ဖန်ဟုန်ရှင်း နားထောင်လေလေ ပို၍ကျိုးကြောင်းဆီလျော်သည်ဟု ထင်မြင်လာလေလေဖြစ်နေခဲ့သည်။
မှန်ပေသည်။ သူမကိုယ်တိုင် ဤမျှအထိ အစော်ကားခံထားရသည်ဖြစ်ရာ သူ့ကို အဘယ်ကြောင့် ကူညီပေးရမည့်နည်း။
“ငါ သူ့ကို နောက်ဘယ်တော့မှ စကားမပြောတော့ဘူး၊ ရှန်းရှန်းပြောတာ မှန်တယ်၊ ကောင်းမွန်တဲ့ ရည်းစားဟောင်းကောင်းဆိုတာ သေသွားတဲ့လူလိုပဲ ဖြစ်သင့်တယ်၊ ဘယ်တော့မှ ပြန်ပေါ်မလာသင့်တော့ဘူး”
လီရှန်း လက်ခုပ်တီး၍ပင် အားပေးလိုက်ချင်မိပေသည်။
ဤသို့သော အတွေးအခေါ်မျိုးသာ ရှိသင့်သည် မဟုတ်ပါလား။
လျို့ချန်လီကို အပြတ်နှိပ်ကွပ်ပစ်ပြီး ဟဲထန်ကိုလည်း ပင်းချန်သို့ ပို့ဆောင်ကာ သူမ ယခင်က ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို မြည်းစမ်းခိုင်းလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်ပေမည်။
လီလင်းက ပို၍ပင် ပြတ်သားစွာ ပြောလာလေ၏။
“ငါသာ အစ်မဟုန်ရှင်း နေရာမှာဆိုရင်တော့ ဦးလေးဖြစ်သူ အခြေအနေမလှတုန်းမှာ နောက်ထပ်တစ်ချက်လောက် ထပ်ဆင့်နင်းပစ်လိုက်မှာ.. အဲဒီလူယုတ်မာကို ‘မိန်းမတွေရဲ့နှလုံးသားက အဆိပ်ထက်ပြင်းတယ်’ ဆိုတာက ဘာလဲဆိုတာ သိအောင် ပြလိုက်မှာ!”
ဖန်ဟုန်ရှင်းတစ်ယောက် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် အံ့သြသင့်သွားပြီး လီလင်းကို အံ့ဩတကြီး စိုက်ကြည့်နေမိတော့သည်။
ထို့နောက် သူမက ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိပြီး စနောက်လိုစွာ ပြောလိုက်ပေ၏။
“ကြည့်ရတာ ရဲဘော်ကျန်းတစ်ယောက်တော့ နောင်ကျရင် သတိထားရတော့မယ် ထင်တယ်နော်. ဘာပဲဖြစ်ဖြစ် သူ့မိန်းမက ‘မိန်းမတွေရဲ့နှလုံးသားက အဆိပ်ထက်ပြင်းတယ်’ ဆိုတာကို ကောင်းကောင်းကြီး သိနေတာကိုး”
“အိုး.. အစ်မဟုန်ရှင်းကတော့.. ကျွန်မကို လာနောက်နေပြန်ပြီ”
လီလင်းက ရှက်ရွံ့စိတ်နှင့် ဒေါသစိတ်ကြောင့် ခြေဆောင့်လိုက်မိကာ မျက်နှာသည်လည်း ပူလောင်သွားရတော့သည်။
သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဝမ်းနည်းပူဆွေးမှုများတွင် နစ်မွန်းနေခဲ့သော ဖန်ဟုန်ရှင်းမှာ နောက်ဆုံးတွင် စိတ်ကြည်လင်လာကာ သူမကိုယ်ပင် ပြန်လည်စနောက်နိုင်သည်ကို မြင်တွေ့ရသည့်အတွက် လီလင်းတစ်ယောက် အမှန်တကယ်ပင် ဝမ်းသာမိပေသည်။
သူမက ဖန်ဟုန်ရှင်း၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်လေ၏။
