ကော်ချွေ့ဟွားတစ်ယောက် စုမိသားစုထံမှ မျက်နှာသာပေးမှုကို မရရှိဘဲနေမည်ကို စိုးရိမ်နေခဲ့ရာမှ စုဝေ့ချင်း၏စကားကို ကြားလိုက်ရသောကြောင့် သူမ၏ အာရုံက စုဝေ့ချင်းထံသို့ ရောက်ရှိသွားခဲ့ပေ၏။
လီရှန်းအနေဖြင့် မစ်ရှင်ထမ်းဆောင်ရာ ကမ္ဘာများတွင် တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ဖူးသော ဤအဘွားအို ၏ တွေးနေသည်ကို ချက်ချင်း ရိပ်မိလိုက်လေ၏။
သူမာကစုဝေ့ချင်းကို အနောက်ဘက်သို့ လျှင်မြန်စွာဆွဲလိုက်သောကြောင့် ကော်ချွေ့ဟွား၏ ဝှေ့ရမ်းရောက်ရှိလာသောလက်က လီရှန်း၏ အင်္ကျီလက်ပေါ်သို့ရောက်သွားခဲ့သည်။
လီရှန်းက ထိတ်လန့်သွားသော အမူအရာဖြင့် အော်ဟစ်လိုက်လေ၏။
“အိုး.. သွားပါပြီ၊ ကျွန်မရဲ့ ဂွမ်းကပ်အနွေးထည်အသစ်လေး! ဒါက ဂွမ်းအသစ်တွေနဲ့ ချုပ်ထားတာ၊ ယွမ်တစ်ဆယ့်ငါးရာတောင် ပေးထားရတယ်”
ယွမ်တစ်ဆယ့်ငါးရာဟူသော ဈေးနှုန်းကို ကြားလိုက်ရသည့်အခိုက်တွင် ကော်ချွေ့ဟွား၏ လက်များက တုန်ရင်သွားပြီး အလျှင်အမြန်ပင် လွှတ်လိုက်ပေ၏။
လီရှန်းက အခြေအနေကို ရှင်းလင်းရန်လည်း မမေ့ခဲ့ချေ။
“မပြဲသွားလို့ တော်သေးတာပေါ့၊ ရှင် ကျွန်မကို လာပြီး အကွက်မဆင်နဲ့နော်”
လီရှန်းက နှုတ်ခမ်းကို စူထော်လိုက်ပြီး သူမ၏ အင်္ကျီလက်များကို မကျေမနပ် ပုတ်ပြီး စုဝေ့ချင်းဘက်သို့ အနည်းငယ်ချွဲ့ပြီး တိုင်တောလေသည်။
“ကြည့်ပါဦး၊ ဘယ်လောက်တောင် ညစ်ပတ်သွားပြီလဲ”
ထို့နောက် ဝူလီကိုလည်း ရန်တွေ့သော မျက်ဝန်းများဖြင့် ကြည့်ကာ ဆိုလိုက်၏။
“မရီးရဲ့ မိသားစုက ဘယ်လိုလူတွေလဲ၊ ဘာဖြစ်လို့ လူကို တွေ့တွေ့ချင်း လက်နဲ့ လာထိနေရတာလဲ”
ဝူလီသည်ကား အလွန်အမင်းပင် ရှက်ရွံ့သွားခဲ့ရပေသည်။ ထိုအချိန်တွင် သူမက ကော်ချွေ့ဟွားကို မြေမြှုပ်ပစ်လိုက်ချင်စိတ်ပင် ပေါက်နေခဲ့၏။
ကော်ချွေ့ဟွားသည်ကား သူမ၏သမီးဖြစ်သူက ယောက်မ၏ရှေ့တွင် အရှက်ကွဲနေသည်ကို မြင်ရသောကြောင့် စိတ်ထဲ၌ ကျေနပ်နေခဲ့သည်။
ထို့ကြောင့် ဝူလီ၏ တင်တောင်း ငွေများအကြောင်းကို ထပ်မံ၍ ညည်းညူပြန်၏။ နောက်ဆုံးတွင်တော့ သူမက အော်ဟစ်လိုက်လေသည်။
“ဒီဘက်က မိန်းကလေး... နင်ပဲ ကြားကနေ ကြည့်ပြောပေးပါဦး! ဒီလောကကြီးမှာ ဘယ်ယောကျ်ားကပေးတဲ့ တင်တောင်းငွေကို မိန်းကလေးကပဲ အကုန်သိမ်းထားတာ ရှိလို့လဲ”
“ကျွန်မတို့အိမ် ရှိတယ်လေ”
လီရှန်းက အလွန်ပင် ပြတ်သားစွာ ဆိုလိုက်ပေသည်။
“ကျွန်မရဲ့ မိသားစုက ကျွန်မအတွက် ခင်ပွန်းသည်ဘက်က ပေးတဲ့ တင်တောင်းပစ္စည်းတွေကို ကျွန်မကိုပဲ အကုန်သိမ်းထားခိုင်းတယ်”
ကော်ချွေ့ဟွား : “...”
