"လွတ်လွတ်လပ်လပ်နဲ့ ဝန်ထုပ်ဝန်ပိုး ကင်းကင်းပေါ့..."
အန်ရှင်းက အန်ဟောင်ကို တွေးတောရင်း သူမဘာသာ တီးတိုးရေရွတ်လိုက်ရာ သူမ၏ စိတ်အခြေအနေက အနည်းငယ် လေးလံသွား၏။
သူမ ငယ်စဉ်က မိဘများမှာ မိစ္ဆာများ၏ စားသောက်ခြင်းကို ခံခဲ့ရသည်။ အကယ်၍ အန်ဟောင်ကသာ သူမကို အသည်းအသန် မကာကွယ်ပေးခဲ့လျှင် သူမလည်း သေဆုံးသွားမည် ဖြစ်သည်။ သူမ၏ နှလုံးသားထဲတွင် အန်ဟောင်က သူမ၏ အစ်ကိုအရင်း တစ်ယောက်ကဲ့သို့ ဖြစ်သည်။ အန်ဟောင် အဝေးသို့ ထွက်မသွားမီ သူတို့ နှစ်ယောက် အချင်းချင်း မှီခိုခဲ့ရသည်မှာ နှစ်အနည်းငယ်မျှသာ ဖြစ်သော်လည်း သူမက သူ့ကို အမြဲတမ်း သတိရနေခဲ့သည်။
အန်ဟောင်သည် လင်းယုန်ငှက် တစ်ကောင်နှင့် တူပြီး မည်သည့်အခါမျှ ရပ်တန့်မနေဘဲ အမြဲတမ်း အမြင့်သို့ ပျံသန်းနေကာ သူ၏ လမ်းခရီးတွင် တာဝန်များ အဆက်မပြတ် ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် သက်ရှိသတ္တဝါ အားလုံးအတွက် အသက်ပေးသွားခဲ့၏။
ဤဘဝတွင် သူက ထျန်ဟောင်အဖြစ် ပြန်လည်ဝင်စားလာခဲ့သော်လည်း ကောင်းကင်ဝိညာဉ် မဟာကမ္ဘာအတွက် မြူခိုး အမတနန်းတော်ဆီသို့ သွားရောက်ခဲ့ရပြန်သည်။
အန်ဟောင်၏ ကံတရားကို သိရှိပြီးနောက်တွင် အန်ရှန်ထျန့်က ဤဘိုးဘေးအပေါ် မကျေမနပ် မဖြစ်တော့ချေ။ ထို့အစား သူက အန်ဟောင်ကို ရည်မှန်းချက် တစ်ခုအဖြစ် ထားရှိကာ အန် မိသားစု၏ မျိုးဆက်များသည် အန်ဟောင်အတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်ကြောင်း သက်သေပြရန် အန်ဟောင်ကို ကျော်ဖြတ်လိုခဲ့၏။
ကလေးငယ် အန်ကျီကျိုက်သည် သူ၏ အမည်အဓိပ္ပာယ်ကို နားမလည်သေးပေ။ အန်ရှင်း တိတ်ဆိတ်သွားသောအခါ သူက မနေနိုင်ဘဲ ကုအန်ကို အော်ပြောလိုက်သည်။ "ကျွန်တော့်မှာ နာမည် ရှိတယ်... အန်ကျီကျိုက်လို့ အခေါ်မခံချင်ဘူး..."
ကုအန်က ပြုံး၍ မေးလိုက်၏။ "ဒါဆို မင့်နာမည်က ဘယ်သူလဲ..."
"အမေက ကျွန်တော့်ကို ရှောင်ချွမ်း လို့ ခေါ်တယ်..."
"မင်း အဲဒီနာမည်ကို ဆက်ထားလို့ ရပါတယ်... လူတွေမှာ နာမည် တစ်ခုထက်မက ရှိနိုင်တာပဲလေ..."
