ဇနီးမောင်နှံနှစ်ဦးက အချင်းချင်း စကားပြောလာခဲ့ကြပြီး ထုန်ဇီလော် အဆောက်အဦးဆီသို့ ပြန်လာခဲ့ကြသည်။
သို့သော် အောက်ထပ်သို့ ရောက်သည့်အချိန်တွင် ဝူလီတစ်ယောက် သူမ၏ရှေ့မှ အမျိုးသမီးတစ်ဦးကို တင်းမာသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။
ထိုအမျိုးသမီးမှာ ဆံပင်ဖြူများ ရှိနေပြီး ဟောင်းနွမ်းသော ဂွမ်းကပ်အနွေးထည်ကို ဝတ်ဆင်ထားကာ ပိန်ပါးပေသည်။
သူမက စိတ်လှုပ်ရှားစွာ စကားပြောနေပြီး တစ်ခါတရံတွင် အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်နေခဲ့ပေ၏။
ဇနီးမောင်နှံနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မည်သူမျှ တိုင်ပင်မထားဘဲ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြတော့သည်။
သူတို့ အနားသို့ ရောက်သည်နှင့် ထိုအမျိုးသမီး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။
“ဝူလီ... နင်က တကယ်ကို အသိတရား မရှိဘူးပဲ! အဲဒါ နင့်ရဲ့ မောင်အရင်းလေးလေ! နင်က သူ့ကို နည်းနည်းလေးတောင် မကူညီတော့ဘူးလား၊
သူက ယွမ်တစ်ရာပဲ လိုတာ၊ နင်က နင့်မောင်ကို တစ်သက်လုံး လူပျိုကြီး ဖြစ်နေမှာကို ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား”
လီရှန်း အံ့အားသင့်သွားရလေသည်။
ဤစကားကို ပြောဆိုလိုက်သူမှာ ဝတ္ထုထဲတွင် သမီးသုံးယောက်ကို သွေးစုပ်ပြီး သားကိုသာ အလိုလိုက်တတ်သည့် အလွန်ယုတ်မာသော မိခင်အဖြစ်ပါရှိသည့် ဝူလီ၏မိခင် ကော်ချွေ့ဟွားပင် ဖြစ်ချေသည်။
သူမက ထုန်ဇီလော် အဆောက်အဦးပတ်ဝန်းကျင်ကို မသိစိတ်ဖြင့် အကဲခတ်ကြည့်လိုက်လျှင် လူအများအပြားက အပြင်သို့ ချောင်းကြည့်ရင်း တိုးတိုးကြိတ်ကြိတ်ပြောနေသည်ကို သတိပြုမိလိုက်၏။
ဝူလီက မလှုပ်မယှက်သာ ရှိနေခဲ့ပြီး သူမ၏ မျက်နှာအမူအရာမှာ အေးစက်နေရုံမျှမက တစ်စုံတစ်ရာကို ဂရုမစိုက်သည့်အမူအရာပင် ပေါက်နေခဲ့ပေသည်။
“ဒါဆိုရင်လည်း သူ့ကို လူပျိုကြီးပဲ လုပ်ခိုင်းလိုက်ပေါ့၊ သူ့ကို သဘောကျတဲ့သူက မျက်စိကန်းလို့ပဲ ဖြစ်မှာ၊ အဲဒီမိန်းကလေးကို ကယ်တင်တဲ့အနေနဲ့ ကျွန်မကတော့ အဲဒီယွမ်တစ်ရာကို မပေးတာ ကောင်းပါတယ်”
“နင် ဘာစကားပြောလိုက်တာလဲ နင့်မောင်ကို ဒီလိုစကားမျိုးတွေ ဘယ်လိုလုပ် ပြောရက်ရတာလဲ”
ကော်ချွေ့ဟွားက ဒေါသအလွန်ထွက်သွားပြီး အရှေ့သို့ တိုးလာကာ ဝူလီ၏ အင်္ကျီလက်ကို ဆွဲရမ်းလေတော့သည်။
ဝူလီက သူမ၏လက်များကို ဂွမ်းကကပ်နွေးထည် အိတ်ကပ်ထဲသို့ ထည့်ထားဆဲ ဖြစ်ပေ၏။
