မင်္ဂလာညစာစားပွဲမှာ ည (7)နာရီကျော်တွင် ပြီးဆုံးသွားခဲ့၏။
ဆောင်းရာသီတွင် အမှောင်ထုက စောစီးစွာ ရောက်ရှိလာသောကြောင့် စုမိသားစု၏ ဆွေမျိုးများမှာ ပြန်မသွားကြတော့ဘဲ တစ်ညအိပ်တည်းခိုကြပြီး နောက်တစ်နေ့ မနက်စောစော ဘတ်စ်ကားဖြင့်မှ ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။
လော်ယွီရှို့က ရေနွေးများကို တစ်အိုးပြီးတစ်အိုး တည်ပေးပြီး ဆွေမျိုးများအားလုံး သန့်ရှင်းရေးလုပ်ကာ အိပ်စက်နိုင်ရန် စီစဉ်ပေးခဲ့၏။
စုဝေ့ဟိုင်နှင့် ဝူလီတို့သည်ကား ကလေးနှစ်ယောက် အိပ်ငိုက်နေသောကြောင့် လော်ယွီရှို့က အစောပိုင်းကတည်းက ပြန်လွှတ်လိုက်ချေပြီ။
ဝမ်းကွဲ ညီအစ်ကို အချို့လည်း သူတို့နှင့်အတူ လိုက်သွားကြပေသည်။
စုမိသားစု၏ အိမ်က လူအားလုံးကို မဆံ့နိုင်သောကြောင့် တချို့က စုဝေ့ဟိုင်၏ အိမ်တွင် သွားရောက် တည်းခိုကြရခြင်း ဖြစ်ပေ၏။
တစ်လမ်းလုံးတွင်လည်း သူတို့က လီရှန်း၏ ကုန်တင်ကားဖြင့် ပါလာသော ခန်းဝင်ပစ္စည်းများအကြောင်းကိုသာ ပြောဆိုနေကြပြီး စုဝေ့ချင်းအပေါ် မနာလိုဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့တော့သည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က မိသားစုတွင် အလုပ်မရှိသူအဖြစ် နာမည်ကြီးခဲ့သော သူက မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးဝါးစက်ရုံသို့ ဝင်ရောက်နိုင်ကာ အောင်မြင်လာရုံသာမက တော်ရုံအဆင့်မဟုတ်သော ဇနီးသည်ကိုပါ လက်ထပ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
အရေးကြီးဆုံးမှာ သူရရှိလိုက်သော ခန်းဝင်ပစ္စည်းများမှာ အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားလွန်းပေသည်။
သူတို့က အားကျမနာလို ဖြစ်ပြီးသက်ပြင်းချကာ ပြောလာခဲ့ကြ၏။
“ငါတို့ကော အဲဒီလို ကံမျိုး ကြုံရပါ့မလား”
“မင်းတို့ နှစ်ယောက်လည်း နောက်နှစ်ကျရင် လက်ထပ်ရမှာပဲလေ”
စုဝေ့ဟိုင်က လတ်တလော ကြားသိထားရသော သတင်းများကို သတိရလိုက်ပြီး မသိမသာပြောလိုက်သည်။
“လက်မထပ်ရင် ကျေးလက်ဒေသဘက်ကို အပို့ခံနေရဦးမယ်နော်၊ သေသေချာချာ စဉ်းစားကြဦး”
“ဒါဆိုရင်တော့ ငါ လက်ထပ်လိုက်မယ်”
