ညစာစားပြီးနောက် စုဝေ့ဟိုင်တို့ ဇနီးမောင်နှံမှာ ကလေးများကို ခေါ်ဆောင်ကာ အိမ်သို့ ပြန်သွားကြပြီး လီရှန်းနှင့် စုဝေ့ချင်းတို့က ပန်းကန်ဆေးရန် တာဝန်ယူခဲ့ကြရပေသည်။
ဝူလီက အသားလုံးကြော်သည့် အလုပ်တွင် ပါဝင်ခဲ့သောကြောင့် တစ်ကိုယ်လုံး ဆီနံ့များ စွဲကပ်နေခဲ့သည့်အတွက် အဝတ်အစားများလဲပြီး အများသုံး ရေချိုးခန်းသို့ အမြန်သွားရောက် ရေချိုးရန်အတွက် အိမ်သို့ အမြန် ပြန်သွားခဲ့သည်။
ထို့ကြောင့် လီရှန်းအနေဖြင့် ဝူရွှမ်း၏အကြောင်းကို ထပ်မံမေးမြန်းခွင့် မရခဲ့ပါချေ။
သေချာပေ၏။
သူမက ဝူရွှမ်းဟူသော အမည်ကို အထူးတလည်ပင် အာရုံစိုက်နေမိခြင်း ဖြစ်၏။
မည်မျှအထိ အာရုံစိုက်နေမိသနည်းဆိုလျှင် ညဘက်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေသည့် အချိန်၌ပင် ဤကိစ္စကိုသာ တွေးတောနေမိသည်။
ဆန့်ကျင်ဘက်အနေဖြင့် စုဝေ့ချင်းမှာ တစ်ကြိမ် အတွေ့အကြုံရှိဖူးပြီ ဖြစ်သောကြောင့် မေးလာခဲ့၏။
“သက်သောင့်သက်သာ မရှိဘူးလား”
သူမ ခေါင်းခါပြသည်ကို မြင်လိုက်ရမှသာ သူက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ အပေါ်မှ အုပ်မိုးလိုက်တော့သည်။
မနေ့က အတွေ့အကြုံမရှိသေးသော လူသစ်လေးမှာ ယခုအချိန်တွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်နေခဲ့ပြီး သူမကို ခုတင်ပေါ်တွင် မုန့်ပြားကဲ့သို့ ဖြန့်ခင်းထားလိုက်တော့၏။
သူ အဆုံးသတ်လိုက်သည့် အချိန်တွင် သူမ အိပ်ငိုက်နေချေပြီ။
“မနက်ဖြန်တော့ ရေချိုးမှ ဖြစ်မယ်”
လီရှန်း အိပ်ချင်မူးတူးဖြင့် ခပ်တိုးတိုးရေရွတ်လိုက်ပေသည်။
“ကောင်းပြီလေ၊ မနက်ဖြန် မနက်ကျရင် ကိုယ် ဆေးကြောပေးမယ်”
စုဝေ့ချင်းအနေဖြင့် လီရှန်းကို အလွန်ပင် ချစ်စရာကောင်းသည်ဟု ထင်မှတ်နေမိပြီး သူမအား အထပ်ထပ်အခါခါ နမ်းရှိုက်နေမိခဲ့လေ၏။
တော်တော့။ မနမ်းပါနဲ့တော့ ။
ရုတ်တရက် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ပျောက်ကွယ်နေသော စနစ်၏ အသံက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့ပေသည်။
စုဝေ့ချင်း: “...”
ဘုရားရေ!
သူ စနစ်အကြောင်းကိုတောင် မေ့လုနီးပါး ဖြစ်နေခဲ့ချေပြီ။
သူက ရုတ်တရက် စိုးရိမ်တကြီး ဖြစ်သွားရ၏။
“ငါတို့ ခုနက လုပ်နေတာတွေကို.. မင်း မမြင်ဘူး မဟုတ်လား”
[ မမြင်ပါဘူး!]
