လီရှန်းအနေဖြင့် ကျေးလက်ဒေသသို့ မသွားရုံသာမက ဆေးဝါးစက်ရုံတွင်လည်း အလုပ်လုပ်နိုင်စေရမည်ဟု ဆုံးဖြတ်ထားသည်။
လုံလောက်စွာ တာဝန်ထမ်းဆောင်ပြီးလျှင် သူမ၏ ကိုယ်ပိုင်ဌာနတွင် ခန့်အပ်ခံရမည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်လည် စတင်ပြီးနောက်တွင် သူမက ဆေးတက္ကသိုလ်သို့ သွားပြီး လူအများလေးစားခြင်းကိုခံရသော ဆရာဝန်တစ်ဦးဖြစ်လာရမည်။
သူမ၏ ဦးလေးများနှင့် အဒေါ်များက သူမအတွက် ဂုဏ်ယူကြရလိမ့်မည်။
သူမ၏ ပြာများကို ကိုင်ထားရမည့်အစား၊ သူမအတွက် ငိုကြွေးရန်ပင် ခွန်အားမရှိလောက်အောင် ဝမ်းနည်းနေရမည့်အစား သူတို့ ပျော်ရွှင်နေရလိမ့်မည်။
လီရှန်းနှင့် လီလင်းတို့ လမ်းခွဲပြီးနောက် သူမက ခိုင်မာသော ခြေလှမ်းများဖြင့် ဘတ်စ်ကား မှတ်တိုင်သို့ လျှောက်သွားခဲ့သည်။
သူမ၏ နှလုံးသားထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက် ရှိနေပြီး သူမ၏ မျက်နှာပေါ်တွင်လည်း ဆုံးဖြတ်ချက်ခိုင်မာစွာချမှတ်ထားကြောင်း သိသာစွာ မြင်နေခဲ့ရသည်။
ထိုအခိုက်တွင် သူမ အကြည့်တစ်ချက်ဝေ့ကြည့်လိုက်မိပြီးနောက် ပလက်ဖောင်းပေါ်တွင် အနည်းငယ်လောက်လှုပ်ရှားကာ လှည့်ပတ်နေသော ပုံသဏ္ဍာန်ကို မြင်လိုက်ရပြီး အံ့အားသင့်သွားရသည်။
စုဝေ့ချင်းမှာ သူ၏ လည်ပင်းကို အင်္ကျီထဲတွင်ကျုံ့ကာ ပလက်ဖောင်းတစ်လျှောက် ဟိုဟိုဒီဒီလှုပ်ယမ်းနေသည်။
သူ၏ နှလုံးသားထဲတွင်တော့ အနည်းငယ်လောက် ဒေါသထွက်နေခဲ့လေ၏။
ဆေးဝါးစက်ရုံမှ ကလေးတစ်ဦးအနေဖြင့် သူသည်က ဝင်ခွင့်တင်ပြီးသည်နဲ့ စာမေးပွဲခန်းငယ်တစ်ခုသို့ ပို့ဆောင်ခြင်းကိုခံရသည်။
ထိုအခန်းထဲတွင် စက်ရုံ အလုပ်သမားများ၏ဒုတိယမျိုးဆက်များဖြင့် ပြည့်နှက်နေခဲ့သည်။
စာမေးပွဲဖြေဆိုနေချိန်အတွင်းတွင်လည်း သူက အလျင်အမြန် ရေးသားဖြေဆိုခဲ့ပြီး သူ၏အဖြေလွှာစာရွက်ကို ကြိုတင်ပေးအပ်နိုင်ပါက လီရှန်းရှိနေသည့် စာမေးပွဲခန်းကြီးသို့ သွားနိုင်သေးကြောင်းကို တွေးခဲ့သည်။
ထို့နောက်တွင် လီရှန်းကို တံခါးဝမှာ စောင့်နေနိုင်လိမ့်မည်။
ရလဒ်အနေဖြင့် စာမေးပွဲဖြေဆိုပြီးနောက်တွင် စိတ်ဓာခိုင်မာမှု အလွန်ပင် နိမ့်ကျလွန်းသောင်ကြောင့်သတိလစ်သွားသော စက်ရုံဒုတိယမျိုးဆက်တစ်ဦး ရှိနေခဲ့လေသည်။
