မီးဖိုချောင်ထဲတွင် ဝူလီက ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေခဲ့သည်။ ယနေ့ညစာ၏ အဓိက အစားအစာက ဖက်ထုပ်ဖြစ်သော်လည်း တခြားသော ဟင်းလျာတချို့ကိုလည်း ချက်ပြုတ်ရန် လိုအပ်သည် မဟုတ်ပါလား။
သူမက မီးဖိုချောင်ထဲတွင် ရှိနေသော်လည်း အပြင်ဘက်မှ အသံများကို အာရုံစိုက်နားထောင်နေခဲ့ပေသည်။
လော်ယွီရှို့၏ အသံမှာ တိုးသော်လည်း သူမက အကုန်လုံးကို ကြားနေခဲ့ရလေ၏။
လော်ယွီရှို့အနေဖြင့် ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ခြင်း ဖြစ်သော်လည်း ဝူလီ၏ နှလုံးသာ့ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ရပေသည်။
သူမက သူမ၏ခင်ပွန်းသည်အတွက် အနည်းငယ် မကျေမနပ် ဖြစ်သွားရ၏။ စုဝေ့ဟိုင်မှာ မိသားစုထဲတွင် ဉာဏ်အကောင်းဆုံးဖြစ်ကြောင်း ထင်ရှားသော်လည်း ယောက္ခမဖြစ်သူက မမြင်ခဲ့ပေ။
မျှော်လင့်ထားသည့်အတိုင်းပင်။ ယောက္ခမဖြစ်သူမှာ သူမ၏ အငယ်ဆုံးသားကို အချစ်ဆုံးဖြစ်ပြီး တတိယချွေးမကိုလည်း အလိုအလိုက်ဆုံး ဖြစ်နေခဲ့ပေတော့သည်။
လော်ယွီရှို့က လီရှန်း၏လက်ကို ဆုပ်ကိုင်ထားသည်ကို မြင်ရသည့်အချိန်တွင် ဝူလီ အလွန်ပင် မနာလိုဖြစ်သွားရ၏။
နာရီဝက်ခန့် ကြာပြီးနောက် စုဝေ့ဟိုင်က ကလေးများကိုခေါ်၍ ပြန်ရောက်လာခဲ့ပေသည်။
သူက အိမ်ထဲသို့ ဝင်သည်နှင့် မီးဖိုချောင်သို့ တန်းတန်းမတ်မတ် ဝင်လာခဲ့ပြီး မေးလာခဲ့သည်။
“အမေ... အဖေရော”
“ပြန်မလာသေးဘူး၊ ဘာဖြစ်လို့လဲ”
လော်ယွီရှို့အနေဖြင့် စုဝေ့ဟိုင်၏ အလောတကြီးဖြစ်နေသော မျက်နှာကို မြင်လိုက်ရသည့်အတွက် အမြန်ပင် မေးမြန်းလိုက်ပေသည်။
“ဝေ့ယန် ဖုန်းဆက်လာတယ်၊ ကျွန်တော် သူ့ကို နာရီဝက်နေရင် ပြန်ဆက်ဖို့ ပြောလိုက်တယ်”
စုဝေ့ဟိုင်က အမေဖြစ်သူကို ပြောဆိုနေသော်လည်း သူ၏ အကြည့်များမှာ ဝူလီထံ၌သာ ရှိနေခဲ့ပေသည်။
သူမ၏ မျက်နှာအမူအရာက အဆင်ပြေနေကြောင်းကို မြင်ရသည့်အချိန်တွင်မှ သူ သက်ပြင်းချနိုင်တော့၏။
သူ အပေါ်ထပ်သို့ တက်လာချိန်တွင် အဒေါ်မာက သူ့ကို တားဆီးကာ ယနေ့တွင် ယောက္ခမဖြစ်သူ ရောက်လာကြောင်းနှင့် ဝူလီနှင့် ပြဿနာဖြစ်နေပုံရကြောင်း ပြောပြခဲ့ပေသည်။
သူ့အနေဖြင့် အသေးစိတ် ထပ်မမေးနိုင်တော့ဘဲ အပေါ်ထပ်သို့ အပြေးတက်လာခဲ့ခြင်း ဖြစ်ချေသည်။
“မင်းအဖေက ထမင်းစားပြီးတာနဲ့ အပြင်ထွက်သွားတာ၊ ငါ သွားရှာလိုက်ဦးမယ်”
လော်ယွီရှို့က အေပရွန်ကို ချွတ်လိုက်ပြီး အပြင်သို့ အလျင်အမြန် ထွက်ခွာသွားတော့ပေသည်။
