နှစ်ဝက်ကြာပြီးနောက်
သောင်းပြောင်းပညာရပ်ဌာန၊
ရွှီချိုက်ချန်နေထိုင်သည့် သီးသန့်ခြံဝင်းထဲတွင်
သူသည် အပြင်းအထန် ကြိုးစားကာ စာစီကုံးတစ်ပုဒ်ကို ရေးသားနေ၏။ ထိုစာစီကုံးတစ်ပုဒ်က သူ့ကို အဆင့်တက်အောင် ကူညီပေးနိုင်သည်။ ထိုစာစီကုံးကို အဆုံးသတ်ရန် တစ်ပိုဒ်သာလိုတော့၏။
ပညာရှိသူသည် ကိုယ်ချင်းစာတတ်ရန် မလိုအပ်သော်လည်း ကိုယ်ချင်းစာတရားရှိသူသည် ပညာရှိရန် လိုအပ်ပေသည်။
ရွှီချိုက်ချန် ထိုနောက်ဆုံးစာကြောင်းကို ရေးပြီးသည်နှင့် သူ ရုတ်တရက် ကြည်လင်မှုကို ခံစားလိုက်ရ၏။ သူ အဆင့်သင့်တစ်ဆင့်သို့ ဝင်ရောက်သွားပြီး ကျင့်စဉ်ချီများသည်လည်း နောက်တစ်ဆင့် မြင့်တက်သွားသည်။
ဘုန်း၊
ပြင်းထန်သည့် အရှိန်အဝါတစ်ခုက ကောင်းကင်ယံသို့ မြင့်တက်သွားပြီး ထိုတစ်ခဏ၌ ကောင်းကင်ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာ၏။ စာပေတာအိုကို ကိုယ်စားပြုသည့် ဆယ့်ကိုးကျန်းအရွယ်အလင်းတိုင်ကြီးသည် ခြံဝင်းထဲမှ မြင့်တက်ထွက်ပေါ်လာသည်။
စာပေတာအိုအလင်းထဲတွင် ရွှီချိုက်ချန်သည် မိုးမြေအမှန်တရားလမ်းစဉ်အပေါ် နားလည်မှုများ တိုးတက်လာသည်။
ထိုကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်စဉ်များသည် သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များ၏အာရုံကို ဆွဲဆောင်သွားတော့သည်။ ချူဖုန်း ထိုဆယ့်ကိုးကျန်းအရွယ် အလင်းတိုင်ကြီးကို ခပ်ဖွဖွပြုံးကာ ကြည့်လိုက်၏။
“ခွေးကောင်လေး ချိုက်ချန်က စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်သွားပြီပဲ”
အကြီးအကဲပင်းသည် သတိရသွား၏။ “ကျောင်းတော်သားတွေ အဆင့်တက်ရင် ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်က ကျွန်မတို့ မန္တာန်ကျင့်ကြံသူတွေနဲ့ မတူဘူးလို့ ကြားဖူးတယ်။ ဒီနေ့တော့ တကယ်ဖြစ်ကြောင်း သိလိုက်ရပြီ။ ချိုက်ချန်ရော ဘယ်လို ရုပ်ခန္ဓာ နိုးထလာမလဲ မသိဘူး”
ချူဖုန်း ပြုံးလိုက်၏။ “ကျုပ်တို့တွေ တစ်ချက်လောက် သွားစစ်ကြတာပေါ့”
ထိုသို့ဖြင့် လူနှစ်ယောက်သည် ရွှီချိုက်ချန်၏ခြံဝင်းသို့ ပျံသန်းသွားတော့သည်။ ချင်းချင်းသည် သူတို့ရောက်လာသည်နှင့် ဆီးကြိုနှုတ်ဆက်တော့၏။
“ဆရာနဲ့ အကြီးအကဲပင်းကို ဂါဝရပြုပါတယ်”
“နေ နေ အဲဒါတွေလုပ်မနေနဲ့”
ချူဖုန်းသည် ရွှီချိုက်ချန်၏စာပေချီကို တိတ်တဆိတ် လေ့လာအကဲခတ်လိုက်သည်။
နှစ်နာရီခန့်ကြာပြီးနောက် ကောင်းကင်ထူးခြားဖြစ်စဉ်များ ပျောက်ကွယ်သွားပြီး ရင်းနှီးနေသည့် စက်သံတစ်သံသည် ချူဖုန်း၏စိတ်ထဲသို့ တိုးဝင်လာပါတော့၏။
“ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ သင့်တပည့် ရွှီချိုက်ချန်သည် စစ်မှန်ကံကြမ္မာအဆင့်သို့ တက်သွားပါပြီ။ ဟောက်ရန်ဖြောင့်မတ်ခြင်းကျမ်းကို အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပါပြီ။ စာပေဆန္ဒမှာ အသေးစားအောင်မြင်ခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။ ပိုင်ရှင်ကို နှစ်နှစ်ဆယ်စာကျင့်ကြံခြင်းနှင့် တာအိုအနှစ်သာရလေးခု ချီးမြှင့်ပါတယ်”
စကားသံအဆုံးတွင် အခန်းတံခါးပွင့်လာ၏။ ရွှီချိုက်ချန် ထွက်လာပြီး ချူဖုန်းနှင့် အကြီးအကဲပင်းကို ဦးညွှတ်လိုက်သည်။ “တပည့် ဆရာနဲ့ အကြီးအကဲပင်းတို့ကို ဂါဝရပြုပါတယ်”
“နေ...နေ...အဲဒါတွေ လုပ်မနေနဲ့”
ချူဖုန်း စိတ်လှုပ်ရှားသွားသည်။ သူ့ တာအိုအနှစ်သာရ လေးခုပင် ရလိုက်၏။ ယင်းက သောင်းပြောင်းပညာရပ်ဌာနတွင် နှစ်နှစ်ခွဲကျော်ကြာ သူ သင်ကြားပြသ ပေးခဲ့ရသည့် အကျိုးကျေးဇူးပေ။ သူသည် လက်ရေးလှ၊ ဂီတ၊ ပန်းချီနှင့် စာပေပညာတို့ကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိထား၏။ ယခု ထိုလမ်းစဉ်းတွင် သူတပည့် တိုးတက်လာခြင်းက တာအိုအနှစ်သာရများ ဆုလာဘ်အဖြစ်ရရှိတော့သည်။
သူ အသာအယာပြုံးလိုက်သည်။ “ အခုဘယ်လို ခံစားရလဲ ကောင်လေး”
ရွှီချိုက်ချန် ပြောလိုက်၏။ “ဆရာ အခုကျွန်တော် စကားပြေတွေ သီကုံးရေးဖွဲ့နိုင်ပြီ။ ကျွန်တော့်စကားမှာ အားအင်တွေ ပါလာတယ်”
ချူဖုန်း စိတ်ဝင်စားစွာ ပြောသည်။ “ဒီလိုဆိုရင် ချိုက်ချန် မင်းတတ်မြောက်ထားတဲ့ ပညာရပ်ကို ပြပါဦး”
“ဟုတ်ကဲ့ပါဆရာ”
ရွှီချိုက်ချန် ဆရာ၏စကားကို ကြားသည်နှင့် ဝမ်းသာသွား၏။ သူလည်း သေချာပေါက် ပညာရပ်ကို ထုတ်ပြချင်နေသည်။
မည်သို့ပင်ဆိုစေကာမူ သူ သောင်းပြောင်းပညာရပ်ဌာနသို့ရောက်သည်မှာ ကြာလှပေပြီ။
“ ကျွန်တော် တိမ်စီးချင်တယ်”
ထိုစကားများကျလာသည်နှင့် ရွှီချိုက်ချန်၏ခြေဖဝါးအောက်၌ တိမ်တိုက်တစ်ခုပေါ်လာသည်။
ယဲ့ပေရွှမ်းတို့ အံ့သြသွားကြတော့သည်။ ထိုနည်းစနစ်က မယုံနိုင်လောက်အောင် လွှမ်းမိုးဖွယ်ကောင်းပေသည်။
ခဏကြာသော် ရွှီချိုက်ချန် ကောင်းကင်ယံမှ ဆင်းသက်လာပြီး စပ်ဖြီးဖြီးပြောသည်။ “ဆရာ ဘယ်လိုနေလဲ”
ချူဖုန်း သူ့ပခုံးကို ပုတ်ပေးလိုက်သည်။ “မဆိုးဘူး။ မင်းနောက်ဆုံးတော့ တိုးတက်လာပြီ။ ဆက်ပြီး ကြိုးစားကျင့်ကြံပါ။ အချိန်တန်ရင် ငါမင်းရဲ့ ယောက္ခမနဲ့ စကားလိုက်ပြောပေးမယ်”
ရွှီချိုက်ချန် မျက်ဝန်းများ တောက်ပသွားသည်။ သူ ဝမ်တောက်ကျောင်းတော်သို့ ဝင်လာကတည်းက နဂါးနန်းတော်သို့သွားကာ သူ့ဇနီးကို ပြန်ခေါ်ရန်ပင်။