ကုအန်၏ စကားများကြောင့် အန်ကျီကျိုက်က များစွာ စိတ်သက်သာရာ ရသွား၏။
အကြောင်းရင်း တစ်ခုခုကြောင့် အမည်ပြောင်းခံရခြင်းက သူ့ကို အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားစေပြီး ရောင်းစားခံရသကဲ့သို့ ခံစားလိုက်ရသည်။
ဤအချိန်တွင် ရှန်းကျန်၊ ထျန်းယောင်အာနှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး အန်ရှင်း တပည့်၏ ပါရမီကို စူးစမ်းချင်နေကြ၏။
အန်ကျီကျိုက်၏ ပါရမီက သဘာဝကျကျပင် အားနည်းခြင်း မရှိဘဲ ၉၉၉၉ ဟူသော အမြင့်ဆုံး သက်တမ်းကို ပိုင်ဆိုင်ထားသည်။
ဝိညာဉ်ကိုးပါး တိုက်ကြီးတွင် သူကဲ့သို့သော မိဘမဲ့ ကလေးငယ်များမှာ နည်းပါးလှသည် မဟုတ်ချေ၊ အထူးသဖြင့် အချိန်ကာလကို နှစ်သောင်းချီအထိ ဆွဲဆန့်လိုက်သောအခါတွင် ဖြစ်၏။
ရှည်လျားလှသော နှစ်ကာလများအတွင်း ထိုသို့သော ကြေကွဲဖွယ်ရာများမှာ မရေမတွက်နိုင်အောင် ရှိခဲ့သည်။ သူမ၏ မျက်စိရှေ့တွင် ပေါ်လာခြင်း မဟုတ်လျှင် အန်ရှင်းက ၎င်းတို့ကို တကူးတက ဝင်ရောက်စွက်ဖက်လေ့ မရှိချေ။
အန်ကျီကျိုက်က အန်ရှင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်းမှာ သူတွင် ကျင့်ကြံခြင်းအဆင့် လုံးဝ မရှိသော်လည်း မျှော်လင့်ချက်မဲ့နေချိန်တွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို လှုံ့ဆော်နိုင်ခဲ့သောကြောင့် ဖြစ်၏။
သို့သော်လည်း ၉၉၉၉ ဟူသော အမြင့်ဆုံး သက်တမ်းမှာ ယနေ့ခေတ် လူသားကမ္ဘာတွင် ရှားပါးလှသည် မဟုတ်ချေ။ ရုပ်ပိုင်းဆိုင်ရာ ပါရမီက အရေးအကြီးဆုံး မဟုတ်တော့ဘဲ မျက်စိဖြင့်မမြင်နိုင်၊ လက်ဖြင့်မစမ်းသပ်နိုင်သော နားလည်သဘောပေါက်နိုင်စွမ်းကသာ ကျင့်ကြံသူတစ်ဦး မည်မျှအထိ ခရီးရောက်နိုင်မည်ကို အဆုံးအဖြတ်ပေးတော့သည်။
အန်ကျီကျိုက်၏ ချစ်စရာကောင်းသော အသွင်အပြင်က လူတိုင်း၏ သနားကြင်နာမှုကို လျင်မြန်စွာ ရရှိသွား၏။
ကုအန်က အန်ကျီကျိုက်ကို သင်ကြားပေးရန် ရည်ရွယ်မထားဘဲ အန်ရှင်းကို သူမ၏ သင်ကြားရေး စွမ်းရည်များ သွေးရန် အခွင့်အရေး တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။
အန်ကျီကျိုက် ရောက်ရှိလာခြင်းက ကျင့်စဉ်နယ်မြေ၏ တိတ်ဆိတ်သော လေထုကို ဖြိုခွဲလိုက်ပြီး တပည့်များက သီးသန့်ကျင့်ကြံခြင်းများကို ရပ်တန့်ကာ အန်ကျီကျိုက် ကြီးပြင်းလာမှုတွင် စတင် အဖော်ပြုပေးကြ၏။
ဤသည်ကား ဝူရှီ၏ ပထမဆုံးသော တတိယမျိုးဆက် တပည့် ဖြစ်သည်။ တပည့်များက သင်ကြားပေးခြင်းနှင့် စွမ်းရည်များ လက်ဆင့်ကမ်းခြင်းတွင် ပြိုင်ဆိုင်လိုစိတ် ရှိကြလျှင်တောင်မှ အန်ကျီကျိုက်ကို ထူးချွန်စေလိုကြ၏။
