"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်း အလှည့်စား ခံလိုက်ရတာများလား... သူတို့က မင်းကို အနိုင်ယူနိုင်တယ် ဆိုရင်တောင်မှ သူတို့ရဲ့ ကျင့်စဉ်အဆင့်က မင်းထက်တော့ သေချာပေါက် မြင့်မှာပဲ... ရုပ်ဖျက်ထားတဲ့ မိစ္ဆာအိုကြီး တစ်ကောင်ကောင်များ ဖြစ်နေမလား..."
အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်၍ ပြောလိုက်ရာ သူ၏ စကားကို အခြားသူများကလည်း ထောက်ခံကြ၏။ သူတို့ အားလုံးက ယွမ်လော့သည် တူညီသော အဆင့်ရှိသည့် ပြိုင်ဘက်ကို ရှုံးနိမ့်ရန် အကြောင်းမရှိဟု ယုံကြည်ထားကြသည်။
ရီချင်းရှန်ကလည်း မျက်မှောင်ကြုတ်သွားသည်။ ယွမ်လော့၏ စကား မှားယွင်းမည် မဟုတ်ဟု သူ ယုံကြည်၏။ ယွမ်လော့၏ စိတ်ဓာတ်ကျဆင်းမှုကို သူ အာရုံခံမိပြီး ယွမ်လော့သည် လောကအနှံ့ နှစ်ပေါင်းများစွာ သွားလာခဲ့ကာ မိစ္ဆာအိုကြီးများကို ရှုံးနိမ့်ဖူးသည့် အတွေ့အကြုံလည်း ရှိခဲ့ဖူးသည်။
ယွမ်လော့က သက်ပြင်းရှည်ကြီး တစ်ချက်ချ၍ ပြောလိုက်၏။ "သူ့ရဲ့ ကျင့်စဉ်အဆင့်က ကျွန်တော့်လောက် မမြင့်ဘူးဆိုတာကို ကျွန်တော် အတည်ပြုနိုင်တယ်... ဒါပေမဲ့ သူ့ရဲ့ ဇာစ်မြစ်ကို သေချာမသိသလို သူ့နာမည်ကိုလည်း မသိဘူး..."
အကြီးအကဲများ၏ နှစ်သိမ့်စကားများက သူ့ကို ပို၍ပင် ဆိုးရွားစွာ ခံစားရစေသည်။
သူသည် ရှုံးနိမ့်မှုကို မနှစ်သက်သော ဂုဏ်မောက်သည့်သူ တစ်ဦး ဖြစ်သော်လည်း အခြားသူများက သူ၏ ရှုံးနိမ့်မှုကို ငြင်းဆိုနေကြခြင်းကို ပို၍ပင် မနှစ်သက်ချေ။
ချမ့်ခွန်းဂိုဏ်း၏ အဆင့်မြင့် ခေါင်းဆောင်များက တိတ်ဆိတ်စွာ နားထောင်နေကြ၏။
အခြား ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ထပ်မံ ထွက်ပေါ်လာပြန်ပြီလား ။
သူတို့က စိတ်ကို တည်ငြိမ်အောင်ထား၍ ၎င်းသည် မဖြစ်နိုင်စရာ မရှိဟု တွေးလိုက်ကြသည်။ အထူးသဖြင့် ထိုက်ချန်နှင့် တာအိုခုံရုံးတို့ လက်ရှိတွင် စစ်ပွဲဖြစ်ပွားနေပြီး ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာများက ဆင့်ကဲပြောင်းလဲနေကာ ကောင်းကင်နှင့်မြေကြီး၏ ခေတ်ကာလ အပြောင်းအလဲ အချိန်အခါ ရောက်ရှိလာပြီဖြစ်ကြောင်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက ကြေညာထားကြ၏။ ဤသို့သော ခတ်ကာလမျိုးတွင် ပိုမိုမြင့်မားသော ပါရမီရှင်များ မွေးဖွားလာခြင်းက မဖြစ်နိုင်စရာ မရှိပေ။
ထို့ပြင် ကောင်းကင်နှင့်မြေကြီး၏ အဆုံးအစမဲ့ ကျယ်ဝန်းမှုနှင့် ယှဉ်လျှင် ချမ့်ခွန်းဂိုဏ်းမှာ ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။ ချမ့်ခွန်းဂိုဏ်းကပင် ယွမ်လော့ကဲ့သို့ ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်သေးလျှင် ပိုမို ဖွံ့ဖြိုးတိုးတက်သော နေရာများက ပို၍ အစွမ်းထက်သော ပါရမီရှင်များကို အဘယ်ကြောင့် မမွေးထုတ်ပေးနိုင်မည်နည်း။
ရီချင်းရှန်က ပြောလိုက်သည်။ "အရမ်းကြီးလည်း တွေးမနေနဲ့... နောက်တစ်ခါကျ နိုင်အောင်တိုက်ပေါ့... ဒါမှမဟုတ် ကျင့်ကြံဖို့အတွက် ဝူရှီဆီ သွားဖို့ ငါ အကြံပြုပေးရမလား..."