ဒီတစ်ယောက်က ဘာဖြစ်လို့ ငါ့ကို လာပြီး အနှောင့်အယှက် ပေးနေရတာလဲ။
“ကျွန်မရဲ့ မိသားစုက ကျွန်မရဲ့ တင်တောင်းငွေတွေကို မယူတဲ့အပြင် ကျွန်မအတွက် ကုန်တင်ကားတစ်စီးစာ အပြည့်ရှိတဲ့ ခန်းဝင်ပစ္စည်းတွေကိုတောင် ဝယ်ပေးလိုက်သေးတယ်
သူတို့က ပြောတယ်... မိန်းကလေးတစ်ယောက် အိမ်ထောင်ကျတာက ဒုတိယအကြိမ် ပြန်လည်မွေးဖွားတာနဲ့ တူတယ်တဲ့၊
တကယ်လို့ ကံကောင်းပြီး ကိုယ်ပိုင်မိသားစုထက်တောင် ပိုပြီးကောင်းမွန်တဲ့မိသားစုတစ်ခုဆီမှာ ပြန်လည်မွေးဖွားခဲ့ရင် သူမက သူမရဲ့ မိဘအိမ်ကို သံယောဇဉ် တွယ်နေမှာ မဟုတ်တော့ဘူးတဲ့လေ
ဒါကြောင့် သူမကို ခန်းဝင်ပစ္စည်းတွေ အများကြီး ပေးလိုက်မှ သူမက သူမရဲ့ မိဘအိမ်က ဘယ်လောက်ကောင်းတယ်ဆိုတာကို သိပြီး နောက်ပိုင်းကျရင် မိဘအိမ်နဲ့ နီးနီးကပ်ကပ် နေချင်စိတ် ရှိမှာတဲ့လေ”
လီရှန်းက ဘေးဘက်သို့ တိုးသွားကာ ဝူလီ၏ လမ်းကို တိတ်တဆိတ် ပိတ်ဆို့ထားပြီး သူမအား စိတ်သက်သာရာရစေရန် အကြည့်တစ်ချက် ပေးလိုက်ပေသည်။
ထို့နောက် သူမက ဆက်ပြောလေ၏။
“ဒါကြောင့် သမီးတစ်ယောက်က သူမရဲ့ မိသားစုနဲ့ မနီးစပ်ဘူးဆိုရင် အဲဒီမိသားစုက ကိုယ့်အကြောင်းကိုယ် ပြန်ပြီး သုံးသပ်ဖို့ လိုအပ်တယ်”
ကော်ချွေ့ဟွားမှာ ထိုစကားများကို နားထောင်ရင်း ရှုပ်ထွေးသွားရတော့သည်။ ဆိုလိုသည်မှာ ဝူလီဟူသော ထိုကလေးမက မိဘစကားကို နားမထောင်ခြင်းမှာ မိဘများ၏ အမှားဟု ပြောချင်နေသည်လား။
ပြီးတော့... ကုန်တင်ကားတစ်စီးစာ ခန်းဝင်ပစ္စည်း ဟုတ်လား။
“ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့၊ ဘယ်သူကများ သမီးကို ကုန်တင်ကားတစ်စီးစာ ခန်းဝင်ပစ္စည်း ပေးမှာလဲ၊ နင်ရဲ့ ကြွားဝါတဲ့စကားတွေကြောင့် ကောင်းကင်ကြီးတောင် ပြိုကျတော့မှာပဲ”
“ရှင် မယုံရင် စက်ရုံထဲမှာ သွားမေးကြည့်လေ၊ ကျွန်မတို့က (၁၂) လပိုင်း (၂၈)ရက်နေ့မှာ လက်ထပ်ခဲ့ကြတာ၊ကျွန်မတို့က ရှင် သွားမေးမှာကို တားဆီးမှာ မဟုတ်ဘူး”
လီရှန်းက နှာခေါင်းတစ်ချက် ရှုံ့လျက် ပြောလိုက်၏။
