ပိုက်ဆံ တကယ်ချေးပေးရမှာလား။
“ကျွန်မသာ ယောက်မရဲ့နေရာမှာဆိုရင်တော့ ချေးပေးလိုက်မှာပဲ၊ အကောင်းဆုံးကတော့ သတ်မှတ်ရက်မှာ ပြန်ဆပ်တာပေါ့ ၊
တကယ်လို့ပြန်မဆပ်ဘူးဆိုရင်တော့ အဲဒီစာချုပ်ကိုယူပြီး ရေနွေးဓာတ်ဘူးစက်ရုံက မန်နေဂျာဆီ သွားလိုက်မှာ၊ သူတို့သာ အလုပ်မပြုတ်ချင်ရင်တော့ ပြန်ဆပ်ကြမှာပဲလေ”
လီရှန်း လက်ပိုက်လျက် ဝူလီကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူမက ဝူလီလောက် အရပ်မရှည်သော်လည်း သူမ၏ အမူအရာမှာ အလွန်ပင် ခန့်ညားနေခဲ့လေ၏။
“ကျွန်မ ခုနကပြောခဲ့တာတွေက သူမကို ခြောက်လှန့်ဖို့ သက်သက်ပဲ မဟုတ်ဘူး၊ ယောက်မရဲ့ ယောက္ခမတွေက စက်ရုံမှာ ဂုဏ်သိက္ခာရှိတဲ့သူတွေပဲ
ယောက်မအနေနဲ့ ကိုယ့်မိသားစုရဲ့ကိစ္စကို နှစ်သစ်မတိုင်ခင်ကတည်းက ဖြေရှင်းထားသင့်တာ၊ အခုတော့ယောက္ခမတွေဆီကို သူတို့က ခဏခဏ လာနေကြပြီမလား”
လီရှန်းအနေဖြင့် ဤသို့ပြောခြင်းမှာ လူကြီးလူကောင်းမဆန်ကြောင်းကို သိရှိသော်လည်း နှစ်သစ်ကူးအကြိုနေ့တွင် ခမည်းခမက်များက အိမ်ရှေ့လာ၍ ပိုက်ဆံတောင်းနေသည်ကို မြင်ရခြင်းမှာ မည်သူမဆို စိတ်အနှောင့်အယှက် ဖြစ်ရမည်မှာ သေချာပေသည်။
ဤသည်မှာ သူမ ဤကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် ပထမဆုံးသော နှစ်သစ်ကူးဖြစ်သကဲ့သို့ စုမိသားစုအတွင်းသို့ ရောက်ရှိလာပြီးနောက် ပထမဆုံးသော နှစ်သစ်ကူးလည်း ဖြစ်ပေသည် မဟုတ်ပါလား။
ဝူလီက ဝတ္ထုထဲမှ အဓိကဇာတ်ဆောင်ဖြစ်စေ၊ ဇာတ်ပို့ဇာတ်ရံဖြစ်စေ သူမ ဂရုမစိုက်ပါချေ။
သူမ၏ နှစ်သစ်ကူးကို လာရောက်နှောင့်ယှက်ဖျက်ဆီးသူ မည်သူ့ကိုမဆို သူမက အပြစ်ပေးဆုံးမသွားမည်သာ ဖြစ်၏။
သူမက ထိုသူတို့အားလုံးကို ဝန်လေးခြင်းမရှိဘဲ ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုပစ်မည်သာ ဖြစ်ချေသည်။
လီရှန်း၏ စကားများမှာ အလွန်ပင် ရိုင်းပျလွန်းသော်လည်း ဝူလီအနေဖြင့် မည်သို့မျှ ပြန်လည်ငြင်းဆန်နိုင်ခြင်း မရှိပါချေ။
သူမက သူမ၏ ယောက်မရှေ့တွင် အရှက်မကွဲလိုကြောင်းကိုသာ သိရှိခဲ့သော်လည်း စုဝေ့မင်အတွက်ကိုတော့ မစဉ်းစားမိခဲ့ပေ။
ဆေးဝါးစက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးတွင် သိက္ခာနှင့် ဂုဏ်ဒြပ်တို့ဆိုသည်က အလေးအနက်ရှိသင့်သည့်အရာများပင် မဟုတ်ပါလား။