လော်ယွီရှို့ ထွက်ခွာသွားပြီးနောက် အိမ်လေးက ရုတ်တရက် ဗလာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။
ဝူလီက စုဝေ့ဟိုင်ကို စကားတစ်ခွန်းမျှမဆိုဘဲ ကြည့်နေခဲ့ပြီး သူမ၏မျက်ဝန်းများမှာ တောင်းပန်တိုးလျှိုးမှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။ ဤမြင်ကွင်းက လီရှန်း၏နှလုံးသားကို နူးညံ့သွားစေခဲ့၏။
ဝတ္ထုထဲမှ ဇာတ်ကွက်ကို ပြန်လည်တွေးတောမိလိုက်ပါက စုဝေ့ဟိုင်အနေဖြင့် ယခုအချိန်တွင် ဝူလီအပေါ်၌ တာဝန်သိစိတ်တစ်ခုတည်းကိုသာ ခံစားနေရသေးသည်။
ဝူလီက နောက်နှစ်ကုန်ခါနီးတွင် ကိုယ်ဝန်ရလာလိမ့်မည်ဖြစ်ပြီး စုဝေ့ဟိုင်သည်လည်း ကာကွယ်ဆေးထုတ်လုပ်ရေးတွင် ပါဝင်ရန်အတွက် တခြားဆေးဘက်ဆိုင်ရာ သုတေသနအခြေစိုက်စခန်းတစ်ခုသို့ သွားရောက်ရန်အတွက် လျှို့ဝှက်တာဝန်တစ်ခုကို လက်ခံရရှိလိမ့်မည် ဖြစ်ပေသည်။
ထိုအချိန်အတွင်း ဝူလီက ကလေးနှစ်ယောက်ကို အိမ်၌ တစ်ဦးတည်း ပြုစုစောင့်ရှောက်နေရမည်ဖြစ်ပြီး အလုပ်ကို အလွန်အကျွံလုပ်မိသောကြောင့် ကလေးမွေးဖွားရာတွင် ခက်ခဲသောဝေဒနာကို ခံစားရလိမ့်မည် ဖြစ်သည်။
စုဝေ့ဟိုင်က သတင်းရသည်နှင့် ချက်ချင်းပြန်လာခဲ့သော်လည်း မွေးဖွားခန်း၏ အပြင်ဘက်သို့ ရောက်ရှိချိန်၌ ကလေးငိုသံကိုသာ တိုက်ဆိုင်စွာ ကြားလိုက်ရပေလိမ့်မည်။
ထိုအချိန်မှစပြီး စုဝေ့ဟိုင်၏နှလုံးသားထဲသို့ ဝူလီက အမှန်တကယ်ပင်ဝင်ရောက်သွားခဲ့ပေလိမ့်မည်။
အရာအားလုံးကို သိမြင်နိုင်သော စာဖတ်သူ၏ ရှုထောင့်ဖြင့် ကြည့်မည်ဆိုပါက လီရှန်းအနေဖြင့် ဤအိမ်ထောင်ရေးအတွင်းရှိ ဝူလီ၏ သေးသိမ်သော တွက်ချက်မှုများကို မြင်တွေ့နိုင်သော်လည်း ဝတ္ထုထဲမှ တခြားဇာတ်ကောင်များ၏ အမြင်တွင်တော့ ဝူလီက မိထွေးတစ်ဦးအနေဖြင့် အလွန်ကောင်းမွန်သော အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သူ ဖြစ်ပေသည်။
နောက်ပိုင်းတွင် လော်ယွီရှို့ကိုယ်တိုင်ပင် ဝူလီက ချွေးမတစ်ဦးအနေဖြင့် အလွန်ပင် ကြင်နာသဘောကောင်းပြီး ရက်ရောသူဖြစ်ကြောင်း ခံစားခဲ့ရသည် မဟုတ်ပါလား။
ဝူလီက သူမ၏ လင်ပါသားနှစ်ဦးကို မည်သည့်အချိန်တွင်မျှ ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းမျိုး မပြုခဲ့ပါချေ။
သူမက သူတို့ကို ကျွေးမွေးပြုစုခြင်း၊ အဝတ်အစားဆင်ယင်ပေးခြင်း၊ ကျောင်းပို့ပေးခြင်းများကို ပြုလုပ်ပေးခဲ့ရုံမျှမက အထက်တန်းကျောင်းသို့ ရောက်သည့်အချိန်တွင် ကျောင်းပြင်ပ ကျူရှင်သင်တန်းများသို့ပင် တက်ရောက်နိုင်ရန် စီစဉ်ပေးခဲ့သေးသည်။