သူသည်က Host၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ချောင်းကြည့်ရသည်ကို ဝါသနာပါသော ကိုယ်ကျင့်တရားမဲ့သည့် စနစ်မျိုး မဟုတ်ပါချေ။
“ဒါဆိုရင်တော့ တော်သေးတာပေါ့”
စုဝေ့ချင်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ သက်ပြင်းချလိုက်၏။
စနစ်ပ မျက်လုံးများကို လှန်ကြည့်ချင်သော်လည်း မလုပ်နိုင်ခဲ့ပါချေ။
“မနက်ဖြန် မနက်ကစပြီးစာသင်ကြားရမယ်”
သူက ထိုသတင်းစကားကိုသာ ချန်ထားခဲ့ပြီး ပျောက်ကွယ်သွားခဲ့တော့သည်။
စုဝေ့ချင်းတစ်ယောက် ရုတ်တရက်ဆိုသ စိတ်မသက်မသာ ဖြစ်သွားရ၏။
လွန်ခဲ့သော အချိန်များမှ ဆေးပညာဆိုင်ရာ စာများ၏ နှိပ်စက်မှုကို ခံခဲ့ရသည်ကို ပြန်လည်တွေးတောမိလိုက်သည့်အခိုက်တွင် သူ့အနေဖြင့် အသက်ရှင်လိုစိတ်ပင် ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
အကယ်၍သာ သူ၏ ယဥ်ကျေးမှုစာပေဆရာက ညဘက်တွင် သင်ခန်းစာပေးမည်ဆိုလျှင် သူ့ဘက်မှ လက်နှစ်ဖက်၊ ခြေနှစ်ဖက်လုံးကို မြှောက်ကာ ကြိုဆိုမိပေမည်။
သို့သော်လည်း ဆေးပညာဆိုသည်မှာ ..
ဒီစနစ်က နေရာမှားပြီး ရောက်နေခဲ့ခြင်းများလား။
သူ့ဇနီးကသာ ဆေးပညာကို ပို၍ နှစ်သက်သည် မဟုတ်ပါလား။
ထိုအခိုက်တွင် လီရှန်းတစ်ယောက် အိပ်မက်မက်နေခဲ့ကြောင်းကို စုဝေ့ချင်း မသိခဲ့ပါချေ။
သူမက မစ်ရှင်ထမ်းဆောင်သည့်ကမ္ဘာရှိ အကြောင်းအရာများကို အိပ်မက်မက်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုအချိန်က သူမ၏ အဖော်ဖြစ်သော စနစ်က ထွက်မသွားသေးဘဲ သူမ၏ နားထဲတွင် အမြဲတမ်း တစာစာ ပြောဆိုနေလေ့ရှိ၏။
ထိုစနစ်မှာ သူမက အလုပ်များလွန်းသောကြောင့် စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်သောကြောင့် ချွဲနွဲ့နေတတ်ပေသည်။ စနစ်က သူမကို နှစ်သိမ့်ပေးနေချိန်တွင် လီရှန်းတစ်ယောက် ဝူရွှမ်းနှင့် ဝမ်ယွီတို့မှာ မည်သူဖြစ်ကြောင်းကို ရုတ်တရက် သတိရသွားခဲ့တော့သည်။
သူတို့သည်က သူမ ဖတ်ဖူးသော စာအုပ်တစ်အုပ်ထဲမှ ဇာတ်ကောင်များ ဖြစ်ကြပေသည်။
မဟုတ်သေးချေ။ တစ်နည်းအားဖြင့် ဆိုရလျှင် စုမိသားစုဝင် အားလုံးမှာ စာအုပ်တစ်အုပ်ထဲမှ ဇာတ်ကောင်များပင် ဖြစ်ကြ၏။
စုဝေ့ချင်း တစ်ဦးမှလွဲ၍။
လီရှန်းအနေဖြင့် တာဝန်ထမ်းဆောင်ရာ ကမ္ဘာ၌ ဖိအားများ အလွန်များပြားနေချိန်တွင် စိတ်အပန်းဖြေရန်အတွက် အွန်လိုင်းဝတ္ထုများကို ဖတ်ရှုလေ့ရှိခဲ့ပေသည်။
လီရှန်းက လူကြိုက်များရေပန်းစားသော စာများကို ဖတ်ရှုရသည်ထက် ရလဒ်သင့်တင့်ရုံသာရှိသော်လည်း နာမည်ကောင်းရှိသော စာများကိုသာ ရွေးချယ်ဖတ်ရှုတတ်သည်။