ထိုကြောင့် လူတိုင်းက အလှည့်ကျဖြင့် အန်ကျီကျိုက်ကို သင်ကြားပေးကြတော့၏။ နောက်ဆယ်စုနှစ်တစ်ခု အတွင်းတွင် သက်တမ်းတာအိုနယ်မြေက အတော်လေး စည်ကားနေခဲ့သည်။ အန်ကျီကျိုက်က မိဘမဲ့ ကလေးငယ် တစ်ဦး ဖြစ်သော်လည်း သူက အထီးကျန်မနေခဲ့ချေ၊ တကယ်တမ်းတွင် သူက အတော်လေး လွတ်လပ်ပေါ့ပါးနေပြီး ကျင့်စဉ်နယ်မြေအတွင်း မကြာခဏ ပြဿနာများ ဖန်တီးလေ့ရှိ၏။
အသက် ဆယ့်ခုနစ်နှစ် အရွယ်တွင် အန်ကျီကျိုက်က ဝိညာဉ်သန္ဓေသားကို ဖွဲ့စည်းနိုင်နေပြီ ဖြစ်ကာ ထူးချွန်သော ပါရမီ ရှိသဖြင့် ဝူရှီ၏ တပည့်များ အားလုံးကို ယုံကြည်မှုများနှင့် မျှော်လင့်ချက်များ ပြည့်နှက်သွားစေသည်။
နွေရာသီတစ်ခုတွင် ကုအန်က တောင်ကျချောင်းဘေးရှိ သစ်ပင်ကြီး တစ်ပင်ပေါ်တွင် စာဖတ်နေပြီး အေးမြသော လေပြေကို ခံစားနေ၏။
သူ၏ အောက်ရှိ သစ်ပင်အောက်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူ့ကို မော့ကြည့်နေသည်။
၎င်းမှာ အန်ကျီကျိုက်ပင် ဖြစ်၏။
သူက ကိုယ်ကျပ် အပြာနှင့်အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်အရှည်များကို အဝတ်စတစ်ခုဖြင့် ပေါ့ပေါ့ပါးပါး စည်းနှောင်ထားသည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် ကလေးဆန်သော အပြစ်ကင်းစင်မှု အနည်းငယ် ကျန်ရစ်နေဆဲ ဖြစ်၏။
" ဘိုးဘေး... ဘာလို့ စာဖတ်နေပြန်တာလဲ... ဘယ်စာအုပ်က အဲဒီလောက်တောင် စိတ်ဝင်စားဖို့ ကောင်းနေလို့လဲ..."
အန်ကျီကျိုက်က အော်မေးလိုက်သည်။ သူ၏ နတ်ဘုရား အာရုံခံစားမှုက ကုအန်ထံသို့ မချဉ်းကပ်နိုင်သဖြင့် ကုအန် ဘာစာဖတ်နေသည်ကို သူ မသိချေ။
ငယ်စဉ်ကတည်းက ကုအန်က သူ့ကို ကျင့်ကြံခြင်းများ မသင်ပေးခဲ့သော်လည်း လူတိုင်း၏ လမ်းညွှန်မှုအောက်တွင် ဘိုးဘေးသည် လောက၌ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ သိထား၏။
သို့သော်လည်း ကုအန်က သူ့ကို စနောက်ရသည်ကို နှစ်သက်သည်။ သူ ငယ်စဉ်က ကုအန်က ရံဖန်ရံခါ သူ၏ ဘောင်းဘီကို ရုတ်တရက် ဆွဲချတတ်ပြီး သူ့ကို လူအများရှေ့တွင် အရှက်ရစေခဲ့သဖြင့် ကုအန်အား ရိုသေလေးစားမှု သိပ်မရှိဘဲ စကားပြောဆိုတတ်ကာ ရန်လိုမှု အချို့ကိုပင် ရင်ဘတ်ထဲတွင် ထည့်ထားသေး၏။
သူ၏ နှလုံးသားထဲတွင် ဤဘိုးဘေးက အလွန် တင်းကျပ်လွန်းသည်ဟု ထင်မှတ်ထားသည်။ ဦးလေးများက သူ့ကို ချီးကျူးတိုင်း ဘိုးဘေးက သူ့ကို အမြဲတမ်း ဝေဖန်တတ်ပြီး သူ၏ အားနည်းချက်များကို ထောက်ပြလေ့ရှိ၏။ အရေးအကြီးဆုံး အချက်မှာ ဤအားနည်းချက်များက အမှန်တကယ် ရှိနေခြင်းဖြစ်ပြီး ယင်းက သူ့ကို မကျေမချမ်း ဖြစ်စေသည်။
"ဒါက လူကြီးတွေ ဖတ်တဲ့ စာအုပ်ကွ... လာမမေးနဲ့..."
ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ သူက အန်ကျီကျိုက်ကို မသင်ပေးသော်လည်း ဤကလေးကို အတော်လေး သဘောကျသည်။ အန်ကျီကျိုက် ရောက်ရှိလာခြင်းက နယ်မြေကို တကယ်ပင် စည်ကားလာစေပြီး ဘဝကို ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာစေ၏။
တစ်ခါတစ်ရံတွင် သူ အသက်ကြီးလာပြီဖြစ်ကြောင်း ကုအန်က ဝန်ခံရမည် ဖြစ်သည်။
လူကြီးများက ကလေးများကို အနှစ်သက်ဆုံး ဖြစ်ကြ၏။ အရင်က သူ ဤသို့ မဟုတ်ခဲ့ချေ။
ထိုစကားကို ကြားပြီးနောက် အန်ကျီကျိုက်က ကုအန်၏ လက်ထဲရှိ စာအုပ်အကြောင်းကို ပို၍ စူးစမ်းချင်သွားသော်လည်း ကုအန်၏ စကားများကို မကျေနပ်သဖြင့် သူ ကြီးပြင်းနေပြီဖြစ်ကြောင်း ဇွတ်ပြောနေတော့၏။
"ချမ့်ခွန်းဂိုဏ်းရဲ့ တိုက်ပွဲ ညီလာခံ စတော့မယ်လို့ ဆရာမက ဘိုးဘေးကို ပြောခိုင်းလိုက်တယ်... ပြီးတော့ သွားကြည့်ချင်လားလို့လည်း မေးလိုက်သေးတယ်..."
အန်ကျီကျိုက်က ဆက်မေးလိုက်ပြီး ဤကိစ္စကို အလွန် စူးစမ်းချင်နေ၏။ သက်တမ်းတာအိုနယ်မြေသို့ ရောက်လာကတည်းက သူ အပြင်မထွက်ဖူးသဖြင့် အပြင်ဘက်ရှိ အရာအားလုံးကို သူ သိချင်နေသည်။
"ငါ သွားကြည့်မှာပါ... ဒါပေမဲ့ မင်းတို့နဲ့ အတူတူတော့ သွားမှာ မဟုတ်ဘူး..."
"ဟွန့်..."