သို့သော်လည်း ထိုကလေးနှစ်ဦးမှာ စိတ်ပျက်စရာကောင်းလွန်းပြီး စုဝေ့ဟိုင်၏ မြင့်မားသောဉာဏ်ရည်များကို အမွေမရရှိခဲ့ကြဘဲ သာမန်လူနှစ်ဦးသာ ဖြစ်လာခဲ့ကြသည်။
သို့သော်လည်း လီရှန်း သိရှိထားခဲ့သည်။
ကလေးဘဝတွင် မိဘများ၏ ဂရုစိုက်မှု မရရှိခဲ့ခြင်းနှင့် နောက်ပိုင်းတွင် မိသားစုနှင့် အဆင်မပြေဖြစ်ခဲ့ခြင်းများက ထိုကလေးနှစ်ဦး၏ နှလုံးသားထဲတွင် နက်ရှိုင်းသော အမာရွတ်များကို ချန်ထားရစ်ခဲ့ခြင်းသာ ဖြစ်ပေ၏။
သူမကိုယ်တိုင်မှာလည်း အလားတူ မိသားစုမျိုးရှိခဲ့သောကြောင့် သူမက ထိုကလေးများအပေါ် ပို၍ပင် ကိုယ်ချင်းစာနိုင်ခဲ့သည်။
သူမက စုချန်နှင့် စုကျွင့်တို့ကို လက်လှမ်းပြလိုက်၏။
“ဒေါ်လေး”
စုချန်က သူ၏ညီငယ်လေးကို လက်တွဲလျက် ခပ်သွက်သွက် လျှောက်လာခဲ့ပေသည်။
လီရှန်း သူ၏တခြားလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောခဲ့သည်။
“လာလေ၊ ဒေါ်လေးနဲ့အတူ အခန်းထဲမှာ သွားကစားကြရအောင်.. မင်းတို့အဖေနဲ့ မင်းတို့ရဲ့ဒေါ်လေးဝူတို့ ပြောစရာတွေ ရှိနေသေးတယ်”
စုချန်က ကျောင်းမတက်ရသေးပါချေ။ သူက သူ၏ညီငယ်လေးကို ကာကွယ်ရမည်ကို သိရှိသော်လည်း အတွင်းစိတ်က ကလေးတစ်ဦးသာ ဖြစ်နေဆဲပင်။
သူတို့မရောက်မီက စုဝေ့ဟိုင် ပြောခဲ့သည်။
“အဘွားရဲ့အိမ်မှာ ပြဿနာမရှာရဘူး၊ ပြီးတော့ အငယ်ဆုံးဦးလေးရဲ့အခန်းထဲကို ဝင်ပြီး ပစ္စည်းတွေကို မကိုင်ရဘူး”
ထို့ကြောင့် သူက မသိစိတ်ဖြင့် စုဝေ့ဟိုင်ကို လှည့်ကြည့်ကာ ခွင့်ပြုချက် တောင်းခံချင်နေခဲ့သည်။
သို့သော်လည်း စုဝေ့ဟိုင်၏ အာရုံများက ဝူလီထံသို့သာ လုံးလုံးလျားလျား ရောက်ရှိနေခဲ့ချေပြီ။
စုချန်က နှုတ်ခမ်းလေးကိုစူလျက် မကျေမနပ်ဖြစ်နေခဲ့ပုံရသော်လည်း သူတို့ကို အနှောင့်အယှက် မပေးခဲ့ပါချေ။ သူက လီရှန်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး တီးတိုးလေး ခေါ်လာခဲ့သည်။
လီရှန်းက စုချန်၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး သူတို့ကို သူမ၏အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့တော့သည်။
အခန်းထဲတွင် စုဝေ့ချင်းက ခေါင်းကိုလက်နှင့်အုပ်ကာ အလွန်ပင် စိတ်ညစ်ညူးနေသည့်ပုံဖြင့် စာဖတ်နေလေ၏။ လီရှန်း အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရလျှင် သူက ဝမ်းနည်းစွာဖြင့် ကြည့်လာခဲ့သည်။
“မင်း နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့”
