ရွှမ်ထျန်ရီ သည် ချမ့်ခွန်းဂိုဏ်း၏ လမ်းမများပေါ်တွင် လမ်းလျှောက်ရင်း အဓိပတိ ဂိုဏ်းအကြောင်းကို တွေးတောနေခဲ့၏။ သူက အဓိပတိ ဂိုဏ်းကို လွမ်းဆွတ်နေသော်လည်း ပြန်သွားလိုသည့် ဆန္ဒမရှိချေ။
သူက တာဝန်ဝတ္တရားများကို အများကြီး မထမ်းဆောင်လိုဘဲ လောကအနှံ့ လွတ်လပ်စွာ လှည့်လည်သွားလာလိုစိတ်သာ ရှိသည်။
အဓိပတိ ဂိုဏ်းတွင် ဆရာသခင်ဓားအရှင် ချန်ရစ်ခဲ့သော ထူးခြားသည့် အခွင့်အရေးများ ရှိနေလျှင်တောင်မှ သူက ပြန်မသွားချင်သေးပေ။
ကျင့်ကြံခြင်းအဆင့်ထက်စာလျှင် သူ့တွင် အခြားသော ရည်မှန်းချက်များ ပိုများနေ၏။
သူ၏ အမြင်တွင် အသက်ပိုရှည်ရန် သက်သက်အတွက်သာ အသက်ရှင်နေရခြင်းက အလွန် ပျင်းစရာကောင်းပေလိမ့်မည်။ လူသားကမ္ဘာ၏ လောကီအာရုံများကို ခံစားရခြင်း၊ မတူညီသော လူများနှင့် အပြန်အလှန် ဆက်ဆံရခြင်းတို့ကို သူ နှစ်သက်ပြီး ဤအတွေ့အကြုံများကို မှတ်တမ်းတင် ရေးသားကာ ကံပါလာသူများ ဖတ်ရှုရခြင်းဖြင့် သူ၏ ဘဝကို တန်ဖိုးရှိစေရန် မျှော်လင့်နေခဲ့သည်။
သေချာပေါက်ပင် သူက အဓိပတိ ဂိုဏ်းနှင့် ဝေးဝေးနေလိုသည့် အကြောင်းရင်းမှာ ကုအန် ထွက်သွားသောကြောင့် ဖြစ်၏။ ကုအန်က ထွက်သွားပြီ ဖြစ်သော်လည်း ကောင်းကင်ဖာထေးစင်မြင့် ပေါ်တွင် ချန်ရစ်ခဲ့သော ဓားတာအိုဆန္ဒက ကျန်ရှိနေသေးသဖြင့် ကုအန်သည် အဓိပတိ ဂိုဏ်းအပေါ် သံယောဇဉ် ရှိနေဆဲဖြစ်ကြောင်း ပြသနေသည်။
အဓိပတိ ဂိုဏ်းကို ကာကွယ်ပေးမည့်သူ ရှိနေသဖြင့် သူ့တွင် စိုးရိမ်ပူပန်စရာ မရှိတော့ချေ။
"ဟေး တာအိုမိတ်ဆွေ... ခင်ဗျားကို ကြည့်ရတာ မျက်မှန်းမတူပါလား... ဒီနေရာကို ပထမဆုံးအကြိမ် လာတာလား..."
အသံတစ်သံက ရွှမ်ထျန်ရီ ၏ အတွေးများကို ဖြတ်တောက်သွား၏။ သူက ခေါင်းလှည့်ကြည့်လိုက်ရာ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူက သပ်ရပ်လှပသော အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အမူအရာက တည်ကြည်လေးနက်ကာ ထူးခြားသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
ရွှမ်ထျန်ရှ က ရပ်လိုက်ပြီး သူ အနားရောက်လာသည်အထိ စောင့်ဆိုင်းကာ ပြောလိုက်သည်။ "ကျွန်တော်က ရွှမ်ထျန်းယီ ပါ... အမှန်ပဲ... ချမ့်ခွန်းဂိုဏ်းကို ပထမဆုံးအကြိမ် လာလည်တာပါ... ခင်ဗျားတို့ရဲ့ ညီလာခံကြီး အကြောင်း ကြားရလို့ ဗဟုသုတ တိုးအောင် လာခဲ့တာပါ..."
