စုဝေ့ချင်းက လီရှန်းကို အတော်လေးဝေးသည့်အထိ ဆွဲခေါ်သွားပြီးမှ ခြေလှမ်းကို လျှော့ချလိုက်သည်။
သူက ခြင်းတောင်းကိုကိုင်ရင်း အနည်းငယ် မောဟိုက်နေခဲ့ကာ လီရှန်းကို စိုးရိမ်တကြီး မေးလိုက်လေ၏။
“ အဆင်ပြေရဲ့လား၊ ပင်ပန်းသွားပြီလား”
“အဆင်ပြေပါတယ်”
သူမက မပင်ပန်းသည့်အပြင် စုဝေ့ချင်း၏ လက်မောင်းကိုပင် ပြန်တွဲပေးနိုင်သေးသည်။
“ဘာလို့ အဲဒီလောက် မြန်မြန်ပြေးနေရတာလဲ”
စုဝေ့ချင်းက မောဟိုက်နေဆဲပင်။ သူမက ခေတ္တမျှ စောင့်ပေးရန် လက်ကာပြလိုက်ပြီး နှလုံးခုန်သံ ငြိမ်သွားမှ သက်ပြင်းရှည်တစ်ချက် ချလိုက်လေ၏။
“အဲဒီ ကိုယ့်ရဲ့ ငတုံးအစ်ကိုက နှစ်သစ်ကူးအကြိုနေ့ကြီးမှာ အဲဒီလိုစကားမျိုး ပြောနေတာလေ၊ သူက အမေ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ၊ ခုနက မရီးရဲ့ မျက်နှာတစ်ခုလုံး စိမ်းသွားတာကို မင်း မမြင်လိုက်ဘူးလား”
အဲလိုဖြစ်ခဲ့လို့လား။
လီရှန်းအနေဖြင့် ထိုအချိန်က အာရုံအားလုံးမှာ စုဝေ့ဟိုင်ထံသို့သာ ရောက်ရှိနေခဲ့သောကြောင့် အမှန်တကယ်ပင် မမှတ်မိပါချေ။
“ဒီတော့ ဘာဖြစ်ခဲ့တာလဲ”
လီရှန်းက စုဝေ့ဟိုင် ယခုလေးတင် ပြောသွားခဲ့သော စကားများကို ပြန်လည်စဉ်းစားကြည့်သော်လည်း မှားယွင်းနေသည်ကို မတွေ့ရပါချေ။
ဆိုရလျှင် ယနေ့မှာ နှစ်သစ်ကူးအကြိုနေ့ ဖြစ်ပေသည်။ အကယ်၍ မိဘအိမ်သို့ မပြန်ဖြစ်ခဲ့လျှင်ပင် မည်သူကမျှ အတင်းအဖျင်း ပြောကြမည်မဟုတ်ပေ။ အလွန်ဆုံး နှစ်သစ်ကူးအကြိုနေ့တွင် အလုပ်များလွန်းသောကြောင့် မပြန်နိုင်ခြင်းဟုသာ ထင်မှတ်ကြပေလိမ့်မည်။
သို့သော် လော်ယွီရှို့၏ တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့် ထိုကိစ္စ၏ နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်မှာ သိသာပေ၏။ လီရှန်းတစ်ယောက် ချက်ချင်းပင် စိတ်ဝင်စားသွားကာ စုဝေ့ချင်းကို လက်ဖြင့်တို့လိုက်ရင်း မေးမြန်းလိုက်သည်။
“ရှင့်ရဲ့ အစ်ကိုကြီးနဲ့ မရီးတို့က အဲဒီတုန်းက မိဘအိမ်ကို ပြန်မသွားခဲ့ကြဘူးလား”
“လက်ထပ်ပြီးလို့ ပြန်မသွားရုံတင် မကဘူး”
စုဝေ့ချင်းက ရယ်မောကာ ခေါင်းခါလိုက်ပြီး ဆက်လက်ပြောပြလေ၏။