ယခု ဆရာက ထိုအကြောင်းပြောလာ၍ သူပျော်ရွှင်သွားတော့သည်။ သူဒူးထောက်လိုက်၏။
“ဆရာရဲ့ ကြင်နာမှုကို ဒီတပည့် ပြန်ဆပ်လို့ မကုန်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်အရိုအသေပြုတာ လက်ခံပေးပါ”
ချူဖုန်း သူ့ကို ထူပေးလိုက်သည်။ “မင်း ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေတာလဲ။ ငါတို့ မင်းဇနီးကို ကယ်ပြီးမှ ဆက်ပြောကြတာပေါ့”
“ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်”
ရွှီချိုက်ချန်၏မျက်လုံးများသည် လေးနက်သွားသည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့ ဒီည ဂုဏ်ပြုကြတာပေါ့။ ရှောင်ပင်း စားပွဲတစ်ဝိုင်းပြင်ထား”
ချူဖုန်း ဝမ်ပေါင်လဲ့ကို အထူးတလှည်ညွှန်ကြားလိုက်သည်။
ထျန်းတောက်စံအိမ်မှ ပြန်လာပြီးနောက် တောင်ပေါ်မှ ဆင်းကာ မလေ့ကျင့်ရသေးချေ။ ထိုအစား သူ တောင်ပေါ်မှသာ နေပြီး အနီးနားတွင် ထိုက်ဆွေ့ရှိနေသည့်အတွက် စားနပ်ရိက္ခာက ပြဿနာတစ်ရပ် မဟုတ်ခဲ့ပေ။
လူအုပ်ကြားထဲတွင် ဟန်ပင်းသည် ရွှီချိုက်ချန်ကို မနာလိုအဖြစ်ဆုံးတစ်ယောက်ပင်။ သူ့အမြင်တွင် သူနှင့် စီနီယာအစ်ကိုရွှီတို့က တူညီကြသည်။ နှစ်ယောက်လုံးက သောင်းပြောင်းပညာရပ်ဌာနတွင် သာမန်ပေ။
စီနီယာအစ်ကိုရွှီပင်လုပ်နိုင်လျှင် သူလည်း လုပ်နိုင်ရပေမည်။
ညစာစားပွဲပြီးသော် ဟန်ပင်းသည် သူ့ခြံဝင်းသို့ ပြန်သွားပြီး အချိန်မဖြုန်းဘဲ ကျင့်ကြံတော့သည်။
သက်ရှည်ကျမ်းသည် မိုးမြေအနှစ်သာရများကို စုပ်ယူသိပ်သည်းပြီး ခန္ဓာကိုယ်၌ ဝိညာဉ်စွမ်းအားများဖြင့် သိုလှောင်ထားခြင်းပေ။ လ၏အနှစ်သာရသည် ကမ္ဘာပေါ်ကစွမ်းအင်များထဲ၌ အသန့်စင်ဆုံးဖြစ်သည်။ ထို့ကြောင့် အနည်းငယ်လေးကိုပင် မဖြုန်းတီးနိုင်ပေ။
အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတော့သည်။
အပြင်စည်းဂိုဏ်းပြိုင်ပွဲ စရန် တစ်လသာ လိုတော့သည်။
အပြင်းစည်းတပည့်များကြားတွင် အချို့က စိတ်လှုပ်ရှားနေကြပြီး အချို့ကစိုးရိမ်နေကြ၏။
အသစ်ဝင်လာသူများက အစွမ်းအစကို သက်သေပြချင်ကြသလို တပည့်ဟောင်းများသည် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်ကို ခံစားရသည်။
၎င်းက တာအိုတည်ဆောက်ခြင်းနဝမအဆင့်သို့ ရောက်နေသည့် သူများအတွက် ပို၍ပင် မှန်ပေသည်။
အချို့ဆို ပြိုင်ပွဲပြီးလျှင် တောင်အောက်ဆင်းပြီး စစ်မှန်ကံကြမ္မာအဆင့်သို့ တက်ကြပေလိမ့်မည်။
