အိပ်ဆောင်အတွင်းမှ လီလင်း၏ အသံကို သဲ့သဲ့ကိုကြားနေရလေ၏။
လီရှန်းက တံခါးကို ခေါက်လိုက်လျှင် အတွင်းဘက်မှ အသံတို့က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခြေသံများကို ကြားလိုက်ရပေသည်။
လီလင်းက အခန်းထဲမှ တံခါးဖွင့်လိုက်လျှင် ခြင်းတောင်းကို လွယ်ထားသော လီရှန်းက တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် မျက်လုံးများပင် ပြူးကျယ်သွားရတော့သည်။
“ရှန်းရှန်း ”
“နင်တို့အတွက် ဖက်ထုပ်တွေ ယူလာပေးတာ”
လီရှန်းက သူမ၏ ခြင်းတောင်းကို ဝှေ့ယမ်းပြလိုက်ပေသည်။
ဖက်ထုပ်လား။
လီလင်းက ခြင်းတောင်းကို အမြန်လှမ်းယူလိုက်ပြီး ပြောလေသည်။
“နင် တကယ်ပဲ ငါတို့တွေအတွက် ဖက်ထုပ်တွေ ယူလာပေးတာပဲ”
သူမက လီရှန်း၏ လက်မောင်းကို ဆွဲကာ အိပ်ဆောင်အတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် တံခါးကို ပြန်ပိတ်လိုက်လေ၏။
“ငါက နင် စနောက်နေတာလို့ ထင်နေတာ”
“ပြောရင် ပြောတဲ့အတိုင်း လုပ်ရမှာပေါ့ ၊ ငါက နင်တို့ကို ကောင်းကောင်းစားစေချင်လို့လေ”
နှစ်သစ်ကူးအကြိုညမှာတောင် ဖက်ထုပ် မစားရဘူးဆိုရင် တကယ်ကို စိတ်မကောင်းစရာကောင်းလွန်းတယ်မလား။
လီရှန်း အိပ်ဆောင်အတွင်းကို ဝေ့ကြည့်လိုက်လျှင် အရင်ကအတိုင်းပင် သန့်ရှင်းသပ်ရပ်နေသည်ကို တွေ့ရသည်။
သို့သော်လည်း..
“အစ်မဟုန်ရှင်း ”
လီရှန်းတစ်ယောက် ဝရန်တာတွင်ရှိနေသော ဖန်ဟုန်ရှင်းကို လှမ်းခေါ်လိုက်သည်။
ဖန်ဟုန်ရှင်းက ခေါင်းကို အမြန်ငုံ့ကာ မျက်ရည်များကို သုတ်လိုက်ပြီးမှ လီရှန်းဘက်သို့ လှည့်ပြီး အားတင်းပြုံးပြလျက် ပြောလာလေသည်။
“ရှန်းရှန်း ရောက်လာတာပဲ”
ဘာဖြစ်နေတာလဲ။
လီရှန်း ဖန်ဟုန်ရှင်း၏ မျက်နှာကို မြင်လိုက်ရသည့်အချိန်တွင် ချက်ချင်းပင် ထိတ်လန့်သွားရတော့သည်။
ဖန်ဟုန်ရှင်း၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမ၏ မျက်လုံးများမှာလည်း ငိုထားသောကြောင့် နီရဲရောင်ကိုင်းနေခဲ့သည်။
သူမက လုံးလုံးလျားလျား နေမကောင်းဖြစ်နေသည့်အမူအရာဖြစ်နေခဲ့၏။
သူတို့က နှစ်သစ်ကူးအတွက် အိမ်သို့မပြန်ရန် ဆုံးဖြတ်ထားခဲ့ကြသည် မဟုတ်ပါလား။ အဘယ်ကြောင့် ယခုကဲ့သို့ အသည်းအသန် ငိုကြွေးနေရပါသနည်း။
မိဘများကို အလွန်အမင်း လွမ်းဆွတ်နေမိသောကြောင့်လား။
“သူမရဲ့ ရည်းစားဟောင်းက သူမဆီကို ပြန်လာပြီးတော့ သူမရဲ့ဦးလေးနဲ့ တွေ့ခွင့်ရအောင် ကူညီပေးဖို့ လာပြောနေလို့”
လီလင်းအနေဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ဖန်ဟုန်ရှင်းနှင့်အတူ ရှိနေခဲ့သောကြောင့် သတင်းထူးများစွာကို သိရှိနေခဲ့ပေသည်။