ဝူလီက အနည်းငယ် ပျာယာခတ်သွားခဲ့ရပေသည်။ ပြီးခဲ့သည့်တစ်ခေါက် သူမ လက်ထပ်ပြီး ဒုတိယမြောက်နေ့တွင် သူမ၏ မိသားစုက စုဝေ့မင်၏ အိမ်သို့ လာရောက်ပြဿနာရှာခဲ့စဉ်က အနည်းဆုံးတော့ အိမ်တံခါးပိတ်ပြီး ဖြေရှင်းခဲ့ကြသေးသည်။
သို့သော် ယခုတစ်ကြိမ်တွင် ကော်ချွေ့ဟွားမှာ အဆောက်အဦးအောက်ရှိ ကွက်လပ်ငယ်လေးထဲတွင်ပင် အော်ဟစ်ငိုယိုနေခဲ့ခြင်း ဖြစ်၏။
ဝူလီက ခဏတာလောက် ဒေါသထွက်ပြီး ပြန်လည်တုံ့ပြန်ရန်သာ အာရုံစိုက်နေမိခဲ့သောကြောင့် အဆောက်အဦးထဲရှိ တခြားသူများမှာ မည်မျှအထိ အတင်းအဖျင်း ပြောတတ်ကြသည်ကို မေ့လျော့နေခဲ့ရသည်။
လီရှန်းအနေဖြင့် ဝူလီ၏ မျက်နှာအမူအရာကို ကြည့်လိုက်ရုံဖြင့် သူမက ကိစ္စ၏ အစပိုင်းကိုသာ အာရုံစိုက်နေမိပြီး ဤကဲ့သို့သော နောက်ဆက်တွဲ အခြေအနေမျိုးကို ထည့်သွင်းစဉ်းစားမိပုံ မရကြောင်း သိလိုက်ရ၏။
“ကောင်းပြီ တော်လောက်ပြီ၊ အပြင်မှာ ရပ်မနေနဲ့တော့၊ အိမ်ထဲကိုပြန်ကြရအောင်”
လီရှန်း စုဝေ့ချင်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ဝူလီ၏ လက်မောင်းကို တွဲလျက် အဆောက်အဦးငယ်အတွင်းသို့ ဝင်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အောက်ထပ်သို့ ရောက်သည်နှင့် အိမ်နီးချင်းဖြစ်သူ အဒေါ်မာနှင့် ထိပ်တိုက်တိုးတော့၏။
သူမက စိုးရိမ်မကင်းဖြစ်နေသည့်အမူအရာဖြင့် မေးမြန်းလာလေသည်။
“ရှောင်ဝူ... ခုနက ဘယ်သူလဲ၊ ကြည့်ရတာ နင်တို့နှစ်ယောက် စကားများနေကြသလိုပဲ ၊နှစ်သစ်ကူးကာလမှာ ဒီလိုမျိုး စကားမများသင့်ဘူးလေ”
ဝူလီတစ်ယောက် မျက်နှာဖြူဖျော့သွားပြီး မည်သို့ပြန်ပြောရမည်ကို မသိဘဲ ဖြစ်နေခဲ့ရ၏။
လီရှန်းက ကြားထဲမှ ဝင်၍ ပြောလိုက်ပေသည်။
“အိုး အဒေါ်ကလည်း.. အဒေါ် အထင်မှားနေပြန်ပြီ ကျွန်မရဲ့ယောက်မကို သူ့အမေက စိတ်ပူနေလို့ပါ၊ ဒါက သူမ အိမ်ကနေ ထွက်လာပြီးတဲ့ ပထမဆုံးနှစ်လေ၊
အဲဒါကြောင့် သူမရဲ့ မိသားစုက စိုးရိမ်ပြီးတော့ အတင်းလာတွေ့ကြတာ၊ ဒါကို ယောက်မက စိတ်ပူသွားတာ၊ ဒီလိုအေးစက်တဲ့ ရာသီဥတုမှာ သူမရဲ့အမေကို ခရီးမသွားစေချင်လို့လေ”
အဒေါ်မာက ထိုကဲ့သို့သော ရှင်းပြချက်ကို မယုံကြည်နိုင်ပါချေ။ သူမက ထိုသူနှစ်ဦး ပြောဆိုနေကြသည်များကို သေသေချာချာ မကြားရသော်လည်း သူတို့၏ ပြုမူပုံများကို မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
