စာမေးပွဲမေးခွန်းများအကြောင်းကို ပြောလိုက်သည်နှင့် စုဝေ့ချင်းတစ်ယောက် ပို၍တက်ကြွလာခဲ့သည်။
လေ့လာသင်ယူခြင်းဆိုသည် အမှန်ပင် ကောင်းမွန်လှ၏။ သူ့အနေဖြင့် ယခင်က လီရှန်းနှင့်တွေ့တိုင်း ဤအကြောင်းအရာနှင့် ချည်းကပ်လေ့ရှိသည်။
လီရှန်းက ပညာရပ်များကိုသင်ယူခြင်းအား အမှန်တကယ်နှစ်သက်ကြောင်းကို သူ မြင်နိုင်သောကြောင့် လီရှန်း၏ မှတ်စုစာအုပ်ကို ယူလိုက်ပြီး နှစ်ယောက်အတူ မှောင်ရီပျိုးစပြုနေသော ကောင်းကင်အောက်တွင် ဘေးချင်းယှဉ်ထိုင်ကာ လီရှန်းရေးမှတ်ထားသော စာမေးပွဲမေးခွန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြတလေသည်။
ထိုအချိန်တွင် မလှမ်းမကမ်းရှိ ထောင့်ချိုးတစ်ခု၌...
လော်ယွီရှို့တစ်ယောက် နံရံထောင့်ကို ကိုင်ဆွဲထားရင်း ထိုလူငယ်နှစ်ဦးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူမ၏ဘေးတွင်ရှိနေသော စုဝေ့မင်ကိုလည်း ကန်ရန် မမေ့လျော့ခဲ့ပါချေ။
“လောင်စု... အဲဒီလူငယ်နှစ်ယောက်ကို ကြည့်စမ်းပါ၊ ဘယ်လောက်တောင် လိုက်ဖက်ညီလိုက်ကြသလဲ”
စုဝေ့မင်: “...”
သူ့အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ထောင့်ချိုးတစ်ခုတွင်ကွယ်ကာ သူ့၏သားဖြစ်သူနှင့် စကားပြောနေသော မိန်းကလေးကို ခိုးကြည့်နေခဲ့ရသည်။
သူသည် ရှက်ရွံ့စိတ်များဖြင့် ပြည့်နေပြီး အလွန်အမင်း အနေရခက်နေလေပြီ။
“ကြည့်ပြီးရင်လည်း မြန်မြန်ပြန်ကြရအောင်.. သူတို့တွေ့သွားရင် မင်းနဲ့ငါပဲ အရှက်ကွဲရမှာ”
စုဝေ့မင်က တစ်ချက်သာကြည့်ပြီးနောက် ခေါင်းကိုအမြန်ပြန်ရုပ်လိုက်သည်။ သူ့အနေဖြင့် စဉ်းစားလေလေ ပို၍နောင်တရလေလေ ဖြစ်နေခဲ့ရလေ၏။
ထို့ကြောင့် လော်ယွီရှို့ကို ဆွဲခေါ်ရန်သာ ကြိုးစားနေတော့သည်။
သူသည်က သားများနှင့် ဇနီးဖြစ်သူ၏ရှေ့တွင် အမြဲတမ်း တည်ကြည်လေးနက်သော ဖခင်တစ်ဦးအဖြစ် နေထိုင်လာခဲ့သည်မဟုတ်ပါလား။
သားအငယ်ဆုံး၏ကိစ္စကိုရောက်မှ ခြေချော်လက်ချော် မဖြစ်ချင်ပေ။
အကယ်၍သာ လူမိသွားပါက နောင်အနာဂတ်တွင် ဖခင်တစ်ဦးအဖြစ် မည်သို့ ဂုဏ်သိက္ခာဆယ်ရပါတော့မည်နည်း။
“ရှင်က ဘာတွေရှက်နေတာလဲ.. စက်ရုံမှာ ဒုတိယညွှန်ကြားရေးမှူးအဖြစ် လုပ်သက်ကြာသွားလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ မေ့နေတာလား
နောက်ပိုင်း ချွေးမအငယ်ဆုံးရှေ့မှာ မျက်နှာမပြရဲမှာကို ကြောက်နေတာလား.. ရှင့်အကြောင်းကို ကျွန်မ မသိဘူးထင်နေတာလား!”