အချို့က ပြင်ပရေးရာဌာနသို့ ဝင်ရောက်ကြပေလိမ့်မည်။ သို့သော် တာအိုတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများ ပြင်ပရေးရာဌာနသို့ ဝင်ရောက်ခြင်းသည် ကုန်းမြေအနှံ့သွားပြီး တာဝန်များ ထမ်းဆောင်ရမည်ဖြစ်ပြီး ထိုသို့ ထမ်းဆောင်ရလျှင် ဆက်ဆံခံရပုံ ကွာခြားပေလိမ့်မည်။
သို့သော် လေထုက ပြင်ပရေးရာဌာန၊ သောင်းပြောင်းပညာရပ်ဌာန၊ ကောင်းကင်စိတ်ဝိညာဉ်ဌာနသို့ မသက်ရောက်ပေ။
ချူချိုက်ယီသည် သုံးနှစ်တာအတွင်း မတိုးတက်လာခဲ့သည့်အတွက် ပြိုင်ပွဲတွင် စာရင်းမပေးခဲ့ပေ။ ချူဖုန်း ကောင်မလေးကို နျဲ့ရှို့ယွမ်နှင့်အတူ ပြိုင်ပွဲသို့တက်ရောက်ရန် ပြောထား၏။
ယခု နျဲ့ရှို့ယွမ်သည် သောင်းပြောင်းပညာရပ်ဌာန၏ မဟာအကြီးအကဲတစ်ဦးဖြစ်ပြီး တပည့်များကိုလက်ခံရန် အရည်အချင်းပြည့်မီသွားပြီပင်။ သို့သော် ယခုထိတော့ လက်ခံရန်အစီအစဉ်မရှိသလို လွတ်လပ်စွာသာ နေရန် တွေးထားသည်။
သူသည် မည်သည်မှ မပြောင်းလဲသွားသော်လည်း နေ့စဉ် အိပ်မက်ထဲ၌ ကျင့်ကြံနေ၏။ ထျန်းတောက်အိမ်တော်ကို သွားသည့်အခိုက် သူသည် ဝင်မပါနိုင်ခဲ့သည့်အတွက် နောင်တအနည်းငယ်ရခဲ့၏။
သူ အပြင်စည်းပြိုင်ပွဲပြီးနောက် တောင်ပေါ်က ဆင်းပြီးလေ့ကျင့်ရန် စီစဉ်ထားသည်။
သောင်းပြောင်းပညာရပ်ဌာနထဲတွင် စိတ်အလှုပ်အရှားဆုံးသူမှာ ဟန်ပင်းပေ။ လွန်ခဲ့သည့် လအနည်းငယ်ကတည်းက သူနေ့စဉ်ကျင့်ကြံမှုကို တိုးမြှင့်ပေးခဲ့ပြီး ယင်ယန်ဆန္ဒအရိပ်အငွေ့ကို နားလည်သွားတော့သည်။
ယနေ့ အာရုဏ်တက်ချိန်တွင် လမင်းက နိမ့်ဆင်းသွားပြီး နေမင်းက မြင့်တက်လာကာ ကောင်းကင်ကတောက်ပသွား၏။ ဟန်ပင်း လမင်းနှင့် နေမင်း၏အနှစ်သာရကို စုပ်ယူခဲ့ပြီး ယင်ယန်နွှီးနွယ်မှုများကို အဆက်မပြတ် နားလည်ဆင်ခြင်ခဲ့သည်။
ထိုအခိုက် လရောက်ပျောက်ကွယ်ပြီး နေရောင်ထွန်းလင်းလာသည့်အခါ
ဟန်ပင်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်။ “ ဒါက ယင်နဲ့ယန်ရဲ့ အဓိပ္ပာယ်ပေါ့”
ခဏကြာပြီးနောက် သူရေရွတ်လိုက်သည်။ “ငါနောက်ဆုံးတော့ ယင်ယန်ဆန္ဒကို နားလည်သွားပြီ။ အသက်ရှည်ကျမ်းက တကယ့်ကို နက်နဲတာပဲ”
သူပြောပြီးသည်နှင့်အတွင်းပိုင်းသက်ရှည်စိတ်ဝိညာဉ်စွမ်းအားကို လည်ပတ်ပြီး ဆက်ကျင့်ကြံတော့၏။
တစ်ချိန်တည်းမှာ ချူဖုန်း နိုးတစ်ဝက်အိပ်တစ်ဝက် အခြေအနေထဲသို့ ရောက်နေစဉ် ရင်းနှီးနေသည့်အသံကို ကြားလိုက်ရသည်။
“သင့်တပည့် ဟန်ပင်းသည် ယင်ယန်ဆန္ဒကို နားလည်သွားပါပြီ။ မဟာတာအိုအနှစ်သာရတစ်ခုကို လာဘ်အဖြစ် ရရှိပါတယ်”
ထိုသည်ကိုကြားသော် ချူဖုန်း အိပ်မက်ထဲ၌ ရေရွတ်လိုက်သည်။ “ ကောင်းတယ် ကောင်လေး။ ငါ မင်းကို အပြင်စည်းဂိုဏ်းပြိုင်ပွဲအတွက် စိတ်ချလိုက်ပြီ”
***