“အစ်မဟုန်ရှင်း... အဲဒီလူယုတ်မာကို ဂရုမစိုက်ပါနဲ့တော့၊ နောက်ရက်နည်းနည်းလောက်နေရင် ကျွန်မ မင်္ဂလာဆောင်တော့မှာလေ၊ အဲဒီအချိန်ကျရင် ကျွန်မအမျိုးသားရဲ့ အလုပ်ခွင်က လူတွေ အများကြီး လာကြလိမ့်မယ်
အဲဒီထဲမှာ လူပျိုလူလွတ်တွေ အများကြီး ပါလာမှာဆိုတော့ ကျွန်မတို့ သေသေချာချာ မိတ်ဆက်ပေးမယ်လေ”
“တော်ပါပြီ၊ ငါတော့ လက်တွဲဖော်ရှာဖို့ ဘာမျှော်လင့်ချက်မှ မထားတော့ပါဘူး”
ကျီးကန်းဟူသမျှ အကုန်မည်းပုံရပေ၏။
ဖန်ဟုန်ရှင်းက အမှန်တကယ်ပင် စိတ်ကုန်သွားသည့်အမူအရာဖြစ်နေခဲ့ပေသည်။ အကယ်၍သာ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများသာ ပျောက်ကွယ်မသွားခဲ့လျှင် သူမက သီလရှင်ပင် ဝတ်သွားမိပေလိမ့်မည်။
“သိပ်ပြီးတော့လည်း မတွေးပါနဲ့ဦး၊ မြန်မြန် ဖက်ထုပ်တွေစားပြီး နှစ်သစ်ကူးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ရအောင်၊ လူယုတ်မာတစ်ယောက်အတွက်နဲ့တော့ မျက်ရည်မကျစမ်းပါနဲ့”
လီလင်းက လက်ခုပ်တီးလျက် ချက်ချင်း ထောက်ခံလိုက်၏။
“မှန်တယ်”
ထို့နောက် သူမက ဖက်ထုပ်များကို ထုတ်ကြည့်လိုက်လျှင် အလွန်ပင် အံ့အားသင့်သွားရတော့သည်။
“အများကြီးပဲလား!”
“ငါ့ရဲ့ယောက္ခမက စက်ရုံမှာ နှစ်သစ်ကူးနေကြတဲ့ တခြားလူတွေကိုလည်း ဝေပေးစေချင်လို့လေ၊ ငါက တခြားလူတွေကို သိပ်မသိတော့ နင်ပဲ ဝေပေးဖို့ ကူညီပေးပါဦး”
“ဒါဆိုရင်တော့ ပြုတ်ပြီးမှပဲ ခွဲဝေပေးလိုက်ကြတာပေါ့”
လီရှန်းက ဖက်ထုပ်များ အေးသွားမည်ကို စိုးရိမ်သောကြောင့် အစိမ်းအတိုင်း ယူဆောင်လာခြင်း ဖြစ်ပေသည်။ အိပ်ဆောင်အတွင်း၌ မီးဖိုရှိသောကြောင့် ချက်ချင်းပင် ပြုတ်၍ ရသည်မဟုတ်ပါလား။
လီရှန်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် အချိန်မှာ အတော်ပင် နောက်ကျနေပြီဖြစ်ကြောင်း သတိပြုမိလိုက်သောကြောင့် ပြန်ရန် ပြင်ဆင်တော့သည်။ မထွက်ခွာမီ သူမက နောက်ဆုံးမေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။
“ဒါနဲ့ လီလင်း... နင် နှစ်သစ်ကူး ငါးရက်နေ့မှာ မင်္ဂလာဆောင်မှာဆိုတော့ မင်္ဂလာကိစ္စတွေ ကူညီပေးဖို့ ငါ မနက်စောစော နင့်ရဲ့မိဘတွေအိမ်ကို လာခဲ့ရမလား”
“မလိုဘူး၊ ငါ စက်ရုံမှာပဲ နေမှာ။ ကျွန်မ ဒီစက်ရုံမှာပဲ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီ”
လီလင်း၏ မျက်နှာအမူအရာာ ချက်ချင်းပင် မှေးမှိန်သွားရတော့ပေသည်။
လီရှန်း:“...”