နှစ်ကုန်ခါနီးလေလေ သတင်းများက ပိုမိုပျံ့နှံ့လာလေလေ ဖြစ်ပေ၏။
အထူးသဖြင့် ပြည်နယ်မြို့တော်တွင် မိသားစုများစွာက မူဝါဒအသစ်များ မထွက်လာမီ လက်ထပ်ပေးနိုင်ရန် လူပျိုလူလွတ်များအား ရှာဖွေခြင်းများကို စတင်နေကြပြီ ဖြစ်သည်။
စုမိသားစု၏ ဝမ်းကွဲများမှာလည်း ထိုအတိုင်းသာဖြစ်ကြလေ၏။ ထို့အတွက်ကြောင့်သာ စုဝေ့ချင်းကို ပို၍ပင် အားကျနေကြရခြင်း ဖြစ်ပေသည်။
ခန်းဝင်ပစ္စည်းများကို ကြည့်ရုံမျှဖြင့် ဤသည်မှာ နောက်ဆုံးမိနစ်တွင်မှသာ အလျင်စလို ပြင်ဆင်ထားခြင်းမျိုး မဟုတ်ကြောင်းကို သိသာနေသည် မဟုတ်ပါလား။
စုဝေ့ဟိုင်က တဟားဟား ရယ်မောလိုက်ပြီး စုချန်ကို သူ၏ ပုခုံးပေါ်သို့ တင်ကာ ကျောလေးကို ပုတ်ပေးလိုက်ရင်း ပြောလာ၏။
“တော်သေးတာပေါ့၊ ငါ့သားနှစ်ယောက်က ငယ်သေးတယ်”
“အမှန်ပဲ၊ ဒါပေမဲ့ စုချန်နဲ့ စုကျွင့်တို့သာ ကျေးလက်ဒေသကို သွားရမယ်ဆိုရင် အစ်ကို ဘယ်သူ့ကို ရွေးမလဲ”
“ငါကတော့ ဘယ်သူ့ကိုမှ မရွေးဘူး၊ သူတို့ကို စာကြိုးစားခိုင်းပြီး ဆေးဝါးစက်ရုံမှာ ဝန်ထမ်းဖြစ်အောင် လုပ်ခိုင်းမယ်၊ အဲဒါမှ အဆင်မပြေသေးရင်လည်း ခရိုင်မြို့မှာ အလုပ်တစ်ခုခုရဖို့ ပိုက်ဆံသုံးပြီး ဝယ်ပေးလိုက်ရုံပဲ”
ဤစကားများက လူအုပ်ကြားတွင် နောက်ထပ်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြန်၏။
စုဝေ့ဟိုင်၏ ရက်ရောမှုက သူတို့ကို အားကျစေသော်လည်း ကံဆိုးစွာဖြင့် သူတို့၏ မိဘများက ထိုမျှအထိ အစွမ်းအစမရှိကြပါချေ။
သူတို့တွင် အလုပ်အကိုင်လည်း မရှိသောကြောင့် လက်ထပ်ခြင်းဟူသော လမ်းတစ်ခုတည်းသာ ရွေးချယ်စရာ ရှိပေသည်။
အရှေ့မှ ပြောဆိုနေကြသော စကားများကို နားထောင်ရင်း နောက်ဘက်မှ လိုက်လာသည့် ဝူလီတစ်ယောက် စုကျွင့်ကို ပိုမိုတင်းကျပ်စွာ ပွေ့ဖက်လိုက်မိသည်။
ဆူညံနေသော လူငယ်တစ်စု ထွက်ခွာသွားပြီးနောက် အိမ်ထဲတွင် စုဝေ့တုန်တို့ ဇနီးမောင်နှံနှင့် စုမိသားစု၏ တတိယအဒေါ်တို့သာ ကျန်ရစ်ခဲ့တော့သည်။
စုဝေ့တုန်ကို စုဝေ့ဖင်း၏ အခန်းတွင် အိပ်ရန် စီစဉ်ပေးလိုက်ပြီး ယောက်မနှစ်ဦးကတေား စုဝေ့ယန်တို့ ဇနီးမောင်နှံ၏ အခန်းတွင် အိပ်ကြရပေသည်။