စက်ရုံ၏ဒုတိယညွှန်ကြားရေးမှူးတစ်ယောက်၏ သားဖြစ်သူအနေဖြင့် စုဝေ့ချင်းထံတွင် စာမေးပွဲခန်းထဲတွင် ရှိနေပေးပြီး အခြေအနေအလုံးစုံကို တာဝန်ယူရမည့် ဝတ္တရားတို့ရှိခဲ့သည်။
သူက ထိုစက်ရုံဒုတိယမျိုးဆက်၏ မိဘများ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းပြီးမှသာ စာမေးပွဲခန်းကြီးသို့ အလျင်အမြန်သွားနိုင်ခဲ့သည်။
စာမေးပွဲဖြေဆိုသည့် အချိန်များက တူညီနေခဲ့သည်။
ထို့ကြောင့် သူရောက်သွားချိန်တွင်စာမေးပွဲခန်းကြီးက ဗလာဖြစ်နေပြီး ဆေးဝါးစက်ရုံ၏ အနောက်ဘက်ရုံးမှ စာရေးမအနည်းငယ်သာ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းများကို စီစဉ်နေခဲ့ပေပြီ။
စုဝေ့ချင်းအနေဖြင့် လီရှန်းက ဘတ်စ်ကား စီးသွားလောက်မည်ဟုတွေးတောကာ အနောက်မှ လိုက်သွားသော်လည်း မည်သူ့ကိုမျှ မတွေ့ခဲ့ရပေ။
သို့နှင့် လက်မလျှော့ဘဲ ပလက်ဖောင်းတွင်သာ ဆက်လက် စောင့်ဆိုင်းနေခဲ့ပြီး အအေးဓာတ်ကို အံတုရန်အတွက် ဟိုဟိုဒီဒီ လှည့်ပတ်နေခဲ့သည်။
သူ့အနေဖြင့် မှောင်လာသည်နှင့် ပြန်သွားမည်ဟု တွေးခဲ့ပြီး မမှောင်သေးခင်အထိ ပလက်ဖောင်းပေါ်တွင် စောင့်ဆိုင်းချင်ခဲ့သည်။
သူသာ လီရှန်းကိုတွေ့ရမည်ဆိုပါက လီရှန်းထံတွင် သူ သူမကို ချစ်မြတ်နိုးကြောင်းနှင့် သူမနှင့် ချိန်းတွေ့ချင်ကြောင်းတို့ကို ပြောပြရန်ဆုံးဖြတ်ခဲ့သည်။
သူ လီရှန်းကိုမတွေ့နိုင်ပါက...
မနက်ဖြန် ရလဒ်များ ထွက်လာသည်အထိ စောင့်ပြီး သူမကို ဖွင့်ပြောနိုင်မည့်အချိန်ကို ဆက်လက် စောင့်ဆိုင်းရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူသည်က လီရှန်းကို ကြိုက်နှစ်သက်ပြီး လီရှန်းနှင့် ချိန်းတွေ့ချင်သည်။
ဘုရားသခင်က ငတုံးများကို ပို၍ နှစ်သက်သည်ဟု ထင်ရသည်။ လီရှန်းက မမှောင်ခင် ရောက်ရှိလာခဲ့လေ၏။
လီရှန်းတစ်ယောက် စုဝေ့ချင်းကို မြင်သောအချိန်တွင် တစ်ဖက်လူက အေးခဲလုနီးပါး ဖြစ်နေကြောင်းကိုမြင်လိုက်ရသည်။
သူ၏ ဆံပင်များက လေထဲတွင် လွင့်ပျံနေပြီး ကြက်ခြံကဲ့သို့ ရှုပ်ပွနေသည်။ သူ၏ မျက်နှာသည်လည်း အေးစက်သည့် လေထုကြောင့် ပြာနှမ်းနေပြီး သူ၏ နှုတ်ခမ်းများကလည်း တုန်ယင်နေခဲ့သည်။
ဂရုတစိုက် နားထောင်ပါက တစ်ဖက်လူ၏ သွားများ တခိုက်ခိုက်ရိုက်ခတ်နေသံကိုပင် ကြားနိုင်သည်။
လီရှန်း: “... စုဝေ့ချင်း?”
