သူတို့နှစ်ဦး အိမ်သို့ရောက်ချိန်တွင် ကျန်းကျူးရိက ပန်းကန်တစ်လုံးကိုကိုင်ကာ စွပ်ပြုတ်သောက်ရင်း မှတ်တမ်းစာအုပ်ကို ဖတ်နေခဲ့လေသည်။
သူ့၏မျက်ခုံးများက ကျုံ့ဝင်နေခဲ့ပြီး ပန်းကန်ထဲမှ အရသာရှိသည်း ဝက်အဆုတ်စွပ်ပြုတ်များကပင် သူ့၏ စိတ်ဖိစီးမှုများကို မလျှော့ချပေးနိုင်ပုံရသည်။
လီရှန်း တံခါးကိုဖွင့်ပြီးနောက်နှုတ်ဆက်လိုက်သည်
“ဦးလေး၊ အန်တီ ၊ ကျွန်မ ပြန်လာပြီ”
“ပြန်လာပြီလား”
ဖန်ချင်း မီးဖိုချောင်ထဲမှ ချက်ချင်း ထွက်လာခဲ့သည်။ သို့သော်လည်း သူမ အပြင်ဘက်သို့ရောက်ချိန်တွင် လီရှန်း တစ်ယောက်တည်း ပြန်လာခြင်းမဟုတ်ဘဲ နောက်ဘက်တွင် လူငယ်တစ်ဦးလည်းလိုက်ပါလာကြောင်းကို မြင်လိုက်ရသည်။
လီရှန်းမှ လူငယ်တစ်ဦးကို ခေါ်ဆောင်လာခဲ့သောကြောင့် အလျှင်အမြန် နောက်သို့ပြန်လှည့်ကာ ခါးစည်းကို ချွတ်လိုက်ပြီး လက်ဆေးပြီးမှ အပြင်သို့ ပြန်ထွက်လာခဲ့လေသည်။
ထို့နောက် လီရှန်း၏အနားသို့ အလျှင်အမြန်လျှောက်သွားခဲ့ပြီး သူမ၏လက်မောင်းကို ပုတ်လိုက်ပြီး ပြောလာခဲ့၏။
“ဒီကလေးမလေးကတော့လေ.. လူတစ်ယောက်ခေါ်လာမယ်ဆိုရင်လည်း ကြိုမပြောဘူး”
သူမ စုဝေ့ချင်းဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်တော့ ကြီးမားသည့်အပြုံးတစ်ခုဖြင့်ဖိတ်ခေါ်လာခဲ့သည်။
“ဒါက ရဲဘော်စုပဲဖြစ်ရမယ်၊ လာလေ အထဲကို ဝင်ပါဦး”
စုဝေ့ချင်းတစ်ယောက် အလွန်ပင်အံ့အားသင့်သွားခဲ့ရ၏။ ဖန်ချင်းက သူ့ကို သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အမှန်အတိုင်းဆိုလျှင် သူသည်က လွန်ခဲ့သောတစ်ခေါက်က လီရှန်း၏ဦးလေးနှင့်သာ တွေ့ဆုံခဲ့ဖူးခြင်းဖြစ်၏။
“ဒါဆို..”
