မင်္ဂလာပွဲ၏ အရေးအကြီးဆုံး အစီအစဉ်များ ပြီးဆုံးသွားပြီးနောက် ညနေခင်းတွင် ဧည့်ခံပွဲကို ဆက်လက်ကျင်းပခဲ့ကြပေသည်။
စုဝေ့မင်သည်က ယခုအချိန်တွင် စက်ရုံ၏ဒုတိယညွှန်ကြားရေးမှူး ဖြစ်နေပြီဖြစ်သော်လည်း ပစ္စည်းရှားပါးသော ခေတ်ကာလဖြစ်သောကြောင့် တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ထားလျှင်ပင် ဝက်သားချက်ကသာ အကောင်းဆုံး ဟင်းလျာ ဖြစ်နေခဲ့၏။
သို့သော်လည်း ဤသည်မှာ ထိုခေတ်မှ အိမ်ထောင်စုတိုင်းအတွက် အဆင့်မြင့်လှပြီဖြစ်သောကြောင့် လာရောက်ကြသူတိုင်းက စိတ်ကျေနပ်ခဲ့ကြရပေသည်။
ဧည့်သည်များ ပြန်သွားကြပြီးနောက် ပြည်နယ်မြို့တော်သို့ မပြန်နိုင်သေးသည့် ဆွေမျိုးများသာ အိမ်တွင် ကျန်ရစ်ခဲ့တော့သည်။
ထိုညတွင် မင်္ဂလာအိမ်ခန်းထဲ၌ လီရှန်းနှင့် စုဝေ့ချင်းတို့ နှစ်ဦးတည်းသာ ရှိနေခဲ့ကြ၏။
စုဝေ့ချင်းမှာ ညနေက အရက်အနည်းငယ် သောက်ထားခဲ့သောကြောင့် မျက်နှာတစ်ခုလုံး နီရဲ နေကာ လီရှန်းကို ကြည့်နေသည့် သူ၏အကြည့်များမှာလည်း ပိုမိုဆွဲဆောင်မှု ရှိနေခဲ့လေသည်။
လီရှန်းတစ်ယောက် စုဝေ့ချင်းကို ကြည့်ရင်း ရင်ခုန်သံများ မြန်လာခဲ့ရသော်လည်း သူ၏ ကိုယ်ပေါ်မှ အရက်နံ့ကြောင့် အနည်းငယ်လောက် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့၏။
ထို့ကြောင့် သူမက စုဝေ့ချင်း၏ လက်မောင်းကို ပုတ်လိုက်သည်။
“အပြင်ကိုသွားပြီး မျက်နှာသစ်လိုက်ဦး၊ အရက်နံ့က ဆိုးလွန်းတယ်”
စုဝေ့ချင်းအနေဖြင့် အရက်နံ့ကို မရသော်လည်း လီရှန်းက ပြောလာသောကြောင့် အဝတ်အစားများကို လဲလှယ်ကာ မေးလာခဲ့လေသည်။
“ကိုယ် သွားတိုက်ပြီး မျက်နှာသစ်လိုက်မယ်၊ မင်းအတွက်လည်း ခြေထောက်ဆေးဖို့ ရေနွေးတစ်ဇလုံ ယူခဲ့ပေးရမလား”
သူ့၏အဖေသည်လည်း သူ့အမေအတွက် နေ့စဉ် ခြေဆေးရေကိုပြင်ဆင်ပေးလေ့ရှိကြောင်းကို သူ သတိရမိသည်။
“အဆင်ပြေပါ့မလား၊ အမေတို့ မြင်သွားရင် တစ်မျိုးထင်နေဦးမယ်”
လီရှန်းက စိုးရိမ်တကြီး မေးလိုက်၏။
စုဝေ့ချင်းက နားမလည်နိုင်စွာဖြင့် ပြောလာခဲ့သည်။
