စုဝေ့မင်အနေဖြင့် ကူညီလိုစိတ်ရှိသော်လည်း ကံဆိုးစွာဖြင့် ဆေးဝါးစက်ရုံက စာမေးပွဲဖြေဆို၍ အောင်မြင်သူများကိုသာ ဝန်ထမ်းအဖြစ်လက်ခံခြင်းဖြစ်ပေသည်။
စုဝေ့ချင်းအနေဖြင့် မိဘများကို မှီခိုကာ နှစ်နှစ်တိတိ အလုပ်မရှိဘဲ နေခဲ့ရလေ၏။ အကယ်၍သာ အဆက်အသွယ်ကောင်းများရှိရုံဖြင့် အလုပ်ထဲသို့ ဝင်ရောက်နိုင်ခဲ့မည်ဆိုပါက လွန်ခဲ့သော နှစ်နှစ်ကတည်းက စုဝေ့ချင်းကို အလုပ်သွင်းပေးခဲ့ပေလိမ့်မည်။
သူ့ကို ပျင်းရိနေခွင့်ပေးထားမည် မဟုတ်ပါချေ။
စုဝေ့တုန်က မျက်နှာအမူအရာပျက်ယွင်းစွာဖြင့် သူ၏ဇနီးနှင့်အတူ ထွက်ခွာသွားခဲ့သည်။
တတိယအဒေါ်စုသည်လည်း အချိန်ဆွဲမနေတော့ပါချေ။ သူမက ခေါက်ဆွဲတစ်ပန်းကန်ကို စားပြီးနောက် ပန်းကန်များကို ဆေးကြောကာ နှုတ်ဆက်၍ ထွက်လာခဲ့လေသည်။
အပြင်ဘက်တွင် မှောင်နေသေးသောကြောင့် တစ်ခုခုဖြစ်မည်ကို စိုးရိမ်သည့်အတွက် လော်ယွီရှို့နှင့် စုဝေ့မင်တို့က သူမအား ကားဂိတ်အထိ အတူတကွ လိုက်ပို့ပေးခဲ့ကြပေသည်။
ထို့ကြောင့် စုဝေ့ချင်းနှင့် လီရှန်းတို့ နိုးလာချိန်တွင် တစ်အိမ်လုံးမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
“ဝေချင်း.. ကျွန်မရဲ့အဝတ်အစားတွေကို ခဏလောက် ယူပေးပါဦး”
လီရှန်းက တစ်ဖက်သို့ လှည့်လိုက်ပြီး စုဝေ့ချင်း၏ လက်မောင်းကို တွန်းဖယ်လိုက်သော်လည်း စုဝေ့ချင်းက သူမကို ပို၍တင်းကျပ်စွာ ပွေ့ဖက်လိုက်ပေသည်။
“မိုးတောင် မလင်းသေးဘူး၊ ဘာလို့ ဒီလောက်စောစော ထချင်နေရတာလဲ၊ အလုပ်သွားစရာ မလိုတဲ့အချိန်က ရှားပါးလွန်းတယ်၊ ခဏလောက် ထပ်အိပ်ပါဦး”
မနက်ခင်းအချိန်တွင် မျက်လုံးဖွင့်လိုက်သည်နှင့် သူချစ်ရသော မိန်းကလေးကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားရပြီး ဂွမ်းစောင်များမှာလည်း နွေးထွေးအိစက်နေခဲ့လေသည်။
စုဝေ့ချင်းမှာ “နွေဦးညက တိုတောင်းလွန်းပြီး နေမင်းက လျှင်မြန်စွာဖြင့်အထက်ကောင်းကင်ယံသို့ မြင့်တက်လာချေပြီ” ဟူသော ဆိုရိုးစကားများက အဘယ်ကြောင့် ရှိနေသည်ကို နားလည်လာခဲ့ပေပြီ။
သူက ဆက်ပြောလိုက်လေ၏။
“မနေ့ညက မင်းလည်း ပင်ပန်းထားတယ်မလား”
ဤသို့ပြောလိုက်ချိန်တွင် စုဝေ့ချင်းတစ်ယောက် ယမန်နေ့ညက ကိစ္စများကို ပြန်လည်သတိရသွားခဲ့ပြီး သူ၏မျက်နှာမှာလည်း ထပ်မံ၍ နီရဲသွားရပြန်၏။
လီရှန်း:....