စုဝေ့ချင်းတစ်ယောက် လီရှန်းကို ရှက်ရွံ့စွာလှမ်းကြည့်လိုက်မိကာ သူ၏ နှလုံးသားထဲတွင်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားရလေ၏။
အဲဒီနေ့က အိမ်ကိုပြန်ရောက်တဲ့အချိန် ဦးလေးက ငါ့အကြောင်းတွေကို လီရှန်းဆီမှာ မေးမြန်းထားတာများလား။
ရဲဘော်လီရှန်းက သူ့အကြောင်းကို မည်သို့မိတ်ဆက်ပေးထားသည်ကို သူ မသိရှိပါချေ။
စုဝေ့ချင်းတစ်ယောက် လင်းရန်၏ဦးလေးနှင့် အန်တီတို့အပေါ်တွင် ကောင်းမွန်သော ထင်မြင်ချက်မျိုး မချန်ရစ်နိုင်မည်ကို စိုးရိမ်မိကာ နောက်တစ်ကြိမ် ပြန်လည်စိတ်ပူလာခဲ့ပြန်သည်။
ဖန်ချင်း အိမ်ထဲသို့ပြန်ဝင်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
“လောင်ကျန်း... ဒီမှာ ဘယ်သူရောက်နေလဲဆိုတာလာကြည့်ပါဦး”
ကျန်းကျူးရိလည်း ခေါင်းမော့ကြည့်ကာ မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်သည်။
ဖန်ချင်းနှင့်အတူ လူငယ်တစ်ဦး ဝင်လာသည်ကို မြင်လိုက်ရပြီး ထိုလူငယ်လေး၏ မျက်နှာမှာလည်း ရင်းနှီးနေပုံရသောကြောင့် သူ သေသေချာချာစိုက်ကြည့်လိုက်မိ၏။
“ဒါက.. ဟိုတစ်ခေါက် ဆေးဝါးစက်ရုံအပြင်ဘက်မှာ လီရှန်းနဲ့အတူရှိနေတဲ့ လူငယ်ပဲမဟုတ်ဘူးလား”
“ ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ ကျန်းမာပါရဲ့လား ဦးလေး”
စုဝေ့ချင်းက လျင်မြန်စွာပင် နှစ်လှမ်းခန့်တိုးသွားပြီး တက်ကြွစွာ နှုတ်ဆက်လိုက်သည်။
ထိုသို့ နှုတ်ဆက်စကားပြောနေချိန်တွင် သူ ကိုင်ဆောင်လာသော ပန်းသီးအိတ်ကို စားပွဲပေါ်သို့ တင်လိုက်လေ၏။
“ဒါက ကျွန်တော်ရဲ့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာဆိုတော့ လေးစားမှုပြတဲ့အနေနဲ့ အသီးအနှံနည်းနည်းလောက် ယူလာခဲ့တာပါ “
ကျန်းကျူးရိက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မည်သည်ကိုမျှ ပြန်မပြောသကဲ့သို့ ပန်းသီးအိတ်ကိုလည်း လှမ်းကိုင်ခြင်း မပြုခဲ့ပေ။
သူ၏ မပြတ်သားသော အမူအရာကို မြင်လျှင် ဖန်ချင်းက အလျင်အမြန်ပင် ကြားဖြတ်ပြောဆိုလိုက်၏။
“မင်းတို့တွေ အလုပ်ဆင်းတာနဲ့ ဒီကို တန်းလာကြတာပဲဖြစ်မယ်.. ညစာလည်း မစားရလောက်သေးဘူးမလား..တော်သေးတာပေါ့ အိမ်မှာ စွပ်ပြုတ်ချက်ထားတာတွေရှိတယ်၊ အန်တီ သွားထည့်ပေးမယ်”
သူမက ပြောပြီးသည်နှင့် မီးဖိုချောင်သို့သွားရန် ထလိုက်လေသည်။
လီရှန်းက သူမကို အမြန်တားဆီးလိုက်ပြီး ပြောလိုက်လေ၏။
“မလိုပါဘူး အန်တီ၊ ကျွန်မက ပစ္စည်းတွေကိုသိမ်းဆည်းဖို့အတွက် လာယူတာ၊ ရဲဘော်စုက ကူညီပေးဖို့အတွက်ပဲ လိုက်လာတာပါ”
ဆိုရလျှင် သမက်အသစ်မှအိမ်သို့ဝင်လာခြင်းမဟုတ်သောကြောင့် စိတ်လှုပ်ရှားနေစရာ မလိုပါချေ။
“ဒီမိန်းကလေးကတော့... ဗိုက်ဆာနေတဲ့သူကို အလုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ”
ဖန်ချင်းက လီရှန်းကို ဆူပူလိုက်ပြီးနောက် စုဝေ့ချင်းကို အပြုံးတစ်ခုဖြင့်ပြန်ကြည့်လိုက်ပြန်သည်။ သူမ၏ မျက်နှာအမူအရာမှာ အလွန်ပင်လျင်မြန်စွာ ပြောင်းလဲသွားလေ၏။
“မင်း အရင်ထိုင်နေလိုက်ဦး၊ အန်တီ စွပ်ပြုတ်သွားယူလိုက်မယ်
“ကောင်းပါပြီ အန်တီ”
စုဝေ့ချင်းသည်လည်း ကျန်းကျူးရိ၏ တစ်ဖက်တွင် ချက်ချင်းပင် အလိုက်သင့် ဝင်ထိုင်လိုက်လေသည်။
လီရှန်း : “...”
