အမျိုးသမီးနှစ်ဦးလုံးက မီးဖိုချောင်ထဲသို့ ဝင်သွားကြသည့်အတွက် ဧည့်ခန်းအတွင်းရှိ လေထုက တင်းမာမှုများဖြင့် ကျန်ရစ်ခဲ့လေသည်။
စုဝေ့ချင်းတစ်ယောက် သူ၏ အနာဂတ် ယောက္ခမလောင်းကို စိတ်ကျေနပ်အောင် ပြုလုပ်လိုသော်လည်း ကျန်းကျူးရိဘက်မှ သူ့အား ဝေဖန်စမ်းစစ်သော အကြည့်များဖြင့်သာ စိုက်ကြည့်နေခဲ့သည်။
စုဝေ့ချင်းမှာ တစ်ယောက် ထိုအကြည့်များအောက်တွင် ရင်တထိတ်ထိတ်ဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရ၏။
“မင်း အခု ဘယ်မှာအလုပ်လုပ်နေတာလဲ”
ကျန်းကျူးရိက သူ၏စာကြည့်မျက်မှန်ကို ချွတ်လိုက်ပြီး စားပွဲပေါ်တွင်ရှိနေသော ပစ္စည်းများကို သပ်သပ်ရပ်ရပ် စီစပြီးနောက် စုဝေ့ချင်း၏ အခြေအနေကို စတင်မေးမြန်းလာခဲ့သည်။
စုဝေ့ချင်းသည်က ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်းကို လီရှန်းမှ ပြီးခဲ့သည့်အကြိမ်က ပြောဖူးထားသောကြောင့် သူ့အနေဖြင့် တစ်ဖက်လူ၏အကြောင်းကိုဘ ပိုမိုသိရှိချင်နေခဲ့သည်။
“ကျွန်တော်လည်း ဆေးဝါးစက်ရုံမှာပဲ အလုပ်လုပ်ပါတယ်၊ အခုတော့ အတွင်းရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေတာပါ”
စုဝေ့ချင်းက မာန်မာနထောင်လွှားခြင်းလည်းမရှိ၊ နှိမ့်ချလိုခြင်းလည်း မရှိဘဲ တည်ငြိမ်စွာဘပြောဆိုလိုက်သည်။
ကျန်းကျူးရိ၏ မျက်လုံးများထဲတွင် ကျေနပ်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ ဆေးဝါးစက်ရုံ၏ အတွင်းရေးမှူးရုံးဆိုသည်မှာ အဓိကကျသော ဌာနတစ်ခုဖြစ်ပြီး စက်ရုံ၏ မှတ်တမ်းပြုစုသူများပင် ဖြစ်သည်။
ထိုနေရာမှာ ကျန်းရှင်းမင်ကဲ့သို့ သာမန်စာရေးဝန်ထမ်းနှင့် မတူဘဲ အမှန်တကယ် လုပ်ပိုင်ခွင့်ရှိပြီး အခွင့်အာဏာရှိသော ဌာနတစ်ခု ဖြစ်ပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က နှစ်ကုန်အစည်းအဝေးအတွက် သူ ပြည်နယ်မြို့တော်သို့ သွားခဲ့ချိန်တွင် ဆေးဝါးစက်ရုံ၏ အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး စုန့်ကို စေလွှတ်ခဲ့ဖူးသည်။
အတွင်းရေးမှူးရုံးသို့ ဝင်နိုင်ရန်အတွက်ဆိုလျှင် အလွန်အမင်းအရည်အချင်းရှိရပေလိမ့်မည်။ သို့မဟုတ်ပါက စာပေအရေးအသား အလွန်ကောင်းမွန်ရန် လိုအပ်ပေသည်။
စုဝေ့ချင်းက မည်သည့်အချက်နှင့် ကိုက်ညီသည်ကို သူ သိချင်မိလေသည်။
နောက်တစ်စက္ကန့်တွင်ပင် စုဝေ့ချင်းက ဖွင့်ဟပြောဆိုလာခဲ့လေ၏။
“ကျွန်တော်က ကံကောင်းစွာနဲ့ သတင်းစာထဲမှာ ဆောင်းပါးနည်းနည်းလောက် ဖော်ပြခံခဲ့ရဖူးတယ်၊ ဒါကြောင့် စက်ရုံက ကျွန်တော့်ကို အတွင်းရေးမှူးရုံးမှာ ခန့်အပ်လိုက်တာပါ”
အိုး ဒီတော့ စာအရေးအသား ကောင်းလို့ကိုး။