သူမက မိခင်အရင်းဖြစ်ပါလျက်နှင့် ရန်သူကဲ့သို့ ဆက်ဆံနေသော ထိုအမျိုးသမီး၏ ဆွဲရမ်းမှုကို တစ်ချက်မျှ ဂရုမစိုက်ဘဲ လွှတ်ထားလိုက်သည်။
အကယ်၍ သူမသာ လက်ကို မြှောက်လိုက်ပါက ထိုအမျိုးသမီးက သူမမှ ရိုက်နှက်ပါသည်ဟု ချက်ချင်းပင် အော်ဟစ်တော့မည်ကို သူမ သိရှိနေခဲ့ပေ၏။
“နင် မမေ့နဲ့ဦး၊ နင့်အဖေနဲ့ ငါက နင် ကုန်တိုက်မှာ အရောင်းဝန်ထမ်းအလုပ် ရအောင် ကူညီပေးခဲ့တာ”
ကော်ချွေ့ဟွားအနေဖြင့် ဤခေါင်းမာသော မိန်းကလေးက ဤမျှအထိ အလျှော့မပေးဘဲ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ဘဲ ချက်ချင်းပင် အသံကုန်ဟစ်ကာ ငိုကြွေးတော့သည်။
သူမသည်က မယုံကြည်နိုင်ဘဲ ရှိနေခဲ့၏။ သမီးတစ်ယောက်က သူမ၏ မိခင်အရင်းကို အဘယ်သို့ အာခံရဲပါမည်နည်း။
“ကောင်းပြီ ပြောပါဦး၊ အဲဒီတုန်းက အမေတို့က ဘာတွေများ ကူညီပေးခဲ့လို့လဲ”
ဤအချိန်တွင် ဝူလီက ဒေါသကို မထိန်းနိုင်တော့ပါချေ။ သူမသည် ကော်ချွေ့ဟွား၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ဆေးဝါးစက်ရုံ၏ အဝင်ဝဘက်သို့ ဆွဲခေါ်သွားတော့သည်။
“လာခဲ့၊ ရေနွေးဓာတ်ဘူးစက်ရုံကို သွားကြမယ်၊ ကျွန်မကို ကုန်တိုက်မှာ အလုပ်ရအောင် ဘယ်သူက ကူညီပေးခဲ့တာလဲဆိုတာ အမေ့ရဲ့ လူကြီးတွေကို သွားမေးကြတာပေါ့”
ကော်ချွေ့ဟွားက မသွားရဲပါချေ။
ရေနွေးဓာတ်ဘူးစက်ရုံမှ လူတိုင်းမှာ ဝူလီအနေဖြင့် မုဆိုးမဝမ်ထံမှ ထိုအလုပ်ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိကြပေသည်။
အသုံးပြုခဲ့သော ငွေများမှာလည်း စုဝေ့ဟိုင် ပေးအပ်ခဲ့သော ခန်းဝင်ပစ္စည်းအတွက်ငွေများပင် ဖြစ်ချေသည်။
ထိုငွေမှာ ယွမ်ငါးရာတိတိဖြစ်ပေ၏။
ကော်ချွေ့ဟွားအနေဖြင့် ထိုကလေးမက အလုပ်ဝယ်ရန်အတွက် ငွေများကို ယူသွားသည်ကိုပင် မြင်တွေ့လိုက်ရခြင်း မရှိပါချေ။
အကယ်၍သာ ထိုငွေများက သူမ၏လက်ထဲတွင် ရှိနေခဲ့ပါက ယခုကဲ့သို့ နှစ်သစ်ကူးအကြိုညတွင် ဝူလီထံသို့ ငွေလာတောင်းရန် အဘယ်ကြောင့် လိုအပ်ပါမည်နည်း။
ကော်ချွေ့ဟွား တွေးမိလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်နေခဲ့၏။ ဤမိန်းကလေးမှာ သူတို့ထံမှ အကြွေးလာတောင်းရန် မွေးဖွားလာသူဟု ခံစားနေရသည်။
သို့သော်လည်း သူမက ကံအကောင်းဆုံး ဖြစ်နေခဲ့ပေသည်။
သူမက ကွာရှင်းထားသော ယောကျ်ားတစ်ဦးနှင့် လက်ထပ်ခဲ့ရသော်လည်း ထိုသူမှာ အရည်အချင်းရှိသူ တစ်ဦး ဖြစ်နေခဲ့သည်။
ယောက္ခမမှာ စက်ရုံဒုတိယညွှန်ကြားရေးမှူး ဖြစ်ရုံမျှမက ထိုယောကျ်ားတွင်လည်း ငွေရှိပြီး ခန်းဝင်ပစ္စည်းအဖြစ် ယွမ်ငါးရာကို အလွယ်တကူပင် ထုတ်ပေးနိုင်ခဲ့သည် မဟုတ်ပါလား။
သို့သော် ပြဿနာမှာ...
