“တတိယအဒေါ်နဲ့ အမေကတော့ ဆက်ဆံရေးကောင်းကြတယ်၊ မနေ့က ယောက်မ မလာခင်တုန်းက အကြီးဆုံးအဒေါ်က အမေ့ကို အမျိုးမျိုး နှိမ်ပြီးပြောနေတာ၊
ဒါပေမဲ့ တတိယအဒေါ်က အမေ့ဘက်ကနေ ကာကွယ်ပေးခဲ့တယ်၊ မနေ့က မင်္ဂလာရက် အရေးကြီးတဲ့နေ့မို့လို့သာပေါ့၊ မဟုတ်ဘဲ တခြားနေ့သာဆိုရင် အမေက ပြန်ပြီး ဆဲဆိုကြိမ်းမောင်းနေလောက်ပြီ”
ထိုစကားကို ကြားရလျှင် လီရှန်းလည်း သဘောတူစွာဖြင့် ခေါင်းငြိမ့်လိုက်မိ၏။ လော်ယွီရှို့၏ ဒေါသတကြီး တုံ့ပြန်တတ်သော အကျင့်ဖြင့်ဆိုလျှင် တစ်ပါးသူ၏ အနိုင်ကျင့်မှုကို သည်းခံနေမည် မဟုတ်ပါချေ။
လူကြီးပိုင်းမျိုးဆက်များအကြောင်း မိတ်ဆက်ပေးပြီးနောက် ဝူလီတစ်ယောက် မျိုးဆက်သစ်များအကြောင်းကို ပြောပြရန် ခက်ခဲသွားရတော့သည်။
အဓိကမှာ ဝမ်းကွဲမောင်နှမများက အလွန်များပြားလွန်းပြီး စုစုပေါင်း ဆယ်ဦးခန့်အထိရှိကာ ထိုအထဲမှ ထက်ဝက်မှာ အကြီးဆုံးဦးလေး၏မိသားစုမှ ဖြစ်နေသောကြောင့်ပင်ဖြစ်၏။
“တကယ်ကို သားသမီးရတနာ ထွန်းကားတဲ့ မိသားစုပဲ”
လီရှန်းက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
ဝူလီ : “စုချန်တို့ မျိုးဆက်မှာဆိုရင် ပိုတောင်များလာဦးမယ်”
စုဝေ့ယန်တို့ ဝမ်းကွဲညီအစ်ကိုများတွင် ကလေးရနေသူ လေးဦးသာ ရှိသေးသော်လည်း အရေအတွက်မှာ လူကြီးပိုင်းမျိုးဆက်များ၏ အရေအတွက်ကိုပင် နီးကပ်လာနေပြီ ဖြစ်ချေသည်။
သို့ဖြစ်၍ လီရှန်းက ကောက်ချက်ချလိုက်၏။
“အဲဒီကလေးတွေထဲက အများစုက ဦးလေးကြီးရဲ့ မိသားစုကပဲ ဖြစ်ရမယ်”
ဆိုရလျှင် မိသားစု၏ ဒုတိယအိမ်တွင် ကလေး သုံးဦးသာရှိနေသေးသောကြောင့် ဖြစ်ပေသည်။
ဝူလီက ပြုံးလိုက်ပြီး ခေါင်းကို အားပါစွာ ငြိမ့်ပြလိုက်၏။
ဘုရားရေ!
