ပထမအခန်း၏ အဆုံးတွင် သူမက အသက် (၁၉) နှစ်အရွယ် မိန်းကလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာခဲ့ပြီး ဤဘဝတွင် ထိပ်တန်းဒီဇိုင်းနာတစ်ဦး ဖြစ်လာစေရန် ဆုံးဖြတ်ခဲ့ပေသည်။
ထို့နောက်တွင် ထိုစာအုပ်မှာလည်း ရပ်တန့်သွားခဲ့ရပြန်၏။
လီရှန်းတစ်ယောက် သက်ပြင်းသာချမိတော့သည်။ စာအုပ်လေးအုပ်ရှိသည့်အနက် နှစ်အုပ်မှာ ရှုံးနိမ့်ခဲ့ပြီး ကျန်နှစ်အုပ်မှာ အဆုံးမသတ်နိုင်ခဲ့ပါချေ။ ထိုစာရေးဆရာမက အမှန်တကယ့်ကို သူရဲကောင်းကြီးပင် ဖြစ်ချေသည်။
သို့သော်လည်း...
စုဝေ့ယန်၏စာအုပ်မှာ ရှုံးနိမ့်ခဲ့သော်လည်း အဆုံးသတ်အထိတော့ ရေးသားနိုင်ခဲ့ပေသည်။ ထိုစာအုပ်ထဲတွင်လည်း စုဝေ့ဖင်းအကြောင်း ပါဝင်ခဲ့ပြီး သူမက စုဝေ့ယန်၏ ရဲဘော်တစ်ဦးနှင့် ဖူးစာဆုံခဲ့ပုံရ၏။
ထိုရဲဘော်မှာ ပေကျင်းမှ လူချမ်းသာသော ဒုတိယမျိုးဆက်သူဌေးသားတစ်ဦး ဖြစ်ပေသည်။
အတိုချုပ်ပြောရလျှင် သူသည်က စစ်တပ်နောက်ခံ ဝတ္ထုများမှ အမျိုးသားဇာတ်လိုက်တို့၏ စရိုက်လက္ခဏာများနှင့် အပြည့်အဝကိုက်ညီနေခဲ့သည်။
အေးစက်ပြတ်သားသော ယောက်ျားတစ်ဦး ဖြစ်ကာ၊ လူချမ်းသာ ဒုတိယမျိုးဆက်လည်းဖြစ်နေခဲ့လေ၏။
သို့ဖြစ်၍ စုဝေ့ဖင်းအနေဖြင့် ဖက်ရှင်ဒီဇိုင်းနာတစ်ဦး ဖြစ်လိုသော ရည်မှန်းချက်ရှိနေပါက ဆေးဝါးစက်ရုံတွင် အလုပ်ဝင်ရန် အဘယ်သို့ လျှောက်ထားပါမည်နည်း။
“ယောက်မက ချုံကျိုးကိုတောင် ရောက်နေပြီဆိုတော့လည်း ဘာမှပြောနေလို့ မထူးလောက်တော့ပါဘူး”
လော်ယွီရှို့နှင့် စုဝေ့မင်တို့၏ စိုးရိမ်ပူပန်နေသော မျက်နှာများကို မြင်လျှင် လီရှန်းက ဖုန်းဖြေရန်အတွက် မိသားစုတစ်ခုလုံးကို ခေါ်လာခဲ့ခြင်းဖြစ်သော်လည်း သူမကိုယ်တိုင်အတွက် အနည်းငယ် အနေရခက်နေခဲ့၏။
လက်ထပ်ပြီး သုံးရက်သာ ရှိသေးသော သတို့သမီးအသစ်တစ်ဦးအနေဖြင့် တစ်ခါမျှ မဆုံဖူးသေးသော ခဲအိုနှင့် ယောက်မဖြစ်သူကို မည်သည့်စကားများ ပြောရပါမည်နည်း။
ဝူလီကေော့ ဝမ်းသာအားရ သဘောတူခဲ့ပေသည်။
သူမသည်က တတိယမြောက်ယောက်မ ဖြစ်သူ၏ရှေ့တွင် အရှက်ရစရာများ ဖြစ်ခဲ့ပြီးပြီဖြစ်၍ တခြားသော ယောက်မဖြစ်သူနှင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုရန် ဆန္ဒရှိနေခဲ့လေ၏။
ထို့အပြင် ဖုန်း၏ တစ်ဖက်တွင် သူမ၏ အငယ်ဆုံးယောက်မဖြစ်သူလည်း ရှိနေသည် မဟုတ်ပါလား။