သူတို့နှစ်ဦး၏ အခန်းကဏ္ဍများက ပြောင်းပြန်ဖြစ်နေသည်ဟု သူမ စတင်ခံစားလာရသည်။
ကံကောင်းစွာဖြင့် စုဝေ့ချင်းက အမှန်တကယ် ရှက်ရွံ့နေခြင်းမျိုး မဟုတ်ဘဲ အသားဖြူပြီး မျက်နှာအရေပြားပါးလွှာသူဖြစ်နေသောကြောင့် အလွယ်တကူ နီရဲသွားတတ်ခြင်းသာ ဖြစ်ပေသည်။
သူက ခဏမျှ ပွေ့ဖက်ထားပြီးနောက် မတ်တပ်ထထိုင်လိုက်လေ၏။
“မင်း ဆက်အိပ်နေဦးလေ၊ ကိုယ် အပြင်ကိုထွက်ပြီး တစ်ချက်လောက် သွားကြည့်လိုက်ဦးမယ်”
ဆိုရလျှင် သူ၏မိဘများက ယခုအချိန်တွင် နိုးနေလောက်ပေပြီ ။
သို့သော်လည်း ယနေ့တွင် မည်သည့်အသံကိုမျှ မကြားရသောကြောင့် အနည်းငယ် ထူးဆန်းနေခဲ့သည်။
စုဝေ့ချင်းက လီရှန်း၏ လည်ပင်းအောက်မှ သူ၏လက်မောင်းကို ညင်သာစွာ ဆွဲထုတ်လိုက်ပြီး အင်္ကျီနှင့် ဘောင်းဘီများကို လျှင်မြန်စွာဝတ်ဆင်လိုက်ကာ အနွေးထည်ကိုပါ ထပ်ဝတ်လိုက်သည်။
ထို့နောက် ဖိနပ်ကို စီးကာ အပြင်ဘက်သို့ ပြန်ထွက်လာခဲ့လေ၏။ ဧည့်ခန်းက တိတ်ဆိတ်နေပြီး စားပွဲပေါ်တွင်တော့ မဆေးရသေးသော ပန်းကန်တချို့ ရှိနေခဲ့သည်။
အိမ်ထဲသို့ ပြန်ကြည့်လိုက်လျှင် သူ၏အခန်းမှလွဲ၍ ကျန်ရှိနေသောအခန်းတံခါးများ အားလုံးက ပွင့်နေခဲ့ချေပြီ။
အိမ်တွင် သူတို့နှစ်ဦးတည်းသာ ကျန်ရစ်နေခဲ့ကြောင်း သိသာပေ၏။
စုဝေ့ချင်း မီးဖိုချောင်သို့ ထပ်မံသွားကြည့်သည့်လိုက်လျှင် အောက်ဘက်တွင် မဆေးရသေးသည့် အိုးများကို တွေ့ရပြီး စဉ်းနှီတုံးပေါ်တွင်လည်း ပါးပါးလှီးထားသော ကြက်သွန်မြိတ်လေးများ ကျန်ရှိနေသည်ကို မြင်လိုက်ရ၏။
စုဝေ့ချင်း အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
“အဖေနဲ့အမေတို့က ဦးလေးတို့ကို ကားဂိတ်ဆီကို လိုက်ပို့ပေးနေကြတာ ဖြစ်မယ်”
“ဒါဆိုရင်တော့ ကျွန်မ အမြန်ထမှ ဖြစ်မယ်”
လီရှန်း ထထိုင်လိုက်ပြီး ဆွယ်တာအင်္ကျီကို ဆွဲယူ၍ ဝတ်လိုက်၏။ သူမက မနေ့က ဝတ်ဆင်ခဲ့သော အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်လေသည်။
ယမန်နေ့က သူမ၏ ခန်းဝင်ပစ္စည်းများ ရောက်ရှိလာခဲ့သော်လည်း နေ့စဉ်ဝတ် အဝတ်အစားများက အိမ်တွင်သာ ကျန်ရှိနေသေးပေသည်။
သူမအနေဖြင့် နှစ်ရက်ခန့် အဆင်ပြေသည့်အဝတ်အစားကို ဝတ်ဆင်ထားရပေတော့မည်။ မိဘအိမ်သို့ပြန်ရသည့်အချိန်မှသာ အဝတ်အစားအားလုံးကို တစ်ပါတည်း သယ်ယူလာရလိမ့်မည်။
အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် လီရှန်းက လျင်မြန်စွာ သန့်ရှင်းရေး လုပ်လိုက်လေ၏။
မနေ့က စုဝေ့ချင်း ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သော စာအိတ်နီ စက္ကူခွံချို့ ရှိနေသေးသည့်အတွက် လီရှန်းက သန့်ရှင်းလိုက်ပြီး နဂိုအတိုင်း ရှိနေသည့် စက္ကူများကို ရွေးထုတ်ကာ သေသေချာချာ ပြန့်ကားအောင် လုပ်လိုက်လေ၏။ ပြီးနောက် နောက်ပိုင်းတွင် လက်ဆောင်ပြန်ပေးရန်တွင်သုံးရန်အတွက် သူမ၏ မှတ်စုစာအုပ်ထဲတွင် ညှပ်၍ သိမ်းဆည်းထားလိုက်သည်။
ကျန်ရှိသော အပိုင်းအစများကိုတော့ လှည်းကျင်းကာ အမှိုက်ဂေါ်ပြားထဲသို့ ထည့်လိုက်သည်။
သူမ အခန်းထဲမှ ထွက်လာသည့်အချိန်တွင် စုဝေ့ချင်းက စားပွဲပေါ်ရှိ မဆေးရသေးသော ပန်းကန်များကို သိမ်းဆည်းပြီးရုံသာမက အိုးကိုပင် ဆေးကြောပြီးနေခဲ့ချေပြီ။
စုဝေ့ချင်းက မီးဖိုချောင်ထဲမှ ခေါင်းထုတ်၍ကြည့်လာခဲ့သည်။
“ ရှန်းရှန်း ခေါက်ဆွဲစားမလား”
“စားမယ်”
နောက်ပိုင်းကာလများတွင် ခေါက်ဆွဲဆိုသည်က ထူးဆန်းသည့်စားသရာ မဟုတ်တော့သော်လည်း ယခုအချိန်တွင်တော့ အဆင့်မြင့်အစားအစာ ဖြစ်နေပေသည်။
ထို့ကြောင့် လီရှန်းအနေဖြင့် မစားဘဲ နေရန် အကြောင်းမရှိပါချေ။
စုဝေ့ချင်းက ချက်ချင်းပင် ခေါက်ဆွဲနှစ်ပန်းကန် ချက်ပြုတ်လိုက်ပြီး ကြက်ဥနှစ်လုံး ကြော်လိုက်၏။
ချက်ပြုတ်ပြီးနောက်တွင် ဝက်ဆီတစ်ဇွန်း ထည့်လိုက်ပြီး နောက်ဆုံးတွင် ကျန်ရှိနေသော ကြက်သွန်မြိတ်လေးများကိုလည်း အပေါ်မှ ဖြူးလိုက်သောကြောင့် ဟင်းရည်ကြည် ခေါက်ဆွဲနှစ်ပန်းကန်က အဆင်သင့် ဖြစ်သွားတော့သည်။
မနေ့က သူတို့၏ မင်္ဂလာရက်ဖြစ်သည့်အတွက်ဇနီးမောင်နှံအသစ်လေးမှာ ဧည့်သည်များကို လိုက်လံ ဧည့်ခံရခြင်းနှင့် အလုပ်ရှုပ်နေခဲ့ပြီး အစားကောင်းကောင်း မစားခဲ့ရပါချေ။
ထို့အပြင် တစ်ညလုံးလည်း အင်အားအပြည့်ဖြင့် လှုပ်ရှားခဲ့ရသည့်အတွက် အလွန်ပင် ဗိုက်ဆာနေကြပေပြီ။
ထို့ကြောင့် ယခုအချိန်တွင် ပူပူနွေးနွေး ဟင်းရည်ကြည် ခေါက်ဆွဲတစ်ပန်းကန်ကို စားလိုက်ရပြီးမှာသာ အတော်လေး သက်သောင့်သက်သာဖြစ်သွားကြတော့သည်။
သူတို့ စားသောက်ပြီးသွားသည့်နောက်တွင် စုဝေ့ချင်းက ပန်းကန်များသွားဆေးခဲ့ပြီး လီရှန်းကတော့ စားပွဲသုတ်ဝတ်ဖြင့် စားပွဲကို လိုက်သုတ်ခဲ့လေသည်။