“မရီး လက်ထပ်ပြီး နောက်တစ်နေ့မှာတင် သူမရဲ့အဖေနဲ့ မောင်လေးက အလည်ရောက်လာကြတာလေ”
ဝူလီ၏ ဖခင်အမည်မှာ ဝူယိုချိုင် ဖြစ်ပြီး မောင်လေးအမည်မှာ ဝူပေါင်ရှန်း ဖြစ်ပေသည်။
ထိုသားအဖနှစ်ယောက်မှာ သူတို့၏သမီးက ကောင်းမွန်သောမိသားစု တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကာ ယောက္ခမမှာလည်း စက်ရုံဒုတိယညွှန်ကြားရေးမှူး ဖြစ်သည့်အတွက် အလုပ်သွင်းပေးရန် အလွန်လွယ်ကူလိမ့်မည်ဟု ထင်မှတ်နေကြသည်။
ထို့ကြောင့် ဝူလီ လက်ထပ်ပြီး နောက်တစ်နေ့မှာပင် သူတို့၏အိမ်သို့ ရောက်ရှိလာကြပြီး စုဝေ့မင်အား ဝူပေါင်ရှန်းအတွက် အလုပ်ရှာပေးရန် တောင်းဆိုကြတော့သည်။
စုဝေ့မင်သည်ကား သူ၏သားအရင်းများကိုပင် အဆက်အသွယ်ကိုအသုံးချ၍ အလုပ်သွင်းမပေးခဲ့ဘဲ ရိုးသားစွာ စာမေးပွဲဖြေဆိုရန် မျှော်လင့်ထားသောကြောင့် သူတို့ကို မည်သို့ ကူညီနိုင်ပါမည်နည်း။
သို့ဖြစ်၍ သူသည်က စုဝေ့ချင်းကို ကုန်တိုက်သို့ ချက်ချင်းလွှတ်ကာ ဝူလီကို ပြန်ခေါ်ခိုင်းလိုက်တော့သည်။
ဝူလီ ပြန်ရောက်လာသည့်အချိန်တွင် ဝူယိုချိုင်တို့ သားအဖနှင့် အကြီးအကျယ် စကားများကြတော့၏။
နောက်ဆုံးတွင် ဝူလီသည်က ပညာတတ်လူငယ်ရုံး တံခါးဝအထိ တိုက်ရိုက်သွားရောက်ကာ ဝူယိုချိုင်အား အကယ်၍ ဝူပေါင်ရှန်းကို ကျေးလက်ဒေသဘက်သို့ အပို့မခံချင်လျှင် ချက်ချင်း အိမ်ပြန်ရန် ခြိမ်းခြောက်လိုက်တော့သည်။
ဝူမိသားစုထဲမှ မည်သူမဆို ဆေးဝါးစက်ရုံ၏ တံခါးဝသို့ နောက်တစ်ကြိမ် လာရဲသေးသည်ဟု ကြားသိရပါက သူမကိုယ်တိုင် ပညာတတ်လူငယ်ရုံးတွင် ဝူပေါင်ရှန်း၏နာမည်ကို စာရင်းသွင်းကာ အနောက်မြောက်ဒေသ နယ်စပ်ဖွံ့ဖြိုးရေးအတွက် သွားရောက်ရန် လျှောက်ထားပစ်မည်ဟု ဆိုလိုက်လေသည်။
ဤလုပ်ရပ်မှာ အလွန်ရက်စက်ပြီး ကြမ်းတမ်းလွန်းသောကြောင့် ဝူယိုချိုင်တို့ သားအဖမှာ ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားကြတော့သည်။
ထိုဖြစ်ရပ်ကြောင့် ဝူလီက ဝူမိသားစုအား သူမအပေါ် အခွင့်ကောင်းယူခွင့် လုံးဝမပေးတော့ရန် ဆုံးဖြတ်ပြီး အိမ်သို့ပြန်ရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်ပေသည်။