ဒါက ဘယ်လိုဖြစ်သွားရတာလဲ။
ဒီနေ့ကတော့ တကယ်ကို ထူးဆန်းတဲ့နေ့ပဲ။ ဒီ ဖရဲသီးစိုက်ခင်းကြီးက အသီးအနှံတွေ အရမ်းကို ဝေေဝဆာဆာနဲ့ သီးနေလို့ ရိတ်သိမ်းလို့ မကုန်နိုင်တော့ဘူး။
လီလင်းက လီရှန်းအပေါ် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိပါချေ။ ထို့အပြင် လီရှန်းလည်း သူမ၏ မိသားစုအရေးကိစ္စများကို ကောင်းစွာသိရှိနေခဲ့ပေသည်။
သူမက သက်ပြင်းတစ်ချက်ချလျက် ဆိုလေ၏။
“ငါ့အစ်ကိုကြီးက လွန်ခဲ့တဲ့ရက်ပိုင်းကမှ လက်ထပ်ခဲ့တာလေ၊ ငါ့ယောက်မက... တကယ့်ကို ဇွတ်တရွတ်နိုင်တဲ့သူပဲ
သူမက ပြောတယ်... လူတစ်ယောက် အိမ်ထဲကို ဝင်လာပြီးတာနဲ့ နောက်တစ်ယောက်က အိမ်ကနေ ထွက်သွားတာမျိုးက နိမိတ်မကောင်းဘူးတဲ့၊
အထူးသဖြင့် နှစ်သစ်ကူး ပထမလထဲမှာဆိုရင် ပိုဆိုးတယ်ဆိုပဲ ၊
အဲဒါကြောင့် ငါ့ကို နောက်နှစ် ဒုတိယနှစ်ဝက်ကျမှ လက်ထပ်မလား၊ ဒါမှမဟုတ်ရင်လည်း ကိုယ့်ဘာသာကိုယ် နေရာရှာပြီး လက်ထပ်မလားလို့ ပြောလာတယ်”
ပြဿနာမှာ သူမနှင့် သူမ၏ရည်းစားတို့သည်က လက်ထပ်စာချုပ် ချုပ်ဆိုပြီးဖြစ်နေခြင်းပင် ဖြစ်ချေတော့သည်။
အကယ်၍ သူတို့ကသာ လက်ထပ်စာချုပ် ရရှိထားပါလျက်နှင့် ခြောက်လတိုင်တိုင် မင်္ဂလာပွဲ မကျင်းပဘဲ နေမည်ဆိုပါက သူမကိုယ်တိုင်လည်း မကျေနပ်နိုင်သကဲ့သို့ သူမ၏ အမျိုးသားဘက်ကိုလည်း ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
သို့ဖြစ်၍ သူမအနေဖြင့် စက်ရုံမှာပင် မင်္ဂလာဆောင်ရန် ရွေးချယ်ခဲ့ရပေတော့သည်။ ကံကောင်းထောက်မစွာဖြင့် ထိုနေ့မှာ နှစ်သစ်ကူး ငါးရက်နေ့ဖြစ်ပြီး အလုပ်များ တရားဝင် မစတင်သေးသောကြောင့် သူမ၏ သတို့သားလောင်းအတွက် သတို့သမီးကို စက်ရုံအတွင်းသို့ လာရောက်ခေါ်ဆောင်ရန် အဟန့်အတား မရှိနိုင်ပါချေ။
ဤသည်ကို ကြားလိုက်ရသည့်အချိန်တွင် လီရှန်း မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိပေသည်။
ယခင်ဘဝတုန်းက လီလင်းမှ သူမဘက်မှ ရပ်တည်ကာ ကာကွယ်ပြောဆိုပေးခဲ့ပြီး သူမ၏ခင်ပွန်းမှာလည်း သူမ၏ဘေးနားမှနေ၍ အမြဲစောင့်ရှောက်ပေးခဲ့ပေသည်။
