“ဆရာ ဒီတပည့် ယင်ယန် ဆန္ဒကို နားလည်သွားပါပြီ”
ဟန်ပင်းမရောက်ခင် သူ့အသံက ဦးစွာ ရောက်လာ၏။
အဓိကခြံဝင်းအတွင်း၌ ချူဖုန်း တည်ငြိမ်စွာ လက်ဖက်ရည်သောက်နေ၏။ ရေကန်နဘေးဝယ် အလှဆင်ထားသည့် ရုပ်တုကြီးအလားပင်။
သူ့အနားက လူတိုင်းသည် ထိုမြင်ကွင်းကို ကျင့်သားရနေပါပြီ။ သူတို့က ချူဖုန်းအနား ငွေလမင်းကို ဝန်းရံနေသည့် ကြယ်တာရာများပမာ ဟန်ပင်းရောက်လာမည်ကို ငြိမ်သက်စွာ စောင့်နေသည်။
ခဏအကြာ၌ ဟန်ပင်း စိတ်လှုပ်ရှားစွာ ရောက်လာပြီး ချူဖုန်းကို ဦးညွှတ်လိုက်သည်။ “ကျေးဇူးတင်ပါတယ်၊ ဆရာ့ရဲ့ ညွှန်ကြားသင်ပြပေးမှုအတွက် ကျေးဇူးအထူးပါ”
“နေ....နေ...အဲဒါတွေ လုပ်မနေနဲ့”
ချုဖုန်း သာမန်မျှ ပြောသည်။ “အခု မင်း အသက်ရှည်ကျမ်းကို နားလည်ပြီဆိုတော့ ဝိညာဉ်ဆေးပင်တွေနဲ့ရော နားလည်တာရှိလား”
ဟန်ပင်း တစ်ခဏ ကြောင်အသွားပြီးမှ ချူဖုန်းကို ရှုပ်ထွေးစွာ ကြည့်လာသည်။ “ဒီတပည့်က ဉာဏ်နည်းပါတယ်။ ဝိညာဉ်ဆေးပင်လမ်းစဉ်နဲ့တော့ ပတ်သက်ပြီး ဉာဏ်အလင်း မပွင့်သေးပါဘူး”
ချူဖုန်း လက်ဖက်ရည်တစ်ငုံသောက်ကာ ပြောသည်။ “မိုးအောက် မြေပြင်မှာ ရှိတဲ့ အရာခပ်သိမ်းက မိုးမြေအနှစ်သာရကို စုပ်ယူပြီး ကြီးထွားလာကြတယ်။ ဝိညာဉ်ဆေးပင်တွေရဲ့အနှစ်သာရနဲ့ပတ်သက်ပြီး ကျင့်ကြံနေတုန်း တွေးဖူးလား”
ဟန်ပင်းနားလည်သွားရသည်။ သူ့စိတ်ထဲတွင် စိတ်ဝိညာဉ်ဆေးပင်များကို ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် လက်စွဲကျမ်းကို သတိရသွားတော့၏။ အထူသဖြင့် ကြီးထွားရင့်ကျက်နှုန်း၊ အမြန်နှုန်းကို မြင့်ပေးသည့် အပိုင်းပေ။ သူ ချက်ချင်းကို သတိရသွား၏။ “ကျေးဇူးတင်ပါတယ် ဆရာ၊ ဒီတပည့် ဉာဏ်အလင်းပွင့်သွားပါပြီ။ ကျွန်တော်တို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဝိညာဉ်ဆေးပင်တွေကို ပိုပြီး ဂရုစိုက်ပါ့မယ်”
ချူဖုန်း စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး ချီးမွှမ်းလိုက်သည်။ “မင်းက သင်လွယ်တတ်လွယ်တာပဲ။ လာခဲ့၊ ငါတို့နဲ့အတူဝင်စားသွားလိုက်”
“ဟုတ်ကဲ့ပါ ဆရာ”
ဟန်ပင်း ပြန်ဖြေလိုက်ပြီး စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။
စားသောက်ပြီးစီးပြီးနောက်။
သူ ချူဖုန်းကို နှုတ်ဆက်လိုက်ပြီး ဝိညာဉ်လယ်ကွင်းများဆီသို့ ပြေးသွားတော့သည်။ သူ့ဆရာ ညွှန်ကြားပေးထားသည့်အတိုင်း စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေသည်။
လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန်လောက်၌ ဟန်ပင်း ကွင်းထဲသို့ ရောက်လာ၏။ သူ တင်ပျဉ်ခွေချိတ်ထိုင်ပြီး အသက်ရှည်ကျမ်းကို စတင်ကျင့်ကြံကာ မိုးမြေအနှစ်သာရကို ဆွဲငင်တော့သည်။
သို့သော် ဤတစ်ကြိမ်တော့ ယခင်ကနှင့်မတူစွာ သူ ထိုအနှစ်သာရများကို ခန္ဓာကိုယ်ထဲသို့ လောဘကြီးစွာ မစုပ်ယူပေ။ ထိုအစား စွမ်းအင်များကို ဝိညာဉ်ကွင်းထဲသို့ ဖြန့်လိုက်ပြီး သူက တစ်စိတ်တစ်ပိုင်းကိုသာ စုပ်ယူသည်။
အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ဝိညာဉ်ဆေးပင်များမှာ လေထုထဲမှ စွမ်းအင်အနှစ်သာရများကို စုပ်ယူတော့သည်။ တစ်ချိန်တည်းမှာ ဝမ်တောက်ကျောင်းတော်၌
လူများစွာက ဟန်ပင်းအကြောင်းကို စိတ်ပါဝင်စားစွာ ဆွေးနွေးနေကြသည်။ ယခင် အပြင်စည်းပြိုင်ပွဲ၌ သောင်းပြောင်းပညာရပ်ဌာနမှ တပည့်များသည် နာမည်ကြီးလာခဲ့သည်။ နာမည်မကြီးရင်တောင် မည်သူလဲဆိုသည်ကိုတော့ တီးမိခေါက်မိသိကြ၏။ သို့သော် ဟန်ပင်းကတော့ လူသိနည်းပေသည်။
သူသာ ကိုယ်စားပြုဆယ်ယောက် စာရင်း၌ မဝင်ခဲ့လျှင် မည်သူမှ သူ့နာမည်ကို သိလိမ့်မည်မဟုတ်ချေ။
သို့သော် ထာဝရခံမည့် လျှို့ဝှက်ချက်ဟူ၍ မရှိပေ။ ထို့ကြောင့် အချို့သူများက ဟန်ပင်း၏အတိတ်ကို သိလာကြသည်။ “ဟန်ပေါင်ပေါင်၊ သူက ဟန်ပေါင်ပေါင်လို့ နာမည်ကြီးတဲ့တစ်ယောက်ပဲ”
“သူက နာမည်ကြီးလို့လား”
“အရမ်းကြီးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ လွတ်မြောက်ခြင်းနည်းစနစ်တွေက လူငယ်မျိုးဆက်တွေကြားထဲမှာ နံပါတ်တစ်ပဲလေ”
“ဒါဆို သူက စီနီယာအစ်ကိုတွေ အစ်မတွေလို နာမည်ကြီးတာတော့ မဟုတ်ဘူးပေါ့”
“အချိန်တန်ရင် သိရမှာပေါ့”
သိပ်မကြာခင်မှာ အပြင်စည်းပြိုင်ပွဲသို့ ရောက်ရှိလာသည်။ ထိုနေ့မနက် ဟန်ပင်း သူ၏ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး မျက်လုံးပွင့်လာသည်။ သူ သက်ဝင်လှုပ်ရှားနေသော ဝိညာဉ်ဆေးပင်များကို ကြည့်ပြီး ပျော်ရွှင်သွားတော့၏။
“ငါ လုပ်နိုင်ခဲ့ပြီကွ”
စိတ်လှုပ်တရှား အော်ဟစ်ပြီးနောက် ဟန်ပင်း ဝိညာဉ်ကွင်းကို စိတ်ဝင်တစား လိုက်ပါကြည့်ရှုတော့သည်။
သိပ်မကြာခင်မှာ လူနှစ်ယောက်က ဝိညာဉ်ကွင်းသို့ ရောက်လာ၏။
ထိုနှစ်ယောက်ကို မြင်သော် ဟန်ပင်း လေးစားစွာ နှုတ်ဆက်သည်။ “ဆရာတူဦးလေး နျဲ့၊ စီနီယာအစ်မချိုက်ယီကို အရိုအသေပြုပါတယ်”
နျဲ့ရှို့ယွမ်က ပြောသည်။ “နေ...နေ..အဲဒါတွေ လုပ်မနေနဲ့။ ဂျူနီယာညီလေး၊ ငါတို့ ဒီနေ့ မင်းကို သတိလာပေးတာ။ အပြင်စည်းပြိုင်ပွဲက ဒီနေ့ပဲ။ မင်းက ဒီနေ့တော့ မတိုက်ခိုက်ရသေးပါဘူး။ ကိုယ်စားပြုဆယ်ယောက်ထဲ ပါထားတယ်လေ။ ဒါပေမဲ့ ရုပ်တော့လာပြဦး”
ဟန်ပင်း ကြောင်အသွားသော်လည်း ယဉ်ကျေးစွာ ပြောသည်။ “ကျွန်တော် မေ့နေ့လို။ ခဏစောင့်ပါဦး။ ကျွန်တော် အဝတ်အစားလဲပြီး လာခဲ့ပါမယ်”
နျဲ့ရှိုယွမ်နှင့် ချိုက်ယီတို့ ခေါင်းညိတ်ပြီး စောင့်နေလိုက်ကြသည်။
သိပ်မကြာခင် သုံးယောက်သား ပြိုင်ပွဲနေရာသို့ သွားကြတော့၏။
ချူချိုက်ယီနှင့် ဟန်ပင်းတို့သည် စကားနည်းသည့်သဘာဝရှိသောကြောင့် နျဲ့ရှို့ယွမ်သည် စကားစလိုက်သည်။
“ဂျူနီယာညီလေးဟန် မင်းက ခိုးကြောင်ခိုးဝှက်ကြိုးစားနေတာပဲ”
“ကျွန်တော် အဲဒီလိုသဘောနဲ့ လုပ်နေတာမဟုတ်ပါဘူး” ဟန်ပင်း ရှုပ်ထွေးစွာ ပြန်ပြောသည်။ “သောင်းပြောင်းပညာရပ်ဌာနမှာ ကျင့်ကြံရတာက ကောင်းကင်ဘုံမှာ ကျင့်ကြံနေရတဲ့အတိုင်းခံစားရပါတယ်။ ကျွန်တော် ခိုးကြောင်ခိုးဝှက်မကျင့်ကြံပါဘူး”
နျဲ့ရှို့ယွမ်”...”