စုဝေ့ချင်း ရုတ်တရက် ခေါင်းထောင်ကြည့်လိုက်သည်။
သူ၏ မျက်လုံးများက ရုတ်တရက် အလင်းရောင်တစ်ခုဖြင့်တောက်ပလာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ‘ကောင်းကင်က အကျိုးပေးလာခဲ့ပေပြီ’။
အချစ်နတ်ဘုရားက သူ ယနေ့ ဝန်ခံသင့်သည်ဟု ပြောဆိုလာခြင်းဖြစ်မည်ဟု ခံစားရသည်။
သူ အလျင်အမြန် လီရှန်းဆီသို့ သွားလိုက်သည်။ သို့သော်လည်း စုဝေ့ချင်းတစ်ယောက် အလွန်အမင်းအေးလွန်းနေသဖြင့် စကားပင် မပြောနိုင်ဖြစ်နေခဲ့လေသည်။
“လီ... ရဲဘော် လီရှန်း.. မင်း မ...”
သူ တံတွေးမျိုချလိုက်သည်။
“မင်း မပြန်သေးဘူးလား”
လီရှန်းလည်း သူအလွန်အမင်း အေးနေသည်ကို မြင်လိုက်ရသည်။
ထို့ကြောင့် သူမ သူ့ကို လေကွယ်ရာသို့ အလျင်အမြန် ဆွဲခေါ်လိုက်သည်။“ရှင် အပြင်ဘက်မှာ ဘယ်လောက်ကြာအောင် နေခဲ့တာလဲ.. အရမ်း အေးနေသလိုပဲ.. ရှင့်ရဲ့ အဝတ်အစားတွေနဲ့ဆို အေးခဲနေလောက်ပြီ”
“ရပါတယ်”
စုဝေ့ချင်းက ရဲရင့်ချင်ယောင်ဆောင်ခဲ့သော်လည်း ပြန်တွေးလိုက်သည်။ အခုက ကြွားဝါရမည့် အချိန်မဟုတ်သေးပေ။ ထို့ကြောင့် သူက အလျင်အမြန်ပင် သူ၏ လေသံကို ပြောင်းပြီး လီရှန်းကို သနားစရာကောင်းစွာကြည့်လာသည်။
“နည်းနည်းတော့အေးတယ်”
“ ဒီလောက်တောင် နောက်ကျနေပြီ.. ရှင် ဘာလို့မပြန်သေးတာလဲ.. ရှင် ဘတ်စ်ကားရောမီပါဦးမလား”
လီရှန်း ဘတ်စ်ကားမှတ်တိုင် ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်သည်။
ဤအချိန်တွင် ဘတ်စ်ကားတစ်စီးသာ ကျန်နေပေပြီ။ ၎င်းမှာ အဓိက စက်ရုံများကို ချိတ်ဆက်ပေးသည့် ဘတ်စ်ကားသာဖြစ်သည်။
ပိုင်မားခရိုင်ကို အစိုးရက အလွန်ကောင်းမွန်စွာ စီစဉ်တည်ဆောက်ထားသည်။ အဓိက စက်ရုံများကို နေရာတိုင်းတွင် တည်ထောင်ထားပြီး စက်ရုံ အလုပ်သမားများအတွက် အမြန် ဘတ်စ်ကားကိုလည်း စီစဥ်ပေးထားကာ နေရာတိုင်းတွင် စီးပွားရေးကို သေသေချာချာဆောင်ရွက်နိုင်စေရန် ကြိုးစားထားသည်။
ရိုးသားစွာပြောရပါက အလုပ်သမား ရဲဘော်တိုင်းတွင် လစာရပြီးနောက် ပတ်ဝန်းကျင်နေရာများတွင် ငွေသုံးစွဲနိုင်ခြင်းရှိစေရန် လုပ်ဆောင်ထားခြင်းဖြစ်သည်။
ခရိုင်တွင် စုစုပေါင်း ဘတ်စ်ကား ခြောက်စီးရှိသည်။ တခြား ဘတ်စ်ကားများက နာရီဝက်ခြား တစ်ကြိမ် ပြေးဆွဲလေ့ရှိသည်။ သို့သော် ဤ အလုပ်သမားဘတ်စ်ကားကတော့ ဆယ်မိနစ်ခြားတစ်ကြိမ် ပြေးဆွဲတတ်သည်။