ကလေးမရှိလျှင်ပင် ရှိလာအောင် အခြေအနေများ ဖန်တီးကာ ယူကြသည်ဆိုသည်က မည်သည့်စကားကို ဆိုလိုခြင်းဖြစ်ကြောင်း လီရှန်း ကိုယ်တိုင် မြင်တွေ့လိုက်ရချေပြီ။
သူမ၏ အကြီးဆုံးဦးလေး၏ မိသားစုမှာ ယခုအချိန်အထိ အိမ်ခွဲမနေကြသေးဘဲ ညီအစ်ကိုများအားလုံးက အိမ်ရာခြံကြီးတစ်ခုထဲတွင် စုပြုံနေထိုင်ကြခြင်း ဖြစ်ပေသည်။
ကလေးငယ်များစွာ မွေးဖွားထားကြသည်ဖြစ်၍ ထိုနေရာက မည်မျှအထိ ပရမ်းပတာနိုင်မည်ကို လီရှန်းအနေဖြင့် ကိုယ်တိုင်မမြင်ရသော်လည်း ခန့်မှန်းကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။
ဝူလီက အတင်းအဖျင်းများကို ပြောဆိုရသည့်အချိန်မျိုးတွင် အလွန်ပင် တက်ကြွနေခဲ့ပေသည်။
လီရှန်းသည်လည်း နားထောင်ကောင်းသူတစ်ဦး ဖြစ်သည့်အပြင် ဝူလီအတွက် လက်ဖက်ရည်နှင့် ရေများကို မကြာခဏ ဖြည့်ဆည်းပေးနေခဲ့၏။ တစ်ခါတရံတွင်လည်း လိုအပ်သလို ထောက်ပံ့၍ စကားပြောပေးသောကြောင့် ဝူလီမှာ အတော်လေးပင် သဘောကျနေခဲ့ရပေသည်။
ဝူလီအနေဖြင့် လက်ထပ်ပြီးသည်မှာ နှစ်လခန့် ရှိပြီဖြစ်သော်လည်း စုဝေ့ဟိုင်မှာ အလွန်ပင် အလုပ်များလွန်းလွန်းပေသည်။ သူက နေ့စဉ် အိမ်ပြန်လာတတ်သော်လည်း သူ၏ အချိန်အများစုမှာ စာကြည့်ခန်းထဲတွင်သာ ကုန်ဆုံးနေခဲ့၏။
ယခင်ကဆိုလျှင် သူမအနေဖြင့် သူနှင့် ခဏတဖြုတ် စကားပြောခွင့် ရရှိခဲ့သေးသည်။ သို့သော် စုဝေ့ဟိုင်က သူမ၏ ကစားကွက်လေးများကို ရိပ်မိသွားသည့်နောက်တွင် ကလေးများနှင့် ရင်းနှီးမှု ပိုရှိစေရန်ဟူ၍ အကြောင်းပြကာ ညစဉ်ညတိုင်း သူမအား ကလေးများနှင့်သာ ဆော့ခိုင်းထားတော့သည်။
ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးကြား ချိုသာသော စကားလေးများကိုပင် ပြောဆိုခွင့် မရတော့ပါချေ။
အဘယ်ကြောင့်ဆိုသော် စုဝေ့ဟိုင်သည်က ကလေးများရှေ့တွင် ချစ်ခင်ကြင်နာမှုကို ပြသရန်အတွက် ငြင်းဆန်သောကြောင့်ပင် ဖြစ်ချေသည်။
စုမိသားစုအကြောင်းကို အားရအောင် ပြောဆိုပြီးနောက်တွင်လည်း ဝူလီက စိတ်မကျေနပ်သေးပါချေ။
သူမက လီရှန်း၏ စပ်စုလိုသော မျက်ဝန်းများကို မြင်လိုက်သည့်အခိုက်တွင် အံကိုတင်းတင်းကြိတ်ကာ သူမ၏ ကိုယ်ပိုင်မိသားစုအကြောင်းကိုပါ စတင်၍ ရင်ဖွင့်တိုင်တောတော့သည်။
သူမ၏ မိသားစုအကြောင်းကို ပြောရလျှင် ဝူလီက နောက်တစ်ကြိမ် ဒေါသထွက်လာရပြန်၏။
သူမသည်က သူမ၏မိသားစုထံမှ အနိုင်ကျင့်ခြင်းကို အတော်လေး ခံခဲ့ရသူဖြစ်ပြီး လက်ထပ်ပြီးသည့်တိုင်အောင် သူတို့က သူမကို လွှတ်မပေးခဲ့ကြပါချေ။
သူမ၏ လုပ်ငန်းခွင်သို့ပင်မကြာခဏ လာရောက်နှောင့်ယှက်ကြသောကြောင့် သူမအနေဖြင့် အပြစ်ပေးခံရလုနီးပါးပင် ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင် စုဝေ့ဟိုင်ထံမှ ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့သည်။
သို့သော်လည်း သူမက သူမ၏မိသားစုအကြောင်းကို အိမ်တွင် ညည်းတွားသည့်အချိန်မျိုးတွင် စုဝေ့ဟိုင်၏ တုံ့ပြန်မှုမှာ အလွန်ပင် ပေါ့ပျက်ပျက်နိုင်လွန်းပေသည်။
ထိုသူမှာ “သူတို့က ဒီလိုပါပဲ” သို့မဟုတ် “အိမ်မှာ ဒီလိုပြောနေရုံနဲ့ ဘာမှထူးလာမှာမဟုတ်ဘူး” ဟူသော စကားများဖြင့်သာ နှစ်သိမ့်တတ်ပေသည်။
သူမက နှစ်သိမ့်မှုကို လိုအပ်နေခြင်းလား။
မဟုတ်ပါချေ!