သူမအနေဖြင့် အငယ်ဆုံးယောက်မဖြစ်သူနှင့်လည်း အဆင်ပြေအောင် နေထိုင်လိုပေသည်။ အကယ်၍ အငယ်ဆုံးယောက်မဖြစ်သူက သူမအား သဘောကျသွားမည်ဆိုလျှင် ယောက္ခမများမှာလည်း သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံလာကြမည်မှာ သေချာပေသည်။
ဤသို့ တွေးတောရင်း ဝူလီတစ်ယောက် လော်ယွီရှို့၏ ဘေးနားသို့ အလိုက်တသိဖြင့် တိုးကပ်သွားခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် လီရှန်းကတော့ စုဝေ့ချင်းနှင့် ဘေးချင်းယှဉ်ကာ အနောက်ဆုံးမှ လိုက်ပါလာခဲ့၏။ သူတို့၏အရှေ့တွင်တော့ စုဝေ့ဟိုင်က ကလေးတစ်ယောက်ကို တစ်ဖက်စီ လက်ဆွဲပြီး သွားနေခဲ့ပေသည်။
စုချန်က တစ်ခါတရံတွင် စုဝေ့ချင်းကို လှည့်ကြည့်နေတတ်ပြီး စုကျွင့်ကတော့ အဖေဖြစ်သူအား ပွေ့ချီပေးရန် ဂျီကျနေခဲ့သည်။
အဆုံးတွင်တော့ စုဝေ့ဟိုင်က လမ်းပေါ်တွင် ရပ်တန့်ကာ စုကျွင့်ကို ချီမပြီး သူ၏ပခုံးပေါ်သို့ တင်လိုက်ရတော့၏။
စုချန်၏ မျက်ဝန်းများထဲတွင် အားကျသည့် အရိပ်အယောင်များ ချက်ချင်းပင် ဖြတ်သန်းသွားခဲ့လေသည်။
စုဝေ့ဟိုင် : “...”
“ရှောင်ချန်... အဖေက မင်းကိုလည်း ချီပေးရမလား”
စုချန်က စုဝေ့ဟိုင်၏ခေါင်းကို ကိုင်ထားသော စုကျွင့်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် လွတ်နေသော ပခုံးတစ်ဖက်ကို ကြည့်ပြီးနောက် ခေါင်းခါပြလိုက်လေ၏။
“ရပါတယ် အဖေ... ညီလေးကိုပဲ ချီထားလိုက်ပါ”
ဤကလေးငယ်မှာ အလွန်ပင် သိတတ်လွန်းသောကြောင့် နှလုံးသားထဲတွင် ရင်ကွဲလုမတတ်ခံစားရစေပေ၏။
စုဝေ့ဟိုင်က စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ခန္ဓာကိုယ်ကိုကိုင်းညွတ်ကာ သူ့ကိုပွေ့ချီလိုက်ပြီးနောက် စုဝေ့ချင်းကို လှမ်းခေါ်လိုက်သည်။
“တတိယညီလေး... တစ်ချက်လောက် ကူပါဦး”
စုဝေ့ချင်းလည်း ခြေလှမ်းအနည်းငယ်ဖြင့် အနားသို့ အမြန်သွားကာ စုချန်၏ တင်ပါးလေးကို မ၍ စုဝေ့ဟိုင်၏ ပခုံးပေါ်သို့ တင်ပေးလိုက်၏။
ညီအစ်ကိုနှစ်ယောက်မှာ စုဝေ့ဟိုင်၏ ဦးခေါင်းကို တစ်ဖက်စီမှ ဖက်ထားကြသောကြောင့် စုဝေ့ဟိုင်တစ်ယောက် ဦးထုပ်ကြီးတစ်လုံးကို ဆောင်းထားသကဲ့သို့ပင် ဖြစ်နေလေသည်။
စုဝေ့ဟိုင်မှာ သန်မာသော သုတေသနပညာရှင်ဟူသော နာမည်နှင့် ကိုက်ညီစွာ ပေါင်ချိန်များစွာ လေးလံသော သားနှစ်ဦးကို ပခုံးထက်တွင် တင်ထားသော်လည်း ငှက်မွှေးလေးများလောက်သာ လေးသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် လျှောက်နေခဲ့သည်။