“ ပြန်ရောက်တာ ကြာပြီ၊ ဒါပေမဲ့ အမေက ရှင် ဆေးပညာ အချက်အလက်တွေကို ကြိုးစားပမ်းစား စာဖတ်နေလို့ မနှောင့်ယှက်ခိုင်းတာနဲ့ မလာဖြစ်တာ”
လီရှန်း အထဲသို့ဝင်လာပြီး တစ်ဖက်လူ၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာကို မြင်လိုက်ရချှင် အလွန်ပင် ထိတ်လန့်သွားရ၏။
“ရှင် စာမဖတ်ချင်ရင်လည်း မဖတ်နဲ့လေ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အတင်းအကျပ် လုပ်နေတာလဲ၊ ဒီနေ့က နှစ်သစ်ကူးအကြိုနေ့ပဲကို အေးအေးဆေးဆေးနားနေသင့်တယ်”
စုဝေ့ချင်းအနေဖြင့် ယနေ့တစ်နေ့လုံး သူ ခံစားခဲ့ရသော နှိပ်စက်ညှဉ်းပန်းမှုများကို အော်ဟစ်တိုင်တောပစ်ချင်နေမိ၏။
သို့သော် သူ ပါးစပ်ဟလိုက်သည်နှင့် ရင်းနှီးနေပြီဖြစ်သော လျှပ်စစ်စီးကြောင်းငယ်လေးတစ်ခုက သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်သွားအောင် ရှော့ခ်တိုက်လိုက်လေသည်။
စုဝေ့ချင်း: “...”
ဤကျိုးကြောင်းစီလျော်မှုမရှိသော စနစ်က ပျော့ညံ့သူကိုနှိပ်စက်ပြီး သန်မာသူကိုကြောက်တတ်သည့် အလွန်စက်ဆုပ်ဖွယ်ကောင်းသော အကျင့်ရှိပေသည်။
သို့သော် သူ အနည်းငယ်တော့ ထူးဆန်းသကဲ့သို့ ခံစားနေမိ၏။
ဤစနစ်မှာ တခြားသူများကို မကြောက်ဘဲ အဘယ်ကြောင့် လီရှန်းကို ကြောက်နေရသနည်း။
လီရှန်း ထွက်သွားပြီးနောက်တွင် သူက လော်ယွီရှို့၏ ဘေးနားတွင် ရည်ရွယ်ချက်ရှိရှိ ကပ်နေခဲ့သော်လည်း စနစ်၏ အားမနာတမ်း တစာစာ နားပူနားဆာလုပ်မှုက ဟွမ်ရှီရန်မှ ရန်ပိုင်လောင်ကို အနိုင်ကျင့်နေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
လော်ယွီရှို့သည်ကား သူ့ထံမှ မည်သည့်ထူးခြားမှုကိုမျှ သတိမထားမိသည့်အပြင် သူ့ကိုပင် အလုပ်များခိုင်းစေနေသေး၏။ နောက်ဆုံးတွင်တော့ သူ့အနေဖြင့် စာဖတ်ရန် အကြောင်းပြကာ အခန်းထဲသို့သာ ပြန်ဝင်လာခဲ့ရတော့သည်။
“ကိုယ်.. နောက်တစ်ခေါက်လောက် ထပ်ပြီးကြိုးစားကြည့်ချင်ရုံပါပဲ”
စုဝေ့ချင်းက ဆင်ခြေပေးပြီး ခါးသက်စွာ ပြောလိုက်ပေသည်။
ဆိုရလျှင် သူ့အနေဖြင့် အနည်းငယ်မျှပင် မကြိုးစားချင်ပါချေ။ သူသည်က ဆေးပညာကို လုံးဝ စိတ်မဝင်စားခြင်း ဖြစ်၏။
လီရှန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမက မျက်စိကန်းနေသူ မဟုတ်ပါချေ။ စုဝေ့ချင်း၏ တွန့်ဆုတ်နေမှုကို သူမ အဘယ်ကြောင့် မမြင်ဘဲ နေပါမည်နည်း။
သို့သော် သူသည်က မဖတ်ချင်ဘဲနှင့် အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် လုပ်ကာ စာဖတ်နေရသည်လဲ။
လီရှန်းအနေဖြင့် စုဝေ့ချင်းကို အတော်ပင် ထူးဆန်းသည်ဟု ထင်မိသော်လည်း...