ကျန်းကျူးရိက သူ၏ရှေ့မှ လူငယ်လေးကို ကြည့်လိုက်လျှင် ထိုလူငယ်မှ် လက်နှစ်ဖက်ကို ဒူးပေါ်တွင်တင်ကာ နောက်ကျောကို မတ်မတ်ထားပြီး လုံးဝမလှုပ်မယှက်ဘဲ ခိုင်မာစွာထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူသည်က စစ်တပ်မှ ထွက်လာသူနှင့်ပင် ဆင်တူနေသဖြင့် ကျန်းကျူးရိက မမေးဘဲ မနေနိုင်တော့ပေ။
“မင်း စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ဖူးသေးတာလား”
စုဝေ့ချင်း ခေါင်းခါပြလိုက်လေ၏။
“မထမ်းဆောင်ဖူးပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုကတော့ အခု ချုံကျိုးမှာ စစ်မှုထမ်းနေပါတယ်”
“ ချုံကျိုး ဟုတ်လား”
ကျန်းကျူးရိ စိတ်ဝင်စားသွားပြီး ကိုယ်ကိုအနည်းငယ်ပြင်ကာ ပို၍မတ်မတ် ထိုင်လိုက်သည်။
“နာမည်က ဘယ်သူလဲ၊ ရာထူးကရော ဘာလဲ”
“နာမည်က စုဝေ့ယန်ပါ၊ သူ့အကြောင်းကိုတော့ ကျွန်တော် သိပ်မသိဘူး၊ ကျွန်တော့်ရဲ့အစ်ကိုက စစ်တပ်ကိစ္စတွေကို သိပ်မပြောတတ်ဘူးလေ သူက တပ်ခွဲမှူး တစ်ယောက်ဆိုတာကိုပဲ သိထားပါတယ်”
သူ၏ ထိုင်ပုံထိုင်နည်း အလေ့အကျင့်မှာ အရာရာတွင် စနစ်တကျရှိလွန်းသော သူ၏ဒုတိယအစ်ကို ပြန်လာပြီးနောက် အတင်းအကျပ်လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ပေသည်။
အထူးသဖြင့် သူ၏ ဒုတိယမရီးဖြစ်သူ ကျန်းဝမ်ယွီသည်လည်း အေးတိအေးစက်နိုင်လွန်းသောသူ ဖြစ်သောကြောင့် သူတို့နှစ်ဦးအိမ်တွင် အတူရှိနေချိန်၌ လေထုမှာ ရပ်တန့်နေသကဲ့သို့ ခံစားရတတ်သည်။
သို့သော် ကံကောင်းစွာဖြင့်... သူ၏ဒုတိယမရီးက ရုတ်တရက် စိတ်ပြောင်းသွားလဲ့ပြီး စစ်တပ်သို့ လိုက်သွားခဲ့သည်။
သို့မဟုတ်လျှင် သူတို့လက်ထပ်ပြီးနောက် သူ၏ဇနီးနှင့် ဒုတိယမရီးတို့ အဆင်မပြေဖြစ်မည်ကိုပင် သူ အမှန်တကယ် စိုးရိမ်နေမိရပေလိမ့်မည်။
“စုဝေ့ယန်...”
ကျန်းကျူးရိတစ်ယောက် စုဝေ့ချင်း၏အသက်ကို တွက်ချက်ကြည့်ပြီး စုဝေယန်သည်လည်း အသက်သိပ်မကြီးနိုင်သေးကြောင်း တွေးလိုက်မိလေ၏။
“မျိုးဆက်သစ်တွေက တကယ်ကို ချီးကျူးစရာကောင်းတာပဲ”
သူ၏ ဒုတိယညီဖြစ်သူ ကျန်းကျူးပင်းသည်က အသက်လေးဆယ်နီးပါးရှိမှသာ တပ်ရင်းမှူး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦးက တပ်ခွဲမှူးဖြစ်လာသည်ဆိုလျှင် မကြာမီ နောက်ထပ် စွမ်းဆောင်ရည် တချို့ပြသနိုင်ပါက တပ်ရင်းမှူးအဆင့် သို့မဟုတ် ထို့ထက်ပိုမြင့်သော ရာထူးကို တိုးနိုင်နိုင်ပေလိမ့်မည်။
ကျန်းကျူးရိက စုဝေ့ချင်းကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်ပြီးနောက် လွန်ခဲ့သော ရက်အနည်းငယ်က လီရှန်း ပြောပြခဲ့သော သူ၏ဖခင်မှာ ဒုတိယစက်ရုံညွှန်ကြားရေးမှူးဖြစ်သည်ဆိုသော စကားကို သတိရသွားပြီး အံ့အားသင့်သွားမိလေသည်။
သေချာပေ၏။ ဤလူငယ်လေးမှာ အလွန်ပင် ချမ်းသာသော မိသားစုမှ ဖြစ်ပေသည်။