သူတို့သုံးဦးလုံးမှာ မနက်စောစောကတည်းက ခရီးထွက်လာကြရပြီး တစ်နေကုန်လည်း ကူညီပေးခဲ့ကြရသောကြောင့် အလွန်ပင် ပင်ပန်းနေကြပြီ ဖြစ်၏။
အထူးသဖြင့် စုဝေ့တုန်မှာ အရက်အတော်လေး သောက်ထားသောကြောင့် ကိုယ်လက်သန့်စင်ပြီးသည်နှင့် ခုတင်ပေါ်သို့ တက်ကာ ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
မင်္ဂလာဦးညတွင် နှောင့်ယှက်မည့်သူ မရှိတော့သည့်အတွက် လီရှန်းနှင့် စုဝေ့ချင်းတို့ နှစ်ဦးလုံးလည်း သက်ပြင်းချနိုင်သွားခဲ့ကြသည်။
သူတို့အနေဖြင့် အားအင်အပြည့်ရှိသော ထိုလူငယ်များကို အမှန်တကယ်ပင် ကြောက်လန့်နေခဲ့ကြခြင်း ဖြစ်ချေသည်။
စုဝေ့ချင်းက လီရှန်းအတွက် ခြေဆေးရေကို အရင်ဆုံး ခပ်ပေးပြီးနောက် သူမနှင့်အတူ ရေချိုးခန်းသို့ လိုက်ပါကာ သန့်ရှင်းရေး လုပ်ပေးခဲ့၏။
ပြီးနောက် သူမ ခုတင်ပေါ်သို့ ရောက်သွားပြီးနောက်မှသာ သူကိုယ်တိုင် သန့်ရှင်းရေး လုပ်ခဲ့လေသည်။
စုဝေ့ချင်း သန့်ရှင်းရေး လုပ်ပြီး ပြန်လာသည့်အချိန်တွင်မူ လီရှန်းက ဂွမ်းစောင်ထဲတွင် ထိုင်ကာ အနီရောင်စာအိတ်များကို ဖွင့်ကြည့်နေသည်ကို မြင်လိုက်ရ၏။
“ဒီနေ့တော့ မင်း အတော်လေး စုဆောင်းမိမှာပဲ”
ညစာစားပွဲတွင် ဆွေမျိုးများအားလုံးက သူတို့ကို “အိမ်ထောင်သည်အဖြစ် အမည်နာမ ပြောင်းလဲခြင်း” လက်ဆောင်အဖြစ် ငွေများ ပေးခဲ့ကြသည် မဟုတ်ပါလား။
“အတော်များများတော့ ပါကြတယ်၊ ဒါပေမဲ့ စာအိတ်နီ တစ်ခုထဲမှာ ငါးဆင့်ပဲ ပါတယ်”
ငါးဆင့်လား။
စုဝေ့ချင်း ချက်ချင်းပင် အနားသို့သွားကာ စာအိတ်နီကို ယူပြီးကြည့်လိုက်လေ၏။ စာအိမ်နီမှာ အနီရောင် စက္ကူဖြင့် သေသေချာချာ ထုပ်ပိုးထားပြီး အတော်လေး လေးလံသည်ဟု ထင်ရသော်လည်း အထဲဘက်တွင် ငါးဆင့်သာ ပါရှိပေသည် ။
“ဘယ်သူပေးတာလဲ မှတ်မိလား”
ဤသည်မှာ နောင်တစ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည့် ကျေးဇူးကြွေးများသာ ဖြစ်ပေသည်။
လီရှန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် တွန့်ဆုတ်စွာ ပြောလိုက်၏။
“ကလေးတစ်ယောက်ကို ချီထားပြီး အတော်လေးဝတဲ့ မိန်းမတစ်ယောက် ဖြစ်မယ်”
စုဝေ့ချင်းသည်လည်း ထိုသူက မည်သူဖြစ်ကြောင်းကို သိလိုက်ချေပြီ။
“မနက်ဖြန်မနက်ကျရင် အမေ့ကိုသာ ပြောပြလိုက်၊ အမေ့မှာ ဖြေရှင်းနည်း ရှိတယ်”