အဆုံးတွင် စုဝေ့ချင်းက သက်ပြင်းချရင်း ခေါင်းခါလိုက်၏။
“အမေကတော့ ဒီကိစ္စကြောင့် တကယ်ကို ဒေါသထွက်ခဲ့တာ၊ သူမက အစာအိမ်ရောဂါကိုတောင် အတော်ကြာအောင် ခံစားခဲ့ရတယ်၊
ပြည်နယ်မြို့တော်က ဆေးရုံကြီးမှာ သွားစစ်တော့လည်း ဒါက ဒေါသအလွန်အကျွံ ထွက်ခဲ့လို့ ဖြစ်ရတာလို့ပဲ ပြောခဲ့ကြတယ်လေ”
လီရှန်းက မေးခွန်းထုတ်လိုက်သည်။
“..မရီးက အရှက်ခွဲတယ်ဆိုပြီး ထင်လို့ အမေက ဒေါသထွက်သွားတာလား”
မည်သို့ပင်ဖြစ်စေ ဝူမိသားစု၏ သားအဖက စက်ရုံတွင် ပြဿနာရှာခဲ့ခြင်း ဖြစ်သောကြောင့် အဆောက်အဦးအတွင်းရှိ အခြားသူများ၏ အာရုံစိုက်မှုကို သေချာပေါက်ရရှိခဲ့ပေလိမ့်မည်။
စုဝေ့မင်သည်က ဒုတိယစက်ရုံညွှန်ကြားရေးမှူး ဖြစ်သည့်အတွက် လူတိုင်းက သူ့၏အလုပ်အပေါ် ယုံကြည်ကြသော်လည်း အမျိုးသမီးရေးရာအလုပ်ကို လုပ်ကိုင်သော လော်ယွီရှို့မှာတော့ လူအများအပြားနှင့် အဖုအထစ် ရှိခဲ့ဖူးသည်။
ဤဖြစ်ရပ်ပြီးနောက် လူအများအပြားက သူမ၏နောက်ကွယ်တွင် လှောင်ပြောင်နေကြမည်မှာ သေချာပေသည်။
“အဲဒါကြောင့် မဟုတ်ပါဘူး”
လီရှန်းနှင့် စုဝေ့ချင်း လက်မထပ်မီကပင် လော်ယွီရှို့အနေဖြင့် လီမိသားစု၏ အရေးကိစ္စများကို စုံစမ်းစစ်ဆေးပြီးဖြစ်သကဲ့သို့ စုဝေ့ဟိုင်နှင့် မလက်ထပ်မီကတည်းက ဝူလီ၏ အခြေအနေကို သိရှိခဲ့ပြီး ဖြစ်သည်။
သို့သော် သူမက ဝူလီကို မိသားစုဝင်အဖြစ် လက်ခံခဲ့ခြင်းမှာ ထိုကဲ့သို့သော ကောလာဟလများကို သူမ မကြောက်ခြင်းကြောင့်ပင် ဖြစ်၏။
စုဝေ့ချင်းက လော်ယွီရှို့၏ သဘောထားကို ရှင်းပြလာလေသည်။
“သူမက ကိုယ့်ရဲ့အစ်ကိုကြီးကို ကံဆိုးတယ်လို့ ထင်နေတာပဲ”
လီရှန်းမှာ အံ့အားသင့်သွားရ၏။
“ ကံဆိုးတာလား”
စုဝေ့ချင်းကလည်း စုဝေ့ဟိုင်၏ ကံတရားမှာ ထူးဆန်းသည်ဟု ခံစားရပေသည်။ သူက ဆက်လက်၍ ပြောလာခဲ့လေ၏။
“ဟုတ်တယ်လေ၊ မဟုတ်ရင် ဘယ်လိုဖြစ်ပြီး သူ့ရဲ့ ယောက္ခမဘက်တွေက ဒီလိုမျိုးတွေပဲ ဖြစ်နေရမှာလဲ”
သူ၏ ပထမမရီးဖြစ်သူမှာ အလွန်အရှုပ်အထွေးများပြီး ကိုယ်ဝန်ကို အကြောင်းပြကာ အမြဲတစေ အနိုင်ကျင့်တတ်သည်။ စုဝေ့ဟိုင်ကိုလည်း သူမ၏မောင်လေးအတွက် အဆက်အသွယ်များ အသုံးပြုရန် အမြဲဖိအားပေးခဲ့သည်။