သူမက ထိုမျှအထိ ချမ်းသာနေပါသော်လည်း သူမ၏ မိဘအိမ်သို့ တစ်ဆင့်မျှပင် မပေးခြင်းပင် ဖြစ်၏။
“စန်းနီအာ ... စိတ်ကောင်းလေး နည်းနည်းလောက် ထားစမ်းပါဦး၊ ငါက အများကြီး မလိုပါဘူး၊ ယွမ်တစ်ရာပဲ လိုတာပါ၊ တာ့နီအာနဲ့ အာ့နီအာတို့လည်း ငွေတွေ ထည့်ပေးကြတာပဲလေ”
ကော်ချွေ့ဟွားတစ်ယောက် ဒေါသထွက်နေသော်လည်း ငွေရရှိရေးအတွက် အောင့်အည်းသည်းခံကာ စကားကောင်းများကို ပြောဆိုနေခဲ့ရသည်။
“သူတို့က ရူးနေကြတာလေ၊ ကျွန်မကတော့ မရူးဘူး”
ဝူလီသည်ကား မည်သည့်အကြောင်းပြချက်ကိုမျှ နားမဝင်ဘဲ ပို၍ပင် နာကျင်စေမည့် စကားကို ဆိုလိုက်၏။
“သူတို့က ရှင်တို့ကို ကျွေးဖို့အတွက် သူတို့ရဲ့ အသားကို လှီးဖြတ်ပေးမယ်ဆိုရင်တောင် ကျွန်မနဲ့ မဆိုင်ဘူး ယွမ်တစ်ရာကို ထားလိုက်ပါဦး၊ ကျွန်မက ဝူပေါင်ရှန်းအတွက် တစ်ဆင့်တောင် မပေးနိုင်ဘူး”
ဝူလီက သူမ၏ မိသားစုအပေါ် ဤမျှအထိ ရက်စက်လိမ့်မည်ဟု ကော်ချွေ့ဟွား တစ်ခါမျှ မထင်မှတ်ခဲ့ပေ။
ဒေါသနှင့် အေးစက်မှုများ ပြည့်နှက်နေသော ထိုမျက်ဝန်းများကို မြင်လိုက်ရသည့်အချိန်တွင် ဝူလီဟူသော ထိုကလေးမှာ အမှန်တကယ်ပင် အလေးအနက်ပြောနေခြင်းဖြစ်ကြောင်းကို သူမ သိလိုက်ရ၏။
သို့သော် သူမအနေဖြင့် ယနေ့တွင် ထိုငွေကို မဖြစ်မနေရအောင် ယူရပေလိမ့်မည်။
နှစ်သစ်ကူးပြီးပါက ပညာတတ်လူငယ်ရုံးမှ လူများက တစ်အိမ်တက်ဆင်း လိုက်လံစည်းရုံးကာ ကျေးလက်ဒေသဘက်သို့ သွားခိုင်းတော့မည်ဟု သူမ ကြားသိထားခဲ့ပေသည်။
မိသားစုတိုင်းတွင် သားသမီးတစ်ဦးတည်းသာ မြို့တွင် ကျန်ရစ်ခွင့်ရှိသည်။ သူမ၏ သမီးများမှာ အိမ်ထောင်ကျသွားပြီ ဖြစ်သော်လည်း သားဖြစ်သူကတော့ ဇနီး မရှိသေးပါချေ။
နှစ်သစ်ကူးပြီးနောက်တွင် မူဝါဒများ ပြောင်းလဲသွားပြီး အိမ်ထောင်မရှိသူအားလုံးကို လယ်ယာလုပ်ကိုင်ရန် ကျေးလက်ဒေသဘက်သို့ ပို့ဆောင်ပစ်မည်လား မသိနိုင်ပါချေ။
ထို့ကြောင့် သူမက နှစ်သစ်ကူးမတိုင်မီ သားဖြစ်သူကို အိမ်ထောင်ချပေးရန် အတင်းအကျပ် ကြိုးစားနေခြင်းပင် ဖြစ်ပေသည်။
သို့သော်လည်း သူမ၏ မိသားစုက အလွန်ပင် ဆင်းရဲလွန်းသောကြောင့် မိန်းကလေးအများစုက သူတို့မိသားစုထဲသို့ အိမ်ထောင်ပြုပြီး ဝင်ရောက်ရန် ဆန္ဒမရှိကြပေ။
နောက်ဆုံးတွင် သဘောတူမည့်သူတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ထိုသူတို့က ယွမ်နှစ်ရာ့ငါးဆယ်ဟူသော မတရားသည့် ခန်းဝင်ပစ္စည်းကို တောင်းဆိုခဲ့ကြသည်။