ဒါက လူတစ်ယောက် အခက်တွေ့နေတုန်း နောက်ကနေ တွန်းချလိုက်တာ မဟုတ်ဘူးလား။
“ကျွန်မ သွားကူလိုက်ဦးမယ်”
လီရှန်းက အနည်းငယ်စိတ်မရှည်စွာဖြင့် ပြောလိုက်ပြီး စုဝေ့ချင်းကို သတိပေးလိုက်၏။
“ ငြိမ်ငြိမ်နေဦးနော်၊ အချိန်ဆွဲနေရင် နောက်ဆုံးဘတ်စ်ကား လွတ်သွားလိမ့်မယ်”
စုဝေ့ချင်းက အလွန်ပင်နာခံမှုရှိသော အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။
လီရှန်းလည်း သူ့ကိုချန်ထားခဲ့ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေ၏။ သူမ တံခါးဝသို့ ရောက်သည်နှင့် ဖန်ချင်းက သူမကို အထဲဘက်သို့ ဆွဲခေါ်သွားပြီး လေးနက်သော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။
“အဲဒီရဲဘော်ရှောင်စုနဲ့ မင်းနဲ့ ဘယ်လိုမျိုးအခြေအနေရှိလဲ၊ အတည်တကျ တွဲနေကြပြီလား”
“မဟုတ်ပါဘူး၊ အန်တီ အတွေးလွန်နေပြန်ပြီ ကျွန်မတို့တွေ သိတာတောင် ရက်ပိုင်းပဲရှိသေးတယ်”
လီရှန်းက ဖန်ချင်းကို ကျော်ဖြတ်ကာ မီးဖိုဆီသို့ လျှောက်သွားလိုက်သည်။ ဝက်အဆုတ်စွပ်ပြုတ်က မပူတော့သည်ကို မြင်သောကြောင့် သူမက အဖုံးကို အမြန်ပြန်ပိတ်ပြီး မီးတောက် ပိုထွက်လာစေရန် ယပ်တောင်ဖြင့် ယပ်ခတ်လိုက်လေသည်။
“မင်းတို့ သိတာ ရက်ပိုင်းပဲ ရှိသေးတာကို မင်းက အိမ်အထိခေါ်လာတာလား”
ဖန်ချင်းအနေဖြင့် လီရှန်း၏ ရှင်းပြချက်ကို မယုံကြည်ပေ။ ထို့အပြင် “ရက်ပိုင်းပဲ ရှိသေးတယ်” ဆိုသည်မှာ အဘယ်နည်း။
သူမ စုဝေ့ချင်း၏အကြောင်းကို စတင်သိရှိခဲ့သည်ကပင် တစ်လနီးပါးပင်ရှိနေပြီ မဟုတ်ပါလား။
လီရှန်းက မည်သည်ကိုမှပြန်မပြောဘဲ ခေါင်းငုံ့ကာ မီးညှပ်ဖြင့် မီးခိုးပြာများကို ဖယ်ထုတ်လိုက်လေ၏။
“ပြီးတော့... သူ့ရဲ့ မင်းအပေါ်မှာရှိတဲ့ သဘောထားက မရိုးသားဘူးလို့ အန်တီထင်တယ်.. သူ သယ်လာတဲ့ အိတ်ကြီးကတောင် အတော်လေး လေးပုံရတယ်...”
