စုဝေ့ချင်း၏ စိတ်ထဲတွင် ယခုအချိန်၌ လုံးဝ တိတ်ဆိတ်နေခဲ့ချေပြီ။
စနစ်ကလည်း သူ့ကို စာဖတ်ရန် အတင်းအကျပ် မလုပ်တော့ပါချေ။
ရှားရှားပါးပါး ရရှိလာသော လွတ်လပ်မှုကြောင့် သူက ထိုမှတ်စုစာအုပ်ကို ထပ်မံမမြင်လိုတော့သည့်အတွက် ပေါ့ပေါ့ပါးပါးပင် ဘေးသို့ ချထားလိုက်ပြီး လီရှန်းကို ဆွဲကာ တူလေးနှစ်ယောက်နှင့် သွား၍ ဆော့ကစားတော့သည်။
လီရှန်းက သူတို့၏ မင်္ဂလာဦး ခုတင်ပေါ်တွင် တင်ထားခဲ့သော အရုပ်လေးများကို ကလေးနှစ်ယောက်အား ပေးခဲ့လေ၏။
ယခုအချိန်တွင် တူလေးနှစ်ယောက်မှာ ထိုအရုပ်ကြီးများကို ပွေ့ဖက်လျက် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်ကာ မျက်နှာအမူအရာအမျိုးမျိုး လုပ်ပြပြီး ဆော့ကစားနေခဲ့ကြပေသည်။
“မင်းတို့ ဒီအရုပ်ကို ကြိုက်လို့လား”
စုဝေ့ချင်း သူတို့၏နောက်သို့ လျှောက်သွားကာ ဒူးတစ်ဖက်ထောက်၍ထိုင်လိုက်လေ၏။ မှန်ထဲတွင်တော့ ဦးလေးနှင့် တူနှစ်ယောက်တိို့၏ ပုံရိပ်သုံးခုက ထင်ဟပ်နေခဲ့ပေသည်။
ကလေးနှစ်ယောက်က အရုပ်ကြီးတစ်ရုပ်စီကို ပိုက်ထားကြပြီး ပျော်ရွှင်စွာ ရယ်မောနေခဲ့ကြ၏။
စုဝေ့ချင်း: “မင်းတို့ ဒီအရုပ်တွေကိုကြိုက်လား”
စုကျွင့်က သူ၏လက်လေးများဖြင့် အရုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ခေါင်းကို အားပါပါဖြင့် ညိတ်ပြလာသည်။
“ကြိုက်တယ်”
“မင်းတို့ ကြိုက်ရင်တောင်မှ ဒါကိုတော့ ငါ ပေးမှာမဟုတ်ဘူး”
စုကျွင့်: “...”
သူက မယုံကြည်နိုင်စွာဖြင့် စုဝေ့ချင်းဘက်သို့ မျက်လုံးလေးများ ဝိုင်းစက်စွာ စိုက်ကြည့်နေမိသည်။
သူ ချစ်ရသော ဦးလေးဖြစ်သူက ဤမျှအထိ ရက်စက်သော စကားမျိုးကို ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပုံရလေ၏။
စုချန်က သူ၏လက်ကို တင်းကျပ်လိုက်ပြီး အရုပ်ကို စုဝေ့ချင်းထံသို့ ပြန်ပေးလိုက်ကာ ပြောလာခဲ့သည်။
“ဦးလေး.. ကျွန်တော် မယူတော့ဘူး”
ထို့နောက် သူက လက်လှမ်းကာ စုကျွင့်၏ နဖူးလေးကို ပွတ်သပ်ပေးလိုက်ပြီးနှစ်သိမ့်ခဲ့လေသည်။
“လိမ္မာတဲ့ ညီလေး... ကိုယ့်အပိုင်မဟုတ်တဲ့ အရုပ်တွေကို ငါတို့ မလိုချင်ရဘူး၊ ကောကော အရွယ်ရောက်လာရင် မင်းအတွက် တစ်ရုပ် ဝယ်ပေးမယ်နော်”
စုကျွင့်က အရုပ်လေးကို တစ်ချက်ကြည့်ကာ စုချန်ကို တစ်ချက်ကြည့်လိုက်ပြီး နားလည်သည့်အမူအရာလေးဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။ ထို့နောက်တွင် အရုပ်ထံသို့ နောက်ထပ် လက်လှမ်းတော့မည့်အမူအရာ မရှိတော့ပါချေ။
“သူတို့လေးတွေက တကယ်ကို သိတတ်လွန်းတယ်”
စုဝေ့ချင်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း စိတ်မကောင်းစွာ ပြောလာခဲ့သည်။
“ရှောင်ချန်က အခုမှ ခြောက်နှစ်ပဲ ရှိသေးတာလေ”
လီရှန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မတိုင်ခင်က အပြင်ဘက်တွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ပြန်လည်သတိရလိုက်မိကာ နှုတ်ခမ်းကို စေ့လိုက်မိသည်။
“ပိုပြီး သိတတ်တာကလည်း မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး၊ စောစောစီးစီး ရင့်ကျက်လာတာက ကောင်းတဲ့အချက်ပါပဲ”
“ဟင်?”