၎င်းကမနက်စောစောတွင် စတင်ပြီး ညဘက် နောက်ကျမှရပ်လေ့ရှိသည်။ ဆိုရလျှင် အလုပ်သမား ရဲဘော်တိုင်း ကားနှင့်သွားလာနိုင်စေရန် ကြိုးစားထားခြင်းပင်။
ဘတ်စ်ကားပေါ်က ဘတ်စ်ကားမောင်းနှင်သည့် ဒရိုင်ဘာပင် အတွေ့အကြုံရှိသော ဒရိုင်ဘာကိုခန့်အပ်ထားခဲ့လေ၏။
စုဝေ့ချင်း အလျင်အမြန် ခေါင်းညိတ်ကာ လီရှန်းကို အလွန်လေးနက်သောမျက်လုံးများဖြင့် ကြည့်ပြီး ရိုးသားနက်ရှိုင်းသော လေသံဖြင့် ပြောခဲ့သည်။
“ကိုယ် မင်းကို စောင့်နေခဲ့တာ”
“ကျွန်မကို စောင့်နေတာလား”
လီရှန်း အံ့အားသင့်သွားရသည်။
သူမ ရုတ်တရက်သတိရသွားခဲ့လေ၏။
“ ဒီနေ့ စာမေးပွဲခန်းထဲမှာ ကျွန်မ ရှင့်ကို ဘာလို့မတွေ့တာလဲ”
“ကိုယ်က တခြားစာမေးပွဲခန်းလေးတစ်ခုမှာ စာမေးပွဲ ဖြေခဲ့တာ”
စုဝေ့ချင်း သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီး စာမေးပွဲခန်းအတွင်း ပြည့်နှက်နေသော စက်ရုံမှ ဒုတိယမျိုးဆက်များကို တွေးလိုက်ပြီး ပြဿနာတစ်ခုကို ရုတ်တရက်ရှာတွေ့ခဲ့သည်။
လီရှန်းမှ သူ့ကိုဆေးဝါးစက်ရုံ၏ ကလေးဖြစ်ကြောင်းကို မသိသေးပေ။
သူသည်က ဆေးဝါးစက်ရုံ၏ စာမေးပွဲအကြောင်းကို ဆွေးနွေးခြင်းဖြင့် လီရှန်းနှင့် နီးစပ်ရန် အခွင့်အရေး ယူခဲ့သည်။ သူ့ထံတွင် ဆိုးရွားသော ရည်ရွယ်ချက်များရှိသည်ဟုပင် ထင်ရပေသည်။
သူ့အနေဖြင့် ဤရက်များအတွင်း လီရှန်းထံမှ ဖုံးကွယ်ထားခဲ့ကြောင်းကို ပြန်တွေးလိုက်ပြီးနောက် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ထို့နောက်တွင် သူ ပြန်လည်တွေးတောပြန်လိုက်ပြန်သည်။
၎င်းသည်က သူ၏ဇနီးကို လိုက်ရန်အတွက်သာဖြစ်ပြီး အဖြူရောင်မုသားငယ်တစ်ခုဖြစ်ပေသည်။ ထိုသို့ ဖုံးကွယ်ထားခြင်းကို ခွင့်လွှတ်သင့်သည်မဟုတ်ပါလား။
သူ့အနေဖြင့် စိတ်ထဲတွင် ထိုသို့တွေးတောလိုက်သော်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်နေဆဲဖြစ်သောကြောင့် သတ္တိကိုမွေးပြီး ပြောလိုက်လေ၏။
“ကိုယ် မင်းကို အိမ်ပြန်လိုက်ပို့ပါ့မယ်”
လီရှန်း : “... ကျွန်မ ကိုယ့်ဘာသာ ပြန်သွားလို့ရပါတယ်၊ အခုထိ မမှောင်သေးဘူးလေ”
အချိန်က ခုနစ်နာရီ မကျော်သေးပါချေ။ ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် အများပြည်သူလုံခြုံရေးသည်က အလွန်ကောင်းမွန်နေဆဲ ဖြစ်သည်။
“ရဲဘော် လီရှန်း၊ ကိုယ် မင်းကို ပြန်လိုက်ပို့ပါရစေ.. ကိုယ် မင်းကို ပြောစရာရှိသေးတယ်”
နောက်ထပ် အေးစက်သော လေတစ်ချက် တိုက်ခတ်လာခဲ့သည်။ စုဝေ့ချင်း သူ၏ လည်ပင်းကို ကျုံ့လိုက်မိလေ၏။