ဖန်ချင်းက ခဏမျှ ရပ်တန့်သွားပြီး မေးလာသည်။
“အဲဒီ အိတ်ကြီးထဲမှာ ဘာတွေပါတာလဲ”
စုဝေ့ချင်း သယ်လာသောအိတ်မှာ အဝတ်နက်ဖြင့် ပြုလုပ်ထားသောကြောင့် အတွင်း၌ မည်သည့်အရာများပါသည်ကို ဖန်ချင်း မသိရသေးပေ။
“ကော်ကွမ်း ပန်းသီးလေးတွေယူလာခဲ့တာတဲ့”
လီရှန်း အမှန်အတိုင်းပင်ပြောပြလိုက်သည်။
ဖန်ချင်းလည်း ချက်ချင်းပင် စိတ်လှုပ်ရှားစွာပြောလာလေသည်။
“သူက ပန်းသီးတွေတောင် ယူလာပြီ၊ မင်းက ခုမှ ရက်ပိုင်းပဲရှိသေးတယ်လို့ ပြောနေတုန်းပဲလား၊ ရှန်းရှန်း..ရှောင်စုက လူကောင်းတစ်ယောက်လို့ မင်းထင်ရင် သူနဲ့ အမြန်ဆုံး အတည်ပြုလိုက်တော့
မဟုတ်ရင် ဒီပန်းသီးတွေအတွက် မင်းရဲ့ဦးလေးနဲ့ ငါက မျက်နှာပူနေရလိမ့်မယ်”
လီရှန်းက ဖန်ချင်းကို အကူအညီမဲ့သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
“အန်တီ၊ ကျွန်မက အသက် ၁၈ နှစ်ပဲ ရှိသေးတာလေ ကျွန်မကို အိမ်ထောင်ချပေးဖို့အတွက် အဲဒီလောက်တောင် အရေးကြီးနေလို့လား”
“ဒီမိန်းကလေးကတော့.. မင်း ဘာတွေ ပြောနေတာလဲ၊ မင်းကို လူကောင်းတစ်ယောက်နဲ့ တွေ့တဲ့အချိန်မှာ လက်မလွှတ်စေချင်လို့ အန်တီက ပြောနေတာလေ
တကယ်လို့ မင်းသာ အသက်ကြီးသွားရင် မင်းအဖေလို လူမျိုးတွေနဲ့ပဲ ဆုံရလိမ့်မယ်”
ဖန်ချင်းအနေဖြင့် လီဟုန်ကျွင်း၏အကြောင်းကို ပြောသည့်အချိန်မျိုးတွင် မျက်နှာပူခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလေ့ရှိသည်။
သူမ၏ ခဲအိုဖြစ်သူ လီဟုန်ကျွင်းမှာ ကျေးလက်က ရောက်လာသူဖြစ်ပေ၏။
သူမ၏ ယောက်မက အသက်အရွယ်ကြောင့်သာ တစ်ဖက်လူကို လက်ထပ်ခဲ့ရခြင်း ဖြစ်သည်။။
ရလဒ်ကတော့ ရှင်းလင်းနေပေ၏။ သူမက လူမှားပြီး လက်ထပ်မိခဲ့ခြင်းပင်။
သူသည်က လီရှန်းအပေါ်တွင်လည်း ကောင်းကောင်းမွန်မွန် မဆက်ဆံတတ်သော လူယုတ်မာတစ်ယောက်သာ ဖြစ်လေသည်။
လီဟုန်ကျွင်း၏အကြောင်းကို ကြားလျှင် လီရှန်းတစ်ယောက် သက်ပြင်းချလိုက်မိသည်။
“သိပါပြီ.. အန်တီ ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါတယ်”
“မင်း နားလည်ရင် ပြီးတာပါပဲ”
ဖန်ချင်းက လီရှန်း၏ ဘေးတွင် ထိုင်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
“အခု မင်း ဆေးဝါးစက်ရုံမှာ အလုပ်ရသွားပြီဆိုတော့ အန်တီလည်း စိတ်အေးရပြီ၊ ဒါပေမဲ့ မင်းကို သတိပေးစရာ တစ်ခုရှိသေးတယ်
မူဝါဒအသစ်က မကြာခင် ထွက်တော့မယ်.. ကြားထားတာတော့ မိသားစုတစ်စုမှာ ကလေးတစ်ယောက်ပဲ အိမ်မှာနေလို့ရမယ်တဲ့၊ ကျန်တဲ့သူတွေက ကျေးလက်ဒေသကို ဆင်းရမယ်လို့ပြောတယ်..
