“ယောက်မရဲ့ ဝမ်းကွဲညီမနာမည်က ဝူရွှမ်းတဲ့၊ အဲဒီနာမည်ကို ကြားဖူးသလိုလို ရှိပေမဲ့ ဘယ်သူလဲဆိုတာ လုံးဝစဉ်းစားလို့မရဘူး ဖြစ်နေတယ်”
လီရှန်းတစ်ယောက် ဝူရွှမ်းဟူသော နာမည်ကို စိတ်ထဲမှ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိသော်လည်း ရှုပ်ထွေးနေဆဲဖြစ်ကာ မည်သည့်အရာကိုမျှ မမှတ်မိနိုင်သေးပါချေ။
ဝူရွှမ်း?
စုဝေ့ချင်းက မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားပြီးနောက်ပြောခဲ့သည်။
“ကိုယ်တော့ တစ်ခါမှ မကြားဖူးပါဘူး”
“ထားလိုက်ပါတော့၊ ကျွန်မလည်း ဆက်ပြီး မစဉ်းစားတော့ဘူး”
လီရှန်းက ကိစ္စရပ်တစ်ခုကို အတင်းအကျပ် အဖြေရှာတတ်သူမျိုးမဟုတ်သောကြောင့် အလုပ်ကိုသာ အာရုံစိုက်ရန်အတွက် အင်္ကျီလက်ကို လိပ်တင်လိုက်သည်။
မနေ့ညက မင်္ဂလာပွဲရှိခဲ့သောာ်လည်း စုမိသားစု၏ တစ်အိမ်လုံးကို သေသေချာချာ သန့်ရှင်းရေး လုပ်ထားပြီးဖြစ်၏။ မနေ့က တစ်နေကုန် အသုံးပြုခဲ့သော မီးဖိုချောင်တစ်ခုတည်းကိုသာ အနည်းငယ် သန့်ရှင်းရေးလုပ်ရန် လိုအပ်တော့သည်။
မီးဖိုမှာလည်း တစ်နေကုန် မီးမွှေထားခဲ့သောကြောင့် ရေများမှာ ပန်းကန်ဆေးရန်အတွက် အေးစက်မနေဘဲ အနေတော်နွေးထွေးနေခဲ့ပေသည်။
စုဝေ့ချင်းက လီရှန်းအတွက် ရေခပ်ပေးရန် မီးဖိုချောင်သို့ သွားချိန်တွင် မီးဖိုကို ကြိုးကြိုးစားစား သုတ်နေသော ဝူလီကို တွေ့လိုက်ရ၏။
သူက ပုခုံးကိုတွန့်ကာ ရေတစ်ဇလုံ ခပ်လိုက်ပြီးနောက် အပြင်သို့ ပြန်ထွက်လာခဲ့လေသည်။
လီရှန်း၏လက်ထဲရှိ အဝတ်စုတ်လေးက ညစ်ပတ်နေသောကြောင့် စုဝေ့ချင်းက လှမ်းယူကာ ကိုယ်တိုင်ဆေးကြောပေးလိုက်ပြီး ရေညှစ်လိုက်လေ၏။
“မင်းမှာ အားသိပ်မရှိဘူး၊ ကိုယ်ပဲ ညှစ်ပေးမယ်”
လီရှန်းက ပြုံးလိုက်ပြီး သူ့ကို ငြင်းဆိုခြင်းမရှိဘဲ ပုခုံးကိုသာ ခပ်ဖွဖွပုတ်ပေးလိုက်၏။
မီးဖိုချောင်ထဲမှ ဝူလီမှာ ဧည့်ခန်းအတွင်းရှိ ဇနီးမောင်နှံအသစ်၏ ချွဲနွဲ့နေမှုများကို မြင်လိုက်ရလျှင် စိတ်ထဲတွင် တစ်မျိုးတစ်ဖုံခံစားလိုက်ရတော့သည်။
သူတို့နှစ်ယောက်လုံးက စုမိသားစုရဲ့ သားတွေပဲ။ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။
ဒါပေမဲ့လည်း……
ဝူလီအနေဖြင့် စုဝေ့ဟိုင်၏ စရိုက်က ပို၍ ယောကျ်ားပီသသည်ဟု ခံစားမိပြန်သည်။
စုဝေ့ချင်းကတော့ လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ ကလေးဆန်ပြီး ရင့်ကျက်မှု မရှိသေးသလိုပဲ။
