အမှောင်ထု ဟင်းလင်းပြင်အတွင်း တောက်ပသော လပြည့်ဝန်း၏ ရှေ့တွင် ခရမ်းရောင် တိမ်တိုက်များ လွင့်မျောနေပြီး တိမ်တိုက်များအထက်သို့ ထိုးထွက်နေသော ချောက်ကမ်းပါးထိပ်၌ အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး ထိုင်နေ၏။
သူ၏ ဆံပင်များက ဖြူဖွေးနေသော်လည်း မျက်နှာက နုပျိုနေကာ သူ၏ ဦးခေါင်းအနောက်တွင် အလင်းကွင်း နှစ်ကွင်း လွင့်မျောနေပြီး အရောင်များ အဆက်မပြတ် ပြောင်းလဲနေကာ လှပပြီး ဆွဲဆောင်မှု ရှိနေသည်။
သူက မျက်လုံးများကို ဖွင့်၍ လက်ချောင်းများကို ချိုးကာ တွက်ချက်လိုက်ရာ သူ၏ အမူအရာက ထူးဆန်းသွားတော့၏။
သူက အဆက်မပြတ် စတင် တွက်ချက်နေသော်လည်း ကံမကောင်းစွာဖြင့် မည်သို့ပင် တွက်ချက်စေကာမူ သူ၏ နှလုံးသားထဲရှိ ရှုပ်ထွေးမှုများကို မဖြေရှင်းနိုင်ခဲ့ချေ။
ရုတ်တရက် သူ၏ နောက်ကွယ်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ သွေးရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ကောင်းကင်နတ်ဘုရား တစ်ပါးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်နှင့်အတူ ဆံပင်ဖြူများက လွင့်ဝဲနေကာ သူ၏ နဖူးပေါ်တွင် သွေးရောင် ပန်းပွင့် ပုံသဏ္ဌာန် အမှတ်အသား တစ်ခု ရှိနေသည်။
သူကား ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရား ဖြစ်သည်။
သူတွင် လုံရှင်း ဧကရာဇ်၏ မြေးဖြစ်သော လုံမျဲ့ ဟူသည့် အခြား ရပ်တည်မှုတစ်ခုလည်း ရှိနေသေး၏။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက ထိုသူကိုဦးညွှတ်၍ လက်ကို မြှောက်ကာ အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုကို အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။ "ဆရာ... တပည့် လာတွေ့တာပါ..."
"ဘယ်နှနှစ်တောင် ရှိသွားပြီလဲ... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ... အဲဒီ တည်ရှိမှုအတွက် ဓမ္မခန္ဓာကိုယ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီ ထင်တယ်..." အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက ပြန်ဖြေလိုက်သည်။ "တာဝန်အရပါ... ကောင်းကင်အမိန့်တော်ကို ဖီဆန်လို့ မရဘူးလေ..."
"ကောင်းကင်အမိန့်တော်ကို ဖီဆန်လို့ မရဘူး ဟုတ်လား... အမှန်ပဲ... ဖီဆန်လို့ မရဘူး..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက မတ်တတ်ရပ်၍ ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားကို လှည့်ကြည့်ကာ အထက်အောက် စုန်ဆန်ကြည့်ရှုလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ကျေနပ်အားရသည့် အရိပ်အယောင်များ ပေါ်လာ၏။
"မင်းရဲ့ တာအိုကျင့်ကြံမှုက မဆိုးဘူး...ဒါက မင်း အချိန်မဖြုန်းခဲ့ဘူးဆိုတာကို သက်သေပြနေတာပဲ... ငါ့ရဲ့ ပြုစုပျိုးထောင်ပေးမှုနဲ့ မတန်တာမျိုး မဟုတ်ဘူး..." အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ပြုံးလိုက်သည်။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက ပြန်ဖြေလိုက်၏။
"ဆရာက တပည့်ကို ပြုစုပျိုးထောင်ပေးခဲ့တာထက် ပိုပါတယ်... ဆရာသာ မရှိခဲ့ရင် ကျွန်တော် သေနေတာ ကြာလှပေါ့..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက ခေါင်းခါ၍ အမှောင်ထု ဟင်းလင်းပြင်ဆီသို့ ပြန်လှည့်ကြည့်လိုက်စဉ် ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက သူ့ကို စူးစိုက်ကြည့်နေခဲ့သည်။
"တပည့်... မင်းရဲ့ ပါရမီက ထူးခြားတယ်... အမတနတ်ဘုရားတွေတောင် ယှဉ်နိုင်ဖို့ ခက်ခဲတဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားတယ်... အခုကစပြီး မင့်ရဲ့ သတ်ဖြတ်ချင်တဲ့ ဆန္ဒကို ထိန်းချုပ်ထားစရာ မလိုတော့ဘူး..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက တိုးညှင်းစွာ ပြောလိုက်ပြီး သူ၏ မျက်ဆန်များအတွင်း ကြီးမားသော ပေါက်ကွဲမှုကြီးများ၏ အရိပ်အယောင်များ တဖျပ်ဖျပ် လင်းလက်နေ၏။
ထိုစကားကို ကြားသောအခါ ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ "အချိန်ကျပြီလို့ ဆရာ ထင်လို့လား..."
