အတိတ်ဘဝတုန်းက စုဝေ့ယန်အနေဖြင့် ကျန့်ဝမ်ကျန်းအပေါ် အလွန်ပင် ဂရုတစိုက် ဆက်ဆံခဲ့သော်လည်း ကျန့်ဝမ်ကျန်းကတော့ စုဝေ့ယန်ကို မည်သို့ ရင်ဆိုင်ရမည်ကို မသိဘဲ ရှုပ်ထွေးနေခဲ့သည်။
သူမက သူနှင့် ဆက်သွယ်ပြောဆိုရန်အတွက် အခက်တွေ့နေခဲ့သောကြောင့် ထွက်ပြေးရန်သာ ဆုံးဖြတ်လိုက်ပေတော့သည်။
ထို့ကြောင့် ကျန့်ဝမ်ကျန်းက စစ်တပ်သို့ လိုက်မသွားဘဲ အိမ်မှာပင် နေထိုင်ကာ အလုပ်လုပ်ခဲ့၏။ မည်သူက ထင်မှတ်ထားပါမည်နည်း။
နှစ်နှစ်အကြာတွင် စိတ်နှလုံး ကြေကွဲဖွယ် သတင်းဆိုးတစ်ခု ရောက်ရှိလာခဲ့ပေသည် : စုဝေ့ယန်က တာဝန်ထမ်းဆောင်ရင်းဖြင့် နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ချေပြီ။
ကျန့်ဝမ်ကျန်းတစ်ယောက် စစ်တပ်အခြေစိုက်စခန်းသို့ သွားကာ စုဝေ့ယန်၏ ပစ္စည်းများကို ပြန်လည်သိမ်းဆည်းခဲ့သည်။
ထိုပစ္စည်းများထဲတွင် သူမအပေါ် ထားရှိသော သူ၏ နက်ရှိုင်းသော သံယောဇဉ်နှင့် လွမ်းဆွတ်မှုများ ပြည့်နှက်နေသည့် နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ် ပါရှိနေခဲ့ပေသည်။
ထိုအချိန်မှသာ ထိုစကားနည်းလှသော ဤအမျိုးသားသည်က သူမကို အမှန်တကယ်ပင် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခဲ့ကြောင်းကို ကျန့်ဝမ်ကျန်း သိရှိသွားခဲ့ရပေသည်။
ကျန့်ဝမ်ကျန်းတစ်ယောက် နောင်တများဖြင့် ပြည့်နှက်သွားပြီး ဝမ်းနည်းပူဆွေးမှုများအကြားတွင် ပြန်လည်မွေးဖွားလာခဲ့တော့သည်။
သူတို့ လက်ထပ်ပြီး တစ်နှစ်အကြာ အချိန်ကာလသို့ ပြန်လည်ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။
ထိုအချိန်တွင် ကျန့်ဝမ်ကျန်းက ချုံကျိုးမှ ထွက်ခွာလာခဲ့ပြီး ပိုင်မားခရိုင်သို့ ပြန်လည်ရောက်ရှိနေချိန်ဖြစ်၏။
သူမက ဆေးဝါးစက်ရုံဝင်ခွင့်စာမေးပွဲအတွက်ပင် စာကျက်နေခဲ့ပြီး အိမ်မှာပင် အခြေချကာ ချုံကျိုးသို့ လိုက်မသွားရန် ဆုံးဖြတ်ထားသည့် အချိန်လည်းဖြစ်ပေသည်။
ပြန်လည်မွေးဖွားလာပြီးနောက်တွင်တော့ သူမသည်က ထိုစာကျက်စရာများကို ချက်ချင်း လွှင့်ပစ်လိုက်ပြီး အဝတ်အစားများကို ထုပ်ပိုးကာ စုဝေ့ယန်၏ ဘေးနားသို့ ပြန်လည်ရောက်ရှိနိုင်ရန်အတွကာ တောင်ဘက်သို့ ဆင်း၍ စစ်တပ်သို့ လိုက်သွားခဲ့ပေတော့သည်။
ချုံကျိုးသို့ ရောက်ရှိပြီးနောက် သူမက ခင်ပွန်းဖြစ်သူအပေါ် စတင်၍ ဂရုစိုက်လာခဲ့ပေသည်။
ခင်ပွန်းဖြစ်သူမှာလည်း သူ၏ ဝံပုလွေတစ်ကောင်ကဲ့သို့ စရိုက်ကို ထုတ်ဖော်ပြသလာခဲ့ပြီး ……
လီရှန်း : “အဟွတ် အဟွတ် အဟွတ်...”
