည်း သူ့ရဲ့ ကျင့်ကြံခြင်းကို မပြီးသေးဘူး။ ဒါကြောင့် သောင်းပြောင်းပညာရပ်ဌာနရဲ့ ဂုဏ်သိက္ခာက မင်းတစ်ယောက်တည်းရဲ့ ပုခုံးပေါ်မှာပဲ ရှိတော့တယ်”
ထိုစကားကို ကြားသောအခါ ဟန်ပင်းသည် သူ၏ကျောပေါ်ရှိ ဝန်ထုပ်ဝန်ပိုးမှာ ရုတ်တရက် လေးလံလာသလို ခံစားလိုက်ရသည်။ သူသည် သွားကို တင်းတင်းစေ့ကာ ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ကြေညာလိုက်၏။
“ဆရာ... စိတ်မပူပါနဲ့ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဂုဏ်သိက္ခာကို စောင့်ရှောက်ဖို့အတွက် ဟန်ပင်း တစ်ချက်မှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ရဲ့ တပည့်တွေရဲ့ အစွမ်းကို ပြသပါ့မယ်”
“ကောင်းပြီ”
ချူဖုန်းက သူ့ကို လက်မထောင်ပြလိုက်သည်။
“ဒီစကားကို ကြားရတော့မှ ငါ စိတ်အေးရတော့မယ်။ ကျင့်ကြံခြင်းမှာ ပြဿနာ တစ်ခုခုရှိရင် ငါ့ဆီကို အချိန်မရွေး လာခဲ့”
“ဟုတ်ကဲ့ပါ ဆရာ”
ဟန်ပင်းသည် ချူဖုန်းကို အလေးအနက် ဦးညွှတ်လိုက်ပြီးနောက် သူ၏ ဝိညာဉ်ဆေးပင်စိုက်ခင်းဆီသို့ ပြန်ရန် လှည့်ထွက်လာခဲ့သည်။
မကြာမီမှာပင် သူသည် မြောင်တောင် ဆေးခင်းများဘေးရှိ သက်ငယ်မိုး တဲလေးသို့ ရောက်ရှိသွားသည်။
သူ၏ ကိုယ်ပိုင်စိုက်ခင်းကို စတင်စိုက်ပျိုးကတည်းက ဟန်ပင်းသည် ဤနေရာ၌သာ နေထိုင်ခဲ့သည်။ သူ၏ နေ့စဉ်ဘဝမှာ ရိုးရှင်းလှသည်။ လယ်လုပ်သည်၊ ကျင့်ကြံသည်၊ စားသောက်သည်။ဤလုပ်ငန်းသုံးခုကိုပင် နေ့တိုင်း ထပ်ခါတလဲလဲ လုပ်ဆောင်နေခြင်းပင်။
သူသည် ကျင့်ကြံခြင်းကို ချက်ချင်း အလောတကြီး မလုပ်ပေ။ စိုက်ခင်းထဲရှိ ဝိညာဉ်ဆေးပင်များကို ရေလောင်းပြီးမှ သူ၏တဲထဲသို့ ပြန်ဝင်ကာ လေ့ကျင့်ခန်းများကို စတင်တော့သည်။
***