စုဝေ့ချင်း၏ ကားထွက်သွားသောသည်နှင့် ကျန်းကျူးရိက လီရှန်းကို စောင်းငဲ့ကြည့်လိုက်ပြီး အသံကို နှိမ့်ကာ ဒေါသတကြီး ပြောလာသည်။
“မင်း ငါနဲ့ အထဲကို လိုက်ခဲ့”
လီရှန်းလည်း အသာတကြည်ပင် နောက်က လိုက်ဝင်သွားခဲ့သည်။
အဆုံးသတ်တွင်တော့ သူမ ဦးလေးဖြစ်သူ၏ ဆူပူဆုံးမခြင်းကို ခံလိုက်ရသည်။
သို့သော် ကျန်းကျူးရိ ပြောခဲ့သည့် ဂုဏ်သတင်းနှင့် ပတ်သက်ပြီး သူမအနေဖြင့် စိတ်မပူပါချေ။
သူမအတွက်တော့ အိမ်ထောင်ရေးဆိုသည်မှာ မရှိမဖြစ် မဟုတ်ပေ။ တစ်သက်လုံး အပျိုကြီး လုပ်နေရလျှင်လည်း ဆိုးရွားခြင်းမရှိပေ။
ကံမကောင်းစွာဖြင့် ကျန်းကျူးရိ နှင့် ဖန်ချင်းတို့ နှစ်ယောက်လုံးကတော့ စိုးရိမ်ပူပန်နေကြသည်။
အထူးသဖြင့် ဖန်ချင်းက လီရှန်းနှင့် တိတ်တဆိတ် စကားပြောဝန်ရောက်လာခဲ့သည်။
“မင်း စုဆိုတဲ့ကောင်လေးကို တစ်ခါလောက် အိမ်ကိုခေါ်လာပြီး ထမင်းစားခိုင်းလိုက်ပါလား.. မင်းရဲ့ အကြီးဆုံးဦးလေးလည်း သေသေချ်ချာ ကြည့်ရအောင်.. သူသာ လူကောင်းဆိုရင်တော့ မင်္ဂလာကိစ္စကို စီစဉ်လိုက်တာပေါ့”
လီရှန်း- “……”
သူတို့နှစ်ဦးသည်က သာမန် “ ရင်းနှီးချစ်ခင်သည့် သူငယ်ချင်း” သာ ဖြစ်သည်!
အဘယ်ကြောင့် မင်္ဂလာကိစ္စအထိ ရောက်သွားရပါသနည်း။
သို့သော် ထိုခေတ်ကာလတွင် “ ရင်းနှီးချစ်ခင်မှု” ဟု ခေါ်ဆိုနိုင်သည့် လူငယ် ယောက်ျားလေးနှင့် မိန်းကလေးတိုင်းတွင် နိုင်ငံတော်မှ ထုတ်ပေးသော အနီရောင်နှစ်ထပ်မင်္ဂလာစာတမ်း ရိုက်နှိပ်ထားသည့် ဂုဏ်ပြုလက်မှတ် တစ်ခုရှိလာခဲ့သည်ကို လီရှန်း မေ့လျော့နေခဲ့သည်။
“ဆေးစက်ရုံမှာ အလုပ်ဝင်ခွင့် စာမေးပွဲ အောင်ပြီးတဲ့အထိ စောင့်ပါဦး”
ဖန်ချင်း၏ မျှော်လင့်တကြီး စိုက်ကြည့်နေသည့် မျက်လုံးများက အလွန် ပူလောင်လွန်းသောကြောင့် လီရှန်းတစ်ယောက် အချိန်ဆွဲသည့် နည်းကိုသာ အသုံးပြုလိုက်ရသည်။
သူမ၏ တူမလေးတွင် အရေးကြီးသော အလုပ်ကိစ္စရှိနေသောကြောင့် ဖန်ချင်းသည်လည်း အတင်းအကျပ် မလုပ်ရဲဘဲ သူမ၏ရှေ့တွင် သဘောတူလိုက်လေ၏။
သို့သော်လည်း နောက်ကွယ်တွင်တော့ စုဝေ့ချင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လူ လွှတ်ကာ စုံစမ်းတော့သည်။
ထိုကောင်လေးသည် မည်သူဖြစ်ပြီး၊ အိမ်အခြေအနေက မည်သို့ရှိကြောင်း၊ အရေးအကြီးဆုံးက မိဘများမှာ ကျိုးကြောင်းညီညွတ်၍ တွေးတောဆင်ခြင်နိုင်စွမ်း ရှိမရှိကို သိလိုခြင်း ဖြစ်ပေသည်။