အန်ကျီကျိုက်က နှုတ်ခမ်းဆူလိုက်ပြီး ကုအန်ကို လက်သီးရွယ်ပြကာ ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။ သူက ချမ့်ခွန်းဂိုဏ်းဆီသို့ သွားရန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။
ကုအန်က သူ၏ အမူအရာလေးများကို အရေးမစိုက်ဘဲ စာဆက်ဖတ်နေကာ သူ၏ အတွေးများက မဟာတာအို လမ်းစဉ်ပေါ်တွင် လွင့်မျောနေ၏။
သွေးကျဉ်းထောင် သူတော်စင်သည် ဝင်စားခြင်း ပုံရိပ်ထင်ဟပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီး မူလဘူတ တာအိုဧကရာဇ် လမ်းစဉ်ပေါ်သို့ ခြေချနိုင်ခဲ့ပြီဟု ယူဆနိုင်သည်။
ယခုအခါ သက်ရှိ တစ်ထောင်ကျော်က မူလဘူတ ဧကရာဇ်လမ်းစဉ်ပေါ်သို့ ခြေချနေကြပြီဖြစ်ပြီး မည်သူကမျှ အမှန်တကယ် မူလဘူတ တာအိုဧကရာဇ် မဖြစ်သေးသော်လည်း အင်အားစု မြောက်မြားစွာက မူလဘူတ တာအိုဧကရာဇ်ကို စုံစမ်းစစ်ဆေးနေကြ၏။
ကောင်းကင်နန်းတော်ပင် ပါဝင်နေသေးသည်။
ကောင်းကင်နတ်ဘုရား တစ်ပါးက မူလဘူတ တာအိုဧကရာဇ်ကို စုံစမ်းစစ်ဆေးနေပြီး မူလဘူတ တာအိုဧကရာဇ် နေရာအတွက် ယှဉ်ပြိုင်နေသူ တစ်ဦးနှင့် စကားပြောဆိုနေသည်ကို ကုအန် မြင်တွေ့လိုက်ရ၏။
ဤကောင်းကင်နတ်ဘုရားက သူ့အတွက် ရင်းနှီးနေပုံရပြီး တစ်ဖက်လူတွင် ကောင်းကင်နန်းတော်၏ ကံတရား ရှိနေသဖြင့် တွက်ချက်မှုများကို ပိတ်ဆို့ထားနိုင်သော်လည်း ထိုကောင်းကင်နတ်ဘုရားနှင့် လုံရှင်းတို့ကြားရှိ ဆင်တူမှုကို သူ ချက်ချင်း သတိပြုမိလိုက်သည်။
သူ၏ နှလုံးသားထဲတွင် ဝိုးတဝါး ခန့်မှန်းလိုက်၏။
ဤကောင်းကင်နတ်ဘုရားက လုံ မိသားစုနှင့် မည်သို့မျှ မပတ်သက်လျှင်တောင်မှ ကုအန်က သူတို့ကို တမင်သက်သက် ဖိနှိပ်မည် မဟုတ်ချေ။
သူက မူလဘူတ တာအိုဧကရာဇ်ကို ဖွင့်လှစ်ခဲ့စဉ်ကတည်းက ယနေ့ မြင်ကွင်းကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။
မူလဘူတ တာအိုဧကရာဇ်၏ ကံတရားမှတစ်ဆင့် တစ်စုံတစ်ယောက်က သူ့ကို ရှာဖွေတွေ့ရှိသွားမည်ကို သူ မစိုးရိမ်ပေ။ မူလဘူတ တာအိုဧကရာဇ်၏ ကံတရားမှာ တည်ဆောက်ပြီးဖြစ်ကာ မဟာတာအိုနှင့် တူညီနေပြီ ဖြစ်၏။
မဟာတာအိုသည် အဆုံးအစမဲ့ပြီး မည်သူက ၎င်း၏ အရင်းအမြစ်ကို ပြန်လည်ခြေရာခံနိုင်မည်နည်း။
ဖန်းရွှမ်သည် မူလဘူတ ဧကရာဇ်လမ်းစဉ်ပေါ်တွင် ကောင်းစွာ ကြီးထွားလာခဲ့ပြီး ဝင်စားခြင်း ပုံရိပ်ထင်ဟပ်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် မဟာတာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုက တူညီသော အဆင့်ရှိသူများထက် များစွာ သာလွန်နေခဲ့သည်။