"မရောက်သေးဘူး ဆိုရင်တောင်မှ မင်း ကြိုတင် ပြင်ဆင်ထားရမယ်... မဟာတာအိုရဲ့ ပြောင်းလဲမှုတွေက ပိုပိုပြီး ရှုပ်ထွေးလာတယ်... ပြီးတော့ ကောင်းကင်နန်းတော် အတွင်းက အားပြိုင်မှုတွေကလည်း ပိုပြီး ပြင်းထန်လာတယ်... အဲဒီအတွင်းမှာ ဘယ်လောက်တောင် ကြီးမားတဲ့ ကပ်ဘေးတွေ ရှိနေမလဲ၊ နောက်ဆုံးမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ဘယ်သူက ပြောနိုင်မှာလဲ..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက ပြောရင်း သက်ပြင်းချလိုက်၏။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။ "လုံ မိသားစု ချန်ရစ်ခဲ့တဲ့ ပါရမီကို အားကိုးဖို့ ကျွန်တော် မပြင်ဆင်ထားဘူး... လုံ မိသားစုက ပျောက်ကွယ်သွားသင့်ပြီ... ကျွန်တော်က မှန်မှန်ကန်ကန်ပဲ ကျင့်ကြံသွားပါမယ်..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက သူ့ကို တစ်ချက်ကြည့်၍ အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ "လုံ မိသားစုက တစ်ယောက်ယောက် သက်ရှိထင်ရှား ရှိနေသေးပုံရတယ်... ပြီးတော့ မင်းအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု တိုးလာတာပေါ့... အရင်က မင်းဆိုရင် ထိန်းချုပ်မှုတွေကနေ လွတ်မြောက်ဖို့တောင် မစောင့်နိုင်တော့ဘူးလေ..."
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက ပြန်ဖြေလိုက်သည်။ "အမှန်ပဲ... တချို့က သက်ရှိထင်ရှား ရှိနေသေးတယ်... ဒါပေမဲ့ သူတို့က အတိတ်နဲ့ အဆက်အသွယ် ဖြတ်ထားပြီးပြီ... လုံ မိသားစုရဲ့ လမ်းဟောင်းကို ကျွန်တော် မလိုက်ချင်ရုံ သက်သက်ပါ... သတ်ဖြတ်ခြင်းကတစ်ဆင့် ပိုပြီး အစွမ်းထက်လာတာက ကျွန်တော့်အတွက်တော့ ဖြောင့်မတ်တဲ့ တာအိုလမ်းစဉ် မဟုတ်ဘူး..."
ထိုစကားကို ကြားသောအခါ အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက တခစ်ခစ် ရယ်မောလိုက်ပြီး သူ၏ အကြည့်ကို ဟင်းလင်းပြင်ဆီသို့ ပြန်ရွှေ့လိုက်၏။
"ကောင်းကင်နန်းတော်ဆီ မပြန်ခင်မှာ မဟာတာအို လမ်းစဉ်ဆီ ခရီးတစ်ခေါက် သွားလိုက်ဦး... အဲဒီမှာ မွေးဖွားလာတဲ့ ကံတရားအသစ် ရှိတယ်... ဘာလဲ ဆိုတာကိုတော့ မင်းဘာသာမင်းပဲ စူးစမ်းကြည့်ပေါ့..." အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက ညွှန်ကြားလိုက်သည်။
ကောင်းကင်ဖျက်ဆီးခြင်း နတ်ဘုရားက သဘောတူလိုက်ပြီး သူ့ကို အရိုအသေပေးကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုသာ ချောက်ကမ်းပါးပေါ်တွင် ကျန်ရစ်ခဲ့ပြီး တောက်ပသော လမင်းရှေ့တွင် မတ်တတ်ရပ်နေကာ သူ၏ ပုံရိပ်က အထီးကျန် ဆန်နေပုံရသည်။
"နောက် ကောင်းကင်ဧကရာဇ်က ဘယ်သူ ဖြစ်လာမလဲ... ဒါက ကောင်းကင်ဧကရာဇ် နေရာအတွက် တိုက်ပွဲ သက်သက်ပဲလား..."