လော်ယွီရှို့က စုဝေ့မင်ကို အထင်အမြင်သေးစွာ တစ်ချက်ကြည့်လိုက်သည်။
သူမအနေဖြင့် ခင်ပွန်းသည်၏စိတ်ဓာတ်က အငယ်ဆုံးသားနှင့် အလွန်တူလှသည်ဟု တွေးမိခဲ့သော်လည်း ယခုအချိန်တွင် အဘယ်ကြောင့် ဤသို့ဖြစ်သွားရသည်ကို သူမ နားမလည်နိုင်တော့ချေ။
စုဝေ့မင်ကတော့ အလွန်ပင် ဒေါသထွက်နေခဲ့ပြီး လှည့်ပြန်သွားချင်စိတ် ပေါက်နေသော်လည်း သူ့ခြေထောက်အောက်တွင် အမြစ်များတွယ်ကပ်နေသကဲ့သို့ မခွာနိုင်ဘဲဖြစ်နေရသည်။ သူက ထိုလူငယ်နှစ်ဦးကို မကြာခဏ ခိုးကြည့်မိနေလေ၏။
လော်ယွီရှို့မှ သူ့၏အကြည့်ကိုမြင်လျှင် စိတ်ထဲတွင်ဂုဏ်ယူမိသွားသည်။ လူတစ်ယောက်၏ ပင်ကိုယ်ဗီဇမှာ ဟန်ဆောင်၍ ရနိုင်နေသော်လည်း ပြောင်းလဲ၍မရနိုင်ပါချေ။ တည်ကြည်လေးနက်ချင်ယောင်ဆောင်နေခြင်းက အလကားသက်သက်ပင်ဖြစ်သည်။
သူ မထိန်းချုပ်နိုင်လောက်ကြောင်းကို သူမ သိပြီးသားဖြစ်ပေသည်။
ဇနီးမောင်နှံနှစ်ဦး၏ ပြင်းပြသော စိုက်ကြည့်မှုများကြောင့် လီရှန်းအနေဖြင့် မည်မျှပင် အာရုံထွေပြားနေပါစေ ခံစားမိသွားခဲ့သည်။ ထို့အပြင် သူမက မစ်ရှင်လောကများတွင် စွမ်းရည်များကို အချိန်အတော်ကြာ လေ့ကျင့်ထားခဲ့သူ မဟုတ်ပါလား။
သူမက နောက်ဘက်သို့လှည့်မကြည့်ဘဲ ဘေးနားရှိ စုဝေ့ချင်းကို အသာတို့ထိလိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။
“တစ်ယောက်ယောက် ကျွန်မတို့ကို စောင့်ကြည့်နေတယ်”
စုဝေ့ချင်း: “ဟင်?”
ဘာတွေဖြစ်နေတာလဲ။ သူတို့ကို တကယ်ကြီး စောင့်ကြည့်နေတဲ့သူတွေ ရှိနေတာလား။
စုဝေ့ချင်းသည် ချက်ချင်းသတိအနေအထားဖြစ်သွားရပြီး လီရှန်းကဲ့သို့ပင် လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ဘယ်ဘက်ကလဲ”
လီရှန်းက အသာအယာ လက်ညှိုးညွှန်ပြလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ၏စိတ်ထဲ၌ သံသယများစွာ ဝင်လာခဲ့သည်။ ပိုင်မားခရိုင်ရှိ ဆေးဝါးစက်ရုံသည်က ခရိုင်အဆင့် ဆေးဝါးစက်ရုံကြီးတစ်ခုဖြစ်သည်။ စမ်းသပ်ဆေးဝါးများစွာကိုလည်း ဤနေရာတွင် ထုတ်လုပ်သည်။
စက်ရုံအတွင်း၌ သုတေသနစင်တာတစ်ခုလည်း ရှိပြီး ပညာရှင်များက နိုင်ငံခြားဆေးဝါးသစ်များကို လေ့လာခြင်း သို့မဟုတ် ကိုယ်ပိုင်အထူးဆေးဝါးများကို ဖော်စပ်ခြင်းများ ပြုလုပ်ကြသည်။ လွန်ခဲ့သော နှစ်နှစ်ကပင် တပ်မတော်အတွက် ဒဏ်ရာကုဆေးအသစ်ကို ဖော်စပ်နိုင်ခဲ့သည်ဟု သတင်းကြီးခဲ့သည်။
ဒီလိုမျိုး စိုက်ကြည့်နေခြင်းက... သူလျှိုတွေများ ဖြစ်နိုင်မလား။