အကယ်၍ သူက ဧကရာဇ်လမ်းစဉ်ပေါ်ရှိ တူညီသော အဆင့်မှ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်မည်ဆိုလျှင် ရှုံးနိမ့်မည် မဟုတ်ဟု ကုအန် ယုံကြည်ထား၏။
၎င်းက မူလဘူတ တာအိုဧကရာဇ်သည် တာအိုဧကရာဇ်ထက် မနိမ့်ကျသော အလားအလာများ အမှန်တကယ် ရှိနေကြောင်း ပြသနေသည်။
တစ်နာရီခန့် စောင့်ကြည့်ပြီးနောက် ကုအန်က ကိုယ်ကိုလှည့်ကာ ခုန်ဆင်းလိုက်ပြီး သူရဲကောင်းခရီးသွားမှတ်တမ်း ကို ရင်ဘတ်ထဲ ထည့်ကာ ချမ့်ခွန်းဂိုဏ်းဆီသို့ ထွက်ခွာသွားတော့၏။
သူက ပါရမီရှင်များ၏ တိုက်ပွဲ ညီလာခံကို သွားကြည့်မည် မဟုတ်ဘဲ မိတ်ဆွေဟောင်း တစ်ဦး ချမ့်ခွန်းဂိုဏ်းသို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။
ဤမိတ်ဆွေဟောင်းမှာ အခြားသူမဟုတ်ဘဲ သူရဲကောင်းခရီးသွားမှတ်တမ်း ကို ရေးသားသူ ရွှမ်ထျန်ရီ ပင် ဖြစ်၏။
နှစ်ပေါင်း သိန်းချီကြာအောင် လောကအနှံ့ ခရီးသွားလာပြီးနောက် ဤသည်က ချမ်ခွန်းဂိုဏ်းသို့ သူ ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး တိကျသော ရည်ရွယ်ချက် မပါဘဲ ဤနေရာသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခြင်း ဖြစ်သည်။
ကုအန်က သူနှင့် တွေ့ဆုံရန် မျှော်လင့်နေခဲ့၏။
သူတို့ အမှန်တကယ် မတွေ့ဆုံဖြစ်ခဲ့သည်မှာ နှစ်ပေါင်း သိန်းချီ ကြာမြင့်နေပြီဖြစ်ပြီး ကုအန်၏ သူရဲကောင်းခရီးသွားမှတ်တမ်း ကို လူသားကမ္ဘာမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ ရွှမ်ထျန်ရီ ထံမှ တိုက်ရိုက် ရရှိခဲ့ခြင်း မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်
ရွှမ်ထျန်းယီ သည် ချမ့်ခွန်းဂိုဏ်း၏ စည်ကားလှသော ပင်မမြို့တော်အတွင်း လမ်းလျှောက်နေ၏။ သူက ဤသို့သော ထွန်းကားသည့် ဂိုဏ်းများစွာသို့ သွားရောက်လည်ပတ်ခဲ့ဖူးသည်။ လူအုပ်ကြားတွင် လမ်းလျှောက်ရင်း စိတ်ကူးဉာဏ်များ ရရှိရန်အတွက် ဤဂိုဏ်း၏ စိတ်ဓာတ်ရေးရာကို သူ အကဲခတ်နေခဲ့သည်။
"ဒီချမ့်ခွန်းဂိုဏ်းက တကယ်ကို ထူးခြားတာပဲ... အခြေခံအုတ်မြစ် နက်ရှိုင်းရုံတင်မကဘဲ အားနည်းသူတွေကို အနိုင်ကျင့် ဗိုလ်ကျတာမျိုး တစ်ခါမှ မမြင်တွေ့ခဲ့ရဘူး... ဒီဒေသမှာ ဖြောင့်မတ်တဲ့ တာအိုလမ်းစဉ်ရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတာ တန်တယ်..."
ရွှမ်ထျန်းယီ က အတွင်းစိတ်ထဲတွင် အံ့ဩချီးကျူးလိုက်ပြီး အဓိပတိ ဂိုဏ်းကို အလိုအလျောက် တွေးမိသွား၏။
ကုအန် ထွက်သွားပြီးကတည်းက သူ ပြန်မလာတော့သဖြင့် ယနေ့ခေတ် အဓိပတိ ဂိုဏ်းတွင် ဤသို့သော ဖြောင့်မတ်သည့် တာအိုလမ်းစဉ် စိတ်ဓာတ်မျိုး ရှိနေသေးသလား ဆိုတာကို မသိရတော့ချေ။
***