ဝူလီက နောက်သို့ပြန်လှည့်ကြည့်လိုက်လျှင် သားနှစ်ယောက်ကို ချီမပြီး ခပ်သွက်သွက် လျှောက်လာသော စုဝေ့ဟိုင်ကို မြင်လိုက်ရလေ၏။
သူမ၏ ရင်ထဲတွင် ဝမ်းနည်းမှု အနည်းငယ် ဖြစ်ပေါ်လာမိရသည်။ စုဝေ့ဟိုင်သည်က သူ၏ကလေးများကို အလွန်အမင်း ချစ်မြတ်နိုးလွန်းပေသည်။
နောက်ပိုင်းတွင် သူမ၌ ကိုယ်ပိုင်ကလေးများ ရလာလျှင်ပင် ဤကလေးနှစ်ယောက်ကို ယှဉ်နိုင်ပါ့မည်။
သို့သော်လည်း.. ဤကဲ့သို့စုဝေ့ဟိုင်က အလွန်အမင်းဆွဲဆောင်မှုရှိသည်ဟု သူမ ခံစားရပြန်သည်။
အကယ်၍ သူသာ အိမ်ထောင်အသစ်ပြုပြီးနောက်တွင် သားနှစ်ဦးကို ပစ်ပယ်လိုက်မည်ဆိုလျှင်လည်း အလွန်အမင်း ရက်စက်သည့် လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ဝူလီ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေခဲ့၏။ စုဝေ့ဟိုင်က သူ၏ကလေးများအပေါ် အလွန်ကောင်းနေသည်ကို မြင်ရသည့်အချိန်တွင် သူမက မနာလိုဖြစ်ရပြီး မကျေမနပ်လည်း ဖြစ်မိပေသည်။
သို့သော်လည်း သူမအနေဖြင့် စုဝေ့ဟိုင်အပေါ် စိတ်ဝင်စားခဲ့ရခြင်းမှာလည်း သူ၏ ကြင်နာတတ်မှုနှင့် သစ္စာရှိမှုကြောင့်သာ ဖြစ်ပေသည်။
ဝန်ထမ်းအိမ်ရာဝင်း၏ ကင်းတဲသို့ ရောက်ရှိလာသည့်အချိန်တွင် မိသားစုအချို့မှာလည်း ထိုနေရာတွင် ရောက်ရှိနေကြလေ၏။
ဖုန်းကိုင်ထားသူမှာ သူတို့၏ အိမ်နီးချင်း လုချင်းလန်ပင်ဖြစ်ချေသည်။ လုတုန်းရှန်က စက်ရုံတွင် တာဝန်ကျနေသောကြောင့် ယခုနှစ် နှစ်သစ်ကူးတွင် သူတို့ အိမ်သို့မပြန်ဖြစ်ပါချေ။
လက်ရှိတွင် လုချင်းလန်က သူမ၏ ယောက်မဖြစ်သူထံသို့ ဖုန်းဆက်နေခြင်းဖြစ်သော်လည်း လေသံကတော့ သိပ်ပြီး မချိုသာပါချေ။
လီရှန်း ခဏမျှ သေသေချာချာ နားစွင့်နေခဲ့လေ၏။ သူမအနေဖြင့် သူမ၏ အကြီးဆုံးသား ကျောင်းတက်မည့်ကိစ္စကိုပြောနေပုံရသည်။
ပြည်နယ်မြို့တော်၏ အခြေအနေမှာ အနည်းငယ် တင်းမာနေသောကြောင့် သူမ၏သားက ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်ဆောင်မိကာ အမှားအယွင်းတစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့ပုံရ၏။
ထို့ကြောင့် သားဖြစ်သူကို သူမနှင့်အတူထားပြီး ပညာသင်ကြားစေရန် စဉ်းစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူမ၏ ယောက်မဖြစ်သူက တွန့်ဆုတ်နေကာ သဘောမတူဘဲ ငြင်းဆိုနေခဲ့ခြင်း ဖြစ်ပေသည်။