သူ မတိုင်ခင်က စုဆောင်းထားသော သတ္တိမှာ လီရှန်း၏ ရိုးရှင်းသော စကားများကြောင့် ကျရှုံးလုနီးပါး ဖြစ်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် စုဝေ့ချင်းသည်လည်း စိတ်ဓာတ်ခိုင်မာသောလူတစ်ဦး ဖြစ်သောကြောင့် လီရှန်းကို ထပ်မံတောင်းဆိုလိုက်သည်။
သူ၏ မျက်လုံးများသည်ပင် ပို၍ လေးနက်လာခဲ့သည်။
လီရှန်း ခဏတာ အံ့အားသင့်သွားရပြီး ဤအချိန်တွင် စုဝေ့ချင်းက ပုံမှန်နှင့် ကွဲပြားနေပုံရသည်ဟု ခံစားလိုက်မိသည်။
“ကောင်းပြီ”
သူ လိုက်ပို့ပေးချင်ရင်လည်း ပို့ပေးပါစေပေါ့။
ဘတ်စ်ကားမလာမီအချိန်တွင် စုဝေ့ချင်းတစ်ယောက် စိတ်ထဲတွင်တွေးတောနေခဲ့သည်။ ကားမရောက်မီ သူက ဆေးဝါးစက်ရုံမှ ဝန်ထမ်း၏ ကလေးဖြစ်ကြောင်းကို ဝန်ခံချင်ခဲ့သည်။ သို့သော်လည်း သူ ထိုသို့ ဝန်ခံ၍စကားပြောခြင်းမပြီးသေးမီ ကား ရောက်လာပါက လီရှန်း ကားထဲ သို့ဝင်ပြီးထွက်သွားမည်ကိုလည်း စိုးရိမ်ခဲ့ပြန်သည်။
အာ... မဖြစ်သေးဘူး။
စက်မှုယန္တရားစက်ရုံရဲ့ တံခါးကိုရောက်မှ စကားပြောရမယ်!
အဆိုးဆုံး အခြေအနေမှာ လီရှန်း ထွက်သွားပါက သူ့အနေဖြင့် တံခါးစောင့်ထံသို့ သွား၍ သူ့ကို စိတ်ကျေနပ်အောင် တစ်စုံတစ်ခုပေးကမ်းပြီး လီရှန်း၏အိမ်သို့ သွားကာ အရှက်တရားကိုဘေးဖယ်၍ တောင်းပန်ရမည့် အမျိုးသားတစ်ဦး ဖြစ်လာလိမ့်မည်။ငါ့ရဲ့ဇနီးကို လိုက်ဖို့အတွက် ငါ့ရဲ့မျက်နှာကိုမပြောနဲ့၊ အရေပြား မရှိတော့ရင်တောင် အရေးမကြီးဘူး!
စုဝေ့ချင်းတစ်ယောက် သူ့ကိုယ်သူ အားတင်း၍ တွေးတောနေခဲ့လေ၏။
လီရှန်းကတော့ သူမ၏ ဘေးတွင်ရှိနေသော စုဝေ့ချင်းတစ်ယောက် ရူးသွပ်စွာ တွေးတောနေသည်ကို မသိခဲ့ချေ။
တစ်ဖက်လူက ယနေ့တွင် အထူးတလည် တိတ်ဆိတ်နေသည်ဟုသာ ခံစားရပြီး နေ့လယ်ပိုင်း စာမေးပွဲကြောင့်ဖြစ်မည်ဟု တွေးတောမိသည်။
လီရှန်း : “နေ့လယ်ပိုင်း စာမေးပွဲမှာ ရှင် ဘယ်မေးခွန်းကို ဖြေခဲ့ရတာလဲ”
“သင်္ချာ ပုစ္ဆာမေးခွန်း လေးခုနဲ့ မေးခွန်းကိုဖြေရတာ”
စုဝေ့ချင်း ချက်ချင်း ဖြေလာခဲ့သည်။
“ကျွန်မလည်း သင်္ချာ မေးခွန်း လေးခုနဲ့ စာမေးပွဲမေးခွန်းကို ဖြေခဲ့တာ”
လီရှန်း၏မျက်လုံးများက တောက်ပလာပြီး သူမ၏အိတ်ထဲမှ မှတ်စုစာအုပ်ကို အလျင်အမြန်ထုတ်လိုက်သည်။
“လာ.. ကျွန်မတို့ အဖြေတွေကို စစ်ကြည့်ရအောင်.. ကျွန်မရဲ့ သူငယ်ချင်းက နောက်မေးခွန်းကိုဖြေခဲ့တာ.. ဒါကြောင့် ကျွန်မရဲ့အဖြေက မှန်ပါ့မလား မသေချာဘူး”
***