ကုအန်က အန်ရှင်းအား တပည့်လက်ခံရန် သဘောတူလိုက်ပြီးနောက် သူမက ချမ့်ခွန်းဂိုဏ်းဆီသို့ စိတ်အားထက်သန်စွာ ထွက်ခွာသွား၏။
သို့သော်လည်း အန်ရှင်း၏ စံနှုန်းများက အလွန်အမင်း မြင့်မားနေပြီး ချမ့်ခွန်းဂိုဏ်း တစ်ခုလုံးကို ပတ်ရှာပြီးနောက်တွင်ပင် သင့်တော်သူ တစ်ဦးကိုမျှ သူမ မတွေ့ခဲ့ရချေ။
ဤကိစ္စနှင့် ပတ်သက်၍ သူမက အလျင်စလို မရှိဘဲ ရှည်လျားသော နှစ်ကာလများကို ဖြတ်သန်း၍ စောင့်ဆိုင်းရန် ပြင်ဆင်ထား၏။ သူမက တပည့် လုံးဝ လက်မခံဘဲ နေရင်နေ သို့မဟုတ်ပါက အနာဂတ်တွင် ဝူရှီ၏ တတိယမျိုးဆက် တပည့်များအနက် အစွမ်းအထက်ဆုံး ဖြစ်လာမည့်သူကိုသာ လက်ခံမည် ဖြစ်သည်။
ဝူရှီ၏ တတိယမျိုးဆက်က ထွက်မပေါ်လာသေးသော်လည်း ဝူရှီ တပည့်များက စိတ်အားထက်သန်စွာဖြင့် စတင် ပြင်ဆင်နေကြပြီ ဖြစ်၏။
တစ်ထောင်နှစ်တစ်ကြိမ် ကျင်းပသော သိုင်းပြိုင်ပွဲက သူတို့ကို မကျေနပ်နိုင်တော့ချေ။ အထူးသဖြင့် သွေးကျဉ်းထောင် သူတော်စင်နှင့် အန်ရှင်းတို့က ဦးဆောင်သွားပြီးနောက်တွင် အခြားတပည့်များက သူတို့ကို ကျော်ဖြတ်ရန် အခြားနည်းလမ်းများကို စတင် တွေးတောလာကြသည်။
ကုအန်သည် ကိုယ်ပိုင် စွမ်းအား ကြီးမားရုံသာမက တပည့်များကို ပြုစုပျိုးထောင်ပေးနိုင်စွမ်း ရှိကြောင်းကိုလည်း အားလုံးက မျက်မြင်ကိုယ်တွေ့ သိရှိထားကြသဖြင့် သဘာဝကျကျပင် တပည့်များက သူ့ကို အတုယူချင်ကြ၏။
အန်ရှင်းအား တပည့်လက်ခံရန် ခွင့်ပြုလိုက်ကြောင်း ကြားသောအခါ နယ်မြေ အတွင်းရှိ အခြား တပည့်များကလည်း တပည့် လက်ခံလိုသော မျှော်လင့်ချက်ဖြင့် ကုအန်ထံ ချဉ်းကပ်လာကြသည်။
လက်ရှိတွင် အန်ရှင်းအပြင် ထျန်းယောင်အာ၊ ထျန်းချင်၊ ထျန်းပိုင်၊ သွေးကျဉ်းထောင် သူတော်စင်၊ ဖူယိုသရဲမယ်တော်၊ ထျန်းဟုန် ဧကရာဇ်၊ ရှန်ကျန်းနှင့် ကျန်းရှီတို့သာနယ်မြေ အတွင်း၌ ကျန်ရှိနေတော့၏။
ချန်ချွမ်၊ လုရှန်နှင့် အန်ရှန်ထျန့်တို့က ယခုတိုင် ပြန်မလာကြသေးပေ။ သူတို့က အပြင်ဘက်တွင် ဂိုဏ်းများကို တည်ထောင်ထားပြီးဖြစ်ကာ ရံဖန်ရံခါမှသာ လာရောက်လည်ပတ်နိုင်ကြသည်။
တပည့်များကြားရှိ ပြိုင်ဆိုင်မှုနှင့် ပတ်သက်၍မူ အငြိုးအတေးဖြင့် ယှဉ်ပြိုင်ခြင်း မဟုတ်သရွေ့ ကုအန်က ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ၊ မည်သို့ပင်ဆိုစေကာမူ ရှည်လျားသော နှစ်ကာလများအတွင်း ကျင့်ကြံခြင်းအပြင် အချိန်ဖြုန်းရန်အတွက် ပျော်စရာအချို့ လိုအပ်ပေသည်။