ကော်ချွေ့ဟွားတစ်ယောက် ချက်ချင်းပင် ရပ်တန့်သွားရတော့သည်။ သမီးဖြစ်သူကို ကုန်တင်ကားတစ်စီးစာ ခန်းဝင်ပစ္စည်း ပေးနိုင်သည့် မိသားစုက မည်သို့သော မိသားစုမျိုး ဖြစ်ပါမည်နည်း။
ခရိုင်ထဲက လူကြီးတစ်ယောက်ရဲ့ မိသားစုများလား။
“ငါက သူမရဲ့ ငွေတွေကို လိုချင်တာ မဟုတ်ပါဘူး၊ ဒီတစ်ခေါက် အခက်အခဲလေး ကျော်လွှားနိုင်ဖို့ ခဏလောက် ချေးချင်ရုံတင်ပါပဲ”
သူမက ပြောဆိုရင်း ထပ်မံ ငိုကြွေးပြန်၏။
“နင်တို့ မသိပါဘူး၊ ခုခေတ်မှာ ဇနီးတစ်ယောက် ရှာရတာ ဘယ်လောက်ခက်တယ်ထင်လဲ၊ အဲဒီမိန်းကလေးက ခန်းဝင်ပစ္စည်း ယွမ်နှစ်ရာ့ငါးဆယ်မှ မရရင် လက်မထပ်ဘူးလို့ ပြောနေတာ၊ ငါ့မိသားစုမှာက ဆင့်တစ်ပြားမှ မရှိတော့ဘူးလေ”
သူမက အပြင်ဘက်တွင် ငိုနေသော်လည်း စိတ်ထဲတွင်တော့ ယွမ်တစ်ရာကို မည်သို့ရအောင် ယူရမည်ကိုသာ တွေးတောနေခဲ့ပေသည်။
ဝူလီ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး မျက်နှာမှာလည်း ဖြူဖျော့နေခဲ့၏။ သူမအနေဖြင့် ဤမျှအထိ အရှက်မကွဲလိုတော့သည့်အတွက် ထိုငွေကို ပေးလိုက်ရမည်လားဟုပင် တွေးမိသွားရသည်။
သို့သော် သူမ မကျေနပ်နိုင်ပါချေ။
သူမက ဘာလို့ အဲဒီအသုံးမကျတဲ့ ဝူပေါင်ရှန်းအတွက် ယွမ်တစ်ရာ ပေးနေရမှာလဲ။
လီရှန်းက ဝူလီ၏ ဘေးနားသို့ တိုးသွားခဲ့ပြီး သူမကို နှစ်သိမ့်ပေးသည့်အနေဖြင့် နောက်ကျောကို အသာပုတ်ပေးလိုက်သည်။
သို့သော်လည်း သူမ၏ မျက်လုံးများက ကော်ချွေ့ဟွားထံသို့သာ စိုက်ကြည့်နေခဲ့ပေသည်။
သူမက နားလည်ပေးသည့်အမူအရာဖြင့် ခေါင်းညိတ်ပြပြီး ပြောလိုက်လေ၏။
“ဒါက အချေးအငှားပြသနာဆိုရင်တော့ ကျွန်မရဲ့ မရီးကလည်း ငြင်းမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငွေချေးတယ်ဆိုတာ မခက်ပေမဲ့ အကြွေးစာချုပ်နဲ့ ပြန်ဆပ်ရမဲ့ ရက်ချိန်းတော့ ရှိဖို့ လိုအပ်တာပေါ့
ကျွန်မရဲ့ ဦးလေးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အလုပ်လုပ်တာဆိုတော့ သူ့ကို သက်သေအဖြစ် ခေါ်ပေးမယ်လေ၊ တကယ်လို့ သတ်မှတ်ထားတဲ့ ရက်အတွင်း ငွေပြန်မဆပ်နိုင်ရင်တော့ ရှင့်ရဲ့ သားကိုပဲ သူတို့တွေက...”