မိဘတွေက သူတို့ရဲ့ ကလေးတွေကို ကျေးလက်ဒေသကိုပို့ဖို့အတွက် စာရင်းပေးလို့ရတယ်..
မင်းရဲ့ အိမ်ထောင်စုစာရင်းက ပြောင်းထားပြီးပြီဆိုပေမဲ့ မင်းက လီဟုန်ကျွင်းရဲ့ သမီးဖြစ်နေတုန်းပဲ
လီဟုန်ကျွင်းက သူ့သားကို အိမ်မှာထားချင်တဲ့အတွက် မင်းရဲ့နာမည်ကို ခိုးပြီးစာရင်းပေးလိုက်မှာ အန်တီ ကြောက်တယ်.. အဲဒီလိုဆိုရင် မင်းမှာ အလုပ်ရှိနေရင်တောင် ဘာမှ ထူးမှာမဟုတ်ဘူး”
“မင်းသာ နှစ်သစ်မကူးခင် အိမ်ထောင်ပြုနိုင်ရင် သူ့ဘက်က စာရင်းပေးလည်း ကိစ္စမရှိတော့ဘူး.. ဟိုအမွှာတွေထဲကပဲ ကျေးလက်ဒေသကို သွားရတော့မှာ”
ဖန်ချင်းက လီရှန်း၏ ဆံပင်များကို သပ်တင်ပေးလိုက်ပြီး သူမ၏ မျက်နှာကို အသာကိုင်ကာ ပြောလိုက်၏။
“အန်တီ သိပါတယ်၊ မင်းက စိတ်ထားကောင်းတဲ့ကလေးပဲ.. ဒါပေမဲ့ ဒါက စိတ်ကောင်းထားရမယ့် အချိန်မဟုတ်ဘူး”
“အဲဒီအမွှာတွေက ဆယ်နှစ်ကျော်လောက် ကောင်းကောင်းနေခဲ့ရပြီးပြီ.. သူတို့ကို ကျေးလက်ဒေသကို ဆင်းခိုင်းပြီး ပညာပေးတာကိုခံယူပါစေဦး
တကယ်လို့ မင်း စိတ်မကောင်းဖြစ်နေရင်လည်း နောက်နှစ်နည်းနည်းလောက်ကြာမှ သူတို့ကို မြို့ပေါ်ကို ပြန်ခေါ်ဖို့ နည်းလမ်းရှာကြတာပေါ့ ဟုတ်ပြီလား”
ဖန်ချင်းအနေဖြင့် လီရှန်းက စိတ်မပြတ်နိုင်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ သို့သော် လီရှန်းအနေဖြင့် ထိုသို့သော အတွေးမျိုးမရှိပါချေ။
သူမအနေဖြင့် ထိုအမွှာများ ကျေးလက်ဒေသသို့ သွားရမည့် အချိန်ကိုပင် မစောင့်နိုင်တော့ပေ။
သူတို့အားလုံးမှာ လီဟုန်ကျွင်း၏ ကလေးများ ဖြစ်ပေ၏။
အဘယ်ကြောင့် သူမတစ်ယောက်တည်းကသာ ကျေးလက်ဒေသတွင် ဒုက္ခခံခဲ့ရမည်နည်း။
ယခုအချိန်က အမွှာများ၏ အလှည့်ပင်ဖြစ်သည်။
ထို့ကြောင့် သူမက နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“နားလည်ပါပြီ အန်တီ”
အိုးထဲမှစွပ်ပြုတ်များ ပူလာသောကြောင်း ဖန်ချင်းက သမက်လောင်းကို ဧည့်ခံရန်အတွက် စွပ်ပြုတ်နှစ်ခွက်ကို အမြန်ပင် ခပ်ယူသွားခဲ့လေသည်။
***