ဖန်ချင်းက မီးဖိုချောင်မှ ဟင်းပန်းကန်ကို သယ်လာရင်း ကျန်းကျူးရိ၏ အမူအရာကို မြင်လျှင် မနေနိုင်တော့ဘဲ တိုက်တွန်းလိုက်လေ၏။ ထို့နောက် စုဝေ့ချင်းကိုလည်း လှမ်းမှာရန် မမေ့ခဲ့ပါချေ။
“နောက်တစ်ခါ ဒီကိုလာရင် ဒီလောက်အထိ အများကြီး မဝယ်လာနဲ့တော့၊ ပြီးတော့ အဲဒီစီးကရက်တွေကိုလည်း ထပ်မဝယ်နဲ့၊ အဲဒီပိုက်ဆံနဲ့ အသားပေါက်စီဝယ်စားတာကမှ ဗိုက်ဝဦးမယ်
ဒီစီးကရက်တွေကတော့ မီးညှိလိုက်ရင် တစ်ချက်တည်းနဲ့ ပြာဖြစ်သွားတာပဲကို ဘာကများ ကောင်းနေလို့လဲ “
ကျန်းကျူးရိက ချက်ချင်းပင် ပြာရာခတ်သွားပြီး ပြောလာလေသည်။
“ဝေ့ချင်း... မင်းရဲ့အန်တီပြောတာကို နားမထောင်နဲ့၊ ငါက ဒီလိုမျိုးတွေကို ကြိုက်တာ”
သူက ဖန်ချင်းကို မျက်စောင်းထိုးလိုက်ပြီး ဆက်ပြောလိုက်လေ၏။
“ငါ့မှာ သမီးတစ်ယောက်တည်းပဲ ရှိတာလေ၊ ယောက္ခမ ဖြစ်ရတာက အရက် သောက်ဖို့နဲ့ ဆေးလိပ်သောက်ဖို့ပဲ မဟုတ်ဘူးလား၊
မင်းက ဒီဟာမဝယ်နဲ့၊ ဟိုဟာမဝယ်နဲ့ဆိုပြီး တားနေရင် ကလေးအတွက် အခက်တွေ့အောင် လုပ်နေသလို ဖြစ်မနေဘူးလား”
ဖန်ချင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မည်သည်ကိုမှ ဆက်မပြောတော့ပါချေ။ သူမသည်က စီးကရက်အတွက် ကုန်ကျမည့် ပိုက်ဆံနှင့် ကူပွန်များကိုသာ နှမြောနေခြင်း ဖြစ်၏။
အသစ်စက်စက်ဇနီးမောင်နှံလေးက ဝင်ငွေအသင့်အတင့် ရှိနေသော်လည်း ကိုယ်ပိုင်အိမ်မရှိသေးသကဲ့သို့ ကလေးလည်း မရသေးသည့်အတွက် နောက်ပိုင်းတွင် ကုန်ကျစရိတ်များစွာ ရှိဦးမည် မဟုတ်ပါလား။
လီရှန်းက ဖန်ချင်းကို အခန်းထဲသို့ အမြန်ဆွဲခေါ်သွားပြီးပြောလိုက်လေသည်။
“ဦးလေးကို ပန်းကန်တွေ သွားချခိုင်းလိုက်လေ အန်တီ၊ အန်တီက သမီးကို အဝတ်အစားတွေ ကူထည့်ပေးပါဦး၊ ညနေကျရင် တစ်ခါတည်း ယူသွားရအောင်”
အဝတ်အစားများ ထည့်ပေးရန် လိုအပ်သည်ဟု ကြားလိုက်ရလျှင် ဖန်ချင်းက စီးကရက်ကိစ္စကို ဘေးတွင်ဖယ်ထားကာ ချက်ချင်းပင် ကူညီတော့သည်။ လီရှန်းတွင် အဝတ်အစား များများစားစား မရှိသော်လည်း နည်းလှသည်တော့ မဟုတ်ပါချေ။
အဆောင်တွင် နေထိုင်ချိန်က သူမတွင် အလှည့်ကျဝတ်ရန် ဂွမ်းကပာအနွေးထည် သုံးထည် အမြဲရှိခဲ့သည်။ ကျောင်းပြီး၍ ဆေးဝါးစက်ရုံ စာမေးပွဲဖြေမည့်အချိန်တွင် ဖန်ချင်းက အဝတ်အစားအသစ် တစ်စုံ ထပ်မံချုပ်ပေးခဲ့၏။