ထိုစကားကို ကြားသောအခါ ယွမ်လော့က ခေါင်းခါ၍ ပြောလိုက်၏။ "ကျွန်တော် မသွားချင်ဘူး... ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးချင်တယ်... ပြီးတော့ ကျွန်တော့်မှာ သွားစရာ လမ်းခရီး အများကြီး ကျန်သေးတယ်... လမ်းဆုံးထိ ရောက်သွားလို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုမှပဲ တခြားလမ်းစဉ်တွေကို ရှာတော့မယ်..."
ရီချင်းရှန်က အတင်းအကျပ် မတိုက်တွန်းတော့သော်လည်း သူ၏ စိတ်ထဲတွင်မူ ထူးဆန်းနေမိသည်။
ဝူရှီအပေါ် ယွမ်လော့၏ ငြင်းဆန်မှုက လွန်ကဲနေပုံရသော်လည်း ယွမ်လော့သည် ဝူရှီအကြောင်း မကောင်းပြောဆိုဖူးခြင်း မရှိခဲ့ပေ။
အခြား အကြီးအကဲများက ယွမ်လော့ စိတ်ဓာတ်မကျစေရန် မျှော်လင့်လျက် အားပေးစကားများ စတင်ပြောဆိုကြ၏။
လူတိုင်း၏ စိုးရိမ်ပူပန်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ယွမ်လော့က တစ်ခုချင်းစီကို လက်ခံကာ အလွန် နှိမ့်ချသော အမူအရာကို ပြသခဲ့သည်။ သူသည် ပြင်ပလူများအပေါ် မောက်မာတတ်သော်လည်း ဂိုဏ်းအတွင်း၌ သူ၏ ဂုဏ်သတင်းက အမြဲတမ်း ကောင်းမွန်ခဲ့၏။ ဤသည်မှာ ချမ့်ခွန်းဂိုဏ်းက သူ့ကို မည်သည့်အရင်းအမြစ်နှင့်မဆို ထောက်ပံ့ပေးရန် လိုလားရသည့် အကြောင်းရင်းဖြစ်ပြီး သူ၏ ဂိုဏ်းတူများကလည်း သူ့အတွက် ဂုဏ်ယူကြသည်။
အချိန်အတန်ကြာ စကားပြောပြီးနောက် နောက်ဆုံးတွင် ယွမ်လော့ ထွက်ခွာသွားတော့၏။
သူ ထွက်သွားပြီးနောက် အကြီးအကဲများက သူတို့၏ အစစ်အမှန် ခံစားချက်များကို ထုတ်ဖော်ပြောဆိုကြတော့သည်။ သူတို့က ယွမ်လော့၏ ရှုံးနိမ့်မှုကို မယုံကြည်နိုင်အောင် ဖြစ်နေကြပြီး ဤကိစ္စကြောင့် စိုးရိမ်ပူပန်မှုများပင် ဖြစ်ပေါ်လာကြ၏။
"စိုးရိမ်ဖို့ မလိုပါဘူး... လက်ရှိ ဂိုဏ်းထဲမှာ သူကသာ ကမ္ဘာ့အဆင့်မီ ပါရမီရှင် တစ်ယောက် မဟုတ်ပါဘူး... ဝူရှီ ရှိနေသရွေ့ ပါရမီရှင် အပိုင်းမှာ ငါတို့ နောက်ကောက်ကျကျန်ခဲ့မှာ မဟုတ်ဘူး..." ကုချန်ရှန်းက ပြောလိုက်သည်။
သူ၏ စကားများကို လူတိုင်းက သဘောတူကြ၏။ ရာစုနှစ်ပေါင်းများစွာ လက်တွဲလာခဲ့ခြင်းက ဝူရှီကို ယုံကြည်ရန်အတွက် သူတို့အတွက် လုံလောက်နေပြီ ဖြစ်သည်။
ရီချင်းရှန်က ဆက်ပြောလိုက်သည်။ "ကမ္ဘာကြီးရဲ့ အခြေအနေက မငြိမ်မသက် ဖြစ်နေတယ်... ဂိုဏ်းထဲက လူတွေကို သတိထားကြဖို့နဲ့ ထိုက်ချန်၊ တာအိုခုံရုံးတို့နဲ့ ပတ်သက်မှုတွေကို ရှောင်ရှားဖို့ သတိပေးထားလိုက်ပါ... ငါတို့က ဘယ်ဘက်ကိုမှ ထောက်ခံလို့ မရဘူး... ချမ့်ခွန်းဂိုဏ်းက ကိုယ့်အားကိုကိုးတဲ့ လမ်းစဉ်ကိုပဲ လိုက်ရမယ်..."