အဖြူရောင် ဝတ်ရုံနှင့် အဘိုးအိုက သူ့ဘာသာသူ ရေရွတ်လိုက်၏၊ သူ့ကို ဖြေကြားနိုင်သူ မရှိဘဲ သူ့ကိုယ်သူ မေးခွန်းထုတ်နေခြင်းသာ ဖြစ်သည်။
...
သက်တမ်းတာအိုနယ်မြေ။
ဖန်းရွှမ်၏ ပထမဆုံး ဝင်စားခြင်း ပုံရိပ်ထင်ဟပ်မှု အောင်မြင်စွာ ပေါ်ထွက်လာခဲ့ပြီးနောက် နောက်ထပ် နှစ်တစ်သောင်း ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။
လူသားကမ္ဘာသည် ခေတ်သစ် အတိုးတက်ဆုံး အချိန်ကာလတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီး ဂိုဏ်းတစ်ရာက အထွတ်အထိပ် နေရာအတွက် ယှဉ်ပြိုင်နေကြ၏။ သို့သော်လည်း ချမ့်ခွန်းဂိုဏ်းဖြစ်စေ၊ အဓိပတိ ဂိုဏ်းဖြစ်စေ သူတို့ အစွမ်းထက်လာခဲ့ကြသည့်တိုင် လောက၏ ဂိုဏ်းတစ်ရာ စာရင်းထဲသို့ မဝင်ရောက်နိုင်ခဲ့ကြချေ။
ဤနှစ်များတစ်လျှောက် နေ့စဉ်ဘဝကို ဖယ်ထားလျှင် ကုအန် အလေးထားဆုံးအရာမှာ မူလဘူတ တာအိုဧကရာဇ်၏ ကံတရားပင် ဖြစ်သည်။
လက်ရှိတွင် မဟာတာအို လမ်းစဉ်တစ်လျှောက် မူလဘူတ တာအိုဧကရာဇ် ဖြစ်လာရန် ကျင့်ကြံသူ သုံးရာကျော်က ကြိုးပမ်းနေကြ၏။ ဤအခွင့်အရေးနှင့် ကြုံတွေ့ခဲ့သူ တစ်ထောင်ကျော် ရှိခဲ့ပြီး အချို့မှာ လတ်တလော နှစ်တစ်သောင်းအတွင်း သေဆုံးသွားခဲ့ကြကာ အချို့မှာ ဤအခွင့်အရေးကို စွန့်လွှတ်သွားခဲ့ကြသည်။
ယေဘုယျပြောရလျှင် မူလဘူတ တာအိုဧကရာဇ်အတွက် ကြိုးပမ်းနေသော ကျင့်ကြံသူ သုံးရာကျော် ရှိနေသဖြင့် ဤကံတရားသည် ပီပြင်စွာ ဖွဲ့စည်းသွားပြီဟု မှတ်ယူနိုင်သည်။
မူလဘူတ တာအိုဧကရာဇ်သည် အနိုင်ယူခြင်းဖြင့် လျင်မြန်သော ခွန်အားကို မရှာဖွေတတ်သော်လည်း ဝင်စားခြင်း ပုံရိပ်ထင်ဟပ်မှုက ကျင့်ကြံသူများ၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးသဖြင့် နှစ်ပေါင်း သိန်းချီအတွင်း ပထမဆုံး မူလဘူတ တာအိုဧကရာဇ် ပေါ်ထွက်လာနိုင်စရာ ရှိရာ ၎င်းက ကုအန်၏ စူးစမ်းချင်စိတ်ကို လှုံ့ဆော်ပေးနေ၏။
အဲဒီလူက ဘယ်သူ ဖြစ်လာမလဲ။
ဖန်းရွှမ်က ပထမဆုံး စတင်ခဲ့သူ ဖြစ်သော်လည်း မဟာတာအို လမ်းစဉ်တစ်လျှောက်တွင် ပါရမီရှင် အသစ်များ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ အရှိန်အဟုန်က သူ့ထက်ပင် ကျော်လွန်နေခဲ့သည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာရှိ တာအိုရှာဖွေသူများကို ပြောရလျှင် သူတို့အားလုံးက ကုအန်နှင့် သိကျွမ်းသူများ ဖြစ်ကြ၏။
သူတို့၏ မွေးရာပါ စွမ်းရည်များက မဟာတာအို လမ်းစဉ်ရှိ ပါရမီရှင်များကို မမီနိုင်သလို မူလဘူတ ဧကရာဇ်လမ်းစဉ်ပေါ်တွင် သူတို့ကို ကုအန်က မျက်နှာလိုက်မည် မဟုတ်သဖြင့် သူတို့က ပထမဆုံး မူလဘူတ တာအိုဧကရာဇ် ဖြစ်လာနိုင်မည် မဟုတ်ကြောင်း သေချာသလောက် ရှိနေသည်။