“ဘာဖြစ်လို့လဲ၊ အဖေတောင် အမေအတွက် လုပ်ပေးတာပဲလေ”
ထို့နောက် သူက လီရှန်း၏ နားရွက်အနီးသို့ ကပ်၍ ပြောလိုက်သည်။
“ဒါပေမဲ့ ဒါကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦးနော်၊ အစ်ကိုကြီးတို့တောင် မသိကြဘူး၊ အဖေက အပြင်မှာတော့ ဂုဏ်သိက္ခာကြီးပြီး နေပြပေမဲ့ အိမ်မှာတော့ အမေ့ကို အရမ်းအလိုလိုက်တာ ကိုယ် အကုန်သိတယ်”
စုဝေ့ချင်း၏ အပြုအမူကြောင့် လီရှန်းတစ်ယောက် နှလုံးခုန်သံများပင် စည်းချက်လွဲသွားရသည်။
“ကောင်းပြီ၊ ရေသွားယူတော့”
စုဝေ့ချင်း ရေနွေးဓာတ်ဘူးကို ကိုင်ပြီး မီးဖိုချောင်သို့ ရောက်သွားချိန်တွင် လော်ယွီရှို့နှင့် ဝူလီတို့က အသုံးအဆောင် ပစ္စည်းများကို ဆေးကြောနေကြလေ၏။
အင်္ကျီပါးလေးကိုသာ ဝတ်ထားသော စုဝေ့ချင်းကို မြင်လိုက်ရလျှင် လော်ယွီရှို့တစ်ယောက် ပြောလက်စ စကားများကိုပင် ရပ်တန့်သွားရတော့သည်။
သို့သော်လည်း ယနေ့သည်က စုဝေ့ချင်း၏ မင်္ဂလာရက်ဖြစ်သောကြောင့် ဆဲဆိုကြိမ်းမောင်း၍ မကောင်းပါချေ။
“ဒီမှာ ရေနွေးရှိတယ် ဝေချင်း၊ ရေနွေးဓာတ်ဘူး လှမ်းပေးလေ”
စုဝေ့ချင်းက ရေနွေးလာခပ်ချင်နေသည်ကို မြင်လျှင် ဝူလီက အမြန်ထ၍ ရေနွေးခပ်ပေးရန် ပြင်လေသည်။
စုဝေ့ချင်းသည်လည်း အားနာမနေတော့ဘဲ ရေနွေးဓာတ်ဘူးကို တိုက်ရိုက်လှမ်းပေးလိုက်၏။ ထို့နောက် သူက ထိုင်ခုံပုလေးတစ်လုံးကို ဆွဲယူကာ အမေဖြစ်သူ၏အနီးတွင် ထိုင်ချလိုက်သည်။
“အမေ... ရှန်းရှန်းကို ကြည့်ရတာ အထက်တန်းကျောင်းသားဘဝ သုံးနှစ်လုံးလုံး ကျောင်းမှာပဲ နေခဲ့တာဆိုတော့ ချက်ပြုတ်တတ်မယ်မထင်ဘူး၊ ကျောင်းပြီးတော့လည်း ဆေးဝါးစက်ရုံမှာပဲ အလုပ်လုပ်နေတာလေ၊ ဒါကြောင့် မနက်ဖြန်ကျရင် သူမကို မီးဖိုချောင်ထဲကို မဝင်ခိုင်းပါနဲ့လား”
သူက ကြိုတင်၍ ကာကွယ်ဆေးထိုးထားခြင်း ဖြစ်ပေ၏။
သူ့၏မရီးနှစ်ယောက်လုံးမှာ လက်ထပ်ပြီး ဒုတိယမြောက်နေ့တွင် လော်ယွီရှို့၏ ခိုင်းစေမှုဖြင့် မီးဖိုချောင်ထဲသို့ ဝင်ခဲ့ရသည်ကို သူ မေ့သေးပါချေ။
လော်ယွီရှို့: ...
