လီလင်းက ထိုအကြောင်းကို ကြာမြင့်စွာ တွေးမနေပါချေ။ သူမထံတွင် အလုပ်ရှိနေပြီး လက်ထပ်စာချုပ်လည်း ရှိထားပြီးဖြစ်၍ ကျေးလက်ဒေသသို့ သွားရမည့်သူက သူမ မဖြစ်နိုင်တော့ချေ။
သူမက အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလာလေ၏။
“ဆေးဝါးစက်ရုံက တခြားစက်ရုံတွေနဲ့ မတူလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ငါ့အမေက ငါ့အလုပ်ကို ငါ့အစ်ကိုဆီ လွှဲပေးဖို့ ငါ့ကို သေချာပေါက် ပြောမှာပဲ”
“နင် အိမ်ကို လတိုင်း ပိုက်ဆံပြန်ပေးနေရတုန်းပဲလား”
“အင်း...”
လီလင်း မျက်လွှာချလိုက်ပြီး လွန်ခဲ့သော နှစ်ရက်က သူမ အိမ်ပြန်သွားချိန်က မိဘများနှင့် အစ်ကို၊ ယောက်မတို့၏ အမူအရာကို ပြန်လည်တွေးတောမိလိုက်၏။
“ငါ လက်ထပ်ပြီးရင်တော့ သူတို့ကို ထပ်မပေးတော့ဘူး”
သူမတွင်လည်း ကိုယ်ပိုင်မိသားစုလေး ရှိလာတော့မည် မဟုတ်ပါလား။
ထို့အပြင် သူမကို အိမ်တွင်ပင် မင်္ဂလာဆောင်ခွင့် မပေးသည့်လူများကို သူမက အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။
“အစကတည်းက မပေးသင့်တာ”
လီရှန်း နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး လီလင်း၏မိဘများကို အလိုမကျဟန်ဖြင့် ဆိုလေသည်။
“နင့်ပိုက်ဆံတွေကို နင့်မိဘတွေ အိုမင်းသွားတဲ့အချိန်အတွက်ပဲ သိမ်းထားသင့်တာ၊ အခုတော့ နင်က သူတို့ကို ပိုက်ဆံပေးလိုက်တယ်၊
သူတို့က အဲဒါကို နင့်အစ်ကိုတွေအတွက် ပြန်ပြီး ထောက်ပံ့ပေးနေကြတာပဲမလား”
ဤစကားမှာ အနည်းငယ် သွေးခွဲသကဲ့သို့ ဖြစ်နေသော်လည်း လီရှန်းပြောသည်က မှန်ကန်ကြောင်း လီလင်း သိရှိနေခဲ့ပေသည်။
ယခုအချိန်တွင် သူမက မည်မျှပင် ပိုက်ဆံပေးပါစေ မိဘများက ကျေးဇူးတင်စကား တစ်ခွန်းမျှ ပြောမည်မဟုတ်ဘဲ ထိုသည်ကို ရသင့်ရထိုက်သည်ဟုပင် သဘောထားကြပေလိမ့်မည်။
နောင်တစ်ချိန်တွင် မိဘများ အမှန်တကယ် အခက်အခဲဖြစ်လာမှသာ ကူညီနိုင်ရန်အတွက် ထိုပိုက်ဆံကို သူမဘာသာ စုဆောင်းထားခြင်းက ပို၍ကောင်းမွန်ပေသည်။
မည်သို့ပင်ဖြစ်စေ ... သူမ၏ အစ်ကိုနှစ်ယောက်မှာ မိဘကို လုပ်ကျွေးမည့် သားလိမ္မာများ ဖြစ်ပုံမရပါချေ။
ဖန်ဟုန်ရှင်းက မနေနိုင်ဘဲ သက်ပြင်းချကာ ပြောလာလေသည်။
“မိသားစုတိုင်းမှာတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြတာပါပဲ”
သူမက လီရှန်း၏ နောက်ခံအကြောင်းကိုလည်း ကြားဖူးထားခဲ့ပေသည်။