လီရှန်း၏ မျက်နှာအမူအရာက ချက်ချင်းလေးနက်တည်ကြည်သွားသည်။
သူလျှိုဟု ချက်ချင်းတွေးမိခြင်းမှာလည်း သူမကို အပြစ်ဆို၍မရပေ။ အမှန်စင်စစ် သူမ၏ နောက်ဆုံးမစ်ရှင်မှာ တရုတ်ပြည်သူ့သမ္မသနိုင်ငံ မတည်ထောင်ရသေးမီခေတ်တွင်ဖြစ်ပြီး သူမ ခက်ခက်ခဲခဲကျွေးမွေးပြုစုခဲ့သော ကလေးက စစ်မြေပြင်သို့ ထွက်ပြေးသွားခဲ့သည်။
ထိုကလေး၏ သဲလွန်စကို ရှာဖွေရန်အတွက် သူမသည်လည်း အဖွဲ့အစည်းထဲသို့ဝင်ကာ သူလျှိုလုပ်ခဲ့ရသည်။သူမသည် လီမားအမည်ရှိ သတင်းပေးအရာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး သူမ၏ ထူးချွန်သော ဟင်းချက်စွမ်းရည်ဖြင့် စစ်သေနာပတိဂေဟာတွင် စားဖိုမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။
လီရှန်း၏ လေးနက်လွန်းသော အမူအရာကို မြင်လျှင် စုဝေ့ချင်းလည်း ထိတ်လန့်သွားပြီး ပြောလာခဲ့သည်။
“မင်း ဒီမှာပဲ နေခဲ့နော်၊ ကိုယ်အခြေအနေကို သွားကြည့်လိုက်မယ်.. အခြေအနေမဟန်ရင် ဘာကိုမှ ဂရုမစိုက်ဘဲ ဆေးဝါးစက်ရုံထဲကိုသာ တန်းပြေးလိုက်တော့.. ဆေးဝါးစက်ရုံထဲကိုရောက်ရင် မင်းဘေးကင်းသွားလိမ့်မယ်”
“စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”
လီရှန်းက စိုးရိမ်သွားခဲ့ရသောကြောင့် တခြားလူများအတင်းအဖြင်းပြောမည့်အရေးကိုပင် ဂရုမစိုက်တော့ဘဲ စုဝေ့ချင်း၏လက်ကို ဆွဲလိုက်လေသည်။
“မကြောက်ပါနဲ့၊ ဘာမှကြီးကြီးမားမားဖြစ်မှာ မဟုတ်လောက်ပါဘူး”
စုဝေ့ချင်းက လီရှန်းကို နှစ်သိမ့်လိုက်သည်။ သူသည်က ဆေးဝါးစက်ရုံ၏ အခြေအနေကို ကောင်းကောင်းသိထားသည်။ မည်သည့်သူလျှိုကမှ ဆေးဝါးစက်ရုံတံခါးဝအထိ ရောက်လာစရာအကြောင်းမရှိပေ။
ထို့အပြင် သူနှင့်လီရှန်းမှာ... အလုပ်ဝင်စာမေးပွဲ ဖြေဆိုထားသူများသာ ဖြစ်သဖြင့် တစ်စုံတစ်ယောက်က စိတ်ဝင်တစား စောင့်ကြည့်ရလောက်မည့် အခြေအနေမျိုးလည်း မရှိပါချေ။
အကယ်၍ သူ ပစ်မှတ်ထားခံရလျှင်ပင်... သူသည်က မတုန်မလှုပ် ကြံ့ကြံ့ခံမည့် ရဲဘော်ကောင်းတစ်ဦး ဖြစ်ရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။
စုဝေ့ချင်းတစ်ယောက် သူရဲကောင်းဆန်သော စိတ်ဓာတ်များဖြင့် ရုတ်တရက်လှည့်ကာ နံရံထောင့်ဘက်သို့ သတ္တိရှိရှိ ပြေးသွားတော့သည်။
သို့ဖြစ်၍ ချောင်းမြောင်း၍ ခိုးကြည့်နေသော စုဝေ့မင်တစ်ယောက် သားဖြစ်သူနှင့် မျက်လုံးချင်းဆုံကာ တည့်တည့်တိုးသွားရလေ၏။
“!!!”