သူမက သန်မာပြီး အားကိုးရသည့် ယောကျ်ားမျိုးကိုသာ ပို၍သဘောကျမိသည်။
စုဝေ့မင်တို့ ဇနီးမောင်နှံက (၁၀)နာရီထိုးမှသာ ပြန်ရောက်လာကြလေ၏။ သူတို့ ပြန်လာသည့်အချိန်တွင် အသားများနှင့် ဟင်းသီးဟင်းရွက်များ အပြည့်ပါသော အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လာကြသည်။
လီရှန်းက လက်ဖက်ရည် နှစ်ခွက်ကို လျင်မြန်စွာ ငှဲ့ပေးလိုက်လေ၏။ လော်ယွီရှို့က ရေငတ်ပြေစေရန် တစ်ငုံ သောက်လိုက်ပြီးနောက်မှသာ အလွန်တက်ကြွစွာဖြင့် ဆိုလာခဲ့သည်။
“ကားဂိတ်ကို ရောက်တဲ့အချိန်ကျမှ အဲဒီမှာ နှစ်ကုန်တိုင်း ဈေးကြီးတစ်ခု ရှိတာကို သတိရတာနဲ့ မင်းတို့အဖေကို သွားကြည့်ရအောင်လို့ ပြောလိုက်တာ၊ တကယ်ပဲ ဖွင့်ထားတာကို တွေ့ခဲ့တယ်လေ”
ထိုဈေးတွင်ရှိနေသော လူအများစုမှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ထားသော ပစ္စည်းများကို လာရောက်ရောင်းချကြသည့် အနီးအနားမြို့နယ်နှင့် ကျေးရွာများမှ တောင်သူလယ်သမားများပင် ဖြစ်ကြပေသည်။
ထိုခေတ်ကာလတွင် မှောင်ခိုရောင်းဝယ်ဖောက်ကားခြင်းကို တားမြစ်ထားသော်လည်း တပ်မဟာထုတ်လုပ်ရေးအဖွဲ့များမှ ထုတ်လုပ်သော ပစ္စည်းများကိုတော့ တပ်မဟာအစုအဖွဲ့နာမည်ဖြင့် ရောင်းချခွင့် ပြုထားဆဲပက်ဖြစ်၏။
ယနေ့မှာ (၁၂) လပိုင်း (၂၉)ရက်နေ့ ဖြစ်နေပြီဖြစ်၍ ဆိုင်ခန်းခင်းကျင်းသူ သိပ်မများလှသော်လည်း အတော်အတန်တော့ ရှိနေသေးသည်။ သူတို့ဇနီးမောင်နှံက ဈေးစဖွင့်ချိန်ကတည်းက စောစောစီးစီး ရောက်ရှိသွားခဲ့သောကြောင့် ဝယ်ယူနိုင်သမျှ အကုန်လုံးကို ဝယ်ခဲ့ကြခြင်း ဖြစ်ချေသည်။
“ကြက်နှစ်ကောင်၊ ငါးနှစ်ကောင်နဲ့ ဘဲကြီး တစ်ကောင် ဝယ်ခဲ့တယ်”
ဇနီးမောင်နှံမှာ အသားခြောက်တချို့ကိုလည်း ဝယ်ယူခဲ့ပြီး ခြင်းတောင်း၏ အောက်ခြေတွင် ဝှက်၍ ထည့်ထားခဲ့ကြ၏။
အပေါ်ယံတွင်တော့ အရှင်ဖမ်းမိသော ကြက်ဘဲများကိုသာ သယ်ဆောင်လာခဲ့ကြခြင်း ဖြစ်ပေသည်။
မတိုင်ခင်က အောက်ထပ်တွင် ရှိနေချိန်တွင် တချို့သူများက ထိုပစ္စည်းများကို မည်သည့်နေရာတွင် ဝယ်ခဲ့ကြောင်း လာရောက်မေးမြန်းကြသည်။
ထို့အတွက် ယခုအချိန်တွင် လူတိုင်းက ပိုက်ဆံအိတ်ကိုယ်စီဖြင့် ကားဂိတ်ဘက်သို့ ဦးတည်သွားနေကြချေပြီ။
“စောစောထတဲ့ ငှက်က အစာဝတယ်ဆိုတာ ဒါမျိုးပေါ့၊ ကြည့်စမ်း... ငါတို့သာ ဒီနေ့စောစော မသွားခဲ့ရင် ဒီပစ္စည်းတွေကို ရမှာမဟုတ်ဘူး”