ဝူလီက သူမ၏ မိခင်ဖြစ်သူ၏ အင်္ကျီကော်လာကို ဆွဲကိုင်ထားခဲ့ခြင်း ဖြစ်ချေသည်။ သမီးအရင်းတစ်ယောက်က ဤသို့ပြုမူနိုင်မည်လား။
သို့ဖြစ်၍ သူမက ဝူလီကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် အထက်အောက် ကြည့်ရှုရင်း ဆိုလာသည်။
“ မဖြစ်နိုင်တာ”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ ”
လီရှန်းက ပြန်လည်ချေပလိုက်၏။
သူမက စုဝေ့ချင်းကို ညွှန်ပြလျက် ဆက်လက်ပြောဆိုလေသည်။
“ကျွန်မတို့ မိသားစုကလည်း ကျွန်မတို့ကို စိတ်မချဘဲ အိမ်ပြန်လာစေချင်ကြတာလေ၊ အဲဒါကြောင့် ကျွန်မတို့ကို နေ့လယ်စာ အတင်းစားခိုင်းပြီးမှ အိမ်ကို ပြန်ခိုင်းလိုက်တာ”
စုဝေ့ချင်းသည်လည်း ဖန်ချင်း ပြန်ထည့်ပေးလိုက်သော ဟင်းပန်းကန်များ ပါရှိသည့် ခြင်းတောင်းကို သယ်ဆောင်ထားခဲ့ပေသည်။
အဒေါ်မာက ခြင်းတောင်းအတွင်းရှိ ဟင်းပန်းကန်များကို စိုက်ကြည့်နေမိပြီး ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားရတော့၏။
လောင်လော်၏ ချွေးမသစ်နှစ်ယောက်လုံး၏ မိသားစုများက သူတို့သမီးတွေကို အမှန်တကယ်လက်မလွှတ်နိုင်ကြသည်လား။
ဒါမှမဟုတ် ဘာဖြစ်လို့ နှစ်သစ်ကူးအကြိုနေ့ကြီးမှာတောင် ဟင်းတွေယူဖို့အိမ်ကို အတင်းပြန်ခေါ်နေကြရတာလဲ။
သူမက တစ်ချက်မျှသာ ဝေ့ကြည့်လိုက်ရသော်လည်း ဤသည်မှာ ဝက်နံရိုးပေါင်းပန်းကန် ဖြစ်ကြောင်းကို သိလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က မြင်တွေ့ခဲ့ရသော ကုန်တင်ကားတစ်စီးစာ ခန်းဝင်ပစ္စည်းများကို ပြန်လည်တွေးတောမိလိုက်သည့်အချိန်တွင် သူမက လီရှန်း၏စကားကို အမှန်တကယ်ပင် စတင်ယုံကြည်လာခဲ့ချေပြီ။
“အဒေါ်.. ကျွန်မတို့ အိမ်မှာ လုပ်စရာတွေ အများကြီး ရှိသေးလို့ အရင်ပြန်နှင့်တော့မယ်နော်”
လီရှန်း အဒေါ်မာကို ပြုံးပြလျက် နှုတ်ဆက်လိုက်ပြီး ဝူလီ၏ လက်မောင်းကို တွဲကာ အပေါ်ထပ်သို့ တက်လာခဲ့ပေသည်။
စုဝေ့ချင်းသည်လည်း အနောက်မှ အေးအေးလူလူ လိုက်ပါလာရင်း ရုတ်တရက် လှည့်ကြည့်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်ပြန်၏။
“ဒါနဲ့ အဒေါ်မာ.. ပြီးခဲ့တဲ့ရက်က ချန်ကျီပြောတာတော့ သူလည်း မင်္ဂလာဆောင်တော့မယ်ဆို၊ ရက်သတ်မှတ်ပြီးပြီလား ”