ဤယောကျ်ားနှင့် မိန်းမတို့၏ ဇာတ်ကွက်ကို တွေးမိလိုက်သည့်အချိန်တွင် လီရှန်းတစ်ယောက် အနေခက်မှုကို ဖြေဖျောက်ရန်အတွက် ချောင်းနှစ်ချက်ခန့် ဆိုးလိုက်မိပေသည်။
“ရှန်းရှန်း.. အဆင်ပြေရဲ့လား”
လီရှန်း ချောင်းဆိုးသည်ကိုမြင်လျှင် လော်ယွီရှို့တစ်ယောက် သူမ အအေးမိသွားမှာကို စိုးရိမ်သည့်အတွက် ဂျင်းလက်ဖက်ရည်တစ်ခွက်ကို အမြန်ပင် ကျိုလိုက်၏။
ထို့နောက် သကြားအနည်းငယ် ထည့်လိုက်ပြီး လီရှန်းကို အတင်းသောက်ခိုင်းလေသည်။
“မင်း အခုအချိန်မှာ နေမကောင်းဖြစ်လို့ မဖြစ်ဘူးနော် ၊ ဆေးရုံကလည်း ပိတ်ရက်ဆိုတော့ သာမန်ဆရာဝန်လေးတွေပဲ ရှိတော့တာ”
ဂျင်းလက်ဖက်ရည်မှာ အလွန်ပင် စပ်သောကြောင့် လီရှန်း လျှာကို ထုတ်လိုက်မိသော်လည်း ပြန်လည်ငြင်းဆန်ခြင်း မပြုနိုင်ဘဲ အပြစ်ရှိသလို ခံစားချက်ဖြင့်သာ ခေါင်းငြိမ့်ပြလိုက်ပေသည်။
ထိုစာအုပ်တွင် စာရေးသူ၏ အရေးအသားမှာ အလွန်ပင် ကောင်းမွန်လှပြီး ထိုဇာတ်ကွက်မှာလည်း အမှမ်တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပေသည်။
သူမ ပထမဆုံးအကြိမ် ဖတ်ခဲ့ချိန်ကပင် မျက်နှာများ နီမြန်းကာ ရင်ခုန်သံများ မြန်လာခဲ့ရသည် မဟုတ်ပါလော။
ယခုတွင်တော့ ထိုဇာတ်ကောင်များက သူမ၏ ရှေ့တွင် သက်ရှိလူသားနှစ်ဦး ဖြစ်နေခဲ့ပြီဖြစ်၍ လီရှန်းတစ်ယောက် တစ်စုံတစ်ယောက်က သူမ၏ ရှေ့တွင် ဤသို့သော ကိစ္စများကို တိုက်ရိုက် ပြုမူပြနေသကဲ့သို့ တွေးမိကာ အလွန်အမင်း ရှက်ရွံ့နေမိတော့သည်။
ကံကောင်းစွာဖြင့် ဒုတိယယောက်မနှင့် သူမ၏ခင်ပွန်းတို့က ထိုနေရာတွင် ရှိမနေခဲ့ကြပါချေ။
သို့မဟုတ်ပါက သူမအနေဖြင့် သူမ၏ မျက်နှာအမူအရာကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်လောက်။
“အိုး ... ဒါနဲ့ အမေ၊ လီလင်းနဲ့ အစ်မဟုန်ရှင်းတို့ နှစ်ယောက်လုံးက စက်ရုံမှာပဲ နှစ်သစ်ကူးနေကြတာလေ၊ ကျွန်မ သူတို့ကို ဒီနေ့ ဖက်ထုပ်တွေ ယူလာပေးမယ်လို့ ပြောထားလို့..”