အချိန်များက တစ်မုဟုတ်ချင်း ကုန်ဆုံးသွားပြီး နောက်ထပ် နှစ်တစ်သောင်း ထပ်မံ ကြာမြင့်သွား၏။
အန်ရှင်းက တပည့် တစ်ဦးကိုမျှ လက်မခံသေးဘဲ ဤအကြောင်းကြောင့် အခြား တပည့်များကလည်း အလျင်စလို မရှိကြချေ။ သူတို့က စည်းမျဉ်းများကို တိတ်တဆိတ် လိုက်နာနေကြ၏၊ အန်ရှင်းသည် စီနီယာ တပည့်အကြီးဆုံး ဖြစ်သဖြင့် သူမ၏ တပည့်ကသာ တတိယမျိုးဆက်များအနက် ခေါင်းဆောင်တပည့် ဖြစ်သင့်သည်။
ထို့ပြင် သူတို့တွင် စံနှုန်းတစ်ခု လိုအပ်နေ၏။ တပည့်တစ်ဦးကို ပထမဆုံး လက်ခံလိုက်ခြင်းက အခြားသူများအတွက် အလွယ်တကူ ရည်ညွှန်းစရာ ဖြစ်လာလိမ့်မည် ဖြစ်သည်။
လောကကြီးတွင် ပါရမီရှင်များ မြောက်မြားစွာ ရှိနေသဖြင့် သူတို့၏ တပည့်များသာ အစွမ်းအထက်ဆုံး ဖြစ်လာမည်ဟု မည်သူက အာမခံနိုင်မည်နည်း။
သို့သော် အကယ်၍ အခြားသူများက တပည့်များကို လက်ခံပြီးသွားပြီဆိုလျှင် သူတို့ နှိုင်းယှဉ်ကြည့်နိုင်မည် ဖြစ်၏။
ဤနှစ်တစ်သောင်း အတွင်းတွင် ကုအန်သည် သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်းကို ခြောက်ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး မဟာတာအိုတွင် သူ၏ အောင်မြင်မှုများကို အလွန်တရာ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားစေခဲ့သည်။
ဤနေ့တွင် နွေဦးပွဲတော် ပြီးဆုံးပြီးနောက် ကုအန်သည် ကျယ်ပြောလှသော မဟာတာအို လမ်းစဉ်ဆီသို့ တစ်ယောက်တည်း လာခဲ့၏။
မဟာတာအို လမ်းစဉ်သည် ကျယ်ပြောပြီး အဆုံးအစမဲ့ကာ စကြဝဠာ နယ်မြေတစ်ခု၏ ပုံသဏ္ဌာန်မျိုး မဟုတ်ချေ။ ၎င်းသည် စိမ်းလန်းစိုပြေပြီး ထွန်းကားနေကာ မရေမတွက်နိုင်သော အကိုင်းအခက်များ ရှိပြီး တစ်ခုစီတွင် မတူညီသော တာအို စည်းမျဉ်းများ ပါဝင်နေသည်။
သူ ရောက်ရှိလာသော မဟာတာအို လမ်းစဉ်၏ အစိတ်အပိုင်းမှာ ပင်မ ပင်စည်ကြီးဟု ယူဆ၍ ရ၏။ မဟာတာအို သုံးထောင်က ကျယ်ပြောလှသော ချီပင်လယ်ကြီး တစ်ခုအဖြစ် ဖွဲ့စည်းထားပြီး ၎င်းအတွင်း၌ တိုက်ကြီးများနှင့် ဥက္ကာပျံများ ရှိနေသော်လည်း သက်ရှိများ၏ အရိပ်အယောင်ကို မမြင်ရချေ။ မဟာတာအို၏ ပင်လယ်ပြင်ဘက်ခြမ်းဆီသို့ ကြည့်လိုက်သောအခါ အမှောင်ထုက ဤနေရာရှိ အရာအားလုံးကို သေးငယ်သွားစေပုံရသည်။