အထူးသဖြင့် အမျိုးသားတစ်ယောက်က ဤမျှအထိ အရှက်မရှိသည်ကို သူမ ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရသည်။
ဖန်ဟုန်ရှင်း၏ ရည်းစားဟောင်းမှာ သူမကို ပစ်ချ၍ စစ်တပ်ဘက်မှ ခေါင်းဆောင်တစ်ဦး၏ သမီးနှင့် လက်ထပ်ခဲ့သည်။ လက်ရှိတွင် သားနှစ်ဦး၊ သမီးတစ်ဦးရှိနေပြီး မိသားစုဘဝက အလွန်ပင် ပျော်ရွှင်နေခဲ့ပေသည်။
သို့သော်လည်း မကြာသေးမီအချိန်က သူ၏ယောက္ခမဖြစ်သူက စိုက်ပျိုးရေးအဖွဲ့မှ ပညာတတ်လူငယ်အမျိုးသမီးတစ်ဦးအား ရိုက်နှက်ရုံမျှမက အဝတ်အစားများကိုပါ ချွတ်ပြီး ဆီးနှင်းများအတွင်း၌ ဆယ်မိနစ်ကျော်ကြာ စွန့်ပစ်ထားခဲ့၏။
ထိုပညာတတ်လူငယ် အမျိုးသမီးမှာ သေလုမျောပါး ဖြစ်ခဲ့ရသည်။ သူမက အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပြီးနောက်တွင် ထွုသူ၏ယောက္ခမက သူမအား နှိပ်စက်ညှဉ်းပန်းပါသည်ဟု တိုင်ကြားစာ ရေးသားခဲ့ပေသည်။
သို့သော် သူ၏ယောက္ခမမှာလည်း အလျှော့ပေးမည့်သူ မဟုတ်ပါချေ။
သူက ထိုပညာတတ်လူငယ် အမျိုးသမီးမှာ သူ့အား မဟုတ်မမှန် လုပ်ကြံစွပ်စွဲခြင်းဖြစ်သည်ဟု ပြန်လည်စွပ်စွဲခဲ့သည်။
ထိုအမျိုးသမီးတွင် ခိုင်လုံသော သက်သေအထောက်အထား မရှိသောကြောင့် သူ၏ယောက္ခမက ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့ပြီး ပြစ်ချက်ကြီးတစ်ခုသာ မှတ်တမ်းတင်ခြင်း ခံခဲ့ရပေသည်။
အကယ်၍ ဤမျှနှင့်သာ ပြီးဆုံးသွားခဲ့လျှင် ပြဿနာမရှိနိုင်ပါချေ။
သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ ထိုအမျိုးသမီးမှာ အလွန်ပင် စိတ်ဓာတ်ပြင်းထန်သူဖြစ်ပြီး သူမက အိမ်ပြန်ရောက်သည့်အချိန်တွင် ကြွက်သတ်ဆေးသောက်၍ အဆုံးစီရင်သွားခဲ့ပေတော့သည်။
ယခုအချိန်တွင် သူ၏ယောက္ခမမှာ ကြီးမားသော ပြဿနာနှင့် ရင်ဆိုင်နေရပြီး ရာထူးချခံရရုံမျှမက စစ်တပ်မှ အနားယူရန်အထိ ဖိအားပေးခြင်း ခံနေရချေပြီ။
ထို့ကြောင့် သူက စစ်တပ်မှ အလျင်အမြန် ပြန်လာခဲ့ပြီး ဖန်ဟုန်ရှင်း၏ ဦးလေးအား သူ၏ယောက္ခမအတွက် စကားကောင်းအနည်းငယ် ပြောပေးရန်နှင့် အနည်းဆုံးတော့ သူ၏ယောက္ခမကြောင့် သူ၏ ရာထူးကိုပါ ထိခိုက်ခြင်း မရှိစေရန် အကူအညီတောင်းခံနေခြင်း ဖြစ်ပေ၏။
လီလင်းက အံကြိတ်လျက် ပြောလာသည်။
“သူက အစ်မဟုန်ရှင်း ဦးလေးရဲ့ အဆက်အသွယ်တွေကြောင့်သာ စစ်တပ်ထဲကို ရောက်သွားခဲ့တာလေ၊ ဒါပေမဲ့ သူက အစ်မဟုန်ရှင်းကို ပစ်ပယ်ခဲ့တယ်၊ သူက တကယ့်ကို အရှက်မရှိတဲ့ လူယုတ်မာပဲ”
လီရှန်း:“...”