သူမ၏ သနားစရာ တူမလေးအား ရက်စက်သော ယောက္ခမ၏ ဒဏ်ကို ထပ်မံ မခံစားစေလိုတော့ပါချေ။
မျက်စိတစ်မှိတ်အတွင်း ရက်သတ္တပတ် နှစ်ပတ်က ကုန်ဆုံးသွားခဲ့သည်။
လီရှန်းက ဦးစွာ အထက်တန်းကျောင်း၏ ဘွဲ့ရစာမေးပွဲကို သွားရောက် ဖြေဆိုခဲ့သည်။
ထိုအချိန်တွင် အထက်တန်းကျောင်းတွင်၊ အထူးသဖြင့် နောက်ဆုံးနှစ် အတန်းများတွင် အတန်းဖော်များက တဖြေးဖြေးနှင့် တစ်ယောက်၊ နှစ်ယောက် အစရှိသည်ဖြင့် လျော့နည်းလာခဲ့ပြီး နောက်ဆုံးစာမေးပွဲနေ့တွင် အတန်းထဲ၌ လူနှစ်ဆယ်သာ စာမေးပွဲဖြေဆိုရန် ကျန်တော့သည်။
အများစုမှာ ယောက်ျားလေးများသာ ဖြစ်ကြပြီး မိန်းကလေး အနည်းငယ်သာ စာမေးပွဲအတွက် ကျန်ရစ်ခဲ့ကြသည်။
ထိုမိန်းကလေး အနည်းငယ်တွင် :
ကျန်းယွဲ့ ကဲ့သို့သော နှစ်သစ်ကူးပြီးနောက်တွင် ကျေးလက်ဒေသသို့ သွားရောက်ရန် သေချာနေပြီး နှစ်သစ်ကူးမတိုင်မီ အလုပ်မရှိသဖြင့် အထက်တန်းကျောင်း ဘွဲ့လက်မှတ် ရယူကာ နောင်ပိုင်းတွင် ကျေးလက်၌ မူလတန်းကျောင်း ဆရာမ လုပ်နိုင်ရန် မျှော်လင့်သူများ၊
လီရှန်း နှင့် လီလင်း ကဲ့သို့သော ကျေးလက်သို့ သွားမည်လား၊ အလုပ်လုပ်မည်လား မဆုံးဖြတ်ရသေးသဖြင့် ယာယီ စာမေးပွဲဖြေဆိုရန် လာရောက်သူများ၊
သို့မဟုတ် နောက်ကွယ်တွင် အဆက်အသွယ်ရှိနေပြီး စာမေးပွဲဖြေပြီးနောက်တွင် အလုပ်သမား - လယ်ဗာ - စစ် တက္ကသိုလ်သို့ တက်ရောက်ရန် အကြံပြုခံရနိုင်သူများ ဖြစ်ကြသည်။
အတိုချုပ်အားဖြင့် ပြောရလျှင် အလုပ်ရပြီးသူများနှင့် လက်ထပ်ပြီးသူများက ထွက်ခွာသွားကြပြီဖြစ်ပြီး အနာဂတ်အတွက် မရေရာသေးသည့် လူအုပ်စုတစ်ခုသာ သုညဒီဂရီအောက် အပူချိန်ကို တောင့်ခံကာ စာမေးပွဲဖြေရန် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
စာမေးပွဲပြီးသွားသည့်နောက်တွင် ရလဒ်များ မထွက်သေးမီကတည်းက ဘွဲ့လက်မှတ်များက လက်ထဲသို့ ရောက်လာခဲ့သည်။
အတန်းပိုင်ဆရာက စင်ပေါ်မှနေ၍ ပြောလာခဲ့သည်။
“ရလဒ်တွေကို နောက်သုံးရက်နေရင် စာရွက်နီပေါ်မှာ ကူးရေးပြီး အပြင်ဘက်က သင်ပုန်းနက်မှာ ကပ်ထားမယ်.. ကြည့်ချင်တဲ့သူတွေ လာကြည့်နိုင်ပါတယ်”
ထိုသို့ ပြောပြီးနောက်တွင်တော့ မည်သူ့ကိုမှ စကားဆက်မပြောဘဲ အဖြေလွှာစာရွက်လိပ်ကိုယူကာ ထွက်သွားခဲ့သည်။