သူမ အမှန်တကယ် လိုလားသည်မှာ စုဝေ့ဟိုင်အနေဖြင့် သူမနှင့်အတူ ထိုရန်သူများကို မုန်းတီးပေးရန်သာ ဖြစ်ပေ၏။
ဝူလီ၏ မိသားစုက လူယုတ်မာများဖြင့် ပြည့်နှက်နေခဲ့သည်။
ထို့အပြင် ထိုသူများမှာ ဆိုးကွက်အားလုံးကို ပေါင်းစပ်ထားသည့် ပြတိုက်သို့ပင် ထည့်သွင်းရမည့်သူများဖြစ်ကြလေ၏။
သူမတွင် အမေပြောသမျှ စကားများကို မြေဝယ်မကျ နားထောင်တတ်သော မောင်တစ်ယောက်၊ ဗိုလ်ကျတတ်သော ယောက်မတစ်ယောက်၊ မောင်ဖြစ်သူကို အလိုလိုက်လွန်းသော အစ်မတစ်ယောက်၊ ဘက်လိုက်တတ်သော အမေနှင့် သူရဲဘောကြောင်သော အဖေတို့ ရှိကြသည်။
အရေးကြီးဆုံးမှာ သူမတွင် ဝူရွှမ်းဟု အမည်ရသော ဝမ်းကွဲညီမတစ်ယောက် ရှိပြီး သူမက အဆက်အသွယ်ဖြင့် အိမ်ထောင်ကွဲထားသော တပ်ခွဲမှူးတစ်ဦးနှင့် လက်ထပ်ထားခြင်း ဖြစ်၏။
ထိုသူမှာ ယခုအချိန်တွင် ယူနန်ပြည်နယ်တွင် စစ်မှုထမ်းနေခဲ့သည်။ ထိုတပ်ခွဲမှူး၏ အမည်မှာ ဝမ်ယွီဖြစ်ပေသည်။
ဝူရွှမ်း...
ဝမ်ယွီ...
ဝူလီ...
လီရှန်းတစ်ယောက် နားထောင်ရင်းဖြင့် မျက်လုံးများ ပြူးလာကာ ဤစကားလုံးများက တစ်စထက်တစ်စ ပိုမိုရင်းနှီးလာသကဲ့သို့ ခံစားလိုက်ရတော့သည်။
ဝူလီသည်က လီရှန်း၏ ထူးခြားသော အမူအရာကို သတိမထားမိဘဲ သူမ၏ မိသားစုအကြောင်းကိုသာ ဆက်လက်၍ မကျေမနပ်ပြောဆိုနေခဲ့၏။
သူမ ရင်ဖွင့်ပြီးမှသာ သူမအနေဖြင့် အပြောလွန်သွားကာ သူမ၏ လျှို့ဝှက်ချက်အားလုံးကို ပြောပြမိလုနီးပါး ဖြစ်သွားသည်ကို သတိပြုမိတော့သည်။
လီရှန်းသည်က အစမှအဆုံး စကားတစ်ခွန်းမျှ ဝင်မပြောခဲ့သကဲ့သို့ သူမ၏ မိသားစုအကြောင်းကိုလည်း အနည်းငယ်မျှပင် ထုတ်မပြောခဲ့ပါချေ။
ဝူလီက သူမ၏ ယောက်မကို ရင်ထဲတွင်ရှိသမျှ အကုန်လုံးကို ဖွင့်ပြောမိပြီး သူမ၏ မိသားစုအကြောင်းကိုပါ မကောင်းပြောမိသည့်အတွက် ရုတ်တရက် သူမကိုယ်သူမ ငတုံးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရတော့သည်။
ဝူလီမှ ရုတ်တရက် စကားရပ်သွားသည်ကို မြင်လိုက်ရလျှင် လီရှန်းမှာ အနည်းငယ် အံ့ဩသွားပြီးမေးလိုက်မိ၏။
“ဘာဖြစ်လို့လဲ ယောက်မ”
“ငါ တစ်ယောက်တည်း ပြောနေတာ ကြာလှပြီ၊ ရှန်းရှန်း.. နင့်ရဲ့ မိသားစုအကြောင်းလည်း ပြောပြပါဦးလား”