နောက်ပိုင်း လက်ထပ်သည့်အချိန်တွင်လည်း အနီရောင် မင်္ဂလာဝတ်စုံ ဂွမ်းကပ်အနွေးထည် တစ်ထည် ထပ်မံ ချုပ်လုပ်ခဲ့သေးသည်။
သို့ဖြစ်၍ သူမ၌ ဂွမ်းကပ်အနွေးထည်သက်သက်ပင် ငါးထည် ရှိနေပြီး ဆွယ်တာများကို ထည့်မတွက်ရသေးပါချေ။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် ကျန်းကျူးရိနှင့် စုဝေ့ချင်းတို့ကလည်း ဟင်းများကို စားပွဲပေါ်သို့ တင်ထားပြီး ဖြစ်၏။ နေ့လယ်စာတွင်တော့ သူတို့နှစ်ဦးလုံးက မွန်းလွဲပိုင်း၌ လုပ်ဆောင်စရာကိစ္စများ ရှိနေကြသည့်အတွက် အရက် မသောက်ဖြစ်ကြပါချေ။
ထမင်းစားပြီးနောက် လူကြီး ဇနီးမောင်နှံက သူတို့ကို အတင်းဆွဲမထားဘဲ စောစောစီးစီးပင် ပြန်လွှတ်လိုက်ကြသည်။
သူတို့ ထွက်ခွာသွားသည်ကို ကြည့်ပြီး ဖန်ချင်း၏ စိတ်ထဲတွင် တစ်မျိုး ခံစားလိုက်ရပြန်၏။ ဖန်ချင်းက အင်္ကျီလက်ဖြင့် မျက်ရည်ကို သုတ်လိုက်ရင်း ပြောလာလေသည်။
“ရှန်းရှန်းက အရင်ကလည်း နှစ်သစ်ကူးဆိုရင် အိမ်မှာ ရှိနေတာမဟုတ်ပါဘူး၊ ဘာလို့ ဒီနှစ်ကျမှ အခုလိုစိတ်မကောင်းဖြစ်နေရတာလဲ”
“အဲဒါက အရင်တုန်းက လီမိသားစုဆီကို ပြန်သွားတာလေ၊ နှစ်သစ်ကူးပြီးရင် ပြန်လာမယ်ဆိုတာ သိထားတာပဲ၊ အခု ရှန်းရှန်းက စုမိသားစုဆီကို ရောက်သွားပြီဆိုတော့ အရင်လို အလွယ်တကူနဲ့ ပြန်လာနိုင်မှာ မဟုတ်တော့ဘူး”
ကျန်းကျူးရိသည် သက်ပြင်းချကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ငေးငိုင်စွာဖြင့် တစ်ချက်ဖွာလိုက်သည်။
လီရှန်းသည်ကား ခွဲခွာရခြင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ခြင်းမျိုး မရှိပါချေ။
မစ်ရှင်ထမ်းဆောင်သည့် ကမ္ဘာများတွင် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရသောကြောင့် သူမသည်က တစ်ဦးတည်း ရပ်တည်ခြင်းနှင့် ခွဲခွာခြင်းများကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင်လည်း တစ်မြို့နယ်တည်းတွက် ရှိနေကြပြီး ဘတ်စ်ကားစီးလျှင် နာရီဝက်မျှသာ ကြာမြင့်မည်ဖြစ်ရာ လီရှန်း၏ အမြင်တွင်တော့ ဤအကွာအဝေးမှာ အဝေးကြီး မဟုတ်ပါချေ။