သူ ရူးသွားတာလား။
“ အစ်မဟုန်ရှင်းရဲ့ ဦးလေးက ရာထူးနှင့် အရည်အချင်းတွေရှိနေတာကို သိရက်နဲ့ ဘာဖြစ်လို့ သစ္စာဖောက်ရဲရတာလဲ”
ဖန်ဟုန်ရှင်းက လှောင်ပြောင်လိုသော အပြုံးတစ်ခုဖြင့် ဆိုလေသည်။
“နီးစပ်တဲ့ အရာရှိက ဝေးကွာတဲ့ အရာရှိထက် ပိုပြီး အာဏာရှိတာကိုး၊ ငါ့ဦးလေးက ဘယ်လောက်ပဲ အာဏာရှိရှိ၊ စစ်တပ်ကိုတော့ မချုပ်ကိုင်နိုင်ဘူးလို့ တွေးခဲ့တာဖြစ်မယ်”
သို့ဖြစ်၍ သူက သူ၏ အနာဂတ်အတွက် သူမအား စွန့်ခွာခဲ့ခြင်း ဖြစ်ပေသည်။ ထိုသူက သူ၏ယောက္ခမမှာ သူ့အတွက် အားကိုးရာမဖြစ်သည့်အပြင် အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှ ထင်မှတ်ထားခဲ့ပုံမရပါချေ။
“အဲဒီတုန်းက သူတို့ ငါ့ကို လိမ်ညာခဲ့ကြတယ်၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်ခိုင်းခဲ့ပြီးတော့ သူကတော့ တစ်ဖက်မှာ လက်ထပ်ပြီး မိသားစု ထူထောင်ထားခဲ့တယ်၊ အခုကျမှ ငါ့ဆီ ပြန်လာပြီး အကူအညီတောင်းတယ်တဲ့ တကယ့်ကို ရယ်စရာကောင်းလွန်းတယ်”
ဖန်ဟုန်ရှင်း တွေးမိလေလေ စိတ်ပျက်ဝမ်းနည်းလေလေ ဖြစ်နေခဲ့ပြီး နံရံဘက်သို့ မျက်နှာလှည့်ကာ ငိုကြွေးတော့သည်။
သူမက ထိုသူ့အပေါ်တွင် သံယောဇဉ် ရှိခဲ့ဖူးသည်။ သူ ပျောက်ဆုံးနေသည်း အချိန်များက သူမ သူ၏ဘေးနားတွင်သာ တစ်သက်လုံး နေထိုင်သွားမည်ဟုပင် စဉ်းစားခဲ့ဖူးသည် မဟုတ်ပါလား။
ဒါပေမဲ့ ရလဒ်က ဘာလဲ?
လက်တွေ့က အလွန်ပင် နာကျင်စရာ ကောင်းပေသည်။
သူမက လမ်းပျောက်နေသော ခွေးတစ်ကောင်ကဲ့သို့ ပြည်နယ်မြို့တော်မှ ပိုင်မားခရိုင်သို့ သနားစရာကောင်းသော အခြေအနေဖြင့် ထွက်ပြေးလာခဲ့ရပေ၏။
ယခုအချိန်တွင် သူမက အသက်သုံးဆယ်နီးပါး ရှိနေခဲ့ပြီဖြစ်သော်လည်း ကိုယ်ပိုင်အိမ်ထောင်တစ်ခု မရှိသေးပါချေ။
ထိုသူက သူမအား နောက်ထပ်တစ်ကြိမ် နာကျင်စေရန် အဘယ်ကြောင့် ပြန်လည်ပေါ်ပေါက်လာရပါသနည်း။
လီရှန်း သက်ပြင်းချကာ သူမအား နှစ်သိမ့်လိုက်ပေသည်။
“ကောင်းမွန်တဲ့ ရည်းစားဟောင်းကောင်းဆိုတာ သေသွားတဲ့လူလိုမျိုး ဖြစ်နေသင့်တယ်၊ ဘယ်တော့မှ ပြန်ပေါ်မလာသင့်တော့ဘူး”
လီလင်း:“...”