သားဖြစ်သူ၏ ဒုက္ခပေးလွန်းသော ရည်းစားအကြောင်းကို ပြောလိုက်သည့်အချိန်တွင် အဒေါ်မာ၏ မျက်နှာမှာ ချက်ချင်းပင် တောင့်တင်းသွားရတော့သည်။
သူမ စကားမပြောနိုင်ခင်မှာပင် စုဝေ့ချင်းက လက်ကာပြလိုက်ရင်း ဆိုလေသည်။
“ရက်သတ်မှတ်ပြီးရင်တော့ ကျွန်တော့်ကို မဖုံးကွယ်ထားပါနဲ့ဦး ပြီးခဲ့တဲ့ရက်က ကျွန်တော့်မင်္ဂလာဆောင်မှာ ချန်ကျီက လာပြီး စနောက်သွားသေးတာလေ၊ သူ မင်္ဂလာဆောင်ရင်လည်း ကျွန်တော်က သေချာပေါက် ပြန်ပြီး စနောက်ပေးရမှာပေါ့”
လီရှန်း နောက်သို့ လှည့်၍ သူ့ကို တစ်ချက် ကြည့်လိုက်ပေသည်။
စုဝေ့ချင်းကတော့ အပြုံးတစ်ခုဖြင့် ဆက်လက်ပြောဆိုနေဆဲပင်။
“ကျွန်တော်လည်း သူ့အတွက် ခန်းဝင်ပစ္စည်းတွေ သယ်ပေးဖို့ ကူညီပေးပါ့မယ်”
ခန်းဝင်ပစ္စည်း သယ်ပေးမယ်ဟုတ်လား။
ဒီစုမိသားစုက ကောင်လေးက တခြားသူတွေရဲ့ သတို့သမီးသစ်တွေမှာလည်း ဒီလောက်အထိ များပြားတဲ့ ခန်းဝင်ပစ္စည်းတွေ ရှိလိမ့်မယ်လို့ ထင်နေတာလား။
အခွင့်ကောင်းယူပြီးမှ ဘာကိုမှမသိသလို ဟန်ဆောင်တတ်တဲ့ ဒီမိန်းကလေး!
ရှောင်လီကတော့ ဒီလိုလူမျိုးနဲ့မှ တွေ့ခဲ့ရတာပဲ။
အဒေါ်မာက သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်ပေသည်။
အိမ်ထဲသို့ ရောက်သည့်အချိန်တွင် သူမ၏ အငယ်ဆုံးသားနှင့် တိုးမိပြီး သားဖြစ်သူ၏ ရည်းစားမိသားစုမှာ အလွန်ပင် ဆင်းရဲလွန်းလှသည်ကို တွေးမိပြီး သူမ၏ရင်ထဲတွင် ထပ်မံ၍ မွန်းကြပ်လာရပြန်၏။
ပြည်နယ်မြို့တော် အိမ်ထောင်စုစာရင်း ရှိနေတာက ဘာထူးမှာလဲ။
ခန်းဝင်ပစ္စည်းဆိုလို့ ဘာမှမရှိတဲ့အပြင် တင်တောင်းကြေး ယွမ်နှစ်ရာ့ငါးဆယ်တောင် တောင်းရဲသေးတယ်၊ မာမိသားစုကို ငတုံးတွေလို့ ထင်နေကြတာလား။
ဝူလီမှာ လီရှန်းတစ်ယောက် သူမ၏အရှက်မရှိ လိမ်ညာပြောဆိုတတ်သော မိခင်မှ ပိုက်ဆံလာတောင်းသည့် ကိစ္စကို မိခင်ဖြစ်သူက သမီးကို လက်မလွှတ်နိုင်သောကြောင့် လာတွေ့သည်ဟု ပုံဖော်လိုက်သည်ကို ကြည့်ကာ အံ့ဩနေမိတော့ပေသည်။
“အဲဒီလိုပြောလိုက်ရုံနဲ့ အလုပ်ဖြစ်ပါ့မလား”
လီရှန်း သူမအား တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ပြောလာလေသည်။
“သံသယရှိတဲ့သူက သက်သေပြရမှာပေါ့ ၊ ယောက်မနဲ့ ယောက်မရဲ့အမေ စကားများနေကြတာပါလို့ ဘယ်သူကပဲ ဇွတ်ပြောပြော သူတို့ဘက်က သက်သေထုတ်ပြရမှာပဲလေ”
ဝူလီ:“...”