ဤနေ့တွင် သက်တမ်းတာအိုနယ်မြေ အတွင်း၌
ကုအန်သည် ပလွေမှုတ်ရင်း ကောင်းကင်ယံရှိ တိုက်ပွဲကို စောင့်ကြည့်နေ၏။
သူက အတားအဆီး နယ်မြေတစ်ခု ဖန်တီးထားပြီး သွေးကျဉ်းထောင် သူတော်စင်နှင့် အန်ရှင်းတို့ကို တိုက်ခိုက်ခွင့် ပြုထားကာ ရှန်ကျန်း၊ ထျန်းယောင်အာ၊ ထျန်းချင်၊ ထျန်းပိုင်၊ ကျန်းရှီ၊ ဖူယိုသရဲမယ်တော်၊ ထျန်းဟုန် ဧကရာဇ်နှင့် ဝိညာဥ်ဖြူဝိကြွက်တို့က အနီးအနားတွင် စောင့်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများ လှုပ်ရှားနေကာ အဆက်မပြတ် ဆွေးနွေးနေကြသည်။
"သွေးကျဉ်းထောင် သူတော်စင်က ဘာလို့ ထပ်ရပ်သွားပြန်တာလဲ... သူ ပုံရိပ်ယောင် သိုင်းကွက်ထဲ ကျသွားတာများလား..."
"အန်ရှင်းက ကြောက်စရာကောင်းတာပဲ... သူမက သွေးကျဉ်းထောင် သူတော်စင်ကို ကစားနေသလိုပဲ ခံစားရတယ်..."
"ဟားဟားဟား... မင်း အဲဒီလိုပြောတာကို သူ့ကို ပေးမကြားစေနဲ့... သူ အငြိုးထားလိမ့်မယ်..."
"စီနီယာအစ်မ အန်ရှင်းက တကယ် အစွမ်းထက်တာပဲ... သူမက တကယ် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကို လုံးဝ မခန့်မှန်းနိုင်ဘူး..."
"အန်ရှင်းက ဘယ်လို နတ်ဘုရားစွမ်းရည်တွေ သုံးသွားလဲ ဆိုတာကို တစ်ယောက်ယောက် မြင်လိုက်လား..."
တပည့်များက အဆုံးမရှိ ဆွေးနွေးနေကြပြီး ကုအန်က အန်ရှင်း၏ အမတဧကရာဇ် မျက်လုံးကို ဖုံးကွယ်ရန် အတားအဆီးကို တမင်သက်သက် အသုံးပြုထားသဖြင့် တပည့်များက အန်ရှင်း၏ မျက်လုံးများ ပြောင်းလဲသွားသည်ကို မမြင်တွေ့ရသလို အမတဧကရာဇ် မျက်လုံး၏ စွမ်းအားကိုလည်း မခံစားနိုင်ကြချေ။
ဤသည်က တိုက်ပွဲကို အကြည့်ရဆိုးစေပြီး သွေးကျဉ်းထောင် သူတော်စင်မှာ မကြာခဏ ရပ်တန့်နေရ၏။ အကယ်၍ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်နှင့် ပေါများလှသော ချီသွေးများသာ မရှိခဲ့လျှင် သူ ရှုံးနိမ့်နေသည်မှာ ကြာပြီ ဖြစ်သည်။
အန်ရှင်း၏ အမတဧကရာဇ် မျက်လုံးနှင့် ယှဉ်လျှင် ကုအန်က သွေးကျဉ်းထောင် သူတော်စင်၏ တိုးတက်မှုအပေါ် ပို၍ ကျေနပ်အားရနေခဲ့၏။
သွေးကျဉ်းထောင် သူတော်စင်သည် ကိုယ်ပိုင် နတ်ဘုရားစွမ်းရည်များကို ဖန်တီးနိုင်ခဲ့ပြီး သူ၏ သွေးသားများကို လျင်မြန်စွာ ပြန်လည်မွေးဖွားစေနိုင်ကာ သူ၏ ခန္ဓာကိုယ်က ပြာများအဖြစ် ပြောင်းလဲသွားလျှင်တောင်မှ အချိန်တိုအတွင်း ပြန်လည်နိုးထနိုင်စွမ်း ရှိနေသည်။