ထိုအချိန်က သူမအနေဖြင့် အတော်လေးရုန်းကန်နေရသော စာရေးဆရာမတစ်ဦး၏ ကော်လံအောက်တွင် စုမိသားစုဝင်များအကြောင်းကိုသာ အခြေခံ၍ ရေးသားထားသည့် စာအုပ်လေးအုပ်ကို တွေ့ရှိခဲ့ဖူး၏။
ထိုစာရေးဆရာမက စုမိသားစုကို အတွဲလိုက် စီးရီးတစ်ခုအနေဖြင့် ရေးသားနေခြင်းပင် ဖြစ်ချေသည်။
ထိုစီးရီး၏ ပထမဆုံးစာအုပ်မှာ မိဘများ၏ အချစ်ဇာတ်လမ်းအကြောင်းဖြစ်ပြီး လော်ယွီရှို့က အဓိကဇာတ်ဆောင် ဖြစ်ပေသည်။
ဒုတိယစာအုပ်မှာ လော်ယွီရှို့၏ သားသမီးများအကြောင်းဖြင့် စတင်ထား၏။
ပထမစာအုပ်မှာ လက်တွေ့ဘဝများနှင့် တူညီမှုများလွန်းသောကြောင့် ရလဒ်မကောင်းခဲ့ပေ။
ထိုကြောင့် ဒုတိယစာအုပ်တွင် စာရေးဆရာမက ထိုခေတ်က ခေတ်စားနေသော အကြောင်းအရာများကို အခြေခံကာ မိထွေးတစ်ဦး၏အကြောင်းကို ရေးသားခဲ့လေသည်။
သို့သော်လည်း စာရေးဆရာမ၏ လူ့သဘာဝကို သရုပ်ဖော်မှုတွင် အလွန်ပင် လက်တွေ့ဆန်လွန်းလွန်းပေသည်။
မိထွေးဖြစ်သူမှာ သိမ်ဖျင်းကာ အကွက်ချတွက်ချက်တတ်ပြီး သူမ၏လင်ပါသားအပေါ် ဂရုမစိုက်ဘဲ သူမ၏သားသမီးများကိုသာ အသားပေး ပြုစုပျိုးထောင်သူအဖြစ် ဖော်ပြခံရ၏။
ထို့ပြင် စာရေးဆရာမက ဝူလီနှင့် ဆန့်ကျင်ဘက်ဇာတ်ကောင်အဖြစ် သူမ၏ဝမ်းကွဲညီမ ဝူရွှမ်းကို ထည့်သွင်းထားခဲ့ပေသည်။
ဝူရွှမ်းမှာ စာအုပ်ထဲတွင် သူတော်စင်တစ်ဦးကဲ့သို့ သရုပ်ဖော်ခံရပြီး လင်ပါသား၏ လုပ်ရပ်ကြောင့် ကလေးမရနိုင်တော့သည့်တိုင်အောင် ထိုကလေးအပေါ် စိတ်ရင်းမှန်ဖြင့် အစွမ်းကုန် ကောင်းမွန်စွာ ဆက်ဆံသူအဖြစ် ပါရှိခဲ့၏။
ထုံးစံအတိုင်းပင် ထိုဒုတိယစာအုပ်သည်လည်း ရှုံးနိမ့်ခဲ့ရပြန်သည်။
ပြန်လည်သုံးသပ်ပြီးနောက် စာရေးဆရာမက တတိယစာအုပ်ဖြစ်သော “အေးတိအေးစက် စစ်ဗိုလ်နှင့် ပြန်လည်မွေးဖွားလာသော ဇနီးချောလေး” ကို အားတက်သရော ရေးသားခဲ့သည်။ သို့သော်လည်း ရလဒ်က ဆိုးဝါးနေဆဲဖြစ်၍ ရပ်နားခဲ့ရလေသည်။
စတုတ္ထစာအုပ်ဖြစ်သော “စုဝေ့ဖင်း” မှာတော့ အခြေအနေ ပိုကောင်းသော်လည်း ပထမအခန်းကိုသာ ရေးသားနိုင်ခဲ့ပေသည်။
စုဝေ့ချင်း၏အကြောင်းကိုတော့ မည်သည့်နေရာတွင်မျှ ဖော်ပြခြင်း မခံခဲ့ရပါချေ။
လီရှန်းအနေဖြင့် သူမက ဝတ္ထုစီးရီးတစ်ခုထဲတွင် နေထိုင်နေရလိမ့်မည်ဟု တစ်ခါမျှ ထင်မှတ်မထားခဲ့သကဲ့သို့ နာမည်ပင် ထည့်သွင်းခြင်းမခံရသော လမ်းဘေးဖြတ်သွားဖြတ်လာတစ်ဦး ဖြစ်နေလိမ့်မည်ဟုလည်း မတွေးမိခဲ့ပါချေ။
အကယ်၍သာ သူမအနေဖြင့် စနစ်နှင့်တွေ့ဆုံကာ မစ်ရှင်ထမ်းဆောင် ကမ္ဘာများသို့ လှည့်လည်သွားလာခွင့် မရခဲ့ပါက စုဝေ့ချင်းနှင့် ဆုံတွေ့ခွင့်ရမည့် အခွင့်အရေးပင် ရှိလိမ့်မည်မဟုတ်ပေ။
ထို့အပြင်..