လီရှန်းက ပြတင်းပေါက်ကို မှီလျက် ကားပြတင်းပေါက် အပြင်ဘက်မှ လျင်မြန်စွာ ဖြတ်သန်းသွားသော ရှုခင်းများကို ကြည့်နေခဲ့သည်။
သူမအနေဖြင့် သူမ၏ အတိတ်ဘဝမှ နှစ်သစ်ကူးအကြိုညများကို ပြန်လည် သတိရနေမိ၏။
ထိုအချိန်က သူမအနေဖြင့် လီဟုန်ကျွင့်နှင့်အတူ ဇာတိရွာသို့ပြန်ကာ နှစ်သစ်ကူး ကျင်းပခဲ့ရသည်။
အဘွားလီက ယောကျ်ားလေးကိုသာ ဦးစားပေးပြီး မိန်းကလေးကို နှိမ့်ချတတ်သူဖြစ်ကာ သူမ၏ မြေးယောကျ်ားလေးကသာ သူမ၏ အသက်ဖြစ်ချေသည်။
လီရှန်းသည်ကား အိမ်ထဲဝင်သည်နှင့် ရေတစ်ငုံပင် မသောက်ရသေးဘဲ အလုပ်များကို ချက်ချင်း စတင်လုပ်ကိုင်ခဲ့ရသည် မဟုတ်ပါလား။
ဤအကြောင်းကို ပြန်တွေးကြည့်ပြီး သူမက ရေရွတ်လိုက်မိ၏။
“အိမ်ထောင်ကျတာက တကယ်ကို ကောင်းတာပဲ”
စုဝေ့ချင်းက ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်ပြီး မေးလာခဲ့သည်။
“ဘာပြောလိုက်တာလဲ”
သူ သေသေချာချာ မကြားလိုက်ရပေ။
“ဘာမှမဟုတ်ပါဘူး၊ လမ်းမပေါ်မှာ လူသိပ်မရှိတာကို မြင်လို့ပြောလိုက်တာ”
လီရှန်းက ထိုအတွေးကို ဖျောက်ဖျက်လိုက်ပြီး စုဝေ့ချင်းကို ပြုံးပြလျက် အပြင်ဘက်သို့ ညွှန်ပြလိုက်သည်။
တစ်ချိန်က စည်ကားခဲ့သော လမ်းမကြီးမှာ ယခုအချိန်တွင် လူသူကင်းမဲ့နေလုနီးပါး ဖြစ်နေခဲ့ပေပြီ ။ စုဝေ့ချင်းက ရယ်မောကာ ပြောလာလေသည်။
“အပြင်မှာတင် မဟုတ်ဘူး၊ ဒီနေ့ ဘတ်စ်ကားပေါ်မှာတောင် လူသိပ်မရှိဘူးလေ”
“လူတိုင်းက နှစ်သစ်ကူးဖို့ အိမ်ကို အမြန်ပြန်နေကြတာကိုး”
ဘတ်စ်ကားလက်မှတ်ရောင်းသူကလည်း သူတို့၏ အနားတွင် ဝင်ထိုင်လိုက်ကာ အပြုံးနှင့် ဝင်ပြောလိုက်သည်။
“နောက်တစ်နာရီလောက်ဆိုရင် ငါတို့လည်း အလုပ်ဆင်းရတော့မှာ”
“နှစ်သစ်ကူးအကြိုနေ့မှာတောင် ကိုယ့်တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နေကြတယ်ဆိုတော့ တကယ်ကို ပင်ပန်းကြမှာပဲ”
စုဝေ့ချင်းက အပြုံးနှင့် ပြောလိုက်လေ၏။ သူသည်က လီရှန်းနှင့် ရှိနေချိန်၌သာ စကားမပြောနိုင်လောက်အောင် ရှက်ရွံ့နေတတ်သူဖြစ်ကာ အပြင်ဘက်တွင်တော့ အမြဲတစေ ဖော်ရွေပြီး စကားပြောကောင်းသူ တစ်ဦးဖြစ်ပေသည်။