စုဝေ့ချင်း: “???”
သူ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ရှေ့တွင်ရှိနေသော လူအိုကြီးနှစ်ယောက်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။
“အဖေနဲ့ အမေ...?”
“အဲဒါက...”
လော်ယွီရှို့က အမြန်ပင် မတ်မတ်ရပ်လိုက်ပြီး စုဝေ့ချင်းကို အပြစ်ရှိသလို ပြုံးပြလိုက်သည်။
သို့သော် သူမ၏ခန္ဓာကိုယ်ကတော့ မလှမ်းမကမ်းတွင် ရပ်နေသော လီရှန်းဆီသို့ စိုးရိမ်တကြီးဖြင့် အသာစောင်းကြည့်နေမိသေးသည်။
“ဝေ့ချင်း.. မင်းရဲ့ အဖေနဲ့အမေ ရောက်နေပြီဆိုမှတော့ မင်း မိတ်ဆက်မပေးတော့ဘူးလား”
“ဘာတွေ မိတ်ဆက်ပေးရမှာလဲ”
စုဝေ့ချင်း အနည်းငယ် စိတ်ပျက်သွားရသည်။ သူ လော်ယွီရှို့ကို စိုက်ကြည့်၍ ပြောလိုက်သည်။
“အမေတို့ ဘာလို့ဒီကိုရောက်နေရတာလဲ.. ကျွန်တော် သူမကို ချစ်ကြိုက်နေတာကိုတောင်မှ မပြောရသေးဘူးလေ”
လော်ယွီရှို့က ပြန်ဟောက်လိုက်သည်။
“မင်း ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ”
“ကျွန်တော် ဆေးဝါးစက်ရုံမှာ အလုပ်မရသေးခင်အထိ မပြောပြချင်သေးတာ.. အရင်တုန်းက အလုပ်မရှိသေးတော့ အလုပ်တစ်ခု အတည်တကျရမှ ပြောမလို့”
စုဝေ့ချင်းက လော်ယွီရှို့၏ ပုခုံးကိုကိုင်ကာ နံရံဘက်သို့ ပြန်တွန်းထုတ်ရင်း ပြောလိုက်သည်။
“အမေ... ပြဿနာမရှာနဲ့တော့”
“ဟမ့်... မင်းက အစကတည်းက စာမေးပွဲကို ကြိုးကြိုးစားစားမဖြေဘဲ ယာယီအလုပ်သမားလိုမျိုးလုပ်နေတာကိုး”
စုဝေ့မင်က ဖခင်တစ်ဦး၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ကြိုးစားရင်း အေးစက်စွာ ပြောလိုက်သည်။
သို့သော် ထိုသူမှာလည်း မတိုင်ခင်က နံရံကိုကိုင်ကာ ခိုးကြည့်ထားသဖြင့် လက်ဖဝါးများတွင် နံရံမှထုံးမှုန့်များ ပေကျံနေခဲ့၏။ ထိုသို့သော အခြေအနေမျိုးဖြင့် မည်သို့ ဂုဏ်သိက္ခာရှိနိုင်ပါမည်နည်း။
ထို့ကြောင့် စုဝေ့ချင်းက သူ့ကိုပါ ပြန်တွန်းထုတ်လိုက်သည်။
“အဖေနဲ့အမေ... မြန်မြန်ပြန်ကြပါတော့”
လော်ယွီရှို့က ငြင်းဆန်နေဆဲပင်။
“ဒီကလေးကတော့... မင်းရဲ့မိဘတွေက မင်းကို အရှက်ရစေမှာမို့လို့လား”
အရှက်ရစရာ မဟုတ်ပါချေ။
သို့သော်လည်း သူ့အနေဖြင့် လီရှန်းကို သူသည်က ဆေးဝါးစက်ရုံအရာရှိ၏ သားဖြစ်ကြောင်းကို မပြောရသေးပေ။ အကယ်၍သာ ဤအချိန်တွင် နှစ်ဖက်တွေ့ဆုံသွားပါက အရှက်ကွဲရုံသာမက ဇနီးလောင်းလေးကိုပါ ဆုံးရှုံးသွားနိုင်သည်မဟုတ်ပါလား။