ထိုက်ချန် မင်းဆက်ပဲဖြစ်ဖြစ် တာအိုခုံရုံးပဲဖြစ်ဖြစ် သူတို့၏ နောက်ကွယ်တွင် မြောက်မြားစွာသော ထာဝရ အလွန်အစွမ်းထက်သည့် အင်အားစုများ ရှိနေပြီး သူတို့ကို မဟာမိတ်များအဖြစ် ပို၍ ဆင်တူစေ၏။
ချမ့်ခွန်းဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုက သူတို့လောက် အဆင့်မမြင့်သော်လည်း ခြေလှမ်းတိုင်းက အလွန် ခိုင်မာပြီး အထွတ်အထိပ် အဆင့်မှာလည်း သူတို၏မူလအဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းထားဆဲ ဖြစ်သည်။
အမိန့်များ လက်ခံရရှိပြီးနောက် အကြီးအကဲများက လောက၏အခြေအနေကို စတင် ဆွေးနွေးကြတော့၏။
ထိုက်ချန် မင်းဆက်၏ တိုက်ခိုက်မှုက ပြင်းထန်ပြီး တာအိုခုံရုံး၏ တောင်တံခါးဝနီး ရှိနေပြီဖြစ်ကာ မြေပြင်တစ်ခွင်လုံးကို ဆူပူအုံကြွသွားစေသည်။ လူများက တာအိုခုံရုံးသည် အငြင်းပွားဖွယ်မရှိသော လောကအုပ်စိုးရှင် မဟုတ်တော့ကြောင်း သဘောပေါက်လာကြပြီး ထိုအချက်က ရည်မှန်းချက်ကြီးသူ အများအပြားကို အကြံအစည်များ စတင်လုပ်ဆောင်လာစေ၏။
တာအိုခုံရုံး၏ ပိုင်နက်နယ်မြေက ကျယ်ဝန်းပြီး ၎င်း၏ အခြေခံအုတ်မြစ်များကလည်း နက်ရှိုင်းလှသည်။ အစိတ်အပိုင်း သေးသေးလေး တစ်ခုကပင် ဂိုဏ်းတစ်ခုကို ကောင်းကင်ယံသို့ ပျံတက်သွားစေရန် လုံလောက်၏။
နှစ်တစ်ထောင် ကြာပြီးနောက်။
ထျန်းဟုန် ဧကရာဇ်သည် သက်တမ်းတာအိုနယ်မြေသို့ ပြန်လည်ရောက်ရှိလာ၏။ သူက ချက်ချင်းပင် ကုအန်ထံသို့ လာရောက်လည်ပတ်ခဲ့သည်။
"ဆရာ... ဆရာ ကျွန်တော့်ကို လမ်းညွှန်ပေးဖို့ ခိုင်းထားတဲ့သူ သေသွားပါပြီ... ကျွန်တော် သူ့ကို မကာကွယ်နိုင်ခဲ့ဘူး... ကျွန်တော့်ကို အပြစ်ပေးပါ..."