လက်မှတ်ရောင်းသူကလည်း စုဝေ့ချင်း၏ စကားကို သဘောတူသော်လည်း အလွန်နှိမ့်ချစွာဖြင့် ပြန်ပြောခဲ့သည်။
“ဒါက ငါတို့ရဲ့ အလုပ်ပဲလေ၊ ကျင့်သားရနေပါပြီ၊ ဒါ့အပြင် ပြည်သူကို အလုပ်အကျွေးပြုနေရတာပဲ မဟုတ်ဘူးလား”
“ဒါပေါ့၊ ပြည်သူတွေအတွက် ကြိုးစားအားထုတ်ရတာပဲဆိုတော့ လေးစားစရာပါပဲ”
“မင်း ပြောတာ အမှန်ပဲ ငါတို့တွေ ဒီလောက် ကြိုးစားနေရတာက ဒီလမ်းကြောင်းပေါ်က အလုပ်သမားတွေ နေ့တိုင်းအလုပ်ချိန်မှန်အောင် သွားနိုင်ဖို့အတွက်ပဲ မဟုတ်ဘူးလား”
ထိုစက်ရုံ ဘတ်စ်ကားလမ်းကြောင်းပေါ်တွင် အလုပ်လုပ်နိုင်သော လက်မှတ်ရောင်းသူများက ခရီးသည်ပို့ဆောင်ရေး ကုမ္ပဏီ၏ အမာခံများ ဖြစ်ကြပြီး သူတို့ကိုယ်သူတို့လည်း အလွန်ပင် ဂုဏ်ယူနေကြသည်။
စုဝေ့ချင်းက အပြုံးဖြင့်ခေါင်းငြိမ့်ပြလိုက်ပြီး ပြောခဲ့လေသည်။
“ဒါကြောင့်မို့လည်း ကျွန်တော်တို့တွေက ကျေးဇူးတင်နေရတာပေါ့”
ထို့နောက် သူက စကားလမ်းကြောင်း လွှဲလိုက်ပြန်၏။
“ဒါနဲ့ ခင်ဗျားတို့ နှစ်သစ်ကူးအကြိုနေ့မှာတောင် အလုပ်လုပ်ရတယ်ဆိုတော့ အိမ်မှာ ဘယ်လောက်ကြာအောင် နားခွင့်ရလဲ၊ မနက်ဖြန် နှစ်သစ်ကူးနေ့မှာတော့ အလုပ်မဆင်းရဘူးမလား”
“အလုပ်ဆင်းရမှာပေါ့”
လက်မှတ်ရောင်းသူက ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားလေ၏။
“ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ တခြားလူတွေ အလှည့်ပဲ၊ ငါတို့တွေကတော့ ဒီနေ့ နောက်ဆုံးအလှည့်ဆိုတော့ အခုဆင်းပြီးရင် မနက်ဖြန်ကျရင်တော့ နားလို့ရပြီလေ”
နှစ်သစ်ကူး ပထမဆုံးနေ့တွင်လည်း အလုပ်လုပ်မည့်သူများ ရှိမည်ဟု ကြားလိုက်ရသောကြောင့် စုဝေ့ချင်းလည်း အနည်းငယ် စိတ်အေးသွားရပေသည်။
သူတို့နှစ်ဦးလုံးတွင် စက်ဘီးမရှိသောကြောင့် သက်တောင့်သက်သာ သွားလာနိုင်ရန်အတွက် ဘတ်စ်ကားရှိနေခြင်းက သူတို့အတွက် အဆင်ပြေစေသည် မဟုတ်ပါလား။
“ဒါဆိုရင်တော့ ခင်ဗျားတို့တွေ အားရပါးရ နားလို့ရတာပဲ”
သူတို့ စကားပြောနေကြရင်း ဆေးဝါးစက်ရုံသို့ ရောက်ရှိလာခဲ့သည်။ စုဝေ့ချင်းက လီရှန်းကို အမြန်ဆွဲထူလိုက်ပြီး ဆိုလေသည်။
“ကျွန်တော်တို့ ဆင်းရမဲ့ မှတ်တိုင်ကို ရောက်ပြီ”