ဤနှစ်များအတွင်း ဆရာများက ကျောင်းသားများကို သင်ကြားပေးလိုစိတ်များ ကင်းမဲ့လာခဲ့ကြသည်။ အိမ်ထောင်သု၏ တာဝန်ကို ထမ်းရမည့် ဆရာများသာလျှင် အခြား အလုပ်အကိုင်သို့ မပြောင်းဘဲ ဤလမ်းကြောင်းပေါ်တွင် ဆက်လက် ရပ်တည်နေကြသည်။
‘ကြီးမားသော ရည်မှန်းချက်’ ဟု ခေါ်ဆိုနိုင်သည့် အရာမျိုးက ဤပညာရေးလောကအတွင် မရှိတော့ပေ။
စာမေးပွဲပြီးနောက် လီရှန်းတစ်ယောက် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သော်လည်း လီလင်း၏ မျက်နှာမှာမူ ဝမ်းနည်းမှုများနှင့် ပြည့်နေပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ နှမြောတသ ဖြစ်နေသည်။
လီရှန်းက သူမကို နှစ်သိမ့်လိုက်သည်။“ဘယ်အရာကအှ မခွဲမခွာဘဲ အမြဲတမ်းမရှိနိုင်ဘူး.. နောက်ပြီး ငါတို့ ဘွဲ့ရသွားတာနဲ့ ကျောင်းကို ပြန်မလာနိုင်တော့တာ မဟုတ်ဘူးလေ.. အလုပ်မရှိရင် လာလည်နိုင်တာပဲမလား”
လီလင်းက ထိုစကားကို ကြားလျှင် မျက်လုံးများတွင် မျက်ရည်များ ချက်ချင်း စို့လာသည်။
“ငါ ကျောင်းတက်ရတဲ့အချိန်တွေကို နှမြောနေတာ မဟုတ်ပါဘူး.. ဒီနေ့ စာမေးပွဲ ပြီးရင် ငါ ကျောင်းတွင်းအဆောင်မှာ နေလို့ ရသေးလားလို့ စဉ်းစားနေတာ”
ဤစကားတစ်ခွန်းကပင် လီရှန်း၏ နှစ်သိမ့်စကားကို ရပ်တန့်သွားစေခဲ့သည်။
လီလင်းက မျက်နှာကို ဖုံးအုပ်ကာ ငိုကြွေးနေဆဲပင်။
“အခုကစပြီး ငါ့ရဲ့ညီမလေးနဲ့ အခန်းထဲမှာ ကျပ်ကျပ်ညပ်ညပ် ပြန်နေပြီး စာတွေကိုလေ့လာရတော့မယ်ဆိုတာ စဉ်းစားလိုက်ရင်… ရှန်းရှန်း ငါ စာမေးပွဲ အောင်ပါ့မလား”
ဤရက်ပိုင်းအတွင်း လီလင်းတစ်ယောက် လီရှန်းထက် စာကျက်နှုန်း နောက်ကျနေသောကြောင့် သူမ၏ စိတ်အခြေအနေက အနည်းငယ် ပျက်စီးနေပြီဖြစ်သည်။
အကယ်၍ အိမ်သို့ပြန်ပြီး သုံးရက်တာအတွင်း ကောင်းကောင်း အနားမယူနိုင်ပါက စာမေးပွဲက အမှန်တကယ် ကျသွားနိုင်သည်။
စိတ်ခံစားချက်များက အလွန်အရေးကြီးသောအချိန်မျိုးဖြစ်နေခဲ့သောကြောင့် လီရှန်း သူမကို အားပေးလိုက်ရသည်။
“သုံးရက်လောက် အပင်ပန်းခံလိုက်ဦး၊ ဒီသုဲးရက်ပြီးရင် တစ်သက်လုံး သက်သောင့်သက်သာ နေရတော့မယ်.. ငါတို့ စုံစမ်းထားတဲ့ ဆေးဝါးစက်ရုံက အလုပ်သမား အဆောင်အကြောင်းကို စဉ်းစားကြည့်ပါဦး”
နှစ်ယောက်ခန်းနေရမှာလေ!