‘ဒီကလေး အရင်က ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းခဲ့တာလဲ’
ထိုစဉ် သူ ရုတ်တရက်ကြီး သူ့ဘဝက ထိုမျှမဆိုးပါဟု တွေးမိလိုက်သည်။
ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်သည့်အခါ သုံးယောက်သား တစ်ခဏ စောင့်လိုက်ကြသည်။
ဤနှစ်တော့ အပြင်စည်းပြိုင်ပွဲကို ပြင်ပရေးရာဌာနက ဦးဆောင်ကျင်းပသည်။ ကျယ်လောင်သော အသံကြီးနှင့်အတူ ပွဲက တရားဝင်စတင်တော့သည်။
ပြင်းထန်သည့် တိုက်ပွဲများစွာ ပြီးနောက် ဟန်ပင်းသည် ဖိအားအနည်းငယ်လေးတောင် မခံစားရဘဲ ပထမနေရာကို အေးဆေးသက်သာစွာ ရသွား၏။
ဝမ်တောက်ကျောင်းတော်မှသူများသည် မအံ့ဩတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဌာနအသီးသီး၏ဌာနမှူးများက ချူဖုန်းရန်ရှာမည်ကို စိုးရိမ်သောကြောင့် တံခါးပိတ်ကျင့်ကြံနေကြသည်။ သူတို့အားလုံး ကျန်သည့်ဌာနများကို ဖိနှိပ်ရန်သာ တွေးတော့၏။
ထို့ပြင် သောင်းပြောင်းပညာရပ်ဌာနက တပည့်တစ်ယောက်ခန့် နှစ်ယောက်သာ ပို့ပေးသောကြောင့် ကျောင်းတော်တစ်ခုလုံး၏အရင်းအမြစ်ဖြန့်ဝေပုံကို မသက်ရောက်ပေ။ ပထမနေရာ ယူပြီးနောက် ဟန်ပင်း အိပ်မက်မက်နေသလို ခံစားရသည်။ သူ မယုံကြည်နိုင်သလို ခံစားရနေ၏။
ချူဖုန်း ပြိုင်ပွဲကို မတက်ရောက်သော်လည်း ဟန်ပင်းအတွက် ပွဲတစ်ခုကျင်းပပေးလိုက်သည်။ ထိုညက ဟန်ပင်း မူးရူးနေအောင် သောက်ပစ်လိုက်သည်၊ အဆုံးတွင် နျဲ့ရှို့ယွမ်က သူ့ကို ပြန်ပို့ပေးရတော့၏။
လူတိုင်း ပွဲကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသော်လည်း ချူချိုက်ယီကတော့ တိတ်ဆိတ်စွာ ထိုင်နေသည်။
သူမ စိတ်ဆုံးဖြတ်လိုက်သည်။ ပြန်ရောက်သည်နှင့် အဆင့်မတက်မချင်း တံခါးပိတ်ကျင့်ကြံတော့မည်ဟူ၍ပင်။
ပြိုင်ပွဲပြီးသည်နှင့် တပည့်စုဆောင်းပွဲက စတင်လာသည်။ ဤတစ်ကြိမ်တော့ ချူဖုန်း နျဲ့ရှို့ယွမ်နှင့် ချင်းချင်းတို့ကို ဦးဆောင်ခိုင်းလိုက်သည်။ သူတို့က သူ့သတ်မှတ်ချက်များနှင့် လက်ခံရမှာပေ။ ချင်းချင်းတွင် သူငယ်အိမ်နှစ်ခုမျက်ဝန်းရှိသည့်အတွက် ဆုံးဖြတ်ချက်အမှားများ ဖြစ်မလာနိုင်ပေ။