လီရှန်းအနေဖြင့် နားမလည်နိုင်သည့်အရာတစ်ခုရှိသည်။
သူမက စုမိသားစုရှိ အဓိကဇာတ်ဆောင် တစ်ဦးတစ်ယောက်ကိုမျှ မမှတ်မိဘဲ အဘယ်ကြောင့် မယ်တော်မာရီကဲ့သို့ ဝူရွှမ်းကိုသာ မှတ်မိနေရသနည်း။
မင်္ဂလာဆောင်ပြီး တတိယမြောက်နေ့တွင်ပင် နှစ်သစ်ကူးအကြိုနေ့သို့ ရောက်ရှိလာခဲ့၏။
ယခုအချိန်တွင် မင်္ဂလာပွဲများကို ရိုးရှင်းစွာ ကျင်းပကြသော်လည်း တချို့သော ထုံးတမ်းစဉ်လာများကိုတော့ လိုက်နာကြရဆဲ ဖြစ်ပေသည်။
ဥပမာအားဖြင့် မင်္ဂလာဆောင်ပြီး တတိယမြောက်နေ့တွင် သတို့သမီး၏ မိဘအိမ်သို့ ပြန်ရသည့် ခရီးစဉ်မျိုးပင် ဖြစ်ပေ၏
လော်ယွီရှို့က လက်ဆောင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ပေးထားခဲ့ပေသည်။ လူငယ်ဇနီးမောင်နှံ ထွက်ခွာသွားသည့်အချိန်တွင် သူမက လှမ်းမှာလိုက်လေ၏။
“နေ့လယ်စာစားပြီးတာနဲ့ စောစောပြန်လာကြနော်၊ နှစ်သစ်ကူးအကြိုညဆိုတော့ ငါတို့မှာလည်း အလုပ်တွေ အများကြီး ရှိဦးမှာ”
“ကောင်းပါပြီ အမေ”
လီရှန်း စကားမပြောရသေးမီပင် စုဝေ့ချင်းက လော်ယွီရှို့၏လက်ထဲမှ ခြင်းတောင်းကို လှမ်းယူလိုက်သည်။
အပေါ်မှ အုပ်ထားသော ပုဝါကို မကြည့်လိုက်လျှင် အထဲတွင် အသားတစ်တုံး၊ ကြက်ဥဆယ်လုံးနှင့် ဆောင်းရာသီဟင်းသီးဟင်းရွက် အစုလိုက်ကို တွေ့လိုက်ရ၏။
လော်ယွီရှို့က အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့်ပြောလာလေ၏။
“ကောင်းပြီ၊ ကြည့်မနေနဲ့တော့၊ ငါက မင်းရဲ့ယောက္ခမကို မတရားလုပ်မယ်လို့ ထင်နေတာလား”
“မဟုတ်ပါဘူး၊ ကျွန်တော့်အမေက အရက်ရောဆုံးပဲဆိုတာ လူတိုင်းသိတာပဲလေ”
စုဝေ့ချင်းက ပုဝါကို ချက်ချင်းပြန်အုပ်လိုက်ပြီး သူမကိုကြည့်ကာ ချိုသာစွာပြုံးပြလိုက်၏။
လော်ယွီရှို့မှာ ကြည့်မနေနိုင်တော့ပါချေ။
လက်မထပ်ခင်တုန်းက ကလေးဆန်တာကို လူငယ်လေးအဖြစ် ပြောလို့ရသေးသော်လည်း ယခုတွင် ဇနီးသည်က ဘေးနားတွင် ရပ်ကြည့်နေချိန်တွင်ပင် ဤသို့ပြုမူနေသည်။
အရှက်ရမှာကို မကြောက်ဘူးလား။
“မြန်မြန်သွားကြတော့၊ စောစောသွားမှ စောစောပြန်လာရမှာ”
မမြင်ရလေ သန့်ရှင်းလေဟူသောစကားအတိုင်း လော်ယွီရှို့က လက်ကာပြလိုက်ပြီး သူတို့မထွက်ခွာမီ အပေါ်ထပ်သို့ ပြန်တက်ရန် လှည့်လိုက်သည်။