သူသည် ချမ့်ခွန်းဂိုဏ်းသို့ ပွင့်ပွင့်လင်းလင်း ဝင်ရောက်လာခဲ့ပြီး ကိုယ်ရေးအချက်အလက် မှတ်ပုံတင်ကာ ဝိညာဉ်ကျောက်တုံးများလည်း ပေးဆောင်ခဲ့သဖြင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာမည်ကို စိုးရိမ်မနေခဲ့ချေ။
လူလတ်ပိုင်း ကျင့်ကြံသူက တိုးညှင်းစွာ ပြောလိုက်၏။ "ကျွန်တော့်ဆီမှာ ချမ်ခွန်းဂိုဏ်း အကြောင်းကို ပိုပြီး နားလည်စေနိုင်မယ့် စာအုပ်တချို့ ရှိတယ်... ခင်ဗျား ကြည့်ချင်လား..."
သူက စာအုပ်ရောင်းနေတာကိုး...
ရွှမ်ထျန်ရီ မှာ အနည်းငယ် စိတ်ပျက်သွား၏။ ထိုလူ၏ ကျင့်ကြံခြင်းအဆင့်ကို သူ ခွဲခြားမသိနိုင်သဖြင့် ကျင့်ကြံသူကြီး တစ်ဦးဟု ထင်မှတ်ခဲ့သည်။ ယခုကြည့်ရသည်မှာ ထိုလူတွင် လျှို့ဝှက်ရတနာ တစ်ခုခု ရှိနေနိုင်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားမည် မဟုတ်ပေ။
"ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ..." ရွှမ်ထျန်းယီ က မေးလိုက်သည်။
သည်နေရာသို့ အသစ်ရောက်လာသူ ဖြစ်သဖြင့် သူ ပြဿနာ မရှာလိုချေ။ အကယ်၍ အရမ်း မဈေးကြီးဘူးဆိုလျှင် ကုသိုလ်ပြုသည့် အနေဖြင့် သူ စဉ်းစားပေးနိုင်သည်။
"အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အခုတစ်ရာပါ..." လူလတ်ပိုင်း အမျိုးသားက အလေးအနက် ပြောလိုက်၏။
"အဲဒီလောက်တောင် ဈေးကြီးတာလား... ထားလိုက်တော့..."
ရွှမ်ထျန်ရီ က ခေါင်းခါ၍ ထွက်သွားရန် ပြင်လိုက်၏။ မထင်မှတ်ဘဲ လူလတ်ပိုင်း အမျိုးသားက သူ့ကို ထပ်မံ ပိတ်ဆို့လိုက်သဖြင့် သူ့ကို အနှောင့်အယှက် ဖြစ်စေကာ ဒေါသထွက်ရန် အဆင်သင့် ဖြစ်သွားသည်။
လူလတ်ပိုင်း အမျိုးသားက ညာဘက်လက်ကို မြှောက်ကာ လက်ချောင်းများကို လှုပ်ရှား၍ စာအုပ် ခုနစ်အုပ်ကို ထုတ်ပြလိုက်ရာ ရွှမ်ထျန်ရီ သည် ၎င်းတို့၏ ခေါင်းစဉ်များကြောင့် ဆွဲဆောင်ခံလိုက်ရ၏။
ချမ့်ခွန်း လျှို့ဝှက်ရာဇဝင်၊ အကြီးအကဲ၏ မက်မွန်ဆောင် ခရီးစဉ်၊ ထိုည ထိုလေပြေ ထိုခံစားချက်များ...