ထို့ကြောင့် လီရှန်းအနေဖြင်် လီလင်း၏ ထိုကဲ့သို့သော သတ္တိမျိုးရှိခြင်းမှ မိသားစု၏ အလိုလိုက်ခြင်းကို ခံရကာ ပျော်ရွှင်သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားရခြင်းကြောင့်ဟု မသိစိတ်ဖြင့် ယူဆခဲ့မိ၏။
သို့သော် ယခုကြည့်ရသည်မှာ သူမ၏ ဘဝမှာလည်း ရှုပ်ထွေးပွေလီနေခဲ့ပုံရပေသည်။
လီရှန်းအနေဖြင့် လီလင်း၏ ပြတ်သားမှုကို အထင်ကြီးမိသကဲ့သို့ ယခင်ဘဝက အဆက်အသွယ် အလွန်နည်းခဲ့ပါလျက်နှင့် သူမအပေါ် ထားရှိခဲ့သော လီလင်း၏ စိတ်ရင်းစေတနာများကိုလည်း စိတ်ထိခိုက်ခံစားမိခဲ့ပေသည်။
သို့ဖြစ်၍ သူမက လီလင်း၏ ပုခုံးကို ဖက်လိုက်ပြီး ပြောလေသည်။
“ဒါဆိုရင်လည်း စက်ရုံမှာပဲ မင်္ဂလာဆောင်လိုက်ပေါ့ ငါတို့တွေ သူတို့ကို ဂရုစိုက်မနေကြရအောင်၊
ကိုယ့်ဘဝနဲ့ကိုယ်ပဲ နေကြတာပေါ့ နင်တို့နှစ်ယောက် အလုပ်တွေအဆင်ပြေပြီး ဘဝတွေ ကောင်းမွန်လာတဲ့အချိန်မှာ သူတို့ကပဲ ပြန်ပြီး မနာလိုဖြစ်နေကြလိမ့်မယ်၊ အဲဒီကျရင်တော့ သူတို့ကို ကူညီပေးစရာ မလိုဘူး”
လီလင်းမှာ ငိုချင်စိတ် ပေါက်နေခဲ့သော်လည်း လီရှန်း၏ စကားကြောင့် မရယ်ဘဲ မနေနိုင်တော့ပါချေ။
သူမက အလေးအနက် ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်၊ ငါ့အမေကတောင် ငါ့ကို ယောက်မစကား နားထောင်ဖို့ ဖျောင်းဖျနေသေးတာ၊ အဲဒါကြောင့် ငါလည်း အိမ်မှာလက်ထပ်ဖို့ အကြံကို လုံးဝ လက်လျှော့လိုက်ပြီ”
“နင့်ရဲ့ အစ်ကိုကြီး လက်ထပ်တုန်းက နင့်ရဲ့ ဒုတိယအစ်ကိုက ဘာပြဿနာမှ မရှာဘူးလား”
လီရှန်း မှတ်မိသလောက်ဆိုလျှင် လီလင်း၏ ဒုတိယအစ်ကိုမှာ မိဘများ၏ ဘက်လိုက်မှုကို အလွန်ပင် မကျေမနပ် ဖြစ်ခဲ့သူ ဖြစ်ပေသည်။
အဆုံးသတ်တွင် အစ်ကိုကြီး၏ အကျိုးစီးပွားမှာ မည်သို့မျှ ထိခိုက်ခြင်း မရှိခဲ့သော်လည်း ညီမဖြစ်သူက အိမ်မှ နှင်ထုတ်ခံရကာ လှေကားခြေရင်း၌ နေထိုင်ခဲ့ရသည် မဟုတ်ပါလား။
“သူတို့က ဘာလို့ ပြဿနာမရှာဘဲ နေမှာလဲ”
လီလင်းက ဒုတိယအစ်ကို၏အကြောင်း ပြောသည့်အချိန်တွင် မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းကို မဲ့လိုက်လေသည်။