သို့သော် သူမ လှည့်လိုက်သည့်အခိုက်တွင် သားကြီးဇနီးမောင်နှံက ကလေးများကိုခေါ်ပြီး သူမထံသို့ လျှောက်လာနေသည်ကို မြင်ရသောကြောင့် ထိုနေရာတွင်ပင် ရပ်စောင့်နေလိုက်သည်။
“ မိဘအိမ်ကိုပြန်ဖို့ ပြင်နေကြတာလား”
စုဝေ့ဟိုင်တို့ မိသားစုက နှုတ်ဆက်စကားဆိုပြီးနောက် သူတို့၏ အကြည့်များက စုဝေ့ချင်း၏လက်ထဲမှ ခြင်းတောင်းပေါ်သို့ ကျရောက်သွားကြသည်။
“ဟုတ်တယ်၊ ကျွန်တော်တို့ စောစောသွားဖို့ စဉ်းစားထားတာ၊ ညနေ ပြန်ရောက်ရင် လုပ်စရာတွေ ရှိသေးတယ်လေ”
စုဝေ့ချင်းက ခြင်းတောင်းကို ဝှေ့ယမ်းပြလိုက်၏။
“အချိန်မရှိဘူးဆိုရင်လည်း အခုလောလောဆယ် မသွားနဲ့ဦးလေ၊ ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူး ဒုတိယမြောက်နေ့ကျမှပဲ မိဘအိမ်ကို ပြန်ပြီး အားလုံးကို တစ်ခါတည်း ရှင်းလိုက်လို့ ရတာပဲမလား”
စုဝေ့ဟိုင်က အနည်းငယ် ရှုပ်ထွေးသွားရလေသည်။ သူနှင့် ဝူလီတို့မှာ လက်ထပ်ပြီးကတည်းက သူမ၏မိဘအိမ်သို့ တစ်ခါမျှ ပြန်မသွားခဲ့ကြပါချေ။
သူက ဇနီးသည်၏ မိသားစုကို နှိမ်ချလို၍မဟုတ်ဘဲ ဝူလီကိုယ်တိုင်က သူမ၏မိသားစုကို အမြဲတစေ သတိထားနေသောကြောင့် ဖြစ်ပေသည်။
ထိုစကားကြောင့် လော်ယွီရှို့၏ မျက်နှာက ပျက်ယွင်းသွားပြီး စုဝေ့ဟိုင်၏ နောက်ကျောကို ရိုက်လိုက်တော့သည်။
“မင်က မင်းပဲ၊ ဝေ့ချင်းက ဝေ့ချင်းပဲလေ၊ အဆင်ပြေသွားအောင် သူက အနည်းဆုံးတော့ လက်ထပ်ပြီး တတိယမြောက်နေ့မှာ မိဘအိမ်ကို ပြန်ကိုပြန်ရမှာပဲ”
ထို့နောက် သူမက စုဝေ့ချင်းကို လှမ်းပြောလိုက်သည်။
“မင်းတို့နှစ်ယောက် မြန်မြန်သွားကြတော့၊ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ”
“ကောင်းပြီ ကျွန်တော်တို့ သွားပြီနော်”
လော်ယွီရှို့က သူမ၏ ယပ်တောင်ကြီးကို ထပ်မံမြှောက်လိုက်သည်ကို မြင်လျှင် စုဝေ့ချင်းက လီရှန်းကို ချက်ချင်းဆွဲပြီး ထွက်ပြေးတော့သည်။
ယခုအချိန်ထိ စကားတစ်ခွန်းမျှ မဟရသေးသော လီရှန်းကလည်းအမြန်ပင် နှုတ်ဆက်လိုက်ရလေ၏။
“ဒါဆို အမေ ၊ ကျွန်မတို့ သွားပြီနော်”
“စောစောသွားပြီး စောစောပြန်လာကြ”
လော်ယွီရှို့က ထပ်မံမှာလိုက်ပြန်သည်။
“ကောင်းပါပြီ”
*
***