ခေါင်းစဉ်များကို ကြည့်ရုံမျှဖြင့် စာရေးသူ၏ ခမ်းနားသော စာပေစွမ်းရည်ကို ရွှမ်ထျန်းယီ အာရုံခံမိလိုက်ပြီး သူနှင့် ရင်ပေါင်တန်းနိုင်သော စာပေပညာရှင်ကြီး တစ်ဦးကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"ဝယ်လိုက်ရင် ခင်ဗျား သေချာပေါက် နောင်တရမှာ မဟုတ်ဘူး..."
လူလတ်ပိုင်း အမျိုးသားက ကမ္ဘာ့အဆင့်မီ လျှို့ဝှက်ကျင့်စဉ် စာအုပ်တစ်အုပ်ကို ပေးအပ်နေသကဲ့သို့ လေးနက်စွာ ပြောလိုက်၏။
ရွှမ်ထျန်းယီ က မေးလိုက်သည်။ "စာမျက်နှာ နည်းနည်းလောက် ကြည့်လို့ ရမလား..."
လူလတ်ပိုင်း အမျိုးသားက ချက်ချင်းပင် စာအုပ်တစ်အုပ်ကို ထုတ်၍ သူ့ကို ပေးလိုက်၏။ သူက လက်ခံယူလိုက်ပြီး စာမျက်နှာ တစ်မျက်နှာကို ပေါ့ပေါ့ပါးပါး လှန်လိုက်ရာ အံ့အားသင့် မှင်သက်သွားတော့သည်။
"ကျွန်တော် ဝယ်မယ်... ထပ်ရှိသေးလား..."
ရွှမ်ထျန်းယီ က ပြတ်သားစွာဖြင့် အခိုင်အမာ မေးလိုက်၏။
"မရှိတော့ဘူး... ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ ထပ်ရှိလာမှာပါ... စာအုပ်အသစ်တွေ ထွက်လာတဲ့အချိန် ခင်ဗျား ဒီမှာ ရှိနေသေးရင် ကျွန်တော် လိုက်ရှာပါ့မယ်..." လူလတ်ပိုင်း အမျိုးသားက ခေါင်းခါ၍ ပြန်ဖြေလိုက်၏။ သူက အမြဲတမ်း တည်ကြည်လေးနက်နေပြီး ထိုသို့သော အရာများကို လုပ်ဆောင်နေမည်ဟု မည်သူကမျှ တွေးထင်နိုင်မည် မဟုတ်ချေ။
သူ၏ သဘောထားက ရွှမ်ထျန်ရီကို အလွန်အမင်း သဘောကျသွားစေသည်။ ဒါက ဘယ်လို ယုံကြည်ချက်မျိုးလဲ။
"တာအိုမိတ်ဆွေရဲ့ နာမည်ကို မေးလို့ ရမလား..."
အရောင်းအဝယ် ပြီးဆုံးသွားပြီးနောက် ရွှမ်ထျန်းယီ က အရိုအသေပေးရန် လက်ကို မြှောက်လိုက်ပြီး လေးစားမှု အပြည့်ဖြင့် မေးလိုက်၏။
လူလတ်ပိုင်း အမျိုးသားက ပြန်လည် အရိုအသေပေးလိုက်ပြီးနောက် စကားတစ်ခွန်းသာ ချန်ရစ်ကာ ထွက်သွားတော့သည်။
"ကျွန်တော်က ကျန်းချွန်းချိုး ပါ..."