လီရှန်း၏ လေသံက တစ်မျိုးဖြစ်နကြောင်းကို စုဝေ့ချင်း သတိပြုမိသွား၏။
‘အဖေ့ဆီမှာ မိသားစုတစ်ခုရှိတယ် .. အမေဆီမှာ မိသားစုတစ်ခုရှိတယ်...’
လီရှန်းတစ်ယောက် သူမ တာဝန်ထမ်းဆောင်ရာ ကမ္ဘာ၌ ကြားခဲ့ဖူးသော သီချင်းတစ်ပုဒ်ကို ပြန်လည်တွေးတောနေခဲ့သည်။ ထိုသည်မှာ ရုပ်သံဇာတ်လမ်းတွဲတစ်ခု၏ ဇာတ်ဝင်တေးဖြစ်ပေ၏။
နောက်ပိုင်းနှစ်အနည်းငယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲများကို ပြန်လည်ကျင်းပပြီး ပညာတတ်လူငယ်များ မြို့ပေါ်သို့ ပြန်လာကြသည့်အချိန်တွင် ‘ပိုလျှံ’နေသော ကလေးငယ်များစွာ* ရှိလာမည့်အကြောင်းကို ရည်ညွှန်းထားခြင်း ဖြစ်ပေသည်။
ဤစကားလုံးများက အမှန်တကယ်ပင် စိတ်မသက်မသာ ဖြစ်ဖွယ်ကောင်းလွန်းသောကြောင့် စုဝေ့ချင်းသည်လည်း နားထောင်ရင်းဖြင့် စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။
သူာ အရုပ်များကို တူလေးနှစ်ယောက်ထံသို့ ပြန်ပေးလိုက်ပြီးနောက် မတ်တပ်ရပ်ကာ လီရှန်းကို အနောက်ဘက်မှ ပွေ့ဖက်လိုက်ပြီး သူမအား ကြင်နာစွာဖြင့် ခပ်ဖွဖွ ပွတ်သပ်ပြီးနေခဲ့လေ၏။
တူနှစ်ယောက်မှာ ထိုကဲ့သို့ လေးလံနေသော ပတ်ဝန်းကျင် အခြေအနေကို လုံးဝ သတိမထားမိကြဘဲ သူတို့၏ မျက်လုံးများကိုသာ ပြိုင်တူ ပိတ်လိုက်ကြတော့သည်။
စုကျွင့်က အော်ဟစ်လာခဲ့သေးသည်။
“ဦးလေးတို့နှစ်ယောက် ဖက်နေကြတယ်၊ ရှက်စရာကြီး!”
စုဝေ့ချင်း: “...”
ဒီကလေးစုတ်လေးတွေ!