လီရှန်းက ပြောဆိုနေရင်းဖြင့် ဝူလီဘက်သို့ လှည့်ကြည့်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးနောက် မေးမြန်းလိုက်၏။
“သူ့နာမည်က ဘယ်သူလဲ”
“ဝူပေါင်ရှန်း”
ဝူလီက စိတ်ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြန်လည်ဖြေကြားခဲ့ပေသည်။ သူမ၏ ယောက်မအသစ်လေးက သူမဘက်မှ ရပ်တည်၍ ခုခံကာကွယ်ပေးလိမ့်မည်ဟု တစ်ခါမျှ ထင်မှတ်မထားခဲ့ပါချေ။
“ကောင်းပြီ.. တကယ်လို့ သတ်မှတ်ရက်ထက် ကျော်လွန်သွားရင်တော့ သူတို့တွေက စက်ရုံကို တိုက်ရိုက်အကြောင်းကြားပြီး သူ့ရဲ့လစာထဲကနေ နှုတ်ခိုင်းရမှာပေါ့”
စက်ရုံကို အကြောင်းကြားမယ်။
လစာထဲက နှုတ်မယ်ပေါ့!
ကော်ချွေ့ဟွား၏ မျက်နှာက ဖြူဖျော့သွားရတော့သည်။ ထိုသို့သာဖြစ်လာခဲ့ပါလျှင် စက်ရုံတစ်ခုလုံး၏ ရှေ့တွင် အရှက်ကွဲရတော့မည် မဟုတ်ပါလား။
“ဒါကတော့ စကားအဖြစ် ပြောတာပါ၊ သတ်မှတ်ရက်အတွင်း ပြန်ဆပ်ရင်တော့ ဘာမှမဖြစ်ပါဘူး”
လီရှန်းက လှပသော အပြုံးတစ်ခုကို ဖော်ပြပြီး ဆက်လက်ပြောဆိုလိုက်လေသည်။
“အကြွေးစာချုပ်ကိုတော့ သုံးစောင်ရေးရမယ်၊ နှစ်ဖက်မိသားစုက တစ်စောင်စီယူပြီး နောက်ဆုံးတစ်စောင်ကိုတော့ နောက်ပိုင်းကျရင် အငြင်းပွားစရာမရှိအောင် ရဲစခန်းမှာ မှတ်တမ်းတင်ထားရမယ်လေ”
ထိုသို့ပြောပြီးနောက် သူမက သံယောဇဉ်ကတ်ကို စတင်အသုံးပြုတော့၏။
“အန်တီ .. ကြည့်ပါဦး၊ ဒီနေ့က နှစ်သစ်ကူးအကြိုနေ့လေ၊ ဒီလိုအချိန်မျိုးမှာ သူများရဲ့အိမ်ရှေ့ကို လာပြီး ငွေတောင်းတာက သိပ်ပြီးတော့ ကြည့်မကောင်းဘူးမလား
အန်တီက အန်တီ့ရဲ့ သမီးကို အရှက်ခွဲရုံတင်မကဘူး၊ ကျွန်မရဲ့ ယောက္ခမကိုပါ အရှက်ခွဲနေတာပဲ
ကျွန်မရဲ့ယောက္ခမက ဘယ်သူလဲ၊ သူက ဆေးဝါးစက်ရုံရဲ့ ဒုတိယညွှန်ကြားရေးမှူးလေ၊ ရှင်က သူ့ကို အရှက်ခွဲလိုက်တော့ သူ့ရဲ့ စိတ်ထဲမှာ တေးထားမှာပဲမဟုတ်ဘူးလား
နှစ်သစ်ကူးပြီးလို့ စက်ရုံရဲ့လူကြီးပိုင်းတွေ အစည်းအဝေးလုပ်တဲ့အချိန်မှာ သူက အဲဒီအကြောင်းကိုတစ်ခုခု ပြောလိုက်မယ်ဆိုရင်..”
ကော်ချွေ့ဟွား: “...”