လီရှန်းက လော်ယွီရှို့ကို မော့ကြည့်လိုက်ပြီး ပြောလိုက်ပေသည်။ ထိုဇာတ်ကွက်များက သူမ၏ စိတ်ထဲတွင် စွဲထင်နေဆဲပင် ဖြစ်၏။
လီရှန်းအနေဖြင့် အပြင်သို့ ထွက်ကာ လတ်ဆတ်သော လေကို ရှူရှိုက်ရန် အလွန်အမင်း လိုအပ်နေခဲ့ပေသည်။
“မင်း တကယ်ပဲ အဆင်ပြေရဲ့လား”
လော်ယွီရှို့ကတော့ စိုးရိမ်နေဆဲပင်။
“ ဘာမှမဖြစ်ပါဘူး အမေ”
လီရှန်း၏ ပါးပြင်လေးများက နီမြန်းနေဆဲ ဖြစ်ပေ၏။
သူမ အမှန်တကယ်ပင် ချောင်းမဆိုးတော့သည်ကို မြင်မှသာ လော်ယွီရှို့လည်း သက်ပြင်းချနိုင်တော့ပြီး လက်ကာပြလိုက်၏။
“ဒါဆိုရင်လည်း သွားလိုက်လေ ... သူတို့ဆီကို ဖက်ထုပ်တွေ သွားပို့ပေးလိုက်တော့”
“ကျေးဇူးတင်ပါတယ် အမေ”
လီရှန်းသည် လော်ယွီရှို့ ပြင်ဆင်ပေးထားသော ဖက်ထုပ်များကို ယူပြီး သူမ၏ လက်မောင်းကို ဖက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပေသည်။
သူမက ဖက်ထုပ်သွားပို့မည်ဟု ပြောလိုက်သည့်အတွက လော်ယွီရှို့က ဆူပူခြင်းမရှိသည့်အပြင် သူမအတွက် ထမင်းဘူးများဖြင့် သေသေချာချာပင် ထည့်ပေးလိုက်သည် မဟုတ်ပါလား။
“ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ အဲဒီကလေးမလေးတွေလည်း သနားစရာကောင်းပါတယ်.. တခြားနည်းလမ်းမရှိလို့သာပေါ့၊ ဘယ်သူကများ နှစ်သစ်ကူးမှာ အိမ်မပြန်ချင်ဘဲ နေမှာလဲ
ငါ အပိုတွေ အများကြီး ထည့်ပေးလိုက်တယ်၊ တခြား အိပ်ဆောင်တွေက လူတွေကိုလည်း ဝေပေးလိုက်ဦးနော်”
လော်ယွီရှို့က အမျိုးသမီးရေးရာဌာနတွင် တာဝန်ထမ်းဆောင်သူ ဖြစ်ပေသည်။ သူမက ပြတ်သားလွန်းသော စရိုက်ကြောင့် “အမြောက်လော်” ဟု အမည်ပြောင်ပေးခြင်း ခံထားရသော်လည်း အတွင်းစိတ်မှာ အလွန်ပင် ကြင်နာတတ်သူ ဖြစ်ချေသည်။
ယခင်နှစ်များက မည်သူကမျှ ထုတ်မပြောခဲ့ကြသော်လည်း ယခုနှစ်တွင် လီရှန်းက သူမ၏အဆောင်ထဲမှ မိန်းကလေးများအကြောင်းကိုပြောခဲ့သောကြောင့် သူမက လီရှန်းအား ဖက်ထုပ်များ သွားရောက်ပို့ဆောင်ပေးရန် ပြောလာခဲ့ပေသည်။
အကယ်၍ သူမသာ တခြားအမျိုးသမီးများကို အနေခက်စေမည်ကို မစိုးရိမ်ပါက သူမကိုယ်တိုင်ပင် လိုက်သွားမိပေလိမ့်မည်။