သူမ ပြောထွက်လုနီးပါး ဖြစ်နေသော စကားလုံးများကို ပြန်လည်မျိုချလိုက်ရသော်လည်း မျက်လုံးများတွင်တေား ဒေါသအရှိန်များ တောက်လောင်နေခဲ့ပြီ ဖြစ်၏။
“အဆင်ပြေတယ်မလား အမေ”
စုဝေ့ချင်းက လော်ယွီရှို့၏ ပုခုံးကို ပွေ့ဖက်ကာ ချွဲ၍ မေးလိုက်ပြန်သည်။
“ရပါပြီ ရပါပြီ၊ ငါ့ကို လာမကပ်စမ်းနဲ့”
လော်ယွီရှို့က စုဝေ့ချင်းကို ရွံရှာသည့်အမူအရာဖြင့် တွန်းထုတ်လိုက်ပြီး မျက်စောင်းထိုးလိုက်သည်။
“မချက်တတ်ရင်လည်း သင်ရဦးမှာပေါ့၊ မဟုတ်ရင် နင့်အစ်ကိုတို့လို အိမ်ခွဲနေကြတဲ့အချိန် ဘယ်သူက ချက်ကျွေးမှာလဲ”
“ကျွန်တော် ချက်မှာပေါ့”
စုဝေ့ချင်းက တုံ့ဆိုင်းခြင်းမရှိပြောလိုက်သည်။
“ကျွန်တော်က ဟင်းချက်ရတာကို ဝါသနာပါတယ်လေ”
လော်ယွီရှို့တစ်ယောက် ချက်ချင်းပင် ဒေါသထွက်သွားရတော့သည်။
“ဒါဆို မင်းက မနက်ဖြန်မနက် စောစောထပြီး ငါနဲ့ မင်အဖေအတွက် မနက်စာ ချက်ပေးမယ်ပေါ့လေ ဟုတ်လား၊ ဟင်းချက်တာကို ဝါသနာပါရအောင်လည်း ဒီနှစ်တွေတစ်လျှောက်လုံး မီးဖိုချောင်ကို လက်ဖျားနဲ့တောင် မထိခဲ့ဖူးပါဘူး”
“အမေ တကယ်ပြောနေတာလား”
စုဝေ့ချင်း၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားတော့သည်။ သူက မတ်တပ်ထရပ်ကာ ခါးကိုထောက်လိုက်ပြီး ဆန်အိုး၊ ဆီအိုးများရှိရာသို့ ဝေ့ကြည့်လိုက်သည်။
“အမေ၊ မနက်ဖြန်ကျရင် အီကြာကွေးကြော်ပြီး ဆန်ပြုတ်လေး သောက်ကြရင်ကော ဘယ်လိုလဲ”
အီကြာကွေးကြော်.. ဆန်ပြုတ်...
“တော်လိုက်တော့၊ မင်းက ငါတို့အိမ်ရဲ့ ရိက္ခာတွေကို အကုန်ဖြုန်းတီးချင်နေတာပဲ”
လော်ယွီရှို့မှာ ဆက်လက်ပြီး မထိန်းထားနိုင်တော့ဘဲ အသံတိုးတိုးဖြင့် စတင်ကျိမ်းမောင်းတော့သည်။
“မင်း ရေလာယူတာက ဆင်ခြေသက်သက်ပဲမဘား၊ တကယ်က မင်း ဗိုက်ဆာလို့ အီကြာကွေး စားချင်နေတာမလား၊ ပြီးတော့ ရှန်းရှန်းကို မချက်ပြုတ်တတ်ဘူးလို့ လာပြောနေသေးတယ်၊
မင်း ငါ့ရဲ့ ဆန်အိုးကို မျက်စိကျနေတယ်ဆိုတာ ငါသိတယ်၊ ပြောထားလိုက်မယ် စုဝေ့ချင်း... လုံးဝ မရဘူး!”
စုဝေ့ချင်းသည်ကား သူ၏ အကြံအစည်လေး အမိခံလိုက်ရသောကြောင့် မကျေမနပ် ဖြစ်သွားကာ စုပ်သပ်လိုက်ပေသည်။
လော်ယွီရှို့တစ်ယောက် ပို၍ပင် ဒေါသထွက်သွားရသည်။
“ငါနဲ့ ရှန်းရှန်းကြားကို ရန်လာမတိုက်နဲ့၊ ရှန်းရှန်းက မနက်ဖြန်မနက်ကျရင် ငါ့ကို မီးဖိုချောင်မှာ လာကူညီမှာ သေချာတယ်”