ဒါက ဘာကို ဆိုလိုတာလဲ။
“ကျွန်မက ဘယ်လိုရည်ရွယ်ချက်မှ မရှိပါဘူး၊ ဒီအတိုင်း ပြောပြတာပါ”
လီရှန်းက စကားကို တစ်ဝက်လောက်နှင့် ရပ်တန့်လိုက်ပေသည်။
ကော်ချွေ့ဟွားသည်ကား ထိုအချိန်တွင် လုံးဝကို ပျာယာခတ်သွားခဲ့ရချေပြီ။ သူမအနေဖြင့် ငွေတောင်းမည့်အစား ငွေချေးမည်ဟုသာ ပြောခဲ့မိလေ၏။
မိခင်နှင့် သမီးကြားတွင်ပင် ငွေကြေးများကိုချေးပါက အကြွေးစာချုပ် ရေးထိုးရမည်ဟု သူမ မသိခဲ့ပါချေ။
ထို့အပြင် ဤမိန်းကလေး၏ ဦးလေးမှာလည်း လူဆိုးလူမိုက်များကို ဖမ်းဆီးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖြစ်နေသေးသည် မဟုတ်ပါလား။
အကယ်၍ ပေါင်ရှန်းဘက်မှသာ ငွေကြေးကို ပြန်မဆပ်နိုင်လျှင် ပြန်လည်ပြုပြင်ရေးစခန်းများသို့ အပို့ခံရပေလိမ့်မည်။
ထိုသို့ဖြစ်မည့်အစား ပညာတတ်လူငယ်အဖြစ် နယ်ဘက်သွားရသည်က ပို၍ လွတ်လပ်မှု ရှိနေပေဦးမည်။
ထို့အပြင်... သူမ၏ ခမည်းခမက်က စက်ရုံ၏ဒုတိယညွှန်ကြားရေးမှူး ဖြစ်ပေသည်။
အကယ်၍ သူသာ နှစ်သစ်ကူးအပြီး အစည်းအဝေးတွင် တစ်ခုခု ပြောလိုက်ပြီး ရေနွေးဓာတ်ဘူးစက်ရုံမှ သိသွားခဲ့ကာ ယိုချိုင်၏ အလုပ်ပြုတ်သွားခဲ့လျှင် တစ်မိသားစုလုံးအားကိုးရာမဲ့သွားပေလိမ့်မည်။
သူမက အလွန်အမင်း စိတ်လှုပ်ရှားတုန်လှုပ်နေပြီး စိတ်သဘောထားကို ပြောင်းလဲချင်သော်လည်း လီရှန်း၏ ပြုံးနေသော မျက်ဝန်းများကို ကြည့်ကာ မရဲတင်းတော့ပါချေ။
ဤမိန်းကလေးမှာ ကုန်တင်ကားတစ်စီးစာ ခန်းဝင်ပစ္စည်းများ ရရှိခဲ့သော အလိုလိုက်ခံရသည့် မိန်းကလေးပင် မဟုတ်ပါလား။
ဝူလီသည်လည်း လီရှန်း၏ ဆိုလိုရင်းကို သဘောပေါက်သွားပြီး ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
“အဲဒါ ကျွန်မ ပြောချင်တဲ့စကားတွေပဲ၊ အကြွေးစာချုပ် ရေးမလား၊ ဒါမှမဟုတ်ရင်လည်း အခုချက်ချင်းပဲ ပြန်သွားမလား”
ကော်ချွေ့ဟွားက လီရှန်းကို တစ်ချက်ကြည့်ပြီး ၊ ဝူလီကို တစ်ချက်ကြည့်လိုက်သည်။
ဤအချိန်ထိ ထိုသမီးယောက်မနှစ်ယောက်က တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြောင်းကို မသိပါက သူမအနေဖြင့် ယနေ့အထိ အသက်ရှင်လာခဲ့ခြင်းက အလကားသက်သက်ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူမက အရှုံးပေးလိုက်ရပြီး အလျှင်အမြန် ဆင်ခြေပေးကာ ထွက်ပြေးသွားရတော့သည်။
ကော်ချွေ့ဟွား ထွက်သွားပြီးနောက် ဝူလီက လီရှန်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။
“တကယ်လို့ သူမက အကြွေးစာချုပ်ရေးဖို့ သဘောတူလိုက်ရင် ဘယ်လိုလုပ်မလဲ”
*
***