သမီးနှစ်ဦးက သူတို့၏ မိသားစုမှ စုဆောင်းငွေများကို အရူးအမူး စုဆောင်းခဲ့ကြသော်လည်း ယွမ်တစ်ရာ့ငါးဆယ်သာ ရရှိခဲ့သည်။
ကျန်ရှိနေသော ယွမ်တစ်ရာကို ပေးချေရန်အတွက် နည်းလမ်းမရှိ ဖြစ်နေခဲ့ကြ၏။
ဤယွမ်တစ်ရာမှာ ဝူမိသားစုအတွက် လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်သော်လည်း ဝူလီအတွက်တော့ သူမ၏ လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရုံမျှသာ လိုအပ်ပေသည်။
“ဒါဆို ငါ့ကို ယွမ်တစ်ရာပေးလိုက်၊ နောက်ပိုင်းကျလို့ ငါအိုမင်းလာပြီး ပြုစုစောင့်ရှောက်ခံရမဲ့ အချိန်ကို ရောက်ရင် နင့်ကို လာပြီး ဒုက္ခမပေးတော့ဘူး”
ကော်ချွေ့ဟွား၏ မျက်လုံးများက အနည်းငယ် လှည့်ပတ်သွားပြီးနောက် နောက်ထပ်ယုတ်မာသော အကြံတစ်ခုကို ထုတ်လိုက်ပြန်သည်။
“နင် ငါ့ကို ယွမ်တစ်ရာပေးပြီး ငါတို့တွေရဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တယ်လို့ပဲ သဘောထားလိုက်တော့၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် နောက်ထပ် ဘယ်တော့မှ မတွေ့ဘဲနေကြတာပေါ့”
ဤစကားကို ကြားလိုက်ရသည့်အခိုက်တွင် ဝူလီတစ်ယောက် အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့ရပေ၏။
သို့သော် ထိုဆွဲဆောင်ခံရမှုက ခဏတာမျှသာ ကြာခဲ့ပေသည်။
မကြာမီမှာပင် သူမက နှလုံးသားကို ပြန်လည် တင်းမာစေလိုက်သည်
သူမအနေဖြင့် ကော်ချွေ့ဟွားက မည်သို့သော လူစားမျိုးဖြစ်ကြောင်းကို တခြားသူများထက် ပို၍ သိရှိနေခဲ့သည် မဟုတ်ပါလား။
သူမက ယွမ်တစ်ရာဖြင့် ဆက်ဆံရေးကို အပြီးအပိုင် ဝယ်ယူချင်နေခဲ့သည်က မဖြစ်နိုင်ပေ။
အိပ်မက်ကိုတော့ အတော်လေး ကောင်းကောင်းမက်တတ်တာပဲ။
ဝူလီက သူမ၏ အဓိပ္ပာယ်မရှိသော စကားများကို လျစ်လျူရှုလိုက်ပြီး သူမ၏ အင်္ကျီကော်လာကို ဆုပ်ကိုင်ကာ တံခါးဝဘက်သို့ ဆွဲခေါ်သွားခဲ့ပြန်၏။
မိခင်နှင့် သမီးဖြစ်သူတို့ သူတို့၏ အနားသို့ နီးကပ်လာသည့်အခိုက်တွင် လီရှန်းက စုဝေ့ချင်းကို အမြန်ဆွဲကာ ပုန်းကွယ်ရန် ကြိုးစားလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမသာ ဝူလီ၏ နေရာတွင် ရှိနေပါက သူမ၏ ယောက်မဖြစ်သူအား ဤကဲ့သို့ အရှက်ရစရာကောင်းသည့် အခြေအနေမျိုးကို မမြင်စေလိုပါချေ။
သို့သော်လည်း သူတို့ မည်မျှပင် လျှင်မြန်စွာ ပုန်းကွယ်သော်လည်း ဝူလီ၏ အမြင်မှ လွတ်အောင် မပြေးနိုင်ခဲ့ပေ။
ဝူလီမှာ အရပ်ရှည်ရုံမျှမက ငယ်စဉ်ကတည်းကပင် ပင်ပန်းဆင်းရဲသော ကိုယ်လက်လှုပ်ရှားရသည့်အလုပ်များကို လုပ်ကိုင်ခဲ့ရသူ ဖြစ်ပေသည်။