“ကောင်းပါပြီ အမေ၊ ကျွန်မ အခုပဲ သွားလိုက်ပါ့မယ်”
လီရှန်း မာဖလာကို ရစ်ပတ်လိုက်ပြီး ခြင်းတောင်းကို ပခုံးတွင် လွယ်လျက် အိမ်ပြင်သို့ ထွက်လာခဲ့သည်။
ဝူလီတစ်ယောက် မနာလိုသော အကြည့်များဖြင့် ကျန်ရစ်နေခဲ့လေ၏။ သူမကလည်း အပြင်ဘက်သို့ ထွက်ချင်နေခဲ့သည်။
ယောက္ခမဖြစ်သူ၏ အေးစက်သော မျက်နှာအမူအရာကို တစ်ဦးတည်း ရင်ဆိုင်နေရသည်ကို သူမ အလိုမရှိပါချေ။
လီရှန်း အိမ်ပြင်သို့ ထွက်လာပြီးနောက် အမျိုးသမီး ဝန်ထမ်းအိပ်ဆောင် အဆောက်အဦးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်ပေသည်။
နှစ်သစ်ကူးအကြိုည၏ အေးစက်လွန်းသော လေပြေမှာ သူမ၏ မျက်နှာပေါ်သို့ တိုက်ခတ်လာပြီး ပျော်ရွှင်စရာ ပွဲတော်အငွေ့အသက်များကို သယ်ဆောင်လာသကဲ့သို့ ခံစားရ၏။
မှန်ပေသည်။ ဤသည်မှာ လီရှန်း၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပြီး အမှန်တကယ်တွင် သူမက အလွန်ပင် အေးလွန်းသည်ဟုသာ ခံစားနေရခြင်း ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုအအေးဓာတ်မှာ သူမ၏ စိတ်ကို ချက်ချင်းပင် ကြည်လင်သွားစေခဲ့၏။
အချစ်ဝတ္ထုတစ်အုပ်ကို ဖတ်နေချိန်တွင် လူမိသွားခဲ့ရသော အရှက်ရဖွယ် ကိစ္စမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပေသည်။
ယခုအချိန်တွင် လီရှန်းအနေဖြင့် ထိုဝတ္ထုကို ပြန်လည်တွေးတောမိလိုက်သည့်အချိန်တွင် စုဝေ့ယန်နှင့် သူ၏ဇနီးတို့၏ ဆက်ဆံရေးကိုသာ ပုံဖော်ကြည့်နေမိတော့သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် လက်ရှိဖြစ်ရပ်များ၏ အနှစ်သာရကို ဖော်ညွှန်းထားပြီး အရေးအသား ကောင်းမွန်သော စာအုပ်တစ်အုပ်မှာ စာဖတ်သူများကို အလွယ်တကူ ကျေနပ်စေသင့်ပေသည်။
သို့သော်လည်း... ထိုစာအုပ်မှာ ကျဆုံးသွားခဲ့ရ၏။
အကြောင်းရင်းမှာ စာရေးသူက စုဝေ့ယန်ကဲ့သို့ အရပ်ရှည်ပြီး ခြေတံရှည်သည့်အပြင် အလွန်ပင် တည်ငြိမ်ရင့်ကျက်သော အမျိုးသားတစ်ဦးအား ကျန့်ဝမ်ကျန်း တစ်ဦးတည်းကသာ စွဲလမ်းနေမည့်သူ မဖြစ်နိုင်ဟု ယူဆခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် အရှုပ်အထွေးများကို ပိုမိုမြင့်တင်ရန်အတွက် စာမျက်နှာတစ်သိန်းကျော်ခန့် သို့မဟုတ် စာအုပ်၏ ထက်ဝက်ခန့်တွင် စုဝေ့ယန်ကို နှစ်သက်သဘောကျသော အမျိုးသမီး (7) ဦး၊ (8)ဦးခန့်အထိ စာရေးသူက ဖန်တီးပေးထားခဲ့သည်။