ကျန်းချွန်းချိုး။
ရွှမ်ထျန်ရီ က ထိုအမည်ကို မှတ်သားထားလိုက်ပြီး သူ၏ စာအုပ်ထဲတွင် ထည့်ရေးရန် ဆုံးဖြတ်လိုက်၏။
ထို့နောက် ရွှမ်ထျန်ရီသည် လည်ပတ်လိုစိတ် မရှိတော့ဘဲ ရရှိထားသော ရတနာအသစ်ကို အရသာခံ ဖတ်ရှုရန် တည်းခိုခန်း တစ်ခုကို အလျင်အမြန် ရှာဖွေလိုက်တော့သည်။
အခြားတစ်ဖက်တွင် ချမ့်ခွန်းဂိုဏ်း၏ တိုက်ပွဲ ညီလာခံက တရားဝင် စတင်နေပြီ ဖြစ်၏။
အန်ကျီကျိုက်က စည်ကားမှုကို ကြည့်ရှုရန် အန်ရှင်း၏ နောက်သို့ လိုက်ပါလာခဲ့ပြီး သူတို့ကို ချမ့်ခွန်းဂိုဏ်း၏ အဆင့်မြင့် ခေါင်းဆောင်များက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ အန်ကျီကျိုက်သည် အန်ရှင်း၏ တပည့်ဖြစ်ကြောင်း ကြားသောအခါ အဆင့်မြင့် ခေါင်းဆောင်များက သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်လာကြ၏။
ဝူရှီသည် ယခင်က ထျန်ဟောင်ကို ချမ့်ခွန်းဂိုဏ်းသို့ စေလွှတ်ခဲ့ပြီး ထိုသူက ချမ်ခွန်းဂိုဏ်းကို ကမ္ဘာတစ်ဝှမ်းတွင် အမှန်တကယ် ကျော်ကြားသွားစေခဲ့ကာ နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်။
အန်ရှင်းသည် ဝူရှီ၏ စီနီယာ တပည့်အကြီးဆုံး ဖြစ်ပြီး သူမ၏ တပည့်အဖြစ် လက်ခံခံရခြင်းက အန်ကျီကျိုက်သည် သာမန်မဟုတ်သော တည်ရှိမှုတစ်ခု ဖြစ်ရမည်ဟု ဆိုလို၏။
သို့သော်လည်း သူတို့က အဆောတလျင် စည်းရုံးသိမ်းသွင်းရန် မဝံ့ရဲကြဘဲ အန်ကျီကျိုက်ကို သဘောကျစေရန်သာ ကြိုးစားနေကြသည်။
တိုက်ပွဲကို စောင့်ကြည့်နေသော အခန်းမအတွင်း၌ ယွမ်လော့က ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်နေပြီး အကြီးအကဲများ စုဝေးနေသည့် အခန်းဆီသို့ အဝေးမှ လှမ်းကြည့်နေကာ သူ၏ အကြည့်များက အန်ကျီကျိုက်ထံ ကျရောက်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
သူက အန်ရှင်းကို သဘာဝကျကျ မှတ်မိပြီး သူမကို အလွန် လေးစားသည်။ သူ ငယ်စဉ်က အန်ရှင်းက သူ့ကို မှော်ဂါထာ တစ်ခုပင် ပေးခဲ့ဖူး၏။
သို့သော် အကြီးအကဲများ၏ သဘောထားကို မြင်သောအခါ သူ အနည်းငယ် မပျော်မရွှင် ဖြစ်သွားရသည်။
ချမ့်ခွန်းဂိုဏ်းသည် ယုံကြည်မှု ကင်းမဲ့ပြီး အမြဲတမ်း ဝူရှီ၏ အကူအညီ လိုအပ်နေခြင်းမှလွဲ၍ နေရာတိုင်းတွင် အဆင်ပြေနေခဲ့၏။