ဤစကားသည်က ပြင်းထန်လွန်းသော်လည်း အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်နေခဲ့ပေသည်။
“ဒါ့အပြင် သူက အစ်မရဲ့ဦးလေးဆီကို လာတော့ရော ဘာထူးမှာလဲ၊ သူ့ယောက္ခမက အမှားလုပ်ခဲ့တာလေ၊
စစ်တပ်မှာက တစ်ယောက်ရဲ့ အပြစ်ကို နောက်တစ်ယောက်က ပူးတွဲတာဝန်ယူရတာမျိုး မရှိပါဘူး၊ တကယ်လို့ သူသာ ဘာအမှားမှ မလုပ်ဘဲ ကောင်းကောင်းနေမယ်ဆိုရင် စစ်တပ်ခေါင်းဆောင်တွေက သူ့ကို လာပြီး ဒုက္ခပေးမှာမဟုတ်ဘူး၊ ဒါက သေချာပေါက် လူတိုင်းသိတာပဲ”
အဆိုးဆုံးအနေအထားမှာ ရာထူးတက်ဖို့ အလားအလာ မရှိတော့ခြင်းသာ ဖြစ်ချေသည်။
ဖန်ဟုန်ရှင်း၏ ရှုပ်ထွေးနေသော စိတ်တို့မှာ ချက်ချင်းပင် ကြည်လင်သွားရတော့၏။
အမှန်ပဲ!
သူသာ ဘာမှအမှားမလုပ်ရင် ဘာကိုကြောက်နေရမှာလဲ။
ဒီလိုမှမဟုတ်ရင်တော့..
“ဒါနဲ့... အစ်မရဲ့ရည်းစားက ဘယ်စစ်ဒေသကလဲ”
ချုံကျိုးကတော့ မဟုတ်လောက်ပါဘူးနော်။
“ပင်းချန်က”
ပင်းချန် ?
ဟဲထန်နှင့် ကျန်းယွဲ့တို့၏ ကျေးဇူးကြောင့် လီရှန်း သူမ၏ အတိတ်ဘဝက ကျန်းယွဲ့အနေဖြင့် ဟဲထန်၏ဦးလေးမှာ ပင်းချန်မှ တပ်ရင်းမှူးဖြစ်ကြောင်းနှင့် သူ၏ ရဲဘော်ရဲဘက်ကောင်းများအကြောင်းကို ကြွားဝါခဲ့သည်ကို အတော်လေး ကြားဖူးခဲ့ပေသည်။
ထို့ကြောင့် ထိုစစ်ဒေသ၏ ခေါင်းဆောင်များအကြောင်းကို သူမ အနည်းငယ် သိရှိနေခဲ့၏။
လီရှန်း မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်ပေသည်။
“ဒါဆိုရင် သူ့ယောက္ခမရဲ့ နာမည်ကို သိလား”
“ထင်တာတော့ ချန်လီ... တစ်ခုခုပဲ အဲဒီလူရဲ့မိန်းမက မျိုးရိုးအမည် လျို့.. ဆိုတော့ သူ့နာမည်က လျို့ချန်လီ ဖြစ်လိမ့်မယ်”
လျို့... ချန်လီ ?