လက်မှတ်ရောင်းသူက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ဆို၏။
“အိုး ..မင်းတို့က ဆေးဝါးစက်ရုံကလား၊ မင်းတို့ရဲ့ စက်ရုံထဲကို ဝင်ဖို့က တကယ်ကို ခက်တာနော်၊ ငါတို့ခရိုင်ထဲမှာ နှစ်တိုင်း ကြိုးစားကြတာ၊ ဒီနှစ်မှ လူနည်းနည်းပဲ အောင်ကြတာလေ၊ ကြားတာတော့ ပထမရတဲ့သူတောင် ရှိတယ်ဆိုပဲ”
“ဒါပေါ့၊ ဒီမှာ ပထမရတဲ့သူလေ”
စုဝေ့ချင်းက လီရှန်း၏ ပုခုံးကို ဖက်လိုက်ပြီး ပြောခဲ့လေသည်။
“ဒါ ကျွန်တော့်ရဲ့ဇနီးပဲ”
“တကယ်လား”
လက်မှတ်ရောင်းသူမှာ ယခုတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် အံ့အားသင့်သွားရတော့သည်။
“ကျွန်တော်က ရိုးသားတဲ့လူပါ၊ လိမ်မပြောတတ်ပါဘူး”
စုဝေ့ချင်းသည်ကား အခွင့်အရေးရတိုင်း ကြွားဝါရန် လက်မနှေးပါချေ။ ကားရပ်သည့်တိုင်အောင် သူက မရပ်မနား ကြွားဝါနေခဲ့သောကြောင့် နောက်ဆုံးတွင် လီရှန်းက သူ့ကို ကားပေါ်မှ တွန်းချလိုက်ရတော့သည်။
သို့သော်လည်း လက်မှတ်ရောင်းသူက နွေးထွေးစွာ နှုတ်ဆက်ပြီးကျန်ရစ်ခဲ့ပေ၏။
“နောက်တစ်ခါ ကားစီးရင်လည်း ငါတို့ကားကိုပဲ ရွေးစီးနော်၊ မင်းတို့အတွက် ထိုင်ခုံ ချန်ထားပေးမယ်”
စုဝေ့ချင်းက တက်ကြွစွာ ပြန်လည် တုံ့ပြန်လိုက်သော်လည်း ကားထွက်သွားသည်နှင့် သူ၏ အပြုံးက မှေးမှိန်သွားခဲ့ပေသည်။ သူက သူ၏မျက်နှာကို ပွတ်သပ်ရင်း မထိန်းနိုင်စွာ ပြောလိုက်လေ၏။
“အဲဒီတစ်ယောက်က တကယ့်ကို စကားပြောလွန်းတာပဲ”
“ရှင်ကိုယ်တိုင်က သူတို့နဲ့ စကားတွေ အများကြီးပြောနေတာ မဟုတ်ဘူးလား”
အစပိုင်းတွင် လက်မှတ်ရောင်းသူက တစ်ခွန်းစ၊ နှစ်ခွန်းစသာ ဝင်ပြောခဲ့ခြင်း ဖြစ်ပေသည်။
စုဝေ့ချင်းက ချက်ချင်းပင် တရားမျှတသည့် အမူအရာဖြင့် ပြောလိုက်လေ၏။
“သူတို့က မင်းကို ဒီလောက်တောင် ချီးကျူးနေတာလေ၊ ကိုယ်သာ ပြန်မပြောရင် သူတို့အတွက် အားနာစရာကြီး ဖြစ်သွားမှာပေါ့
ဒါ့အပြင် ကိုယ်တို့တွေ နှစ်သစ်ကူး ဒုတိယမြောက်နေ့အတွက် ဘတ်စ်ကား အချိန်စာရင်းကိုလည်း သိလိုက်ရတယ် မဟုတ်ဘူးလား
အဲဒီတစ်ယောက် ပြောတဲ့အတိုင်းဆိုရင် ကိုးနာရီလောက်မှာ ကိုယ်တို့စက်ရုံကို အရောက်လာမယ်တဲ့၊ ဒီတော့ ကိုယ်တို့တွေ ကိုးနာရီမတိုင်ခင် အရောက်သွားရင် ရပြီ”
*
***