ဤတစ်ကြိမ်တွင် ကုအန်က မူလဘူတ တာအိုဧကရာဇ် လမ်းစဉ်ကို ဖောက်လုပ်ရန် လာရောက်ခြင်း ဖြစ်၏။
သူသည် မဟာတာအို ချီပင်လယ်ကြီး၏ အထက် ဟင်းလင်းပြင်ထဲတွင် ပေါလောပေါ်နေပြီး သူ၏ နှလုံးသား မျက်စိက မယုံကြည်နိုင်လောက်အောင် ဝေးကွာသော နေရာများအထိ မြင်တွေ့နိုင်စွမ်း ရှိသည်။
လူအချို့က ရတနာများကို ရှာဖွေနေကြ၏။ အချို့က တာအို အကျပ်အတည်းများတွင် ပိတ်မိနေကြကာ အချို့က တာအိုဧကရာဇ်အတွက် တိုက်ခိုက်နေကြသည်။ ထို့ပြင် အချို့က သေကွဲရှင်ကွဲ ခွဲခွာရမှုများနှင့် ရင်ဆိုင်နေရသည်ကို သူ မြင်တွေ့လိုက်ရ၏။
လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်များ သာမကဘဲ အခြားသော မျိုးနွယ်စုများစွာလည်း တည်ရှိနေပြီး အချို့မှာ သက်ရှိများ၏ ပုံသဏ္ဌာန်ပင် မဟုတ်ဘဲ ဝိညာဉ်များ သို့မဟုတ် ကြယ်များနှင့် တူနေကြသည်။
အရာအားလုံးက ကုအန်၏ မျက်လုံးထဲသို့ ကျရောက်လာပြီး တာအိုအထွတ်အထိပ် တာလော့အမတ တစ်ပါးဖြစ်သည့်တိုင် အဆုံးအစမဲ့သော ဖန်ဆင်းခြင်းကို သူ ခံစားလိုက်ရ၏။
မဟာတာအို လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနိုင်သူများသည် အမတများ ဖြစ်လာကြပြီးဖြစ်ကာ လောကီကမ္ဘာမှ ကင်းကွာနေကြပြီ ဖြစ်လေသည်။ သူတို့ တစ်ဦးစီတိုင်းတွင် အဆုံးမရှိသော ကံတရားများ ရစ်ပတ်နေပြီး မဟာတာအို လမ်းစဉ်ထဲသို့ ဝင်ရောက်လာသည်နှင့် ကမ္ဘာတစ်ခုလုံးက ဖုန်မှုန့်လေး တစ်မှုန်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိနေ၏။
ကုအန်၏ အကြည့်က ပို၍ ဝေးကွာသော နေရာတစ်ခုဆီသို့ ရောက်ရှိသွားသည်။
မဟာကမ္ဘာ သုံးထောင်သည် မဟာတာအို လမ်းစဉ်၏ အောက်တွင် တည်ရှိနေပြီး မဟာတာအို လမ်းစဉ်သည် မူလဧကရာဇ်နယ်မြေ၊ မြူခိုး အမတနန်းတော်၊ လင်တောင် အစရှိသည့် လျှို့ဝှက်ဆန်းကြယ်သော နယ်မြေ အများအပြားနှင့် ချိတ်ဆက်ထား၏။ မဟာတာအို လမ်းစဉ်၏ အထက်ဘက်တွင် ဖရိုဖရဲ အခြေအနေ ရှိနေပြီး မည်သည့်အရာကိုမျှ မမြင်ရသော်လည်း ကုအန်၏ နတ်ဘုရား အာရုံခံစားမှုက ၎င်းအတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်သဖြင့် အထက်တွင် နယ်မြေများ ရှိနေကြောင်း ဆိုလို၏။ သို့သော် သူက ၎င်းတို့ကို မစူးစမ်းနိုင်သေးခြင်းသာ ဖြစ်သည်။