“ဟုတ်တယ်၊ ငါ အားတင်းထားရမယ်”
ဘယ်စက်ရုံကများ အလုပ်သမား အဆောင်က နှစ်ယောက်ခန်း ဖြစ်နေလဲ!
ဒီဆေးဝါးစက်ရုံမှာပဲ အဲလို ရနိုင်တာလေ!
“အဲဒီအချိန်ကျရင် ငါတို့ နှစ်ယောက် အလုပ်သမားအဆောင်မှာ တစ်ခန်းတည်းနေပြီး သူငယ်ချင်းအဖြစ် ဆက်ပြီးရှိနေကြမယ်”
လီလင်းတစ်ယောက် စိတ်ဓာတ် ပြန်တက်ကြွလာသည်။
“ဟုတ်တယ် ငါ ဒီအလုပ်ကို မစွန့်လွှတ်နိုင်ဘူး”
လီလင်း၏ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်ကို မြင်မှ လီရှန်းလည်း စိတ်သက်သာရာ ရသွားသည်။
သူမကသာ လီလင်းကို ဆေးဝါးစက်ရုံတွင် စာမေးပွဲ ဖြေဆိုရန် ဆွဲဆောင်ခဲ့သူဖြစ်သောကြောင့် အဆုံးသတ်တွင် ရန်သူများ မဖြစ်စေလိုပါချေ။
စာမေးပွဲဖြေပြီးသည်နှင့် လီရှန်း အိမ်သို့ ပြန်လာခဲ့သည်။
သူမသည်က ကျောင်းအဆောင်မှ ပြမ်ထွက်၍ နေ့ကျောင်းအဖြစ် တက်နေသည်မှာ ရက်အတန်ကြာပြီ ဖြစ်ပြီး အဆောင်မှပစ္စည်းများကို ကြိုတင် ရှင်းလင်းပြီး ဖြစ်သောကြောင့် အလွယ်တကူ အိမ်သို့ပြန်လာနိုင်ခဲ့သည်။
အိမ်နှင့် ဝေးသော အတန်းဖော်များကတော့ အဆောင်များတွင် ပစ္စည်း ထုပ်ပိုးနေကြဆဲဖြစ်ပြီး ကားနဲ့ ခရီးထွက်ရမည်း လူများကတော့ နောက်တစ်ည ထပ်နေရန် တောင်းဆိုကာ နောက်တစ်နေ့ နံနက်မှသာ ထွက်ခွာကြပေလိမ့်မည်။
လီလင်းကတော့ မြို့ထဲတွင် အိမ်ရှိသော်လည်း အဆောင်တွင် နောက်ထပ် တစ်ည ထပ်နေရန် တောင်းဆိုခဲ့သည်။
လီရှန်း အိမ်ပြန်ရောက်ပြီးနောက် ဆေးဝါးစက်ရုံ စာမေးပွဲအတွက် ပြင်ဆင်ရန်အတွက် စာကျက်မှတ်ရမည့် စာရွက်စာတမ်း အားလုံးကို နောက်တစ်ကြိမ် ထပ်ဖတ်ခဲ့သည်။
တစ်ဖက်မှ စုမိသားစု အိမ်တွင်လည်း တိတ်ဆိတ်လျက်ရှိသည်။
လော်ယွီရှို့က ဧည့်ခန်းထဲတွင် ထိုင်၍ သိုးမွေးထိုးနေခဲ့သည်။ အိမ်တွင်းအိမ်ပြင်တွင် အသံတစ်စက်မှ မကြားရပါချေ။
အပြင်ဘက်လောကတွင် အရှိန်အဝါကြီးမားသော ဒုတိယညွန်ကြားရေးမှူး စုဝေ့မင်ပင်လျှင် သားငယ်ဖြစ်သူ၏ စာကျက်ခြင်းကို အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် အသံမထွက်စေရန် ခြေဖျားထောက်၍ ပြန်လာရသည်။