ဒီလိုလုပ်ရင်လည်းရတာပဲလား။
လီရှန်းက သူမ၏ လုပ်ရပ်များဖြင့် အမှန်တကယ်ပင် လုပ်ဆောင်နိုင်ကြောင်း သက်သေပြခဲ့ပေသည်။
လော်ယွီရှို့အနေဖြင့် ဝူလီနှင့် ကော်ချွေ့ဟွားတို့ကို အပေါ်မှ စောင့်ကြည့်နေခဲ့လေသည်။
သူတို့နှစ်ဦး ရန်ဖြစ်နေကြသည်ကို မြင်ရသည့်အချိန်တွင် သူမက အလွန်ပင် စိုးရိမ်ပူပန်သွားခဲ့ရပြီး ကိုယ်တိုင်ဆင်း၍ ဖြေရှင်းပေးလိုက်ချင်စိတ်ပင် ဖြစ်နေခဲ့၏။
မထင်မှတ်ထားဘဲ လီရှန်းက ကြားထဲမှ ဝင်ပါလိုက်သည့်အချိန်တွင် အခြေအနေမှာ ကောင်းမွန်သောဘက်သို့ ဦးတည်သွားခဲ့ပေတော့သည်။
သူမ စကားအနည်းငယ် ပြောလိုက်ရုံမျှဖြင့် ကော်ချွေ့ဟွားတစ်ယောက် ပျာယာခတ်လျက် ထွက်ပြေးသွားရချေပြီ။ လီရှန်း မည်သည့်စကားများကို ပြောလိုက်သည်ကို လော်ယွီရှို့ သိချင်စိတ် ပြင်းပြနေခဲ့၏။
ထို့ကြောင့် သူမ အိမ်အပြင်ဘက်သို့ ထွက်လာသည့်အချိန်တွင် လီရှန်းက ဝူလီအား “သံသယရှိတဲ့သူက သက်သေပြရမယ်” ဟု သင်ကြားပြသနေသည်ကို ကြားလိုက်ရသောကြောင့် ပို၍ပင် စိတ်လှုပ်ရှားသွားရတော့သည်။
သူမက ဒေါသထွက်ရန်ပင် မေ့လျော့နေခဲ့ပြီး သူတို့ကို ကြိုဆိုရန် တံခါးဝတွင် ရပ်နေခဲ့ပေသည်။
သူတို့ အိမ်ထဲသို့ ဝင်လာသည်နှင့် လီရှန်း၏ လက်မောင်းကို ဆုပ်ကိုင်ကာ မေးမြန်းလိုက်၏။
“ဘာဖြစ်ခဲ့တာလဲ၊ သူမ ဘာလို့ ထွက်သွားတာလဲ”
လီရှန်းက သူမ ကိုင်တွယ်ဖြေရှင်းခဲ့ပုံကို လော်ယွီရှို့အား ပြောပြလိုက်လျှင် လော်ယွီရှို့အနေဖြင့် ပို၍ပင် ကျေနပ်သွားရတော့သည်။
ဒီလိုပဲဖြစ်နေရမှာ မဟုတ်ဘူးလား။
ပြဿနာတစ်ခုနှင့် ကြုံတွေ့ရသည့်အချိန်တွင် ဖြေရှင်းနိုင်ရန်အတွက် ဦးနှောက်ကို အသုံးပြုရပေလိမ့်မည်။
ဝူလီက အဘက်ဘက်မှ ကောင်းမွန်သော်လည်း တစ်ခုခုဖြစ်လျှင် အော်ဟစ်ဆူပူခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းဖြင့်သာ တုံ့ပြန်တတ်ပေသည်။
ထိုသည်က အမှန်တကယ်ပင် ပြဿနာကို ဖြေရှင်းနိုင်ပါသည်လား။
***