ကုအန်က သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မူလဘူတ တာအိုဧကရာဇ်၏ ကံတရားကို စတင် ဖန်ဆင်းတော့၏။
ကံတရားကို ဖန်ဆင်းခြင်းက ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ချေ။ မူလဘူတ တာအိုဧကရာဇ်၏ ကံတရား အမှန်တကယ် အမြစ်တွယ်လာစေရန်အတွက် ရှည်လျားသော နှစ်ကာလများစွာ အချိန်ယူ၍ ဖွံ့ဖြိုးတိုးတက်စေရန်သာ လိုအပ်မည် ဖြစ်သည်။
သူက ကံတရားကို ဖန်ဆင်းနေသည်ဟု ဆိုခြင်းထက် တကယ်တမ်းတွင် ကျင့်ကြံသူများ ရှာဖွေမတွေ့ရှိမီအထိ မဟာတာအို လမ်းစဉ်အတွင်း တည်ရှိနေစေမည့် မဟာတာအို တစ်မျိုးကို ဖန်ဆင်းနေခြင်း ဖြစ်၏။
အထူးသဖြင့် ယန်ရှန်း၏ မြင့်မြတ်နှလုံးသား ဓားတာအိုသည်လည်း ကံတရား တစ်မျိုးပင် ဖြစ်သည်။ မြင့်မြတ်နှလုံးသား ဓားတာအိုသည် ဓားတာအိုမြစ်နှင့်အတူ ဆက်လက် တည်ရှိနေမည်ဖြစ်ပြီး တာအိုဧကရာဇ်နှင့် မူလဘူတ တာအိုဧကရာဇ်တို့ကဲ့သို့ပင် ကျင့်ကြံသူများအား ၎င်း၏ စွမ်းအားကို ရယူသုံးစွဲနိုင်စေမည် ဖြစ်၏။
ယန်ရှန်း၏ ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင် မစွမ်းနိုင်သေးခြင်းသာ ဖြစ်သည်။
ယန်ရှန်း၏ နားလည်သဘောပေါက်နိုင်စွမ်းက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှကြောင်း ငြင်းဆိုစရာ မရှိချေ။ သက်တမ်း ဆင့်ကဲပြောင်းလဲခြင်းများကို အသုံးမပြုဘဲနှင့်ပင် သူက ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားထက် မစွမ်းနိုင်သော်လည်း ဤအဆင့်အထိ ရောက်ရှိလာနိုင်ခဲ့၏။
ကုအန် ရွှေအမတ တာအိုအသီး အဆင့်သို့ မဝင်ရောက်မီက ထိုသို့သော ဓားတာအိုမျိုးကို ဖန်ဆင်းရန် အလွန် ခက်ခဲလှသည်။
သို့သော် ယန်ရှန်းမှာ သူပင်ဖြစ်ပြီး ယန်ရှန်း၏ ကြီးမြတ်မှုသည်လည်း သူ၏ ကြီးမြတ်မှုပင် ဖြစ်၏။
သူ၏ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေရင်းနှင့် ဖန်ဆင်းခြင်းကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။
သူ၏ တာအိုဆန္ဒက သူ့ဝန်းကျင်တွင် လေစီးကြောင်းများအဖြစ် ဖွဲ့စည်းသွား၏။ သူ မလာရောက်မီကပင် မူလဘူတ တာအိုဧကရာဇ်၏ ကံတရား ဖွဲ့စည်းပုံကို သူ တည်ဆောက်ထားပြီး ဖြစ်သည်။ ယခုအခါ ၎င်း မွေးဖွားလာစေရန်အတွက် နောက်ဆုံး အဆင့်သာ လိုအပ်တော့၏။