“ဒါပေမဲ့ သူက လက်ထပ်စာချုပ် ချုပ်ဖို့ အသက်မပြည့်သေးဘူးလေ၊ မိသားစုက သူ့ကို လက်မထပ်ခိုင်းတာ မဟုတ်ဘူး”
ယောကျ်ားလေးနှင့် မိန်းကလေးအတွက် ဥပဒေအရ သတ်မှတ်ထားသော အိမ်ထောင်ပြုနိုင်သည့် အသက်အရွယ်မှာ ကွဲပြားခြားနားပေသည်။
သို့ဖြစ်၍ ဤသို့ ဖြစ်လာခဲ့ပေသည် ။
လီလင်း၏ ဒုတိယအစ်ကိုမှာ ဥပဒေအရ အိမ်ထောင်ပြုရန် အသက်မပြည့်သေးသော်လည်း လီလင်းမှာ လက်ထပ်စာချုပ် ရရှိထားပြီး ဖြစ်ချေသည်။
“ဒါပေမဲ့ နှစ်သစ်ကူးပြီးရင် အိမ်ထောင်ပြုဖို့ အသက်ပြည့်ပြီ၊ လက်ထပ်စာချုပ် ရ၊ မရတော့ မသိဘူး”
လီရှန်းအနေဖြင့် ဤသည်မှာ အနည်းငယ် အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရပေသည်။ မည်သို့ပင်ဖြစ်စေ လီလင်း၏ ဒုတိယအစ်ကိုမှာ စိတ်တိုတတ်သူဖြစ်ပြီး အိမ်တွင်လည်း အလေးထားခြင်း မခံရသူ ဖြစ်ပေသည်။
နှစ်သစ်ကူးပြီးနောက် မူဝါဒအသစ်များ ထွက်ပေါ်လာသည့်အချိန်တွင် လီလင်း၏ မိဘများအနေဖြင့် စိတ်ရင်းစေတနာကို ပြသနိုင်ခဲ့လျှင် ထိုမိန်းကလေးက သူ့ကို လက်ထပ်ချင်ကောင်း လက်ထပ်ပေလိမ့်မည်။
သို့သော် ယခုကဲ့သို့ပင် ဘက်လိုက်နေဦးမည်ဆိုပါက ထိုမိန်းကလေးသည်လည်း တခြားတစ်ဦးနှင့် လက်ထပ်သွားနိုင်ပေသည်။
လီလင်းသည်လည်း ဤအချက်ကို စဉ်းစားမိပုံရပြီး ပို၍ပင် စိုးရိမ်ပူပန်လာခဲ့၏။
“သူကတော့ ကျေးလက်ဒေသကို ဘယ်လိုမှ သွားမှာ မဟုတ်ဘူး”
လီရှန်း : “သူ့မှာလည်း အလုပ်မရှိဘူးမလား”
လီလင်းက ခေါင်းခါပြလိုက်ပေသည်။ မကြာသေးမီ နှစ်များအတွင်း စက်ရုံကြီးများတွင် လုပ်သားအင်အားမှာ အလွန်ပင် ပြည့်နှက်နေခဲ့ပြီး ဝန်ထမ်းအသစ်များကို ခေါ်ယူခြင်း မရှိသလောက်ပင် ဖြစ်ချေသည်။
ထို့ကြောင့်လည်း သူမကိုယ်တိုင် ဆေးဝါးစက်ရုံထဲသို့ ဝင်နိုင်ရန် အသည်းအသန် ကြိုးစားခဲ့ရခြင်း ဖြစ်၏။ မဟုတ်ပါက သူမကလည်း သူမ၏ အစ်ကိုနှစ်ယောက်ကဲ့သို့ အိမ်တွင်သာ သောင်တင်နေပေလိမ့်မည်။
လီရှန်း သက်ပြင်းချလိုက်မိပေသည်။
ဤသည်မှာ အမှန်တကယ့်ကို ခက်ခဲလွန်းသော ဘဝအခြေအနေပင် ဖြစ်ချေသည်။
*