လီရှန်းမှာလည်း ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ရသူဖြစ်ပြီး ယခုရရှိထားသော ဘဝမှာ သူမကိုယ်တိုင် ကြိုးစားအားထုတ်မှုကြောင့် ရရှိလာခြင်း ဖြစ်ပေသည်။
သို့ဖြစ်၍ အဆုံးသတ်တွင် အမျိုးသမီးများသည်က ကိုယ့်ခြေထောက်ပေါ်တွင် ကိုယ်ရပ်တည်နိုင်ရန် အရည်အချင်းရှိရမည်သာ ဖြစ်ပေမည်။
မိဘ သို့မဟုတ် အမျိုးသားကို အားကိုးခြင်းမှာ စိတ်မချရပါချေ။
လီရှန်းက ခေါင်းညိတ်ပြလိုက်၏။
“ဘယ်သူက မဟုတ်ဘူးလို့ ပြောနိုင်မှာလဲ”
ဖန်ဟုန်ရှင်း၏ သက်ပြင်းချသံကြောင့် လီရှန်းလည်း စိတ်မကောင်းဖြစ်သွားရတော့သည်။
သူမက သူမ၏ ကိုယ်ပိုင်ကမ္ဘာတွင်သာမက တာဝန်ထမ်းဆောင်ရာ ကမ္ဘာများမှာပါ အားကိုးရာမဲ့သည့် အခြေအနေများစွာကို မြင်တွေ့ခဲ့ရဖူးသည် မဟုတ်ပါလား။
ပျော်ရွှင်ခြင်းဆိုသည်မှာ အမြဲတမ်း တူညီတတ်သော်လည်း မပျော်ရွှင်ခြင်းမှာ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေတတ်ပေသည်။
လီရှန်း၏ စိတ်တိို့ အနည်းငယ် လေးလံသွားရပြီး အတင်းအဖြင်းများကို နားထောင်လိုသည့် စိတ်ဆန္ဒလည်း ပျောက်ဆုံးသွားခဲ့ရ၏။
သို့ဖြစ်၍ သူမက ထရပ်ကာနှုတ်ဆက်ရန် ထရပ်လိုက်ပေသည်။
“ခြင်းတောင်းကိုတော့ မယူသွားတော့ဘူးနော်၊ အခုလောလောဆယ် နင်တို့ပဲ သုံးထားလိုက်ပါ၊ ငါ အိမ်ကို စောစောပြန်ပြီး ယောက္ခမကို နှစ်သစ်ကူးအကြို ညစာအတွက် ကူညီပေးရဦးမယ်”
“မြန်မြန်ပြန်တော့၊ မိသားစုကို စောင့်မနေခိုင်းနဲ့ဦး”
ဖန်ဟုန်ရှင်းက ထိုသုံးဦးထဲတွင် အိမ်ထောင်မပြုရသေးသူ ဖြစ်သော်လည်း ဇီဇာကြောင်သော ယောက္ခမ၏ စိတ်ကျေနပ်မှုကို ရရှိရန် မည်မျှ ခက်ခဲကြောင်းကို သိရှိထားခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေ သူမက ထိုလူယုတ်မာ၏ မိခင်ကို လွန်ခဲ့သော အချိန်များက ဆယ်လကျော်ကြာအောင် ပြုစုပေးခဲ့ဖူးသည် မဟုတ်ပါလား။
ထိုအဘွားအိုမှာ သူမအား အမြဲတမ်း တောင်းပန်နေတတ်သော်လည်း ခိုင်းစေသည့်အချိန်တွင်တော့ အားနာခြင်း မရှိပါချေ။
လီရှန်း အမျိုးသမီး ဝန်ထမ်းအိပ်ဆောင်မှ အမြန်ထွက်ခွာ၍ အိမ်သို့ ပြန်လာခဲ့ပေသည်။
လော်ယွီရှို့အနေဖြင့် အိမ်တွင် ဖက်ထုပ်များစွာ လုပ်ထားခဲ့ပေသည်။ သူမ ထွက်သွားချိန်က ဖက်ထုပ်အစာများမှာ ဇလုံဝက်ခန့် ကျန်ရှိနေသေးသော်လည်း ယခု အနည်းငယ်သာ ကျန်တော့၏။
ဝူလီနှင့် လော်ယွီရှို့တို့သည်က ဖက်ထုပ်များကို ဆက်လက် လုပ်ဆောင်နေကြသော်လည်း လေထုမှာ အလွန်ပင် တိတ်ဆိတ်နေခဲ့ပေသည်။
လီရှန်း:“...”