လော်ယွီရှို့က စကားများ၍ ရန်ဖြစ်နေဆဲဖြစ်သော သားကြီးဖြစ်သူတို့ ဇနီးမောင်နှံအား ကလေးနှစ်ယောက်ကို ပြန်ခေါ်သွားရန်ပြောခဲ့ပြီး အနည်းဆုံး ဤသုံးရက်အတွင်း ပြန်မပို့ရန် အမိန့်ပေးထားခဲ့သည်။
အကယ်၍ စုဝေ့ချင်း ဆေးစက်ရုံ စာမေးပွဲ မအောင်ပါက သူမက လူတိုင်းကို ဂရုမစိုက်သည့်အတွက် ဆူပူပေလိမ့်မည်။
စုဝေ့မင်တစ်ယောက် တစ်နေကုန် အလုပ်တွင် ပင်ပန်းလာပြီးနောက် အိမ်ပြန်ရောက်သည့်အချိန်တွင်လည်း သတိအနေအထားဖြင့် နေရပြန်သည်။
ထို့ကြောင့် အခန်းထဲကို ရောက်ချိန်တွင် လော်ယွီရှို့ကို မကျေမနပ် ပြောမိသည်။
“ဒီလောက်တောင် လုပ်စရာ လိုနေလို့လား.. ဝေ့ချင်းက အရင်ကတည်းက စာတော်ပြီးသားပဲ၊ သူက စာရေးတဲ့ အလုပ်ကို လုပ်နေတဲ့သူဆိုတော့ ဆေးဝါးစက်ရုံ စာမေးပွဲက သူ့အတွက် ပြဿနာ မရှိနိုင်ဘူး.. စာမေးပွဲ မအောင်ရင်တောင် သူ စာ ဆက်ရေးနေလို့ ရသေးတာပဲ”
“ရှင် ဘာသိလို့လဲ”
လော်ယွီရှို့က ခင်ပွန်းဖြစ်သူကို မျက်လုံးလှန်ကြည့်လိုက်သည်။
“သူ့ရဲ့ စာရေးတာက ပုံမှန်အလုပ်လို့ ပြောလို့ရမလား.. အဲဒါက သုံးရက်စာ အငတ်ခံပြီး သုံးရက်စာ ဗိုက်ပြည့်နေတာမျိုးပဲ.. ဒီလို မတည်ငြိမ်တဲ့အလုပ်ရှိတဲ့သူကို ဘယ်မိန်းကလေးက ကြိုက်မှာလဲ
သူကိုယ်တိုင်က တိုးတက်လိုစိတ် ရှိနေတဲ့အချိန်မှာ သူ့ရဲ့မိဘတွေက မကူညီပေးရင် ဘယ်သူကကူညီမှာလဲ
အဲဒါကြောင့် ရှင်က စက်ရုံကိစ္စတွေကိုပဲ စိတ်ဝင်စားပြီး အိမ်ကိစ္စကို လုံးဝ ဂရုမစိုက်ဘူးလို့ ပြောတာ”
စုဝေ့မင်တစ်ယောက် ဆူပူခံရပြီးနောက် ပြန်လည်ချေပရန် စကားလုံးများ ရှာမတွေ့တော့ပါချေ။
ရဲဘော်လော်ယွီရှို့သည်က စေ့စပ်ညှိနှိုင်းရေး အလုပ်ကို လုပ်ခဲ့သူ ပီသပြီး စိတ်ဆိုးသည့်စကားများကို အသက်ရှူခြင်းမရပ်ဘဲ ပြောဆိုနိုင်သူဖြစ်သည်။သူမ၏ အဆုတ်အားက အလွန်ပင် ကောင်းမွန်လွန်းပေသည်။
***