ဝူလီက လီရှန်းဘက်မှ ငြင်းဆိုမည်ကို စိုးရိမ်သောကြောင့် ရေတစ်ငုံ သောက်လိုက်ပြီးနောက် အနည်းငယ် တင်းမာသော လေသံဖြင့်ဆိုလာလေသည်။
“ရှန်းရှန်း.. နင့်ရဲ့ ယောက်မက နင််ကို မိသားစုဝင်တစ်ယောက်လို သဘောထားလို့ ကိုယ့်မိသားစုအကြောင်းတွေကို အကုန်ပြောပြတာလေ၊ နင်လည်း ကပ်စေးမနှဲပါနဲ့”
လီရှန်းသည်လည်း ကပ်စေးနှဲမည့်သူ မဟုတ်ပါချေ။
မည်သို့ပင်ဖြစ်စေ သူမ၏ မိသားစုအရေးမှာ ဖုံးကွယ်ထားရမည့် လျှို့ဝှက်ချက်များလည်း မဟုတ်သောကြောင့် သူမ၏ မိသားစုအတွင်းပိုင်းမှ ရှုပ်ထွေးမှုများကို ရိုးရှင်းစွာသာ ပြန်လည်ပြောပြလိုက်၏။
သူမက လီဟုန်ကျွင့်ဘက်မှ အကြောင်းအရာများကို ဝေဝေဝါးဝါးသာ ပြောပြသော်လည်း ကျန်းကျူးရိတို့ဘက်မှ အကြောင်းများကိုမူ အသေးစိတ် ပြောပြခဲ့သည်။
ဝူလီတစ်ယောက် နားထောင်ရင်းနှင့် ပို၍ပင် စိတ်မသက်မသာ ဖြစ်လာတော့၏။ နောက်ဆုံးတွင် သူမက ဆိုဖာပေါ်သို့ မှီချလိုက်ပြီး လက်ဖက်ရည်ကို သောက်ရင်း သက်ပြင်းချကာ ရိုးသားစွာပင် ဆိုလေသည်။
“နင့်မှာက အားကိုးရတဲ့ ဦးလေးမိသားစု ရှိသေးတာပဲ၊ ငါနဲ့တော့ မတူပါဘူး”
သူမ၏ ဆွေမျိုးများမှာတော့ သူမ၏ သွေးကိုစုပ်ကာ သူမ၏အရိုးကိုချိုးပြီး ရိုးတွင်းခြင်ဆီအထိ ဝါးစားချင်နေကြသည့် သွေးစုပ်ဖုတ်ကောင်များသာ ဖြစ်ကြပေသည်။
“အခုတော့ အစ်ကိုကြီးရှိနေပြီဆိုတော့ ယောက်မရဲ့ ဘဝက နောက်ပိုင်းမှာ ကောင်းမွန်သွားတော့မှာပါ”
ဝူလီတစ်ယောက် အမှန်တကယ်ပင် စိတ်ထိခိုက်သွားသည်ကို မြင်လိုက်ရသောကြောင့် လီရှန်းက နှစ်သိမ့်စကား ဆိုလိုက်ပေသည်။ ထို့နောက် ကလေးနှစ်ယောက်ကို သတိရလိုက်ပြီး ထပ်ပေါင်းပြောလိုက်လေ၏။
“ယောက်မဆီမှာ လိမ္မာရေးခြားရှိတဲ့ ကလေးနှစ်ယောက်လည်း ရှိနေတာပဲ၊ သူတို့ကိုသာ သေသေချာချာ စောင့်ရှောက်လိုက်ပေါ့၊ သူတို့ အရွယ်ရောက်လာတဲ့အချိန်ကျရင် ယောက်မအပေါ် သိတတ်ကြမှာပါ”
ဝူလီက အစပိုင်းတွင် ပျော်ရွှင်သွားသော်လည်း နောက်ဆုံးစကားကို ကြားလိုက်ရသည့်အခိုက်တွင် နှုတ်ခမ်းကို မကျေမနပ် စူလိုက်ပြီးတီးတိုးလေး ရေရွတ်လိုက်ပေသည်။
“သူတို့က ငါ့ဗိုက်က ထွက်လာတဲ့ ကလေးတွေမှ မဟုတ်တာ”
သူမက လီရှန်း ကြားမည်မဟုတ်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်ပေ၏။
မမျှော်လင့်ဘဲ လီရှန်းက သူမကို လေးနက်စွာ ကြည့်လျက် ပြောလာခဲ့သည်။