သုံးရက်ကြာပြီးနောက် နျဲ့ရှို့ယွမ် နှင့် ချင်းချင်းတို့ ပြန်ရောက်လာပြီး ချူဖုန်းကို ရှက်ရွံ့စွာ ကြည့်လာသည်။ “ဆရာ ကျွန်တော်တို့ တပည့်သစ်ရှာလို့ မရခဲ့ပါဘူး။ ကျေးဇူးပြုပြီး အပြစ်ပေးပါ”
ချူဖုန်း လက်ဝှေ့ယမ်းပြီး မစိုးရိမ်စွာ ပြောသည်။ “တပည့်လက်ခံတာက ကံနဲ့ဆိုင်တယ်။ ရှာမတွေ့တာက မထူးဆန်းပါဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေကြနဲ့။ဆက်ပြီး ကျင့်ကြံကြချည်”
နျဲ့ရှို့ယွမ် ရှေ့တက်ပြီး ပြောကြားလာသည်။ “ဆရာ ဒီတပည့် တောင်အောက်ဆင်းပြီး လေ့ကျင့်ချင်ပါတယ်”
“အို”
ချူဖုန်း သူ့ကို အံ့ဩစွာ ကြည့်လိုက်သည်။ “တကယ် လေ့ကျင့်မလို့လား”
နျဲ့ရှို့ယွမ် ပြောသည်။ “ဆရာ့မျက်လုံးကနေ မလွတ်နိုင်ပါဘူး။ တကယ်က ကျွန်တော် ဝိုင်အသစ်အတွက် ရှာချင်လို့ပါ”
ချူဖုန်း သူ့ကို ကြည့်ပြီးပြောသည်။ “ဝိုင်သွားရှာမယ်လို ထင်သား။ ကောင်းပြီ။ မသွားခင် ငါ့ကို လာတွေ့”
“ကျေးဇူးတင်ပါတယ် ဆရာ”
ထိုသို့ဖြင့် နျဲ့ရှို့ယွမ် ထွက်သွားတော့သည်။
ထိုညတွင် ချူဖုန်း သောင်းပြောင်းပညာရပ်ဌာန၌ သိမ်းဆည်းထားသော စာအုပ်အားလုံး ဖတ်ပြီးသွားတော့၏။ သူ စာအုပ်ကို ခေါင်းအုံးအောက် ထည့်လိုက်ပြီး မေးစေ့ပေါ် လက်တင်ကာ စဉ်းစားတော့သည်။
ခဏကြာတော့ သူ ရေရွတ်လိုက်သည်။ “ကမ္ဘာကြီးက အရမ်းကျယ်တာပဲ။ ငါ ဘာလို့ ခရီးမထွက်ရမှာလဲ”
သူပြောပြီးစဉ် အကြီးအကဲပင်း၏အသံသည် အခန်းအပြင်ဘက်မှ ထွက်လာသည်။ “ဌာနမှူး ခရီးထွက်ဖို့ ပြင်နေတာလား”
“…”
ချူဖုန်း ကြောင်အသွားသည်။ “အကြီးအကဲပင်း ခင်ဗျား ဘယ်တုန်းက တံခါးနားရောက်နေတာလဲ”
ကျွီ
တံခါးက ညင်သာစွာ ပွင့်သွားပြီး အကြီးအကဲပင်းက ပြောလိုက်သည်။ “ဌာနမှူး ကျွန်မက အကြားအာရုံကောင်းလို့ပါ”
ချူဖုန်း သူမလက်ထဲက ရေနွေးဇလုံကိုကြည့်ပြီး ခေါင်းညိတ်သည်။ “ကောင်းပါပြီ”
အကြီးအကဲပင်းက ဘာမှထပ်မပြောတော့ဘဲ ရေနွေးဇလုံကို သူ့ရှေ့တွင်ချလိုက်သည်။
သူ ခြေထောက်ကို ထိုအထဲနှစ်လိုက်ရင်း ပြောသည်။ “ခင်ဗျားရော လိုက်ချင်လား”
အကြီးအကဲပင်းက ညင်သာစွာ ပြောသည်။ “ဌာနမှူးခေါ်ရင် ကျွန်မ လိုက်တာပေါ့”
ချူဖုန်း မဆိုင်းမတွပင် ဆုံးဖြတ်ချက်ချလိုက်သည်။ “ကောင်းပြီလေ၊ ကျုပ်လည်း ပျင်းနေတာ။ ချိုက်ယီ တံခါးပိတ်ကျင့်ကြံပြီးတာနဲ့ ကျုပ်တို့တွေ သွားကြတာပေါ့”
?