လော်ယွီရှို့က ဈေးကောင်းကောင်းကို ရှာဖွေနိုင်သည့် သူမ၏ အရည်အချင်းအတွက် အတော်ပင် ဂုဏ်ယူနေခဲ့ပေသည်။
ဘေးနားတွင် ရပ်နေသော စုဝေ့မင်ကစနောက်လိုက်လေ၏။
“ဒီဇင်ဘာ (၂၉)ရက်နေ့အထိ ဈေးရောင်းမယ့်သူ ရှိလိမ့်ဦးမယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူးလေ ဒါကြောင့် မင်းလိုလူတွေပဲတွေ့ကြတာ”
“ဘာလို့ မရှိရမှာလဲ”
လော်ယွီရှို့က သူ့ကို မကျေမနပ် မျက်စောင်းထိုးလိုက်သည်။
“ကျွန်မ သေသေချာချာ မေးခဲ့တယ်၊ မနက်ဖြန် မနက်ပိုင်းအထိ ရောင်းဦးမှာတဲ့”
“ဒါဆို မနက်ဖြန်မနက်လည်း ထပ်ပြီး စောစောထကြဦးမလား”
စုဝေ့မင်က သူမကို စနောက်လိုက်ပြန်၏။
“မလိုတော့ဘူး၊ အိမ်မှာ အလုံအလောက် ရှိနေပြီ”
လော်ယွီရှို့က ချောင်းနှစ်ချက် ခပ်ဖွဖွဟန့်လိုက်ပြီးပြောလိုက်သည်။
“ဒီအသားတွေကို ဆားနယ်ပြီး သိမ်းထားလို့ ရတယ်၊ နောက်နှစ်နွေဦးအထိတောင် ခံဦးမှာပဲ၊ ကျွန်မတို့က ပိုက်ဆံတွေ အပုံလိုက်ကြီး ရှိနေတာမှ မဟုတ်တာ၊ နှစ်သစ်ကူးမှာ နည်းနည်းပါးပါး စားသောက်ဖို့လောက်ပဲလေ၊ တကယ်ကြီး နေ့တိုင်း အသားဟင်းတွေချက်ပြီး အဝစားဖို့မှ မလိုတာ”
စုဝေ့မင်က သူမအနေဖြင့် ပိုက်ဆံအကုန်အကျခံရန် နှမြောတွန့်တိုနေသည်ကို မြင်ရသည့်အတွက် ရယ်လည်းရယ်ချင်ပြီး အနည်းငယ်လည်း စိတ်မကောင်းဖြစ်သွားရ၏။
မူလက ထိုဇနီးမောင်နှံတွင် တခြားအစီအစဉ်များ မရှိခဲ့ကြပါချေ။
သို့သော်လည်း မနေ့ညက သူတို့၏ အငယ်ဆုံးချွေးမလေး၏ ကုန်တင်ကားအပြည့် ပါလာသော ခန်းဝင်ပစ္စည်းများကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူတို့၌ ဖိအားများ ဖြစ်လာခဲ့တော့သည်။
သူတို့၏ အငယ်ဆုံးသမီး စုဝေ့ဖင်းမှာ ဤချွေးမငယ်လေးနှင့် အသက်တူပြီး အိမ်ထောင်ပြုရန် အရွယ်ရောက်နေချေပြီ။
သူတို့၏ ခန်းဝင်ပစ္စည်းမှာ ချွေးမဖြစ်သူထက် မသာလျှင်ပင် အနည်းဆုံးတော့ ရင်ပေါင်တန်းနိုင်သင့်ပေမည်။
ထို့ပြင် သားဖြစ်စေ၊ သမီးဖြစ်စေ သူတို့အတွက်တော့ အဖိုးတန်ရတနာများပင် ဖြစ်ကြ၏။
သားဖြစ်သူများက တစ်ထောင်စီ ရရှိခဲ့ကြပြီး သမီးဖြစ်သူက မရရှိခြင်းမှာ မတရားစွာ ဘက်လိုက်ခြင်းသာ ဖြစ်နေပေလိမ့်မည်။
သို့ဖြစ်ရာ ထိုဇနီးမောင်နှံမှာ လူတိုင်းအပေါ် တန်းတူညီမျှ ဆက်ဆံရန် ဆုံးဖြတ်လိုက်ကြသည်။
အကယ်၍ လက်ဖွဲ့ငွေ ယွမ် (၅၀၀) သိမ်းဆည်းထားပေးပြီး နောက်ထပ် ယွမ် (၅၀၀)ကို ခန်းဝင်ပစ္စည်းများအတွက် အသုံးပြုပေးမည်ဆိုလျှင် ထိုသည်ကလည်း အတော်လေး ခမ်းနားထည်ဝါပေလိမ့်မည်။