“ယောက်မ၊ ယောက်မ မှားနေပြီနော်၊ ကောင်းမွန်တဲ့ ကလေးဆိုတာ ဆုံးမသွန်သင်မှုအပေါ်မှာပဲ မူတည်တာ၊ ယောက်မက သူတို့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံရင် သူတို့ အရွယ်ရောက်လာတဲ့အချိန်ကျရင် ယောက်မအပေါ် ပြန်ပြီး ကောင်းကြမှာပဲ”
တကယ်လား။
ဝူလီကတော့ မယုံကြည်ပါချေ။
သူမ၏ ဝမ်းကွဲညီမ ဝူရွှမ်းအနေဖြင့် သားသုံးယောက်ရှိသော တပ်ခွဲမှူးတစ်ဦးနှင့် လက်ထပ်ခဲ့၏။ သူမက ထိုကလေးများအပေါ် အစွမ်းကုန် စိတ်ရောကိုယ်ပါ မြှုပ်နှံခဲ့သော်လည်း အကျိုးထူးခဲ့သည်လား။
နောက်ဆုံးတွင် သူမထံ၌ ကိုယ်ဝန်ရလာခဲ့သော်လည်း ထိုကလေးများကြောင့်ပင် ကိုယ်ဝန် ပျက်ကျခဲ့ရသေးသည် မဟုတ်ပါလား။
ထို့ကြောင့် သူမ၏ သွေးသား မဟုတ်လျှင် ကျေးဇူးသိတတ်အောင် ပြုစုပျိုးထောင်၍ မရနိုင်ဟု သူမ ယူဆထားပေသည်။
ဝူလီက ကလေးများအကြောင်းနှင့် ပတ်သက်၍ လီရှန်းနှင့် ဆက်လက် မဆွေးနွေးလိုတော့သည့်အတွက် ဆင်ခြေတစ်ခု ပေးကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့တော့သည်။
လီရှန်းလည်း ထိုနေရာတွင် ဆက်လက်ထိုင်နေရန် စိတ်မသက်မသာ ဖြစ်လာသောကြောင့် မတိုင်ခင်က အသုံးပြုခဲ့သော စားပွဲသုတ်ဝတ်ကို ပြန်ယူကာ စားပွဲကို ဆက်လက်သုတ်နေခဲ့၏။
သူမ၏တူလေးနှင့် ဆော့ကစားနေသော စုဝေ့ချင်းသည်လည်း လီရှန်းက အလုပ်များကို စတင်လုပ်ကိုင်လာသည်ကို မြင်လျှင် ကလေးများကို ပစ်ထားခဲ့ပြီး သူမ၏အနားသို့ ချက်ချင်းရောက်လာကာမေးလေသည်။
“မင်းနဲ့ မရီး ဘာတွေပြောနေကြတာလဲ”
သူတို့နှစ်ဦးက စကားပြောရာတွင် အလွန်အာရုံစိုက်နေကြသောကြောင့် သူ သူတို့၏ဘေးမှ တမင်တကာ အကြိမ်ပေါင်းများစွာ လမ်းလျှောက်ပြခဲ့သော်လည်း တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ကြပါချေ။
“ကျွန်မတို့ ဆွေမျိုးတွေအကြောင်း ပြောဖြစ်ကြတာ”
ဝူလီက စုမိသားစုအကြောင်းကို ပို၍ မကျေမနပ် ပြောဆိုခဲ့ခြင်းဖြစ်သောကြောင့် လီရှန်းက အဓိကအချက်ကို ရှောင်လွှဲကာ ဖြေလိုက်၏။
ဝူလီက သူမ၏မိသားစုအကြောင်းကို နောက်တစ်ကြိမ် ထပ်မံညည်းတွားနေပြန်ပြီဖြစ်ကြောင်းကို သိရှိလိုက်သောကြောင့် စုဝေ့ချင်းလည်း ချက်ချင်းပင် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့တော့သည်။
*
***