ထိုအချိန်တွင်ပင် စုဝေ့ဟိုင်တို့ ဇနီးမောင်နှံသည်လည်း ကလေးများနှင့်အတူ ရောက်ရှိလာခဲ့ကြလေ၏။
စုချန်နှင့် စုကျွင့်တို့က အိမ်ထဲသို့ ဝင်လာသည်နှင့် စုဝေ့ချင်းထံသို့ ပြေးသွားကာ နှုတ်ဆက်ကြတော့သည်။
“တတိယဦးလေး”
“အင်း”
စုဝေ့ချင်းက တူလေးနှစ်ယောက်၏ နဖူးကို ပွတ်သပ်ပေးလိုက်ပြီး လီရှန်းဘက်သို့ ညွှန်ပြကာ မေးလိုက်၏။
“ဒါဆို မင်းတို့ရဲ့ တတိယအဒေါ်ကိုရော”
ကလေးနှစ်ယောက်သည်လည်း လီရှန်းအား အမြန်ပင် နှုတ်ဆက်လိုက်ကြလေသည်။
“တတိယအဒေါ် မင်္ဂလာမနက်ခင်းပါ”
“မင်္ဂလာမနက်ခင်းပါ”
လီရှန်းက ကလေးငယ်နှစ်ဦးကို အပြုံးနှင့်နှုတ်ဆက်လိုက်ပြီးနောက် စုဝေ့ဟိုင်နှင့် ဝူလီတို့ဘက်သို့ လှည့်ကာမေးလိုက်၏။
“အစ်ကိုကြီးနဲ့ ယောက်မ၊ မနက်စာ စားပြီးကြပြီလား”
“စားပြီးပြီ”
စုဝေ့ဟိုင်က ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အနေဖြင့် မနက်က စောစီးစွာထခဲ့ရသောကြောင့် အနည်းငယ် အိပ်ငိုက်နေဆဲပင်။
သူက သမ်းဝေလိုက်ရင်း လေးလံထိုင်းမှိုင်းစွာ ပြောလိုက်လေသည်။
“ငါ ဝေဖင်းရဲ့ အခန်းထဲမှာ ခဏလောက် သွားအိပ်ဦးမယ်၊ မင်းတို့ဘာသာ မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြ”
“ဒုတိယအစ်ကိုရဲ့ အခန်းမှာပဲ သွားအိပ်ပါလား၊ ဝေဖင်းရဲ့ အခန်းထဲမှာ ရှန်းရှန်းရဲ့ ပစ္စည်းတွေ ရှိနေသေးတယ်၊ သူမက ပစ္စည်းတွေ သိမ်းဆည်းနေရင် အစ်ကိုကြီးလည်း ကောင်းကောင်းအိပ်လို့ရမှာ မဟုတ်ဘူး”
စုဝေ့ချင်းအနေဖြင့် လွန်ခဲ့သော နှစ်ရက်ခန့်က လီရှန်း၏ အဆောင်မှ သယ်ယူလာခဲ့သော ပစ္စည်းပုံကြီးကို မမေ့သေးပါချေ။
ယခုအချိန်တွင် သူတို့က လက်ထပ်ပြီးခဲ့ပြီဖြစ်၍ ထိုပစ္စည်းများကို သူတို့၏ ကိုယ်ပိုင်အခန်းထဲသို့ ရွှေ့ပြောင်းနိုင်ချေပြီ။
“ကောင်းပြီလေ”
စုဝေ့ဟိုင်က ခေါင်းညိတ်ကာ ထပ်မံသမ်းဝေလိုက်ပြီး စုဝေ့ယန်၏ အခန်းထဲသို့ လှည့်ဝင်သွားခဲ့တော့သည်။
စုဝေ့ဟိုင် အိပ်ငိုက်နေသည်ကို မြင်လျှင် ဝူလီက သက်ပြင်းချလျက် ပြောလာလေ၏။
“သူ မနေ့ညက ဝမ်းကွဲတွေနှင့် တစ်ညလုံးနီးပါး ဖဲကစားနေတာလေ၊ အိပ်ပျော်ပြီးတာ မကြာသေးဘူး ဦးလေးနဲ့ အဒေါ်တို့က တံခါးလာခေါက်လို့ ထပြီး သူတို့အတွက် မနက်စာ ပြင်ပေးလိုက်ရသေးတယ်”
“ညီအစ်ကိုတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ရခဲတာကိုး”