နောက်ဆုံးတွင် စုဝေ့ဟိုင်က သည်းမခံနိုင်တော့ဘဲ ကွာရှင်းခဲ့ရလေ၏။
သို့သော်လည်း သူ၏ ဒုတိယအိမ်ထောင်မှာလည်း တူညီစွာပင် ဆိုးဝါးနေပြန်သည်။
တစ်ခုတည်းသော ခြားနားချက်မှာ ဇနီးသည်များ၏ ကိုင်တွယ်ပုံသာ ဖြစ်ပေသည်။
ယခင်ဇနီးမှာ သူမ၏မိသားစုထံမှ စကားကို လုံးဝနားထောင်ပြီး ငိုယိုကာ ပြဿနာရှာတတ်သည်။ သို့သော် လက်ရှိ ဇနီးမှာတော့ သူမ၏မိသားစုကို အခက်တွေ့အောင် လုပ်ဆောင်ကာ တော်လှန်ရေးကော်မတီနှင့် ပညာတတ်လူငယ်ရုံးများသို့ အမြဲပြေးလွှားနေတတ်သည်။
သူမ၏ ပြုမူပုံမှာ သူမ၏ မိဘဘက်မှ ဆွေမျိုးတစ်စုလုံးကို ပြန်လည်ပြုပြင်ရေးစခန်းများသို့ ပို့ဆောင်ပစ်ချင်နေသကဲ့သို့ပင် ဖြစ်နေချေသည်။
သို့သော်လည်း...
သူ၏အစ်ကိုကြီး ပြောခဲ့သောစကားအရဆိုလျှင် သူသည်က ဝူလီ၏ ထိုကဲ့သို့ ရဲတင်းလှသော စရိုက်ကို သဘောကျသည့်အတွက် သူမနှင့် လက်ထပ်လိုခဲ့ခြင်းပင် ဖြစ်ပေသည်။
လီရှန်းက သက်ပြင်းချမိကာ ပြောလိုက်၏။
“အစ်ကိုကြီးကတော့ တကယ့်ကို ‘မြွေကိုက်ခံရဖူးသူက ဆယ်နှစ်ကြာအောင် ကောက်ရိုးကြိုးမြင်တိုင်း ကြောက်နေတတ်တယ်’ ဆိုတဲ့ အတိုင်းဖြစ်နေတာပဲ”
“ဟုတ်လို့လား”
စုဝေ့ချင်းကတော့ ထိုသို့မထင်ပါချေ။
အကယ်၍ သူသည်သာ ဆယ်နှစ်ကြာသည့်တိုင် ကြိုးတစ်ချောင်းကိုပင် ကြောက်နေရမည်ဆိုပါက အဘယ်ကြောင့် မိဘများသဘောတူသည့် မိန်းကလေးကို မရွေးချယ်ဘဲ လက်ရှိမရီးကိုမှ ရွေးချယ်ခဲ့ပါမည်နည်း။
သို့ဖြစ်၍ ၎င်းကို “ဆယ်နှစ်တိုင်တိုင် ကောက်ရိုးကြိုးကို ကြောက်နေသည်” ဟု ပြော၍မရဘဲ “တောင်ပေါ်တွင် ကျားရှိမှန်းသိရက်နှင့် ကျားတွင်းထဲသို့ တိုးဝင်ခြင်း” ဟူ၍သာ ဆိုရပေလိမ့်မည်။
ဇနီးမောင်နှံနှစ်ဦးက စက်မှုယန္တယားစက်ရုံ တံခါးဝအထိ တစ်လမ်းလုံး အတင်းအဖျင်းများ ပြောဆိုလာခဲ့ကြပေသည်။
ကျန်းကျူးရိတို့ ဇနီးမောင်နှံကတော့ အပြင်သို့ မထွက်ကြသေးပါချေ။
ဆိုရလျှင် လီရှန်းက ယနေ့တွင် မိဘများထံ လာရောက်မည်ဟု ပြောထားသောကြောင့် စောင့်နေခဲ့ကြခြင်းဖြစ်လေ၏။
ကျန်းကျူးရိက ကျန်းရှင်းမင်တို့ ဇနီးမောင်နှံကို တုန်းယွမ်သို့ ဦးစွာ လွှတ်လိုက်ပြီး သူကိုယ်တိုင်ကတော့ သမီးနှင့် သားမက်အသစ်ကို စောင့်ဆိုင်းရန် စက်ရုံတွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။