လီရှန်းက လော်ယွီရှို့ကို အသံတိုးတိုးဖြင့် မေးလိုက်၏။
“နောက်တစ်ယောက်ရဲ့ ကျေးလက်ဒေသဘက်ကို သွားရမဲ့ နေရာကို အစားထိုးဖို့ စဉ်းစားနေကြတာများလား၊ အဒေါ်လုရဲ့ မိသားစုမှာ အသက်တူ ကလေးတွေ ရှိနေသေးလား”
“မဖြစ်နိုင်တာ”
လော်ယွီရှို့တစ်ယောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးသွားတော့သည်။
“ပြောရခက်တယ်လေ”
ယခုခေတ်ကာလတွင် မယုံကြည်ရဆုံးသောအရာမှာ လူသားတို့၏စိတ်နှလုံးပင် ဖြစ်ချေသည်။ လုချင်းလန်အနေဖြင့် သူမ၏သားသမီးအားလုံးကို ပြည်နယ်မြို့တော်တွင် ထားရစ်ခဲ့ခြင်းက အမှမ်တကယ့်ကို သတ္တိကောင်းလွန်းပေသည်။
လော်ယွီရှို့သည် မဖြစ်နိုင်ဟု ထင်မိသော်လည်း လီရှန်း၏စကားကြောင့် စိုးရိမ်စိတ်များ ဝင်လာခဲ့ရသည်။
သူမ၏ ချွေးမငယ်လေးမှာ အသက်ငယ်သော်လည်း ငယ်စဉ်ကတည်းကပင် လူ့လောက၏ အေးစက်မှုနှင့် နွေးထွေးမှုများကို မြင်တွေ့ခဲ့ရသူဖြစ်ရာ လုချင်းလန်၏ စကားများမှတစ်ဆင့် ဤဖြစ်နိုင်ခြေကို အမှန်တကယ်ပင် ခန့်မှန်းမိသွားခြင်းလည်း ဖြစ်နိုင်သည်။
“မဟုတ်ဘူး.. ဒါမျိုးကိုတော့ လုပ်လို့မရဘူး!”
လော်ယွီရှို့ စိုးရိမ်ပူပန်သွားရသည်။
“လောင်လုက သူ့သားကို ကျေးလက်ဒေသဘက်ကို ပို့ချင်ယ်ဆိုရင် ဒါက သူ့ရဲ့ကိစ္စပဲလေ၊ ဒါပေမဲ့ ကလေးက ဘာမှမသိဘဲ တခြားတစ်ယောက်ရဲ့နေရာမှာ အစားထိုးပြီး ကျေးလက်ဒေသဘက်ကို အပို့ခံရမယ်ဆိုရင်တော့ ဒါက ငရဲကြီးမဲ့ လုပ်ရပ်ပဲ”
လော်ယွီရှို့က အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားသွားသည်ကို မြင်လျှင် လီရှန်းက သူမကို အမြန်ဆွဲဆွဲလိုက်ပြီးနှစ်သိမ့်လိုက်ရလေ၏။
“အမေ.. အသံတိုးတိုးပြောပါဦး၊ ဒါက ကျွန်မရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ”
သို့သော်လည်း တစ်သောင်းပုံ တစ်ပုံမျှသော ဖြစ်နိုင်ခြေရှိလျှင်ပင် လက်ခံနိုင်စရာ မရှိပါချေ။
လော်ယွီရှို့က စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး လုချင်းလန် ဖုန်းချကာ အပြင်သို့ တိုးထွက်လာသည်အထိ စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက် သူမက လုချင်းလန်ကို အမြန်ဆွဲခေါ်ကာ ထောင့်တစ်နေရာသို့ ခေါ်သွားတော့၏။ ခဏအကြာတွင် လုချင်းလန်၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရသည်။
“သူမက ဒီလောက်တောင် ရဲတင်းတာလား!”