လီရှန်းက ခေါင်းငြိမ့်ပြလိုက်ပြီး ငွေစက္ကူလေးများကို တစ်ခုချင်းစီ သေသေချာချာ စီလိုက်ကာ အလူမီနီယံထမင်းဘူးတစ်ခုထဲသို့ ထည့်လိုက်သည်။ ထို့နောက် ခုတင်ဘေးရှိ စားပွဲအံဆွဲထဲသို့ ထည့်ကာ ကြေးသော့ခတ်လေးဖြင့် ခတ်လိုက်ပေသည်။
စုဝေ့ချင်း ဝယ်လာသော ဤခုတင်မှာ အမှန်တကယ်ပင် ကောင်းမွန်ပြီး ခုတင်ဘေးမှ စားပွဲလေးမှာလည်း အလွန်ပင် အသုံးဝင်သည်ဟု ဆိုရပေမည်။
ငွေကြေးများကို သိမ်းဆည်းပြီးနောက်တွင် အနီရောင် စာအိတ်ခွံများက မလိုအပ်တော့ပါချေ။
စုဝေ့ချင်းက လက်ဖြင့် ဝှေ့ယမ်းကာ အနီရောင်စာအိတ်ခွံများကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။
ထို့နောက် သူက ခုတင်အစွန်းတွင် ထိုင်ကာ လီရှန်းကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့ပြီး ..
သူ၏ မျက်နှာက ပို၍ပင် နီမြန်းလာတော့သည်။
“ဟမ်.. ရှင့် ဘာဖြစ်နေတာလဲ”
လီရှန်းတစ်ယောက် စုဝေ့ချင်း၏ မျက်နှာ တဖြည်းဖြည်းနှင့် နီရဲလာသည်ကို ကြည့်နေမိလေ၏။
စုဝေ့ချင်းသည်ကား ရှက်ရွံ့စွာဖြင့် ခေါင်းခါပြနေခဲ့ပြီး သူ၏ လက်က ခါးပတ်ကို ကိုင်ထားသော်လည်း ဖြုတ်ရန် တွန့်ဆုတ်နေခဲ့ပြန်သည်။
သူသည်က မနေ့ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ပေ၏။
သူ့အစ်ကို စုဝေ့ဟိုင်မှာလည့် နှစ်ကြိမ်တိတိ သတို့သား ဖြစ်ဖူးသူဖြစ်သောကြောင့် အတွေ့အကြုံ အတော်လေး ရှိနေခဲ့ပြီး သူ့ကိုလည်း မင်္ဂလာဦးည အကြောင်းအရာများကို အများအပြား သင်ကြားပေးထားခဲ့ပေသည်။
မူလက သူ့အနေဖြင့် မည်သည့်အရာကိုမှမသိသောကြောင့် ရှက်ရွံ့ခြင်း မရှိခဲ့သော်လည်း ယခုအချိန်တွင် အများအပြား သိရှိသွားရသောကြောင့် သူ၏ စိတ်ကူးထဲတွင် လီရှန်း၏ ပုံရိပ်ကိုပင် မြင်ယောင်နေခဲ့မိချေပြီ။
တစ်ယောက်ယောက်လောက် ကယ်ကြပါဦး။
ခါးပတ်ခေါင်းကို ကိုင်ထားသော စုဝေ့ချင်း၏ လက်များက တုန်ယင်နေခဲ့သည်။
“ရှင်.. ခုတင်ပေါ်ကို တက်ချင်လို့လား၊ ခုနကတည်းက အနွေးထည်လည်း မဝတ်ထားဘူးဆိုတော့ ချမ်းနေမှာပဲ”
လီရှန်းက ဤသို့ အခြေအနေကို ကြာရှည်မကြည့်နိုင်တော့သည့်အတွက် သူမဘက်ကပင် စတင် ဖိတ်ခေါ်လိုက်ပြီး တစ်ဖက်သို့လည်း အလိုက်တသိ လှည့်ပေးလိုက်၏။