သူ့ကို ပြုစုပေးခဲ့သော သူနာပြုဆရာမလေး၊ ယဉ်ကျေးမှုအဖွဲ့မှ အဓိက ကပြဖျော်ဖြေသူ၊ အရာရှိကြီးတစ်ဦး၏ သမီးငယ်လေးနှင့် စစ်တပ်နယ်မြေအတွင်းရှိ ဆွဲဆောင်မှုရှိသော အရာရှိကတော်တစ်ဦး၏ ညီမ... စသည်ဖြင့် အလွန်ပင် စုံလင်လွန်းပေသည်။
သို့ဖြစ်၍ ဤကဲ့သို့သော အရေးအသားမျိုးမှာ စာဖတ်သူများအား စိတ်မသက်မသာ ဖြစ်စေကာ သူမကိုယ်တိုင်လည်း အလွန်ပင် အနေခက်ခဲ့သကဲ့သို့ ခံစားရသည်။
ဇာတ်လိုက်အမျိုးသားက တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်ပြီး မည်သို့မျှ မလှုပ်ခတ်ခဲ့သော်လည်း သူ့ကို နေရာတိုင်းတွင် ဆွဲဆောင်မှုများ ဖြန့်ဝေနေသော ဒေါင်းတစ်ကောင်ကဲ့သို့ ဝေဖန်ခြင်း ခံခဲ့ရသည် မဟုတ်ပါလား။
လီရှန်း အချိန်ကာလကို တွက်ချက်ကြည့်လိုက်လျှင် ယခုအချိန်တွင် စုဝေ့ယန် ဒဏ်ရာရရှိနေချိန် ဖြစ်ရပေလိမ့်မည်။
ဆိုလိုသည်မှာ သူက ယခင်ဘဝကကဲ့သို့ မသေဆုံးဘဲ ကံတရားမှ လွတ်မြောက်ခဲ့ပြီးနောက် ဆေးရုံတွင် ဆေးကုသမှု ခံယူနေချိန်ဖြစ်ပေ၏။
ထို့အတွက် သူ့ကို ပြုစုပေးသော သူနာပြုမလေးက သူ့အပေါ် စတင်စိတ်ဝင်စားနေသည့် အချိန်ပင် ဖြစ်ပေသည်။
စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ!
သူမက ဤကဲ့သို့ ဇာတ်ကွက်မျိုးကို ကိုယ်တိုင်တွေ့မြင်နိုင်ရန်အတွက် ယခုချက်ချင်းပင် ချုံကျိုးသို့ ပြေးသွားချင်စိတ် ဖြစ်နေမိ၏။
စုဝေ့ဟိုင်၏ လက်ရှိ ဇာတ်ကြောင်းတွင်တော့ ဝူလီ၏ ဆိုးဝါးလွန်းသော မိသားစုဝင်များအကြောင်းကိုသာ လှည့်ပတ်နေဆဲဖြစ်၍ လီရှန်းအအနေဖြင့် ကြည့်နေရသည်ကိုပင် စိတ်ပျက်နေမိရသည်။
ဟင်း.. အကြီးဆုံးယောက်မရဲ့ ဇာတ်ကွက်တွေက သိပ်ပြီးတော့ ဆွဲဆောင်မှု မရှိဘူး ။
လီရှန်း အမျိုးသမီး ဝန်ထမ်းအိပ်ဆောင်အတွင်းသို့ ဝင်လာခဲ့ပြီး သူမ၏ ယခင်အခန်းဟောင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းခဲ့ပေသည်။
*