မကြာမီမှာပင် ဤလေစီးကြောင်းများက ပေါင်းစပ်သွားပြီး မရေမတွက်နိုင်သော ရွှေရောင် ကြယ်ပွင့်များ စီခြယ်ထားသည့် မီးခိုးရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ ကုအန်၏ ဝန်းကျင်တွင် လည်ပတ်နေခဲ့သည်။
သူက ညာဘက်လက်ကို မြှောက်၍ ဦးတည်ရာ တစ်ခုသို့ လက်ညှိုးထိုးပြလိုက်ရာ မူလဘူတ တာအိုဧကရာဇ်၏ ကံတရားက ထိုလမ်းကြောင်းဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။
ထိုသို့ တိုးဝင်သွားစဉ်အတွင်း ဤကံတရားက တဖြည်းဖြည်း အရောင်အသွေးများ စုံလင်လာပြီး သက်တန့်တစ်ခုနှင့် တူလာသော်လည်း သက်တန့်ထက်ပင် ပိုမို တောက်ပလာခဲ့သည်။
၎င်း အဝေးသို့ လွင့်မျောသွားသည်ကို ကုအန်က စောင့်ကြည့်နေခဲ့၏။
၎င်းက မဟာတာအို ကံတရားအတွင်းသို့ ပေါင်းစပ်သွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီးမှသာ သူကလည်း ပျောက်ကွယ်သွားတော့သည်။ သူက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ တိုက်ရိုက် မပြန်ဘဲ အခြား မဟာကမ္ဘာများဆီသို့ လည်ပတ်ခဲ့ပြီး မူလဧကရာဇ်နယ်မြေနှင့် မြူခိုး အမတနန်းတော်တို့ဆီသို့ပင် သွားရောက်ခဲ့၏။ သူ နေရာတစ်ခုသို့ ရောက်သွားတိုင်း သူ၏ ကံတရားနှင့် အငွေ့အသက်များကို ဖျောက်ဖျက်ပစ်လေ့ ရှိသည်။
အကြိမ်ရာပေါင်းများစွာ သွားလိုက်ပြန်လိုက် လုပ်ပြီးနောက်တွင် နောက်ဆုံး၌ သူက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဤအချိန်တွင် မွန်းလွဲပိုင်းမျှသာ ရှိသေးပြီး နေရောင်တောက်ပနေသော နေ့တစ်နေ့ ဖြစ်သည်။ ကုအန်က ပန်းပေါင်းစုံဂိုဏ်းသို့ သွားရောက်ကာ ကျန်းချုံးနှင့် တွေ့ဆုံခဲ့၏။
ကုအန်၏ သတင်းစကားကို ကြားသည်နှင့် ကျန်းချုံးက အရာအားလုံးကို ချက်ချင်း ဘေးဖယ်ထားကာ သူ့ကို လာရောက်တွေ့ဆုံခဲ့ပြီး တပည့်များကိုပင် အမတအရက်နှင့် အမတအစားအစာများ ပြင်ဆင်ထားစေခဲ့သည်။
သူတို့ နှစ်ယောက်က တောင်ထိပ်ပေါ်ရှိ အခန်းငယ်လေး တစ်ခုတွင် တွေ့ဆုံခဲ့ကြပြီး ၎င်း၏ အပြင်ဘက်တွင်မူ ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးက မြေပြင်ပေါ်ရှိ နတ်ပြည်တစ်ခုနှင့် တူနေ၏။
"ဘာများတစ်ခုခု ဖြစ်လို့လား..."