သို့သော် ထိုသို့ ပြန်လည်နိုးထမှုက ဝိညာဉ်စွမ်းအင်များကို စားသုံးရန် လိုအပ်ပြီး သူက စတင် မောပန်းလာခဲ့ကာ သူ၏ ဝိညာဉ် နက်ရှိုင်းရာမှ ထွက်ပေါ်လာသော မောပန်းမှုက ခန္ဓာကိုယ်အပေါ် သူ၏ ထိန်းချုပ်မှုကို အားနည်းသွားစေ၏။
ဤနှုန်းအတိုင်းဆိုလျှင် သူ၏ ရှုံးနိမ့်မှုက မလွဲမသွေပင် ဖြစ်သည်။
သွေးကျဉ်းထောင် သူတော်စင်ကို မဟာတာအို လမ်းစဉ်တစ်လျှောက် လေ့ကျင့်ရန် စေလွှတ်ရမည်လားဟု ကုအန် စဉ်းစားလိုက်သည်။ သွေးကျဉ်းထောင် သူတော်စင်သည် တိုက်ပွဲများမှတစ်ဆင့် ပိုမို အစွမ်းထက်လာရန် အလွန် သင့်တော်သော်လည်း ကံမကောင်းစွာဖြင့် အရင်က အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့စဉ်က သူက ခေါင်းမာမာဖြင့် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် ဝူရှီသို့ ပြန်လာနိုင်ကြောင်း ကုအန်က ကတိပေးခဲ့သော်လည်း သွေးကျဉ်းထောင် သူတော်စင်က သဘောမတူခဲ့ချေ။
အကယ်၍ သွေးကျဉ်းထောင် သူတော်စင်ကို လူသားကမ္ဘာတွင် တာဝန်များ ပေးအပ်မည်ဆိုလျှင် သူ သွားလိမ့်မည် ဖြစ်သော်လည်း မဟာတာအို လမ်းစဉ်က ဝေးကွာလွန်းပြီး ထိုနေရာသို့ ရောက်သွားသည်နှင့် မကြာမီ ပြန်လာရန် ခက်ခဲလိမ့်မည်ဟု သူက အမြဲတမ်း ခံစားနေခဲ့၏။
မဖြစ်သေးဘူး... ဒီအတိုင်းဆို အဆင်မပြေဘူး...
သူ့ကို အပြင်ထွက်ပြီး နှစ်တစ်သိန်းလောက် လေ့ကျင့်ခိုင်းပြီးမှ ပြန်လာခွင့် ပေးရမယ်...
ကုအန်က တိတ်တဆိတ် တွေးလိုက်သည်။
သွေးကျဉ်းထောင် သူတော်စင်ကို ပိုမို အစွမ်းထက်လာစေရန်အတွက်သာ မဟုတ်ဘဲ အခြား တပည့်များအပေါ် ကျရောက်နေသော ဖိအားများကို လျှော့ချရန်လည်း ဖြစ်၏။
သွေးကျဉ်းထောင် သူတော်စင်က တိုက်ခိုက်ရသည်ကို နှစ်သက်ရုံသာမက နှုတ်ကြမ်းလွန်းလှသည်။ သူ အနိုင်ရတိုင်း ပြိုင်ဘက်များကို အဆက်မပြတ် လှောင်ပြောင်လေ့ရှိသဖြင့် ယခုအခါ သူ အနိုင်ရမည်ကို မည်သူကမျှ မမျှော်လင့်ကြတော့ဘဲ သူ ဒုက္ခရောက်သည်ကိုသာ စောင့်ကြည့်နေကြတော့၏။
အချိန်အတန် ကြာပြီးနောက် သွေးကျဉ်းထောင် သူတော်စင် ရှုံးနိမ့်သွားပြီး အန်ရှင်းနှင့်အတူ အတားအဆီးထဲမှ ထွက်လာခဲ့သည်။
အန်ရှင်းက လူ့ပြည်သို့ ဆင်းသက်လာသော နတ်မိမယ် တစ်ပါးကဲ့သို့ ကုအန်၏ ဘေးတွင် ဆင်းသက်လာ၏။ သူမ၏ ဝတ်ရုံများက မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိဘဲ တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရပုံပင် မပေါ်ချေ။
သွေးကျဉ်းထောင် သူတော်စင်က ခေါင်းကို ငိုက်စိုက်ကျထားပြီး တိုက်ခိုက်လိုစိတ် ကင်းမဲ့နေကာ သူ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားခဲ့၏။
***