သူမအနေဖြင့် လီရှန်းနှင့် အချိန်ကြာမြင့်စွာ အတူမနေရသေးသော်လည်း လီရှန်းမှာ ယဉ်ကျေးသိတတ်သော မိန်းကလေးတစ်ဦးဖြစ်ကြောင်းကို ခန့်မှန်းမိပေသည်။
“ဒါဆိုလည်း မနက်ဖြန်မနက်ကျရင် ရှန်းရှန်းကို ကျွန်တော့်အတွက် အီကြာကွေး ကြော်ခိုင်းလိုက်မယ်”
လော်ယွီရှို့: “...အိပ်မက်ပဲ မက်နေလိုက်”
စုဝေ့ချင်းတစ်ယောက် လော်ယွီရှို့ကို ဂရုမစိုက်တော့ဘဲ ရေနွေးဓာတ်ဘူးကို မကာ အခန်းထဲသို့ ဝင်သွားရင်းအော်ဟစ်လိုက်လေ၏။
“ရဲဘော်လီရှန်း.. ကိုယ် မနက်ဖြန်ကျရင် အီကြာကွေး စားချင်တယ်”
သူသည်ကား မတိုင်ခင်က “ရှန်းရှန်း” ဟူ၍ ချိုသာစွာ ခေါ်နေခဲ့သော်လည်း ယခုတွင် သွေးကြောင်စွာဖြင့် ရဲဘော်ဟု ပြန်ခေါ်နေခဲ့ချေပြီ။
စုဝေ့ချင်း အခန်းထဲသို့ ပြန်ရောက်သည်နှင့် တံခါးကို ပိတ်လိုက်၏။ လီရှန်းတစ်ယောက် အပြင်ဘက်မှ အသံများကို ကြားနေရသောကြောင့် စပ်စုလိုစိတ်များ ဖြစ်နေချိန်တွင် စုဝေ့ချင်းက တံခါးကြားမှ အပြင်သို့ ချောင်းကြည့်နေသည်ကို မြင်လိုက်ရလေသည်။
မီးဖိုချောင်ဘက်မှ မည်သူကမျှ လိုက်မလာသည်ကို မြင်မှသာ သူ သက်ပြင်းချနိုင်တော့သည်။
လီရှန်း: “...ခုနက အမေ့ကို ဘာတွေပြောနေတာလဲ”
သူ မတိုင်ခင်က အီကြာကွေးစားချင်သည်ဟု အော်ဟစ်နေခဲ့သည် မဟုတ်ပါလား။
“မနက်ဖြန် မနက်စာချက်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ရဲဘော်လီရှန်းကို သတိပေးရမယ်၊ ရဲဘော်လော်ယွီရှို့က ရဲဘော်ကောင်း တစ်ယောက်ဖြစ်ပေမဲ့ ယောက္ခမတွေမှာ ရှိတတ်တဲ့ အကျင့်ဆိုးလေးတော့ ရှိတယ်၊
သူမက မနက်ဖြန်မနက်ကျရင် မင်းကို မနက်စာချက်ဖို့ ခေါ်မှာသေချာတယ်၊ အဲဒီအချိန်ကျရင် ကန်စွန်းဥဆန်ပြုတ်တွေ ဘာတွေ သွားမချက်နဲ့နော်၊ ဆီအိုးဆီကိုသာ တန်းသွားလိုက်၊
သူမက ဘာတွေချက်နေတာလဲလို့ မေးရင် ကိုယ့်အတွက် အီကြာကွေး ကြော်ပေးနေတာလို့သာ ပြောလိုက်လို့ရတယ်”
စုဝေ့ချင်းသည်ကား မိခင်ဖြစ်သူ၏ အကြောင်းကို မကောင်းပြောရမည်ကို အနည်းငယ်မျှပင် ဝန်လေးနေပုံမရပါချေ။
သူက လော်ယွီရှို့မှ သူ၏မရီးနှစ်ဦးအပေါ် မည်သို့ပြုမူခဲ့သည်ကို ပြန်လည်ပြောပြပြီးနောက် လီရှန်းကို အလွန်လေးနက်စွာ ကြည့်လျက်ပြောလာလေ၏။
“ကိုယ်တို့က မရီးနှစ်ယောက်နဲ့ မတူဘူးလေ၊ သူတို့က အိမ်ခွဲနေကြတာဆိုတော့ ဘယ်နှရက်လောက် ဟင်းချက်ပေးရမှာလဲ၊ ကိုယ်တို့က အိမ်မှာ အတူနေကြဦးမှာဆိုတော့ ဟင်းချက်ပေးရလိမ့်မယ်၊ ဒါပေမဲ့ အမြဲတမ်းတော့ ကိုယ်တို့ပဲ ချက်နေလို့ မဖြစ်ဘူးလေ”