လီရှန်းက နားလည်မှုရှိစွာ ပြန်ပြောလိုက်ပေသည်။
“နင် ပြောတာအမှန်ပဲ”
လီရှန်းက ဝင်ရောက်ပြောဆိုသည်ကို မြင်လျှင် ဝူလီက စကားပြောရန်အတွက် ပို၍အားတက်သွားတော့သည်။
လီရှန်းသည်လည်း စုမိသားစု၏ ဆွေမျိုးတော်စပ်ပုံ ကွန်ရက်ကို နားလည်လိုသည့်အတွက် သူတို့နှစ်ဦးက ချက်ချင်းပင် စိတ်တူကိုယ်တူ ဖြစ်သွားကြပြီး လက်ဖက်ရည်တစ်အိုးတည်ကာ ဆိုဖာပေါ်တွင် ထိုင်၍ စကားပြောဆိုခဲ့ကြတော့သည်။
စုဝေ့မင်တွင် ညီအစ်ကိုသုံးယောက်ရှိပြီး သူက ဒုတိယမြောက်ဖြစ်ပေ၏။ သူ၏ အစ်ကိုကြီးဖြစ်သူ စုဝေ့တုန်မှာ ပြည်နယ်ကုန်တိုက်ကြီးတစ်ခု၏ မန်နေဂျာဖြစ်ပေသည်။
သူသည်က အလယ်အလတ်ပိုင်း မန်နေဂျာတစ်ဦးဖြစ်ပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော်လည်း အဆင့်မြင့် စီမံခန့်ခွဲမှုပိုင်းသို့ တက်လှမ်းနိုင်ခြင်း မရှိသေးပါချေ။
ထို့အပြင် သူ၏ဇနီးသည်မှာလည်း အလုပ်တစ်ခါမျှ မလုပ်ဖူးသောကြောင့် လုပ်ငန်းခွင်မှ အိမ်ရာချထားပေးခြင်း မရှိခဲ့ပေ။
ထို့အတွက်မိသားစုမှာ ဝန်ထမ်းအိမ်ရာဝင်းကြီးတစ်ခုထဲရှိ အိမ်တွင်သာ နေထိုင်ကြရသည်။
သူတို့တွင် သားသမီးများလည်း များပြားသောကြောင့် သူတို့၏ နေထိုင်ရသည့်အိမ်မှာ အလွန်ပင် ကျဉ်းကျပ်လွန်းပေသည်။
ထိုအကြောင်းကို ပြောချိန်တွင် ဝူလီကပြောလာခဲ့သည်။
“သူမက ပြည်နယ်မြို့တော်ရဲ့ အိမ်ထောင်စုစာရင်း ရှိနေရုံလေးနဲ့ အနိုင်ရသလိုလုပ်နေတာပဲ”
သူမအနေဖြင့် အကြီးဆုံးအဒေါ်ကို အမှန်တကယ်ပင် သဘောမကျခြင်းဖြစ်နိုင်ပေ၏။
ထို့နောက်တွင် ပို၍ လေးစားဖွယ်ကောင်းသော တတိယအဒေါ် အကြောင်းကိုပြောလာသည်။
သူမက သူနာပြုခေါင်းဆောင်ဖြစ်ရုံသာမက သူမ၏ခင်ပွန်းဖြစ်သူ တတိယဦးလေးစုမှာလည်း အစိုးရအဖွဲ့အစည်းအတွင်းမှ ဖြစ်ပေသည်။
သူက ပြည်နယ်မြို့တော်၏ ဝါဒဖြန့်ချီရေးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးမျှသာ ဖြစ်သော်လည်း သူ၏လုပ်ငန်းခွင်မှ အိမ်ရာချထားပေးထားသည့်အပြင် သားနှစ်ဦးမှာလည်း အလွန်ထူးချွန်ကြသည်။
တစ်ဦးမှာ စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး ကျန်တစ်ဦးက အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေဆဲဖြစ်၏။
တစ်မိသားစုလုံးက ဂုဏ်သိက္ခာရှိသူများပင် ဖြစ်ကြပေသည်။
*
***