လီရှန်းက ခြေဖျားထောက်ကာ နားစွင့်နေခဲ့သော်လည်း လော်ယွီရှို့တို့မှာ အလွန်ဝေးကွာသော နေရာတွင် ရှိနေသောကြောင်း အနားသို့လည်း မကပ်နိုင်ဘဲ မည်သည်ကိုမှလည်း မမြင်ရပါချေ။
သူမ ထပ်မံ၍ နားစွင့်ရန် ကြိုးစားသော်လည်း မည်သည့်အသံကိုမျှ ထပ်မကြားရတော့ပေ။
ချက်ချင်းဆိုသလိုပင် လုချင်းလန်က အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
ယခင်ကဆိုလျှင် ဖုန်းဖြေဆိုချိန်က စက္ကန့်ပိုင်းမျှသာ ကြာမြင့်တတ်ပေသည်။ သူတို့က ကြေးနန်းပို့သကဲ့သို့ပင် လိုရင်းတိုရှင်း စကားဝှက်များဖြင့်သာ ပြောဆိုကြပြီး တစ်မိနစ်အတွင်း ဖုန်းချလေ့ရှိကြ၏။
စုဝေ့ယန် ဖုန်းပြန်ဆက်သည့် အချိန်သည်ကား စုဝေ့ဟိုင် အိမ်သို့ပြန်ရောက်ပြီး နာရီဝက်တိတိ ရှိသည့် အချိန်ပင်။
“အမေ~~”
အနောက်ဘက်တွင် ရပ်နေသော်လည်း လီရှန်းသည်ပင် ဖုန်းတစ်ဖက်မှ တက်ကြွလွန်းသော အသံကို ကြားနေရပေသည်။
လော်ယွီရှို့၏ ခေါ်ဝေါ်ပုံအရ တစ်ဖက်လူက စုဝေ့ဖင်းဖြစ်ကြောင်းကို သိလိုက်၏။ သူမ၏ အသံမှာ အလွန်ကြည်လင်ချိုသာပြီး အဆုံးသတ်တွင် အသံကို အနည်းငယ်ဆွဲကာ ချွဲချွဲနွဲ့နွဲ့ပြောနေခဲ့လေသည်။
“အမေ့ကို သိပ်လွမ်းတာပဲ၊ အမေရော သမီးကို လွမ်းရဲ့လား”
လီရှန်း: “...”
တစ်ဖက်လူကသာ အတိတ်ဘဝက ပြတ်သားပြီး စွမ်းဆောင်ရည်မြင့်မားသော ဒီဇိုင်းနာတစ်ဦး ဖြစ်ကြောင်းကိုသာ မသိခဲ့ပါက သူမက အမှန်တကယ်ပင် နူးညံ့ချိုသာသော မိန်းကလေးတစ်ဦးဟု ထင်မှတ်သွားနိုင်ပေသည်။
ထိုအသံက အလွန်ပင် ချိုမြိန်လွန်းပေ၏။
လော်ယွီရှို့သာမက လီရှန်းကိုယ်တိုင်ပင် ထိုအသံကို ကြားရသည့်အချိန်တွင် ရင်ထဲတွင် ချိုမြိန်သွားရသည်။
*