လီရှန်း အံ့သြသင့်သွားရလေ၏။ ဤတစ်ယောက်က ဟဲထန်၏ဦးလေးဖြစ်သူ တပ်ရင်းမှူး မဟုတ်ပါလား။
ဟဲထန်၏ အဒေါ်အကြီးဆုံးဖြစ်သူ ဟဲဟွေ့က လျို့ချန်လီနှင့် လက်ထပ်ခဲ့ပြီး သားသုံးဦးနှင့် သမီးနှစ်ဦး ရရှိခဲ့ပေသည်။
အတိတ်ဘဝတုန်းက ဟဲထန်က လျို့ချန်လီ၏ အဆက်အသွယ်များကို အသုံးပြုကာ ပင်းချန် ထုတ်လုပ်ရေးနှင့် တည်ဆောက်ရေးတပ်ဖွဲ့၏ ယဉ်ကျေးမှုအဖွဲ့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့၏။
သူ၏ ကောင်းမွန်သော အသံနှင့် ခန့်ညားသော ရုပ်ရည်ကြောင့် သူက အစီအစဉ်တင်ဆက်သူ ဖြစ်လာခဲ့ပေသည်။ သူက နယ်စပ်ဒေသ တည်ဆောက်ရေးအတွက် ကျေးလက်ဒေသသို့ သွားခဲ့သည်ဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင် မည်သည့်ဆင်းရဲဒုက္ခကိုမျှ မခံစားခဲ့ရပါချေ။
သို့သော် ယခင်ဘဝတုန်းက လျို့ချန်လီသည်က ပညာတတ်လူငယ် အမျိုးသမီးကို နှိပ်စက်ညှဉ်းပန်းသည်ဟု သူမ တစ်ခါမျှ မကြားဖူးခဲ့ပါချေ။
ယခုဘဝတွင် အဘယ်ကြောင့် ဤသို့သောကိစ္စမျိုး ဖြစ်ပွားရပါသနည်း။
နှစ်သစ်ကူးပြီးနောက် ဟဲထန်တစ်ယောက် ပင်းချန်သို့ ပညာတတ်လူငယ်အဖြစ် ကျေးလက်ဒေသသို့ ဆင်းရမည့်အချိန်တွင် သူက အစီအစဉ်တင်ဆက်သူအဖြစ် ယဉ်ကျေးမှုအဖွဲ့ထဲသို့ ဝင်နိုင်ပါဦးမည်လား။
အကယ်၍ သူ၏ဦးလေးဖြစ်သူကသာ ရာထူးမှ ဆင်းပေးရမည်ဆိုလျှင် သူသည်လည်း လယ်ယာလုပ်ငန်းကိုသာ ရိုးရိုးသားသား လုပ်ကိုင်ရတော့မည်မှာ သေချာပေသည်။
ယခင်ဘဝက သူမ ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို တွေးမိသည့်အချိန်တွင် လီရှန်းတစ်ယောက် အကြံတချို့ ပေးရန် လိုအပ်သည်ဟု ခံစားလိုက်ရ၏။
ဥပမာအားဖြင့် :
“ဒါ့အပြင်... သူက ကလေးနှစ်ယောက်တောင် ရှိနေပြီလေ၊ အစ်မကတော့ အိမ်ထောင်တောင်မပြုရသေးဘူး၊ သူ အစ်မဆီကို အကူအညီတောင်းဖို့ လာတဲ့အချိန်မှာ အစ်မရဲ့ ဂုဏ်သိက္ခာကိုရော မငဲ့ကွက်ဘူးလား”
“နောက်ပြီးတော့... လိုအပ်တဲ့အချိန်မှ လူချင်းကပ်ပြီး မလိုတော့ရင် ပစ်ပယ်တတ်တဲ့ သူ့ရဲ့ အမူအရာက တကယ့်ကို ရွံစရာကောင်းလွန်းတယ်”
ဤစကားကို ကြားရသည့်အချိန်တွင် လီလင်းသည်လည်း တရားမျှတမှုအတွက် ဒေါသတကြီးဖြင့် ဝင်ပြောလေတော့သည်။
“ဟုတ်တယ် အစ်မဟုန်ရှင်း၊ သူ့ကို လုံးဝ ဂရုမစိုက်ပါနဲ့တော့.. ဘာပဲဖြစ်ဖြစ် သူက ဆေးဝါးစက်ရုံထဲကို ဝင်လာလို့ရမှာ မဟုတ်ဘူးလေ၊
အကယ်၍ သူက အစ်မဆီကို နောက်တစ်ခါ ထပ်လာရှာမယ်ဆိုရင်တော့ တော်လှန်ရေးကော်မတီကိုသာ တိုင်လိုက်တော့
အမျိုးသမီး အလုပ်သမားတွေကို နှောင့်ယှက်တဲ့ အပြစ်က ပညာတတ်လူငယ် အမျိုးသမီးတွေကို နှိပ်စက်တဲ့ အပြစ်ထက် မလျော့ဘူး”
*