ကိုယ့်အခန်းထဲမှာ ကိုယ့်မိန်းမကိုယ် ဖက်တာတောင် မရဘူးလား။
သူက လီရှန်းကို လွှတ်ပေးလိုက်ပြီးနောက် ထူးဆန်းသော ပုံစံမျိုးဖြင့် ထိုကလေးနှစ်ယောက်ထံသို့ ပြေးသွားခဲ့သောကြောင့် တူလေးနှစ်ယောက်က ထိတ်လန့်သွားကြပြီး ဟိုဟိုဒီဒီ ပြေးလွှားသွားကြလေသည်။
သူတို့၏ စူးရှပြီး တက်ကြွနေသော ရယ်မောသံများက လီရှန်း၏ နှလုံးသားထဲရှိ စိတ်မကောင်းဖြစ်မှုများကို လွင့်စင်သွားစေခဲ့သည်။
တံခါးအပြင်ဘက်တွင် စုဝေ့ဟိုင်က ဝူလီကို နှစ်သိမ့်ပေးနေခဲ့ကာ တစ်ဖက်တွင်လည်း ကော်ချွေဟွားကို ပြင်းပြင်းထန်ထန် ပြစ်တင်ကျိန်းမောင်းလိုက်သောကြောင့် ဝူလီ၏ စိတ်အခြေအနေတို့က တက်လိုက်ကျလိုက်ဖြင့် ပိုမိုလှုပ်ရှားနေခဲ့ရတော့၏။
ဝူလီက အလွန်ပင် သည်းမခံနိုင် ဖြစ်နေရသည်။
ကော်ချွေဟွားတစ်ယောက် ရုတ်တရက်ကြီး ပိုက်ဆံလာတောင်းလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ပါချေ။
သူမအနေဖြင့် လွန်ခဲ့သောရက်များအတွင်း အမှားအယွင်းမရှိအောင် အထူးတလည် ဂရုစိုက်ပြီးနေထိုင်ခဲ့သော်လည်း ကော်ချွေဟွားက နှစ်သစ်ကူးအကြိုညတွင် မီးပွားများကို ဖြစ်ပေါ်စေခဲ့သည်။
သူမအနေဖြင့် ဒေါသများ အလွန်အမင်း ထွက်နေခဲ့သောကြောင့် အကယ်၍ အချိန်သာ မကျပ်တည်းပါက ရေနွေးဓာတ်ဘူးစက်ရုံသို့ သွားရောက်ကာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များနှင့် အမျိုးသမီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများကို ခေါ်ယူဖြေရှင်းပစ်လိုက်ပေလိမ့်မည်။
ထိုအခိုက်တွင် အခန်းထဲမှ ကလေးနှစ်ယောက်၏ ကျယ်လောင်သောရယ်မောသံများကို ရုတ်တရက် ကြားလိုက်ရလေ၏။
စုဝေ့ဟိုင်မှာ မင်သက်ကြောင်အမ်းသွားရသည်။
ပြန်လည်စဉ်းစားကြည့်လျှင် ကလေးနှစ်ယောက်၏ ထိုကဲ့သို့သော ရယ်မောသံမျိုးကို သူ မကြားရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ချေပြီ ။
သူသည်က သုတေသနပညာရှင်တစ်ဦး ဖြစ်သည့်အတွက် တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ကို ကျင့်သားရနေခဲ့ပြီး သူ၏အိမ်တွင် တိတ်ဆိတ်နေခြင်းက ပြဿနာဟု မထင်ခဲ့မိပါချေ။
သို့သော် အခန်းထဲမှ ရယ်သံများကို ကြားလိုက်ရသည့်အချိန်တွင်တော့ သူ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
တိတ်ဆိတ်နေတာက အမှားအယွင်းတစ်ခုပဲ!
ကလေးနှစ်ယောက်ရှိသော မိသားစုသည်က တိတ်ဆိတ်မနေသင့်ပါချေ။
အမြဲတစေ သက်ဝင်လှုပ်ရှားနေရမည်ဖြစ်ပြီး ဆူညံနေလျှင်ပင် ပို၍ကောင်းပေသည်။
စုဝေ့ဟိုင်သည် ရုတ်တရက်ပင် စိတ်ထဲ၌ ထိတ်လန့်သွားမိ၏။
သူ စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး တံခါးဘေးမှ ဆိုဖာပေါ်တွင် တည်ငြိမ်သည့်အမူအရာဖြင့် ထိုင်နေလိုက်သော်လည်း သူ၏နားများကတော့ အခန်းထဲမှ အသံများကို အာရုံစိုက် နားစွင့်နေခဲ့ပေသည်။
ကလေးနှစ်ယောက်၏ ရယ်မောသံများကို နားထောင်နေရင်း သူ၏မျက်ဝန်းများက နီရဲလာခဲ့ရတော့၏။
သူ့အနေဖြင့် ဇနီးဟောင်းနှင့် လမ်းခွဲခဲ့သည်ကို နောင်တမရသော်လည်း သူ၏ကလေးနှစ်ယောက်အတွက်တော့ စိတ်မကောင်းခြင်းများစွာ ဖြစ်နေခဲ့ရပေသည်။
ဝူလီအနေဖြင့် စုဝေ့ဟိုင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် စုဝေ့ဟိုင် သူမကို သတိပေးခဲ့ဖူးသော စကားများကို ပြန်လည်သတိရသွားပြီး ရင်ထဲတွင် ခါးသီးမှုကို ခံစားလိုက်ရတော့၏။
ဘုရားရေ...