နောက်ပြောင်ကျီစယ်မှုများ ပြီးဆုံးသွားချိန်တွင် လော်ယွီရှို့က အသားများအားလုံးကို မီးဖိုချောင်သို့ သယ်ဆောင်ရန် ချွေးမနှစ်ဦးကို အမြန်ခေါ်သွားတော့သည်။
သူတို့က မီးဖိုတွင် မီးမွှေးကာ ရေနွေးတည်လိုက်ကြ၏။ ကြက်နှင့် ငါးများကို ဦးစွာ သတ်ဖြတ်ရန် ပြင်ဆင်ကြရပေမည်။ လီရှန်းနှင့် စုဝေ့ချင်းတို့က စက်ရုံ၏ ရိက္ခာအရောင်းဆိုင်သို့ တစ်ခေါက်ပြန်သွားကာ သူတို့တွင်ရှိသမျှ ဆားကူပွန်အားလုံးကို အသုံးပြုခဲ့ကြသည်။
လူများအနေဖြင့် အလုပ်တစ်ခုခုတွင် အာရုံရောက်နေသည့်အချိန်တွင် အပိုတွေ လျှောက်တွေးနေရန် အချိန်မရှိတော့ပါချေ။
ဝူလီသည်လည်း စိတ်ထဲတွင် အနေရခက်ခြင်းမျိုး မရှိတော့ဘဲ လီရှန်းနှင့် ပြန်လည်စကားပြောလာခဲ့၏။
ထိုနေ့မနက်ပိုင်းက သူတို့ကြားတွင် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည့်အတွက် ယခုအချိန်တွင် အပေါ်ယံဟန်ဆောင်မှုများ မရှိတော့ဘဲ သာမန်သူငယ်ချင်းများကဲ့သို့ပင် ပြောဆိုနေကြသည်။ ဤသည်က လော်ယွီရှို့ကိုပင် အံ့အားသင့်စေခဲ့ရပေသည်။
အနေရခက်လှသော ဤချွေးမကြီးမှာ နောက်ဆုံးတွင်တော့ ပုံမှန်ချွေးမတစ်ယောက်ကဲ့သို့ ပြုမူနေချေပြီ။
မီးဖိုချောင်အလုပ်များမှာ မွန်းလွဲပိုင်းအထိ ဆက်လက်များပြားနေခဲ့၏။
လော်ယွီရှို့က အသားလုံးကြော်ရန် ပြင်ဆင်နေပြီး ဝူလီမှာလည်း ဤအလုပ်တွင် ကျွမ်းကျင်သူဖြစ်၍ အလိုက်တသိဖြင့်ပင် ကူညီပေးနေခဲ့သည်။
မီးဖိုချောင်ထဲတွင် လူများလွန်း၍ ကျပ်ညပ်နေသည်ကို မြင်လျှင် လီရှန်းက စုဝေ့ဖင်း၏ အခန်းထဲရှိ သူမ၏ အထုတ်အပိုးများကို သိမ်းဆည်းရန် အကြောင်းပြကာ ထွက်လာခဲ့သည်။
အဆောင်ခန်းမှ သယ်လာချိန်က အထုပ်အပိုး အနည်းငယ်သာ ရှိသည်ဟု ထင်ရသော်လည်း တကယ်တမ်း ပြန်လည်သိမ်းဆည်းသည့်အချိန်တွင်အတော်လေး များပြားလွန်ပေသည်။
သို့သော်လည်း ဂွမ်းစောင်နှစ်ထည်မှာ အမှန်တကယ်ပင် သေးငယ်လွန်းပေ၏။ လီရှန်းတစ်ယောက် ထိုဂွမ်းစောင်များကို အတော်ကြာအောင် ကြည့်နေပြီးနောက်မေးလိုက်မိသည်။
“နှစ်သစ်ကူးပြီးရင် ရွာဘက်ကို ပြန်ပြီး ဂွမ်းစောင်လုပ်တတ်တဲ့သူဆီမှာ ဂွမ်းစောင်အသစ် သွားလုပ်ကြရင် မကောင်းဘူးလား”
“မလိုပါဘူး”
စုဝေ့ချင်းက ခေါင်းခါပြကာပြောလာလေသည်။
“ဒါတွေကို နောက်ပိုင်း ကလေးတွေသုံးဖို့အတွက် သိမ်းထားလိုက်မယ်”
ဂွမ်းစောင်အသေးလေးများက ကလေးတစ်ယောက်အတွက်ဆိုလျှင် အနေတော်ပင် ဖြစ်ပေလိမ့်မည်။
လီရှန်း: “...”