ဝူရှီမှ ယခင်က စေလွှတ်ခဲ့သော ပါရမီရှင် နှစ်ဆယ်သည် အမှန်ပင် အစွမ်းထက်ကြပြီး အချို့က သူ့ကိုပင် ဒုက္ခပေးနိုင်ခဲ့သော်လည်း ဤလူများက တစ်စုတစ်စည်းတည်း နေထိုင်ကြကာ ချမ့်ခွန်းဂိုဏ်းနှင့် အမှန်တကယ် တစ်သားတည်း မဖြစ်ခဲ့ကြချေ။ တစ်ခါတစ်ရံတွင် သူတို့က သစ္စာဖောက်သွားမည်ကိုပင် သူ စိုးရိမ်မိ၏။
သူ၏ အမြင်တွင် ဤလောက၌ အမြဲတမ်း ပေးဆပ်မှုဆိုတာ ဘယ်နေရာမှာ ရှိလို့နည်း။ ဝူရှီက ချမ်ခွန်းဂိုဏ်းကို ဘာလို့ ဤမျှ ကူညီပေးနေရသနည်း။
အကယ်၍ အနာဂတ်တွင် ဝူရှီက ကျေးဇူးဆပ်ရန် တောင်းဆိုလာခဲ့လျှင် ချမ်ခွန်းဂိုဏ်းက မည်သို့ ငြင်းဆန်နိုင်မည်နည်း။
အမြဲတမ်း တခြားသူတွေကို အားကိုးနေရင် သူတို့ ဘယ်တော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မှာလဲ။
တာအိုခုံရုံးသည်လည်း ဤကဲ့သို့ပင် ဖြစ်သည်။ အဖွဲ့အစည်းများ အရမ်းများလွန်းပြီး အမြဲတမ်း ပဋိပက္ခ ဖြစ်ပွားနေကာ လောကကြီးကို အမှန်တကယ် မအုပ်စိုးနိုင်ကြချေ။
တစ်ခါတစ်ရံတွင် ဆုံးဖြတ်ချက် တစ်ခုက ဆယ်စုနှစ်များ၊ ရာစုနှစ်များစွာ ကြာအောင် အတွင်းရေး အငြင်းပွားမှုများကို ဖြစ်ပေါ်စေတတ်ပြီး တာအိုခုံရုံး၏ အရှင်သခင် ကိုယ်တိုင်ပင်လျှင် အကြွင်းမဲ့ အာဏာ မရှိပေ။
ယွမ်လော့က အန်ကျီကျိုက်၏ အသွင်အပြင်ကို မှတ်သားထားလိုက်ပြီး အန်ကျီကျိုက်က တစ်စုံတစ်ခုကို အာရုံခံမိပုံရကာ သူ့ကို လှည့်ကြည့်လာ၏။
အဝေးမှနေ၍ သူတို့၏ အကြည့်များ ဆုံတွေ့သွားပြီး ယွမ်လော့က ချက်ချင်းပင် အကြည့်လွှဲသွားခဲ့သည်။
ယွမ်လော့၏ စူးစိုက်ကြည့်မှုအောက်တွင် အန်ကျီကျိုက်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး နေရခက်သွား၏။
"အဲဒီလူရဲ့ နာမည်က ယွမ်လော့ လို့ ခေါ်တယ်... သူက တစ်ချိန်တုန်းက ငါတို့ ချမ့်ခွန်းဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင် ဖြစ်ခဲ့ပြီး တော်တော်လေး ထူးချွန်တယ်... မင်းကို နတ်ဘုရားစွမ်းရည်တွေ သင်ပေးဖို့ ငါ သူ့ကို ပြောပေးလို့ ရတယ်..." ရီချင်းရှန်က သူ၏ ဘေးရှိ အန်ကျီကျိုက်ကို ပြုံး၍ ပြောလိုက်သည်။
ဂိုဏ်းချုပ်၏ ဘေးတွင် ထိုင်ခွင့်ရသော ဤကဲ့သို့ ဆက်ဆံမှုမျိုးက ယွမ်လော့၏ စိတ်ဝင်စားမှုကိုသာမက တပည့်များစွာကိုလည်း အန်ကျီကျိုက်၏ နောက်ခံအကြောင်း ဆွေးနွေးလာစေ၏။
အန်ကျီကျိုက်က ခေါင်းခါလိုက်သည်။ "ကမ်းလှမ်းမှုအတွက် ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ ဆရာနဲ့ ဦးလေးတွေရဲ့ လမ်းညွှန်မှု ရှိပြီးသားမို့လို့ ဒုက္ခပေးစရာ မလိုတော့ပါဘူး..."