သူမလည်း အမြန်ဆုံး ကလေးတစ်ယောက် ရမှဖြစ်တော့မယ်။
မဟုတ်လျှင် ဤတစ်သက်တွင် သူမအနေဖြင့် မည်သည့်အချိန်တွင်မျှ ခါးမတ်မတ် ရပ်နိုင်လိမ့်မည် မဟုတ်ပါချေ။
လော်ယွီရှို့က ထွက်သွားပြီးနောက် အလျင်အမြန်ပင် ပြန်ရောက်လာခဲ့လေ၏။ သူမ ပြန်လာသည့်အချိန်တွင် စုဝေ့မင်က သူမ၏နောက်တွင် ကပ်၍ ပါလာခဲ့ချေပြီ။
သူတို့နှစ်ဦးက ခြေလှမ်းကျဲကျဲဖြင့် အမြန်လျှောက်လာကြသောကြောင့် စုဝေ့ယန်၏ ဖုန်းခေါ်ဆိုမှုကို မည်မျှအလေးထားကြောင်း သိသာပေသည်။
ထို့အပြင် စုဝေ့ဖင်း၏ ကိစ္စကြောင့်လည်း ပါဝင်ပေ၏။ လော်ယွီရှို့နှင့် စုဝေ့မင်တို့အတွက် လက်ရှိတွင် တစ်ခုတည်းသော စိုးရိမ်စရာမှာ စုဝေ့ဖင်း၏ အိမ်ထောင်ရေးပင် ဖြစ်ချေသည်။
အကယ်၍ စုဝေ့ဖင်းသာ အိမ်ထောင်မပြုပါက သူမအနေဖြင့် အချိန်မရွေး ကျေးလက်ဒေသဘက်သို့ အပို့ခံရနိုင်ပေသည်။
ဘုန်းကြီးကို ရှောင်လို့ရသော်လည်း ဘုန်းကြီးကျောင်းကိုတော့ ရှောင်လို့မရပါချေ။
ကံကောင်းစွာဖြင့် စုဝေ့ဖင်းသည်က လက်ထပ်ရန် အရွယ်ရောက်နေချေပြီ ။ သို့မဟုတ်ပါက သူမသည်လည်း ပညာတတ်လူငယ်တစ်ဦးအနေဖြင့် ကျေးလက်ဒေသဘက်သို့ မဖြစ်မနေ သွားရောက်ရပေလိမ့်မည်။
“သူမ ဘာလို့ ဆေးဝါးစက်ရုံမှာ အလုပ်ဝင်ဖို့ စာမေးပွဲ မဖြေခဲ့တာလဲ”
လီရှန်းက စုဝေ့ချင်းကို ခပ်တိုးတိုးမေးလိုက်သည်။
စုဝေ့ဖင်းက (၁၉)နှစ်ရှိပြီဖြစ်၍ လီရှန်းထက် တစ်နှစ်သာ ကြီးပေသည်။
သူမက လီရှန်းထက် အထက်တန်းကျောင်း တစ်နှစ်စော၍ ပြီးခဲ့သူ ဖြစ်၏။ ထို့အပြင် စုမိသားစုမှ သားသမီးလေးဦးလုံးမှာ အလွန်ဉာဏ်ကောင်းကြသူများ ဖြစ်ကြသောကြောင့် စာကြိုးစားလျှင် စာမေးပွဲအောင်မြင်ရန် သေချာပေသည်။
ထို့အတွက် စုဝေ့ဖင်း အဘယ်ကြောင့် ဆေးဝါးစက်ရုံသို့ ဝင်ရန်မကြိုးစားခဲ့ကြောင်းကို လီရှန်း နားမလည်နိုင် ဖြစ်နေရ၏။
“သူမ ဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ .. အဖေနဲ့အမေက သူမအတွက် လေ့လာစရာစာအုပ်တွေ အကုန်ရှာပေးထားတာတောင်မှ သူမက စာမေးပွဲမဖြေချင်တော့ဘူးဆိုပြီး ဒုတိယမရီးနဲ့အတူ စစ်တပ်ကိုပဲ လိုက်သွားမယ်လို့ ဇွတ်အတင်းလုပ်တာလေ”