သားမက်အသစ်ကို ဧည့်ခံရန်အတွက် ဖန်ချင်းက စက်ရုံဝင်းအတွင်းရှိ ဟင်းချက်အကောင်းဆုံး စားဖိုမှူးကို အကူအညီတောင်းကာ ဟင်းများကို ပြင်ဆင်ခိုင်းထားပေသည်။
အသားဟင်းတစ်ခွက်၊ ဟင်းသီးဟင်းရွက်တစ်ခွက်နှင့် ပန်းကန်လုံးကြီး ရှစ်လုံးတိတိ ရှိသောကြောင့် အဆင့်အမြင့်ဆုံး ဧည့်ခံကျွေးမွေးမှုပင် ဖြစ်နေခဲ့သည်။
စုဝေ့ချင်းကလည်း ရဲဘော်လော်ယွီရှို့ ပြင်ဆင်ပေးလိုက်သော လက်ဆောင်များအပြင် လမ်းမှ ဌာနဆိုင်ကြီးတစ်ခုတွင် ဝင်ရောက်ကာ တာ့ချန်းမင် စီးကရက်တစ်ဘူးကိုလည်း ဝယ်ယူခဲ့ပေသည်။
ထိုစီးကရက်မှာ ဟဲဟွားစီးကရက်လောက် ဈေးမကြီးသော်လည်း သင့်တင့်သော ဈေးနှုန်းရှိသည်။ ထို့ကြောင့် ကျန်းကျူးရိအနေဖြင့် လူမှုရေးကိစ္စများတွင် အသုံးပြုရာ၌ အဆင်ပြေစေပေလိမ့်မည်။
ကျန်းကျူးရိသည်လည်း ဤစီးကရက်ကို မြင်ရချိန်တွင် အလွန်စိတ်ကျေနပ်သွားသွားပြီး အသံမှာလည်း ကြည်လင်တက်ကြွသွားတော့၏။
“အဲဒီ ကြာပန်းနံ့ပါတဲ့ စီးကရက်တွေက ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ ဈေးက သိပ်ကြီးလွန်းတယ်၊ ငါကိုယ်တိုင်တောင် မသောက်ရက်ပါဘူး”
ထို့ကြောင့် ထိုစီးကရက်များကို တုန်းယွမ်ရှိ ကျန်းရူတုန်းထံသို့သာ ပို့ပေးလိုက်ရပေသည်။ ထိုနေရာတွင် အငြိမ်းစား အလုပ်သမား အများအပြား နေထိုင်ကြ၏။
ကျန်းရူတုန်းက အပြင်သို့ထွက်ကာ လမ်းလျှောက်သည့်အချိန် ကြာပန်းပုံနှင့် စီးကရက်တစ်လိပ်ကို နားအနောက်တွင် ညှပ်ထားတတ်ပြီး လူကြားထဲတွင် မီးခြစ်လာတောင်းသကဲ့သို့ဟန်ဆောင်ကာ သူ၏ မြေးသားမက်အကြောင်းကို အမြဲတစေကြွားဝါလေ့ရှိပေသည်။
စုဝေ့ချင်းကတော့ သူ့အနေဖြင့် တုန်းယွမ်အနီးတစ်ဝိုက်တွင် အတော်လေး နာမည်ကြီးနေခဲ့ပြီဖြစ်ကြောင်းမသိနေခဲ့ပါချေ။
ယခုဆိုလျှင် ကျန်းရူတုန်းထံ၌ ဆေးဝါးစက်ရုံတွင် အလုပ်လုပ်သော မြေးသားမက်တစ်ဦး ရှိကြောင်းကို လူတိုင်း သိနေကြပြီ ဖြစ်ပေသည်။
“တာ့ချန်းမင်ကလည်း ကောင်းတယ်၊ ဒါကမှ တကယ့်ကို ကောင်းတာ”
“ကောင်းပြီ၊ စကားပြောတာကို တော်လိုက်တော့၊ စကားတွေရပ်ပြီး ဟင်းပန်းကန်တွေ လာကူချပေးပါဦး”
*
***