သူ၏ စကားများက ရီချင်းရှန်နှင့် အဆင့်မြင့် ခေါင်းဆောင်များကို တုန်လှုပ်သွားစေ၏။
ဝူရှီမှ တပည့်များစွာက သူ့ကို သင်ကြားပေးနေသည်လား။
ဝူရှီက သူ့ကို အထူးတလည် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ထားပုံရသည်။
ဤအချက်က အဆင့်မြင့် ခေါင်းဆောင်များအား အန်ကျီကျိုက်ကို စည်းရုံးသိမ်းသွင်းလိုစိတ် ပိုမို ပြင်းထန်လာစေ၏။
သူတို့က ဝူရှီကို သံသယ ဝင်မည်မဟုတ်ဘဲ အန်ကျီကျိုက်၏ အနာဂတ်သည် အတိုင်းအဆမရှိ ကြီးမားပြီး လောကတစ်ခွင်တွင် ကျော်ကြားလာမည်ဟုသာ ယုံကြည်ကြ၏။
လုရှန်၊ ချန်ချွမ်နှင့် အန်ရှန်ထျန့်တို့က လောကတစ်ခွင် ကျော်ကြားသော နာမည်များ ရရှိထားပြီးဖြစ်ကာ ဤလူငယ်လေးက ထိုသုံးဦးထက် ကျော်လွန်သွားနိုင်ခြေ ရှိနေလေသည်။
သူတို့၏ အကြည့်များကြောင့် အန်ကျီကျိုက်က နေရခက်လာသဖြင့် ရှေ့တွင် ဖြစ်ပွားနေသော တိုက်ပွဲဆီသို့သာ သူ၏ အာရုံကို ပြောင်းလိုက်ရတော့၏။
...
မှေးမှိန်နေသော ဟင်းလင်းပြင် အတွင်း၌ မရေမတွက်နိုင်သော ဥက္ကာပျံများ လွင့်မျောနေပြီး အဝေးတွင်မူ ကြယ်တာရာ တိမ်တိုက်များက ၎င်းတို့၏ ပုံသဏ္ဌာန်များကို ပြောင်းလဲနေကာ အံ့မခန်း လှပနေ၏။
အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဖန်းရွှမ်သည် ဓားပျံတစ်လက်ကို စီးနင်းလာပြီး သူ၏ ဝတ်ရုံက လွင့်ဝဲနေကာ အမတတစ်ပါး၏ ကျက်သရေကို ဖော်ဆောင်နေသည်။
ဖန်းရွှမ်၏ အကြည့်က ရှေ့သို့ ဦးတည်နေပြီး သူ၏ မျက်လုံးများက တည်ငြိမ်နေသော်လည်း သူ၏ နှလုံးသားထဲတွင် အနည်းငယ် စိုးရိမ်နေ၏။
"တူညီတဲ့ အဆင့်တူတွေက ငါ့ကို ဘယ်လိုများ ထင်ကြမလဲ မသိဘူး..."
ဖန်းရွှမ်သည် ဤဟင်းလင်းပြင်ဆီသို့ ခရီးနှင်လာခဲ့ပြီး ဤနေရာရှိ မူလဘူတ တာအိုဧကရာဇ်၏ ကံတရားကို အာရုံခံနေခဲ့၏။ အစစ်အမှန် မူလဘူတ တာအိုဧကရာဇ် မဟုတ်ဘဲ ကံတရားက အနည်းငယ် နည်းပါးနေသော်လည်း နီးစပ်နေသည်။
သူက မူလဘူတ တာအိုဧကရာဇ်ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး ယခုအခါ အတားအဆီး တစ်ခုနှင့် ကြုံတွေ့နေရသဖြင့် အခြားသူများနှင့် အတွေ့အကြုံများ အမြင်ချင်း ဖလှယ်လိုစိတ် ပြင်းပြနေခဲ့သည်။
***