ကုအန်က ပြုံးရွှင်သော မျက်နှာဖြင့် မေးလိုက်၏၊ ကျန်းချုံး ရင်ဆိုင်နေရသည်ကို သူ သဘာဝကျကျ သိရှိထားသည်။ သူမကို တိုက်ရိုက် ခေါ်ယူခြင်းက သူမအား အကျပ်အတည်းမှ လွတ်မြောက်စေရန် ကူညီပေးရန်လည်း ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ကျန်းချုံး၏ အပြုံးက မှေးမှိန်သွားပြီး သူမက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ "ထိုက်ချန်း မင်းဆက်နဲ့ တာအိုခုံရုံးတို့က ပြဿနာ ရှာနေတုန်းပဲလေ... ထိုက်ချန်းက တာအိုခုံရုံးရဲ့ နယ်မြေတွေကို ခွဲဝေယူဖို့အတွက် ဂိုဏ်းတွေနဲ့ မင်းဆက်တွေ အားလုံးကို စုစည်းနေတယ်... ထိုက်ချန်းက တာအိုခုံရုံးကို မချိုးဖျက်ခင်မှာ ဂိုဏ်းတွေ ရရှိတဲ့ နယ်မြေမှန်သမျှက သူတို့အတွက် ထာဝရ ပိုင်ဆိုင်မှု ဖြစ်လိမ့်မယ်တဲ့... ဒါပေမဲ့ ထိုက်ချန်းက တာအိုခုံရုံးကို ချိုးဖျက်နိုင်တဲ့အထိ စောင့်နေမယ်ဆိုရင်တော့ လောကကြီးမှာရှိတဲ့ မြေနေရာ အားလုံးကို ထိုက်ချန်းက သိမ်းယူလိမ့်မယ်တဲ့... ကျွန်မတို့ ဂိုဏ်းက အကြီးအကဲတွေကလည်း ပါဝင်ပတ်သက်ချင်နေကြတယ်... ဒါပေမဲ့ ထိုက်ချန်း နိုင်မယ်လို့ ကျွန်မ မထင်ဘူး..."
"သူတို့က ဘာလို့ နိုင်မှာ မဟုတ်တာလဲ..." ကုအန်က မေးလိုက်၏။
ကျန်းချုံးက ကုအန်ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ဖြေလိုက်သည်။ "ဘာလို့လဲဆိုတော့ ထိုက်ချန်း မင်းဆက်က တည်ရှိနေသေးလို့ပေါ့... တာအိုခုံရုံးက ထိုက်ချန်း မင်းဆက်ကို သိမ်းပိုက်မှာ မဟုတ်ပေမဲ့ ထိုက်ချန်ကတော့ သိမ်းပိုက်မှာပဲလေ..."
ကုအန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။ "ငါက ထိုက်ချန်း မင်းဆက်နဲ့ မပတ်သက်တော့တာ ကြာပါပြီ... လောကီရေးရာတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက ကျွန်တော် ဝင်စွက်ဖက်မယ့် ကိစ္စ မဟုတ်ပါဘူး..."
"တကယ်လား..." ကျန်းချုံးက မယုံကြည်ပေ၊ သူမ၏ အတွင်းစိတ်က ကုအန်အား သူမကို စိုက်ကြည့်လာစေသည်။
ကုအန်က ချောင်းဟန့်ဟန်ဆောင်၍ ပြောလိုက်၏။ "ငါဆီမှာ အခွင့်အရေး တစ်ခု ရှိတယ်... အကယ်လို မင်းသာ အဲဒါကို ဆုပ်ကိုင်နိုင်မယ်ဆိုရင် ပန်းပေါင်းစုံ ဂိုဏ်းက အနာဂတ်မှာ တာအိုခုံရုံးလို အစွမ်းထက်လာနိုင်တယ်..."
T/N - လီရွှမ်တောက် က ထိုက်ချန်းမင်းဆက်ပါ..အခုထကြွနေတာက ထိုက်ချန်မင်းဆက်ပါ..ရှေ့က တခုတည်းထင်နေတာ sorry
***