လော်ယွီရှို့က ဒေါသထွက်နေဆဲဖြစ်ပြီး ဝူလီမှာ ငြိမ်ကုပ်နေရကြောင်း သိသာပေသည်။
“အမေ... ကျွန်မ ပြန်ရောက်ပါပြီ”
လီရှန်းက နှုတ်ဆက်လိုက်၏။
လော်ယွီရှို့အနေဖြင့် သူမ၏ လက်ထဲတွင် အလုပ်များနေဆဲဖြစ်သော်လည်း ချက်ချင်းပင် လှည့်၍ မေးမြန်းလိုက်ပေသည်။
“ သူတို့ကို ဖက်ထုပ်တွေ ဝေပေးခဲ့ရဲ့လား”
“သူတို့တွေ ခွဲဝေယူလိုက်ကြပြီ၊ ကျွန်မ ပြန်လာတဲ့အချိန်မှာ သူတို့တွေ ပြုတ်နေကြပြီလေ၊ လူတိုင်းက အမျိုးသမီး ဝန်ထမ်းတွေကို ဂရုစိုက်ပေးတဲ့ ဒါရိုက်တာလော်ကို ကျေးဇူးတင်ကြောင်း ပြောနေကြတာ”
လီရှန်း လော်ယွီရှို့၏ အနောက်သို့ သွား၍ သူမ၏ ပုခုံးကို ဆုတ်ကိုင်လျက် ချီးကျူးစကား အနည်းငယ် ဆိုလိုက်ပေသည်။
လော်ယွီရှို့အနေဖြင့် အမှန်တကယ်ပင် ကျေနပ်သွားရသော်လည်း နှိမ့်ချစွာဖြင့် ဆိုလေ၏။
“ဒါက ဘာမှမဟုတ်ပါဘူး၊ ငါက ဒါရိုက်တာ တစ်ယောက်ပဲလေ၊ ဝန်ထမ်းတွေကို နှစ်သိမ့်မှုပေးပြီး ဂရုစိုက်ရမှာက ငါ့တာဝန်ပဲမလား”
လီရှန်း သူမအား နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံ၍ ချီးကျူးလိုက်လျှင် လော်ယွီရှို့မှာ အလွန်ပင် စိတ်ကျေနပ်သွားတော့သည်။
ဝူလီက လီရှန်းကို မနာလိုသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်မိ၏။ သူမက သူမ၏ ဤယောက်မလေးကို အမှန်တကယ်ပင် အထင်ကြီးမိပေသည်။
လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် ဤကဲ့သို့ ပါးနပ်စွာ ပြောဆိုတတ်သည့် အရည်အချင်းမျိုးကို သူမ မည်သည့်အချိန်တွင်မျှ သင်ယူနိုင်လိမ့်မည် မဟုတ်ပါချေ။
ယနေ့ သူမ၏အမေက ပိုက်ဆံလာတောင်းသည့် ကိစ္စကိုသာ စဉ်းစားကြည့်လိုက်ဦး။ သူမအနေဖြင့် အလွန်ဒေါသထွက်ကာ ရိုက်နှက်ပစ်ချင်စိတ် ပေါက်နေသော်လည်း သူမ၏ ယောက်မလေးက မည်သို့ လုပ်ဆောင်ခဲ့သနည်း။
သူမက စကားလုံး အနည်းငယ်ဖြင့်ပင် သူမ၏ မိခင်ကို အရူးလုပ်နိုင်ခဲ့ရုံမျှမက နောက်ပိုင်းတွင် ပိုက်ဆံချေးရန်ပင် ထပ်မပြောရဲအောင် လုပ်ဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။