ထျန်းဟုန် ဧကရာဇ်က ကုအန်၏ အနောက်တွင် ဒူးထောက်လိုက်ပြီး သူ၏ အမူအရာက စိတ်ပျက်အားငယ်နေ၏။
လမ်းပြပေးခဲ့သော အန်ရှင်းမှာ ထိုစကားများကို ကြားသောအခါ မလှုပ်ရှားနိုင်တော့ဘဲ ထျန်းဟုန် ဧကရာဇ် မည်သူ့ကို ရည်ညွှန်းနေကြောင်း သိချင်၍ မတ်တတ်ရပ်နေခဲ့သည်။
ကုအန်က အခန်းအတွင်း၌ လျှို့ဝှက်ကျင့်စဉ်စာအုပ် တစ်အုပ်ကို ရေးသားနေပြီး ကျောခိုင်းထားရင်း ပြောလိုက်၏။ "ကိစ္စမရှိပါဘူး... သေတာက သေတာပါပဲ... ငါက မင်းကို သူ့ကို သင်ပေးဖို့ပဲ ခိုင်းခဲ့တာပါ... မင်း ပြန်မလာခင် နှစ်တွေ အများကြီး အချိန်ယူလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
ထိုသူက ထိုက်ရီ အမတအရှင် ပြန်လည်ဝင်စားလာသူ ဖြစ်သည်။ ထျန်းဟုန် ဧကရာဇ်၏ လမ်းညွှန်မှုအောက်တွင် သူ၏ ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုက်ချန်း မင်းဆက်မှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရ၏။ ထျန်းဟုန် ဧကရာဇ်ပင်လျှင် ၎င်းကို မတားဆီးနိုင်ခဲ့ဘဲ မိမိကိုယ်ကို ကာကွယ်ရန် တာအိုရတနာတစ်ခု၏ စွမ်းအားကို အားကိုးခဲ့ရသည်။
နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းခဲ့ရသဖြင့် ထျန်းဟုန် ဧကရာဇ်က ထိုက်ရီအပေါ် နက်ရှိုင်းသော သံယောဇဉ်များ ဖြစ်ပေါ်ခဲ့သည်။ သူ၏ နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှုများနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများ ပြည့်နှက်နေပြီး ကုအန်က ထိုက်ရီအတွက် ကလဲ့စားချေပေးမည်ကိုပင် မျှော်လင့်နေခဲ့သော်လည်း သူ၏ ဆရာတွင် ဝင်ရောက်စွက်ဖက်ရန် တာဝန်မရှိကြောင်း သိထားသဖြင့် သူကိုယ်တိုင် ထိန်းချုပ်ထားခဲ့၏။
သူ၏ အမြင်တွင် သူ၏ဆရာသည် လောကီရေးရာများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိဘဲ ပြင်ပခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရချိန်တွင်သာ လှုပ်ရှားတတ်သည်။ ဆရာအတွက် ကောင်းကင်အောက်ရှိ သက်ရှိသတ္တဝါ အားလုံးမှာ တန်းတူညီမျှ အဆင့်အတန်းရှိပြီး ဆရာက မည်သူ့ကိုမျှ မျက်နှာလိုက်မည် မဟုတ်ချေ။
ထိုက်ရီ၏ သေဆုံးမှုက နောက်ဆုံးတွင် ကိုယ်ရေးကိုယ်တာ ကလဲ့စားချေမှုတစ်ခု ဖြစ်သည်။ သူက ကောင်းကင်နှင့်မြေကြီးမှ ရတနာများအတွက် ထိုက်ချန်းမှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ရန် ဇွတ်တောင်းဆိုခဲ့သဖြင့် ပြိုင်ဘက်၏ အထောက်အပံ့များ ဝင်ရောက်စွက်ဖက်လာစေခြင်း ဖြစ်၏။
ထျန်းဟုန် ဧကရာဇ်ကလည်း ဝင်ရောက်လှုပ်ရှားခဲ့သော်လည်း ပြိုင်ဘက်များက အများအပြား ဖြစ်နေသဖြင့် သူ အနိုင်မရနိုင်ခဲ့ပေ။
"ဒီလောက်ကြာအောင် လမ်းညွှန်ပေးရလိမ့်မယ်လို့ မထင်ထားခဲ့သလို နောက်ဆုံးမှာလည်း သံယောဇဉ်တွေ ဖြစ်လာခဲ့တယ်..." ထျန်းဟုန် ဧကရာဇ်က သက်ပြင်းချလိုက်၏။ ထိုက်ရီသည် သူ၏ ပထမဆုံး တပည့်ဖြစ်ပြီး အချိန်အများကြီး အတူတကွ ဖြတ်သန်းပြီးနောက်တွင် သူက မလွှဲမရှောင်သာ စွဲလမ်းသွားခဲ့ခြင်း ဖြစ်သည်။
ကုအန်က သူ့ကို လှည့်ကြည့်၍ ပြောလိုက်သည်။ "ဒီအတွေ့အကြုံက မင်းကို ပေးတဲ့ ခံစားချက်တွေကို တန်ဖိုးထားပါ... ထိုက်ရီအတွက်ကတော့ သူ ပြန်ဝင်စားပါလိမ့်မယ်..."
"တကယ်လား... သူ လုံးဝ ပျက်စီးသွားတာကို ကျွန်တော် သေချာပေါက် မြင်လိုက်ရတာပါ..."
ထျန်းဟုန် ဧကရာဇ်၏ မျက်လုံးများ အရောင်လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
ကုအန်က စကားမပြောဘဲ ပြုံးလိုက်ရာ ထျန်းဟုန် ဧကရာဇ်အား ၎င်းသည် သူ၏ လက်ချက်ဟု တွေးတောသွားစေပြီး သူ၏ အတွင်း၌ ကျေးဇူးတင်သော ခံစားချက်များ ဖြစ်ပေါ်လာစေ၏။
"ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ် ဆရာ..."