လက်ထပ်ပြီး ဒုတိယမြောက်နေ့တွင် တစ်ဖက်လူက ကလေးရဖို့အကြောင်းကို ဤမျှအထိ ကြိုတွေးနေပေပြီ။ ဤသည်က အလွန်အမင်း ဝေးလွန်းလှပေသည်မဟုတ်ပါလား။
သို့သော်လည်း စုဝေ့ချင်း ပြောသည်က မှန်ပေသည်။ သူတို့အနေဖြင့် အနှေးနှင့်အမြန် ကလေးရလာမည်ဖြစ်၍ ဤစောင်များကို ကလေးအတွက် သိမ်းထားသင့်သည် မဟုတ်ပါလား။
ထို့ကြောင့် ၎င်းတို့ကို သေသေချာချာ ခေါက်ကာ သစ်သားသေတ္တာထဲသို့ ထည့်လိုက်ကြ၏။
ကျောင်းတွင် အသုံးပြုခဲ့သော ခြင်ထောင်ကိုလည်း ထိုအထဲသို့ ထည့်လိုက်ကြပေသည်။
ထိုခြင်ထောင်မှာ ဖန်ချင်းကိုယ်တိုင်ချုပ်ပေးထားခြင်းဖြစ်ပြီး ခုတင်အသေးစားလေးများအတွက်သာ သင့်တော်သော ခြင်ထောင်အသေးစားလေး ဖြစ်ပေသည်။
ဇနီးမောင်နှံနှစ်ဦးမှာ အခန်းထဲတွင် အလုပ်ရှုပ်နေကြပြီး လော်ယွီရှို့က ထမင်းစားရန် လာခေါ်သည့် အချိန်ကျမှသာ သိမ်းဆည်းခြင်း အလုပ် ပြီးဆုံးသွားတော့သည်။
လီရှန်းက ခါးထောက်လိုက်ကာ သူမ၏ရှေ့ရှိ သပ်ရပ်လှပသော မြင်ကွင်းကို ကြည့်ပြီး စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်၏။
“တော်သေးတာပေါ့၊ အခန်းက ကျယ်နေသေးတယ်”
အကယ်၍ သူမ၏ အခန်းဟောင်းလေးသာ ဆိုလျှင် ဤပစ္စည်းအားလုံး ဆံ့မည်မဟုတ်လောက်ပေ။
စုဝေ့ချင်းက သူမ၏လက်ကို ဆွဲကာ ပြောလာသည်။
“ကြည့်မနေနဲ့တော့၊ အပြင်ကိုထွက်ပြီး စားကြရအောင်”
ဇနီးမောင်နှံအသစ်က လက်ချင်းချိတ်ဆက်လျှက် အခန်းအပြင်သို့ ထွက်လာကြလျှင် စုဝေ့ဟိုင်နှင့် တည့်တည့်တိုးတော့သည်။
စုဝေ့ဟိုင်က သူတို့ကို ကြည့်ကာ စနောက်သည့် အမူအရာဖြင့် မျက်စိတစ်ဖက် မှိတ်ပြလာလေ၏။
စုဝေ့ဟိုင်သည်က သူတို့ကို ထမင်းစားရန် လာခေါ်ခြင်းဖြစ်ပြီး သူတို့နှစ်ဦး ချစ်ခင်စွာပြုမူနေသည်ကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့သွား၍ စနောက်လာခြင်းဖြစ်ပေ၏။
လီရှန်း : “...”
ဒီအစ်ကိုကြီးနဲ့ သူရဲ့ဇနီးက ဘာတွေများ မှားနေကြတာလဲ။
*
***