စုဝေ့ချင်းသည်ကား လော်ယွီရှို့အနေဖြင့် လီရှန်း၏ လုပ်ဆောင်ချက်များကို အလေ့အကျင့်တစ်ခုကဲ့သို့ သဘောထားသွားမည်ကို စိုးရိမ်သောကြောင့် ဤဖြစ်နိုင်ခြေကို အညှောင့်ပေါက်ကတည်းက ကြိုတင်နှိမ်နင်းထားခြင်းပင် ဖြစ်ချေသည်။
လီရှန်းတစ်ယောက် မည်သည့်စကားကို ပြန်ပြောရမည်ကိုပင် မသိတော့ပါချေ။ သူတို့က အသစ်စက်စက် ဇနီးမောင်နှံသာ ရှိသေးသော်လည်း စုဝေ့ချင်းက ဤမျှအထိ အဝေးသို့ ကြိုတွေးနေချေပြီ။
သူမ မေးလိုက်သည်။
“ဒါပေမဲ့ အမေက ကျွန်မကို ပျင်းတယ်လို့ မထင်သွားလောက်ဘူးလား”
“ပျင်းတာက ဘာများဖြစ်လို့လဲ”
စုဝေ့ချင်းအနေဖြင့် ပျင်းရိခြင်းမှာ မကောင်းသည့်အရာဟု လုံးဝမထင်ပါချေ။ သူကိုယ်တိုင်ပင် နှစ်နှစ်တိုင်တိုင် ပျင်းရိစွာနေခဲ့ပြီး အလွန်ပင် သက်သောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်ခဲ့သည် မဟုတ်ပါလား။
စုဝေ့ချင်း: “ပျင်းတဲ့သူတွေမှာလည်း ပျင်းတဲ့အလျောက် ကံကောင်းခြင်းတွေ ရှိတာပဲ”
ဒီလို ယုတ္တိမရှိတဲ့ စကားတွေကို သူ ဘယ်ကနေကြားလာတာလဲ။
လီရှန်း: “တကယ်တော့ ကျွန်မက ဟင်းချက်တာ အတော်လေး ကျွမ်းကျင်တယ်”
ကျန်းချောင်သည်လည်း သူမ ချက်ပြုတ်ကျွေးမွေးသည့် အထူးဟင်းလျာများကို အမြဲတစေ တမ်းတနေခဲ့သည် မဟုတ်ပါလား။
ထို့ပြင် သူမ၏ တာဝန်ထမ်းဆောင်ရာ ကမ္ဘာများတွင်လည်း ချက်ပြုတ်ခြင်းကို တစ်ခါမျှ မရပ်နားခဲ့ဖူးချေ။
“ဒါတော့ မဖြစ်ဘူး ရဲဘော်လီရှန်း၊ ဒီကိစ္စကို မင်း အလေးအနက်ထားဖို့ ကိုယ် မျှော်လင့်တယ်၊ မိသားစုဆိုတာက မင်းတစ်ယောက်တည်း ပိုင်တာမဟုတ်ဘူး၊
မင်းရဲ့ တာဝန်တွေကို အစကတည်းက နားလည်ထားဖို့ လိုတယ်၊ အရာအားလုံးကို မင်း တစ်ယောက်တည်းပဲ လုပ်နေလို့မရဘူး၊ ကိုယ်တို့ နှစ်ယောက်လုံးက အတူတူ ပူးပေါင်းဆောင်ရွက်ရမှာပဲ”
စုဝေ့ချင်းက အမျိုးသားဝါဒီတစ်ဦးမဟုတ်သကဲ့သို့ အိမ်မှုကိစ္စများကို အမျိုးသမီးများကသာ လုပ်ဆောင်ရမည်ဟုလည်း မယုံကြည်ပါချေ။
ထို့အပြင်...
သူသည်က ရဲဘော်လီရှန်းနှင့်အတူ ကောင်းမွန်သော ဘဝတစ်ခုကို တည်ထောင်ချင်သည်။ သူမကို ဆင်းရဲဒုက္ခ မတွေ့စေရပါဟူ၍ ဦးလေးကျန်းကိုလည်း ကတိပေးထားခဲ့သည် မဟုတ်ပါလား။
လီရှန်းသည်လည်း ခေါင်းညိတ်သဘောတူရုံသာ တတ်နိုင်ခဲ့သည်။
စုဝေ့ချင်းတစ်ယောက် အလွန်ပင် ပျော်ရွှင်သွားပြီး ရေနွေးဓာတ်ဘူးကို မ,ပြီး ပြောလာခဲ့သည်။
“ဒီနေ့တော့ အသစ်စက်စက် ခြေဆေးဇလုံနဲ့ ခြေထောက်ဆေးကြမယ်”
*
***