ယောက္ခမဖြစ်သူ၏ သွန်သင်ချက်မှာ မှန်ကန်ပေသည်။ သူမလည်း ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုရန် သင်ယူသင့်ချေပြီ။
ထိုသို့တွေးတောမိလိုက်သည့်အချိန်တွင် ဝူလီ၏ ဦးခေါင်းမှာ ပြန်၍ ငိုက်ကျသွားသော်လည်း လက်များမှာ နှေးကွေးမသွားပါချေ။
သူမက နောက်ဆုံးဖက်ထုပ်ကို အမြန်ပင် အချောသတ်လိုက်တော့သည်။ စားပွဲပေါ်တွင် ပြည့်နှက်နေသော ဖက်ထုပ်များကို ကြည့်ရှုရင်း လော်ယွီရှို့ကို မော့ကြည့်ကာ မေးမြန်းလိုက်၏။
“အမေ... အဖေက ဘယ်အချိန်ပြန်လာမယ်လို့ ပြောသွားသေးလဲ၊ဖက်ထုပ်တွေကို ကြိုပြီး ပြုတ်ထားလိုက်ရမလား”
“သူတို့ ပြန်လာမှပဲ စပြီး ပြုတ်ကြတာပေါ့”
ဝူလီ စကားပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် လော်ယွီရှို့၏ မျက်နှာပေါ်မှ အပြုံးမှာ အနည်းငယ် မှေးမှိန်သွားရပြန်သည်။
ဝူလီက စိတ်ပျက်အားလျော့မှုကို နောက်တစ်ဖန် ခံစားလိုက်ရပြန်၏။
လီရှန်းလည်း မတတ်နိုင်ပါချေ။ ကော်ချွေ့ဟွား ပေါ်လာသည့်အချိန်မှာ အမှန်တကယ့်ပင် အချိန်အခါ မသိလွန်းပေ။ နှစ်သစ်ကူးအကြိုနေ့ကြီးတွင် အိမ်ရှေ့အထိလာ၍ ပိုက်ဆံတောင်းခြင်းမှာ အလွန်အမင်း လွန်ကဲလွန်းပေသည်။
“ဒါနဲ့ အမေ... ဝေ့ချင်းကို မြင်မိသေးလား”
လီရှန်း ယခုလေးတင် သက်ဝင်လှုပ်ရှားလာသော လေထုက ပြန်လည် နစ်မြုပ်သွားသည်ကို မကြည့်လိုသောကြောင့် လော်ယွီရှို့၏ အာရုံကို လွှဲပြောင်းရန်အတွက် စကားပြောလိုက်ပေသည်။
ရလဒ်အနေဖြင့် သူမက ဝူလီထံမှ ကျေးဇူးတင်သော အကြည့်တစ်ချက်ကို ရရှိလိုက်လေ၏။
လော်ယွီရှို့က အခန်းတံခါးဘက်သို့ ဝေ့ကြည့်လိုက်ရင်း ပြောလာလေသည်။
“သူ အခန်းထဲကိုပြန်ပြီး စာဖတ်မယ်လို့ ပြောတာပဲ”
သူမက ရယ်ချင်စိတ်ကို ခေတ္တမျှ ထိန်းထားပြီးနောက် လီရှန်းဘက်သို့ လှည့်ကာ ခပ်တိုးတိုးပြောလိုက်ပေ၏။
“ခုနက ငါ လက်ဖက်ရည်ခွက် သွားချပေးရင်း အခန်းထဲကို တစ်ချက် ကြည့်လိုက်တာ.. သူက အပြင်စာပေတွေ ဖတ်နေတာ မဟုတ်ဘူး၊ တကယ့်ကို လေးနက်တဲ့ ဆေးပညာရပ် အချက်အလက်တွေကို ဖတ်နေတာ”
“ဆေးပညာ အချက်အလက်တွေလား”