ထျန်းဟုန် ဧကရာဇ်က အလွန်အမင်း ဝမ်းမြောက်စွာဖြင့် ဦးညွှတ်ကန်တော့လေတော့သည်။
ကုအန်က သူ့ကို ကြည့်၍ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူက အမတနတ်ဘုရားများ၏ မှတ်ဉာဏ်အချို့ကို နိုးကြားလာခဲ့သော်လည်း အစစ်အမှန် အမတနတ်ဘုရားတစ်ပါး ဖြစ်လာရန် အလှမ်းဝေးနေဆဲ ဖြစ်သည်။
"သွားပြီး ကျင့်ကြံတော့... ထိုက်ရီအတွက်ကတော့ နောင်တစ်ချိန်မှာ မင်း သူနဲ့ ပြန်ဆုံတွေ့ဖို့ ငါ တားဆီးမှာ မဟုတ်ပါဘူး... ဒါပေမဲ့ အခုချိန်မှာ သူ့ကို တကူးတက လိုက်ရှာနေစရာ မလိုဘူး..." ကုအန်က ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ထျန်းဟုန် ဧကရာဇ်က ပို၍ပင် ဝမ်းသာသွားပြီး ကုအန်ကို အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ကာ မတ်တတ်ရပ်၍ အန်ရှင်းကို ဦးညွှတ်ပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
"ဆရာ... ထိုက်ရီဆိုတဲ့ လူက တကယ်ပဲ ထိုက်ရီ အမတအရှင် ပြန်ဝင်စားလာတာလား..." အန်ရှင်းက ကုအန်အနားသို့ ချဉ်းကပ်၍ တိုးတိုးလေး မေးလိုက်၏။
"အင်း... သူပဲ..."
"သူတို့ နှစ်ယောက်က အမတနတ်ဘုရားတွေ အနေနဲ့ ပူးပေါင်းကြံစည်မှာကို ဆရာ မကြောက်ဘူးလား..."
"စိတ်ချပါ... သူတို့ အဲဒီလို လုပ်မှာ မဟုတ်ပါဘူး..."
ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူ ရေးသားထားသည်များကို ကျေနပ်အားရစွာဖြင့် ကြည့်လိုက်၏။
အန်ရှင်းက မေးလိုက်သည်။ "ဆရာ... ကျွန်မလည်း တပည့်တစ်ယောက် လက်ခံလို့ ရမလား... ကျွန်မ အရင်က တပည့် တစ်ယောက်မှ သေချာ လက်မခံဖူးသေးဘူး... ဆရာတစ်ယောက်ဖြစ်ရတဲ့ ခံစားချက်ကိုလည်း တွေ့ကြုံချင်တယ်... စိတ်မပူပါနဲ့... ကျွန်မ အပြင်ထွက်မှာ မဟုတ်ပါဘူး... ချမ့်ခွန်းဂိုဏ်းထဲကပဲ တပည့်တစ်ယောက် ရွေးလိုက်ပါ့မယ်..."
ကုအန်က သူမကို တစ်ချက်ကြည့်၍ ပြောလိုက်၏။ "မင်း တစ်ယောက်ပဲ လက်ခံလို့ ရမယ်..."
အန်ရှင်းက အလွန်အမင်း ဝမ်းသာသွားပြီး တခစ်ခစ် ရယ်မောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဆရာ... စိတ်ချပါ... ကျွန်မ ပေါ့ပေါ့ဆဆ မရွေးပါဘူး... ကျွန်မ လက်ခံမယ့် တပည့်က ဆရာကို သေချာပေါက် ကျေနပ်စေရမယ်... ပြီးတော့ သူတို့က ဝူရှီအတွက် အရှက်ရစရာ ဖြစ်လာမှာ မဟုတ်ပါဘူး..."
ကုအန်က သူ၏ လက်ကို မြှောက်၍ သူမ၏ ဆံပင်များကို ဖွကာ ပြုံးလိုက်၏။ "တကယ်တော့ ပါရမီက အရေးမကြီးပါဘူး... မင်း သဘောကျတဲ့ တပည့်တစ်ယောက်ကို တွေ့ပြီး သူကလည်း မင်းကို ဆရာအဖြစ် လက်ခံဖို့ လိုလားတယ်ဆိုရင် အဆင်ပြေပါပြီ..အရမ်းစိတ်ပူမနေပါနဲ့"
***