စုဝေ့ချင်းက စုဝေ့ဖင်းအကြောင်း ပြောသည့်အချိန်တွင် စကားပင် ဆက်မပြောနိုင်တော့ဘဲ ဖြစ်သွားရ၏။ သူမအနေဖြင့် စုဝေ့ဖင်း၏ ရွေးချယ်မှုကို လုံးဝ နားမလည်နိုင်ကြောင်းရှင်းလင်းလွန်းပေသည်။
“ဒါပေမဲ့ အဲဒီလေ့လာစရာ စာအုပ်တွေကြောင့် ကိုယ့်အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ရတာပဲ”
စုဝေ့ချင်းအနေဖြင်် ထိုစာအုပ်များကို နောက်ဆုံးမိနစ်တွင်မှ အသည်းအသန် ကျက်မှတ်ကာ ဆေးဝါးစက်ရုံ စာမေးပွဲတွင် အဆင့် (၃) ဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။
လီရှန်းသည် ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် စာရေးဆရာမ ရေးသားခဲ့သော စုဝေ့ဖင်း၏ အကြောင်းကို ရုတ်တရက် သတိရသွားတော့သည်။
တစ်ခန်းတည်းသာ ရေးသားထားသော်လည်း စုဝေ့ဖင်း၏ နောက်ခံအကြောင်းအရင်းကို အသေးစိတ် ရှင်းပြထားခဲ့၏။
သေချာပေ၏။ စုဝေ့ဖင်းမှာ အချိန်ကူးလာသူတစ်ဦး ဖြစ်ပေသည်။
သူမသည်က ယခင်ဘဝတွင် အထည်အလိပ်ကုမ္ပဏီတစ်ခု၍၌ တစ်သက်လုံး ဒီဇိုင်းဆွဲလာခဲ့သည့် ဖက်ရှင်ဒီဇိုင်းနာတစ်ဦးဖြစ်သော်လည်း သူမ၏လက်ရာက ခိုးယူခြင်းခံခဲ့ရသည်။ ခိုးယူသူက သူမ၏ဒီဇိုင်းဖြင့်ပင် နိုင်ငံတကာဆုတစ်ခု ဆွတ်ခူးသွားခဲ့လေသည်။
ထို့ကြောင့် စုဝေ့ဖင်းက နာကျည်းချက်များဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ပေ၏။
*
(T/n: ပိုလျှံနေတဲ့ကလေးတွေ _ ဆိုလိုတာ အဖေနဲ့အမေကလမ်းခွဲပြီး ကိုယ်ပိုင်မိသားစုတွေ ထူထောင်လိုက်တဲ့အတွက် အဖေက ဂရုမစိုက်တော့သလို အမေကလည်း ဂရုမစိုက်နိုင်တော့တဲ့ကလေးတွေကို ဆိုလိုတာပါ
တရုတ်မှာ တက္ကသိုလ်ဝင်တန်းတွေ ပြန်ဖွင့်တော့ ပညာတတ်လူငယ်တွေက မြို့ကိုပြန်သွားပြီး ကျောင်းဆက်တက်/ဘွဲ့ရသွားကြတယ် ။ ဒီတော့ ဘွဲ့ရပြီးအဆင့်အတန်းမြင့်လာတဲ့အတွက် ကျေးလက်ဒေသမှာကျန်ခဲ့တဲ့ သူတို့ရဲ့ ဇနီး/ခင်ပွန်းသည်တွေက သူတို့နဲ့ မထိုက်တန်ဘူး ၊ သူတို့က ဒီထက်ကောင်းမွန်တဲ့လူတွေနဲ့ထိုက်တန်တဲ့ ဆိုတဲ့ အတွေးအခေါ်တွေကြောင့် အိမ်ထောင်ကွဲတွေ ဖြစ်ပွားခဲ့ကြတာပါ)