လီရှန်း အလွန်ပင် အံ့အားသင့်သွားရတော့သည်။
စုဝေ့ချင်းက ဤမျှအထိ ကြိုးစားအားထုတ်တတ်သူလား။
အတူတူ နေထိုင်လာခဲ့သည့် ကာလအတွင်း စုဝေ့ချင်းသည်လည်း အမှန်တကယ်ပင် ထက်မြက်သူတစ်ဦးဖြစ်ကြောင်း လီရှန်း သိရှိခဲ့သော်လည်း သူက ဆေးဝါးစက်ရုံတွင် အလုပ်လုပ်ရန် စိတ်ဝင်စားမှု လုံးဝမရှိပါချေ။
နိုင်ငံခြား ဝတ္ထုများအကြောင်းကို ပြောလျှင် သူ၏ မျက်ဝန်းများမှာ တောက်ပလာတတ်သော်လည်း ဆေးဝါးစက်ရုံနှင့် ပတ်သက်သော သတင်းအချက်အလက်များဆိုလျှင် သူက စိတ်ဝင်စားမှု ပျောက်ဆုံးသွားတတ်သည် မဟုတ်ပါလား။
“မင်း စကားသွားမပြောနဲ့ဦး”
လော်ယွီရှို့က ထိုကောင်းကျိုးများကို လီရှန်း၏ ကျေးဇူးကြောင့်ဟု သတ်မှတ်လိုက်ပေသည်။
“အိမ်ထောင်ကျသွားတာက တကယ်ကို ထူးခြားတာပဲ၊ သူ တကယ်ကို အသိတရား ရှိလာပြီ”
လီရှန်းမှာ ယုံကြည်နိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်၏။
အိမ်ထောင်ကျရုံလေးနဲ့တင် ဒီလောက်အထိ ပြောင်းလဲသွားနိုင်လို့လား။
“ကျွန်မ သွားကြည့်လိုက်ဦးမယ်”
လီရှန်းက အခန်းထဲသို့ ဝင်ရန် ပြင်လိုက်သော်လည်း လော်ယွီရှို့က သူမအား လှမ်းဆွဲလိုက်ပြီး ပြောလာလေသည်။
“သူ့ကို သွားမနှောင့်ယှက်ပါနဲ့ဦး၊ သူ စာဖတ်ချင်စိတ် ရှိနေတာက ရှားရှားပါးပါး ဖြစ်ရပ်ပဲ”
သူမက ထိုအကြောင်းကို ပြောရင်း သူမက စိတ်ကူးယဉ်မှုများကိုပင် စတင်ပြောလာတော့၏။
“ဝေ့ချင်းရဲ့ ဦးနှောက်က ညီအစ်ကို သုံးယောက်ထဲမှာ အကောင်းဆုံးပဲ.. သူက စာထဲမှာ စိတ်မပါလို့သာပေါ့ ၊
ငါ့အမြင်တော့ သူသာ တကယ် စိတ်နှစ်ပြီး လုပ်မယ်ဆိုရင် နောင်ကျရင် သုတေသနဌာနထဲကိုတောင် ဝင်နိုင်လိမ့်မယ်”
အမေ.. အမေ့ရဲ့သားအကြောင်းကို တကယ် မသိသေဘူးလား ။
လော်ယွီရှို့အနေဖြင့် လီရှန်းအား အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်ပေသည်။
လီရှန်းတစ်ယောက် ခြေလှမ်းကို ပြန်ဆုတ်လိုက်ရုံမှလွဲ၍ တခြားရွေးချယ်စရာမရှိတော့ဘဲ လော်ယွီရှို့၏ နောက်သို့လိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်ခဲ့ရတော့၏။
*