သူမက ပိန်ပါးသည့်ကော်ချွေ့ဟွားကို ဆွဲခေါ်လိုက်သည့်အခိုက်တွင် ကြက်ကလေးတစ်ကောင်ကို မ,ယူလာသကဲ့သို့ပင် ဖြစ်နေခဲ့၏။
ကော်ချွေ့ဟွားက မည်မျှပင် ရုန်းကန်နေပါစေ သူမဘက်မှ တည်ငြိမ်စွာဖြင့် အရှေ့သို့ လျှောက်နိုင်ခဲ့ပေသည်။
ဝူလီကလည်း အားအင်သန်စွမ်းသူတစ်ဦး ဖြစ်နိုင်သည်။
လီရှန်းက တွေးတောလိုက်မိလေ၏။
သူတို့ ပုန်းကွယ်ရန်အတွက် နေရာရှာနေချိန်တွင်ပင် တစ်ဖက်မှလူများက သူတို့၏ အရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့ပေပြီ။
ဤသို့ဖြင့် တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်တိုးမိကြတော့သည်။
“ယောက်မ”
လီရှန်းက အနေခက်စွာဖြင့် ချက်ချင်းပင် ခေါ်လိုက်ရ၏။
သူမ၏ ဘေးနားရှိ စုဝေ့ချင်းမှာလည်း ချောင်းတစ်ချက် ခပ်ဖွဖွဆိုးကာ လိုက်လံ နှုက်ဆက်လိုက်ပေသည်။
“မရီး”
လီရှန်းတို့၏ အနေရခက်မှုနှင့် နှိုင်းယှဉ်ပါက ဝူလီ၏ မျက်နှာအမူအရာမှာ လုံးလုံးလျားလျား ပျက်ယွင်းနေခဲ့ပြီဟု ဆိုရပေလိမ့်မည်။
လီရှန်း ထင်မှတ်ထားသည့်အတိုင်းပင် ဝူလီသည်က အရှက်ရမည်ကို မကြောက်သော်လည်း ယောက်မဖြစ်သူ ရှေ့တွင်တော့ အရှက်မကွဲချင်ပါချေ။
ကော်ချွေ့ဟွားသည်လည်း ဝူလီ၏ ပျက်ယွင်းနေသော မျက်နှာအမူအရာကို မြင်လိုက်ရပြီးနောက် သူတို့နှစ်ဦးက အသစ်စက်စက်ဇနီးမောင်နှံပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရလျှင် သူတို့က မည်သူဖြစ်ကြောင်းကို ချက်ချင်းပင် သဘောပေါက်သွားတော့၏။
သူတို့မှာ ဝူလီ၏ ခင်ပွန်းဖြစ်သူ၏ ညီနှင့်ခယ်မတို့ပင် ဖြစ်ကြလိမ့်မည်။
သူမ၏ စိတ်ထဲတွင် ယောက်မများက ရန်သူများဟုသာ သတ်မှတ်ထားသည်။ ထိုသူတို့က ဝူလီ အဆင်ပြေနေသည်ကို လုံးဝ မကြည့်လိုလောက်ပေ။
သို့ဖြစ်၍ သူမက ချက်ချင်းပင် အသံကုန်ဟစ်ကာ ငိုကြွေးတော့၏။
“ငါ့ရဲ့သမီးအရင်းက သူ့အမေကို ပြန်ရိုက်နေပြီ.. ဒီလောကကြီးမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား!”
“ပါးစပ်ပိတ်ထားစမ်း”
ဝူလီ၏ နဖူးပေါ်မှ သွေးကြောများမှာ ဒေါသကြောင့် ထောင်ထနေခဲ့ချေပြီ။
“ငါက ဘာလို့ ပါးစပ်ပိတ်ရမှာလဲ၊ မင်းတို့... ခမည်းခမက်တွေ ကြားကနေ ကြည့်ပေးကြပါဦး.. ဒါက မိဘကို မလေးစားရာ မရောက်ဘူးလား”
ကော်ချွေ့ဟွားက လီရှန်း၏ လက်မောင်းကို ဆုပ်ကိုင်ရန် လက်လှမ်းလိုက်ပေသည်။
သို့သော် မမျှော်လင့်စွာဖြင့် စုဝေ့ချင်းက ကြားထဲမှနေ ချက်ချင်းပင် ကာကွယ်လိုက်လေ၏။
“ ပြောစရာရှိရင် ပါးစပ်ကပြောလေ ၊ ဘာလို့ လက်ပါနေရတာလဲ”
*