“ကျွန်မ ရှင့်ကို မကြည့်ဘူး၊ အဝတ်အစားတွေကို အမြန်ချွတ်လိုက်တော့”
စုဝေ့ချင်းသည် ချောင်းတစ်ချက် ခပ်ဖွဖွဟန့်လိုက်ပြီး လီရှန်းက သူမ၏ခေါင်းကို တစ်ကယ်ပင် တစ်ဖက်သို့ လွှဲသွားသည်ကို မြင်လိုက်ရလျှင် ချက်ချင်းပင် ထရပ်ကာ ခါးပတ်ကို ဖြုတ်လိုက်လေသည်။
ကလစ်ဟူသော အသံနှင့်အတူ စုဝေ့ချင်း၏ လှုပ်ရှားမှုများမှာ သိသိသာသာ မြန်ဆန်လာခဲ့၏။
စက္ကန့်အနည်းငယ်အတွင်း သူ၏ အေးစက်နေသော ခြေထောက်များမှာ စောင်ထဲသို့ ရောက်ရှိသွားခဲ့လေသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ခြေဖဝါးများက နွေးထွေးနေဆဲ ပင်။ လီရှန်းက ခေါင်းကို လှည့်မကြည့်ဘဲ စုဝေ့ချင်းတစ်ယောက် အဝတ်အစားများကို ချွတ်ကာ စောင်ထဲသို့ ဝင်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ တစ်ဖက်သို့ လှည့်လိုက်ပေသည်။
ထို့နောက် သူမအနေဖြင့် မျက်နှာတစ်ခုလုံး နီရဲစွာဖြင့် သူမကို စိုက်ကြည့်နေသော စုဝေ့ချင်းကို မြင်လိုက်ရတော့၏။
လီရှန်း: ...
အကယ်၍ အကြောင်းစုံကို မသိသောတစ်စုံတစ်ယောကာဆိုလျှင် သူမကသာ ခင်ပွန်းဖြစ်ပြီး ထိုသူက ဇနီးဖြစ်ကာ ကျား၊ မ အခန်းကဏ္ဍ ပြောင်းပြန်ဖြစ်နေသည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
“ဟိုဖက်ကို လှည့်လိုက်ဦးလေ၊ ကျွန်မလည်း အဝတ်အစားတွေ ချွတ်ရဦးမယ်”
ဇနီးမောင်နှံနှစ်ယောက်ကြားတွင် တစ်ဦးကတော့ စတင်၍ အစပျိုးရမည် မဟုတ်ပါလား။
စုဝေ့ချင်းလည်း သူ၏မျက်နှာကို စောင်ထဲသို့ အမြန်ဝှက်လိုက်ပြီး တစ်ဖက်သို့ လှည့်ပေးလိုက်လေသည်။
လီရှန်း သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးလေး ချလိုက်ပြီးနောက် သူမ၏ ဆွယ်တာအင်္ကျီကို ချွတ်လိုက်လေ၏။ အထဲမှ အတွင်းဝတ်အနွေးထည်အင်္ကျီလေးသာ ကျန်တော့၏။
အတွင်းပိုင်းမှ ဝတ်ဆင်ထားသော အင်္ကျီကိုတော့ သူမ မချွတ်ရဲတော့ပါချေ။ ထို့နောက် သူမက စောင်ထဲသို့ တိုက်ရိုက် တိုးဝင်လိုက်လေသည်။
ဤသည်မှာ သူတို့နှစ်ဦးလုံးအတွက် တစ်စုံတစ်ယောက်နှင့် ခုတင်တစ်ခုတည်း အတူမျှဝေအိပ်စက်ရသည့် ပထမဆုံးအကြိမ်ပင် ဖြစ်ချေသည်။
လီရှန်း လဲလျောင်းပြီးနောက်တွင် သူမသည်လည်း စုဝေ့ချင်းကို ကျောပေးထားလိုက်၏။
***