သို့သော် စုဝေ့ချင်း မည်မျှပင်မြန်ဆန်စွာကြိုးစားနေသည်ဖြစ်စေ နောက်ကျသွားခဲ့ပေပြီ ။
လီရှန်းအနေဖြင့် နံရံထောင့်တွင် တစ်ခုခုလွဲချော်နေကြောင်းကို မြင်လိုက်ရသော်လည်း ထိုအခြေအနေက ခိုက်ရန်ဖြစ်ပွားနေသည့်ပုံစံမျိုး မဟုတ်ကြောင်းကို သတိပြုမိသည်။
ထို့ကြောင့် ဆေးဝါးစက်ရုံသို့သွားကာ လူခေါ်ရန်နှင့် ကိုယ်တိုင်သွားကြည့်ရန်ဆိုသည့် နည်းလမ်းနှစ်မျိုးအနက် သူမက ကိုယ်တိုင်သွားကြည့်ရန်ကို ရွေးချယ်လိုက်သည်။
ထိုကြောင့် စုဝေ့ချင်းက လူလတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးကို နံရံနောက်တွင် ဖုံးကွယ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရလေ၏။
လီရှန်း: “စုဝေ့ချင်း... ရှင် ဘာလုပ်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး!”
စုဝေ့ချင်းက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ့မိဘများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။
သို့သော် ကမ္ဘာပေါ်တွင် ထိန်းချုပ်၍မရဆုံးအရာမှာ မိဘများပင် ဖြစ်ပေသည်။
လော်ယွီရှို့က စုဝေ့ချင်း၏နောက်မှ ထွက်လာပြီး မိမိကိုယ်ကို စိတ်အားထက်သန်စွာ မိတ်ဆက်လိုက်သည်။
“ရဲဘော်လီရှန်းမလား.
ဝေ့ချင်းက သမီးအကြောင်းကို ခဏခဏပြောတတ်တယ်.. တွေ့ရတာ ဝမ်းသာပါတယ်၊ အန်တီက စုဝေ့ချင်းရဲ့ အမေပါ”
လီရှန်း: “!”သူမက စကားပြောအလွန်ကောင်းပြီး အမုမ်းအာဃာတမျုးကို မီးမွှေးပေးနိုင်သည့် ရဲဘော်လော်ယွီရှို့မဟုတ်ပါလား။
“အန်တီတို့က အလုပ်ဆင်းပြီး ဒီဘက်လမ်းလျှောက်လာရင်းနဲ့ သမီးနဲ့ ဒီတုံးအတဲ့ကောင်လေးက ဘတ်စ်ကားစောင့်နေတာ တွေ့လို့ နှုတ်ဆက်မလို့ ရောက်လာခဲ့ကြတာ.. ဒါပေမဲ့ ဒီကောင်လေးက အန်တီတို့တွေ မင်းကို နှောင့်ယှက်မှာစိုးလို့ဆိုပြီး တားနေတာလေ”
အမှန်စင်စစ် နံရံထောင့်မှ ခိုးကြည့်နေခြင်းဖြစ်သော်လည်း လော်ယွီရှို့၏ လျှာအရိုးမရှိသောစကားကြောင့် လမ်းလျှောက်လာသည့် ဇနီးမောင်နှံက သားဖြစ်သူ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည့် ပုံစံမျိုးဖြစ်သွားတော့သည်။
ထို့အပြင် သူမ၏အသံမှာလည်း နူးညံ့ပြီး ဖော်ရွေလွန်းလှသဖြင့် လီရှန်းတစ်ယောက် စုဝေ့ချင်း၏ အပြုအမူကို အပြစ်မတင်နိုင်တော့ဘဲ ၎င်းတို့ကိုသာ အလျင်အမြန် နှုတ်ဆက်လိုက်ရလေ၏။
***