သူမ စုဝေ့ချင်း ပြုစုထားသော မှတ်စုစာအုပ်ကို ယူ၍ စာမျက်နှာတချို့ကို လှန်ကြည့်လိုက်မိ၏။
စုဝေ့ချင်းမှာ အမှန်တကယ် ဉာဏ်ကောင်းသူဖြစ်ကြောင်းကို သူမ ဝန်ခံရပေလိမ့်မည်။ သူ ပြုစုထားသော အချက်အလက်များမှာ အလွန်ပင် ရှင်းလင်းလှပြီး မှတ်သားရလွယ်ကူပေ၏။
“ဒီအချက်အလက်တွေက တကယ်ကို သေသေသပ်သပ် ရှိတာပဲ”
လီရှန်းက ပြုံးရွှင်သော မျက်ဝန်းများဖြင့် ထိုအချက်အလက်များကို ကြည့်ကာ စာရွက်ပေါ်သို့ လက်ချောင်းလေးများဖြင့် အသာအယာ ပွတ်သပ်နေမိ၏။
သူမအတွက ဆေးပညာကိုသင်ယူရသည်မှာ အလွန်ခက်ခဲခဲ့ပေသည်။ သူမ စတင်သင်ယူစဉ်က ငတ်မွတ်ခေါင်းပါးသော ဘေးဒုက္ခအတွင်း ကလေးထိန်းရသည့် တာဝန်ကို ထမ်းဆောင်နေရချိန် ဖြစ်၏။
ထိုအချိန်က လှည့်လည်ကုသသော ဆရာဝန်အဖိုးအိုတစ်ဦး၏ နှုတ်တိုက်သင်ကြားမှုကိုသာ လုံးလုံးလျားလျား အားကိုးခဲ့ရသည်။
ထိုအချိန်တွင် သူမက အာဟာရချို့တဲ့နေပြီး ဉာဏ်ကလည်း လိုက်မမီသောကြောင့် နေ့စဉ်နှင့်အမျှ ဆရာဝန်ကြီး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရ၏။
ဆူပူခံရပြီးနောက်တွင်လည်း သူမ ဆက်လက်သင်ယူခဲ့ပေသည်။
တာဝန်ပြီးဆုံး၍ ထိုဆရာဝန်ကြီး ကွယ်လွန်သွားသည့်တိုင်အောင် သူမက အပေါ်ယံမျှသာ နားလည်ခဲ့ပြီး လူနာ၏ သွေးခုန်နှုန်းကိုပင် စမ်းသပ်ရန် မဝံ့မရဲ ဖြစ်နေခဲ့ရပေသည်။
ထို့ကြောင့် ဤမျှ ကျစ်လျစ်သိပ်သည်းပြီး ရှင်းလင်းသော အချက်အလက်များကို မြင်ရသည့်အခါ သူမ အလွန်ပင် ပျော်ရွှင်မိတော့သည်။
“ဒါဆိုရင် နောက်ပိုင်းကျရင်လည်း ကိုယ် မင်းအတွက် ထပ်ပြီး ပြုစုပေးမယ်လေ”
လီရှန်း၏ အမှန်တကယ်ရွှင်လန်းစွာ ပြုံးနေသည့် မျက်ဝန်းများကို ကြည့်လိုက်ရသည့်အချိန်တွင် စုဝေ့ချင်း၏ စိတ်အနှောင့်အယှက်ဖြစ်မှုများက ချက်ချင်းပင် လွင့်စင်သွားတော့သည်။
သူသည်က ဆေးပညာသင်ယူရခြင်းကို မနှစ်သက်သေးသော်လည်း လီရှန်းအတွက် အချက်အလက်များ ပြုစုပေးရမည်ဆိုလျှင်တော့ လုပ်နိုင်သည်ဟု ခံစားလိုက်ရ၏။
လီရှန်းက မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး စနောက်၍ ပြောလိုက်ပေသည်။
“ဒါဆိုရင်တော့ ကျွန်မ စောင့်နေပါ့မယ်”
*