သူတို့သည်က မူလက ပြည်နယ်မြို့တော်မှ ဖြစ်သော်လည်း အလုပ်ကြောင့် ပိုင်မားခရိုင်တွင် လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း ဆိုခဲ့ကြသည်။သူ၏ အိမ်ထောင်စုစာရင်းမှာလည်း ပြည်နယ်မြို့တော်၌သာ ရှိနေသေး၏။
ကျန်းကျူးရိက တာ့ချန်းမင် စီးကရက်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး ကိုယ်တိုင်တစ်လိပ် သောက်ကာ စုဝေ့ချင်းကိုလည်း တစ်လိပ် ကမ်းပေးလိုက်သည်။
“တောင်းပန်ပါတယ်.. ကျွန်တော် မသောက်တော့ပါဘူး.. ကျွန်တော်က ဆေးလိပ် မသောက်တတ်လို့ပါ”
စုဝေ့ချင်းက ငြင်းပယ်ရန်အတွက် လက်ကို အမြန်ပင်ဝှေ့ရမ်းလိုက်သည်။ သူ၏မိသားစုရှိ အမျိုးသား သုံးဦးလုံးမှ် ဆေးလိပ်အလွန်သောက်သူများ ဖြစ်ကြသော်လည်း သူတစ်ဦးတည်းကသာ ဆေးလိပ်မသောက်တတ်သူ ဖြစ်နေခဲ့သည်။
ကျန်းကျူးရိအနေဖြင့် စုဝေ့ချင်းမှ အမှန်တကယ်ပင် ဆေးလိပ် မသောက်တတ်သည်ကို မြင်လျှင် အတော်လေး ကျေနပ်သွားခဲ့လေသည်။
သူကိုယ်တိုင်က ဆေးလိပ်သောက်ရသည်ကို နှစ်သက်သော်လည်း တူမဖြစ်သူ၏ လက်တွဲဖော်က ဆေးလိပ်သောက်နေမည်ကိုတော့ မလိုလားပါချေ။
ဆေးလိပ်က ကျန်းမာရေးအတွက် မကောင်းလှပေ။ အလွန်အကျွံ သောက်ပါက အဆုတ်များပင် မည်းသွားနိုင်သည်ဟု သူ ကြားဖူးထားသည်။
သူ၏တူမဖြစ်သူ၏ ခင်ပွန်းလောင်းမှာ ကျန်းမာရေး မကောင်းသူ မဖြစ်သင့်။ မဟုတ်လျှင် တူမလေး၏ ဘဝက နောက်ပိုင်းတွင် ဆင်းရဲရပေလိမ့်မည်။
ထိုအချိန်တွင် ဖန်ချင်းနှင့် လီရှန်းတို့သည်လည်း စကားပြောပြီးနောက် ဝက်အဆုတ်စွပ်ပြုတ် တစ်ပန်းကန်စီဖြင့် ရောက်ရှိလာကြသည် ။
“စကားတွေ ရပ်လိုက်ကြဦး၊ စွပ်ပြုတ်လေးသောက်ပြီး ခန္ဓာကိုယ်ကို နွေးအောင်လုပ်ကြပါဦး”
လီရှန်းကလည်း နောက်ထပ် တစ်ပန်းကန်ကို ကိုင်ကာ အနောက်ဘက်မှ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည် ။
“ဒါက ကျွန်မ ကိုယ်တိုင်လုပ်ထားတာ.. ရဲဘော်စု.. များများသောက်ဦးနော်”
“ကျေးဇူးတင်ပါတယ်”
ဤစွပ်ပြုတ်က လီရှန်းကိုယ်တိုင် ချက်ပြုတ်ထားခြင်း ဖြစ်ကြောင်းကို ကြားလိုက်ရလတှင် စုဝေ့ချင်းလည်း ချက်ချင်းပင် စွပ်ပြုတ်ကို ယူကာ တစ်ငုံသောက်လိုက်သည်။
ထို့နောက် သူ၏ မျက်လုံးများ တောက်ပသွားပြီး လီရှန်းကို လက်မထောင်ပြလိုက်လေ၏။
“မင်းရဲ့ လက်ရာက အရမ်း ကောင်းတာပဲ”
လီရှန်းတစ်ယောက် သူ၏ ဟန်ဆောင်မှုကင်းသော အပြုအမူကြောင့် ပြုံးမိသွားရလေသည်။
ဧည့်ခန်းအတွင်းရှိ လေထုက ဤခဏ၌ အလွန်ပင်ကောင်းမွန်နေခဲ့လေ၏။
စွပ်ပြုတ်သောက်ပြီးနောက် အပြင်ဘက်တွင် မှောင်နေပြီဖြစ်ပေသည်။ သူတို့နှစ်ဦးလည်း အကြာကြီး မနေနိုင်ကြတော့ပေ။
ထို့ကြောင့် လီရှန်း ပြင်ဆင်ထားသော အိတ်များကို ယူဆောင်ကာ စက်ရုံဂိတ်ပေါက်ဆီသို့ ဦးတည်၍ထွက်ခွာလာခဲ့ကြသည်။
ကျန်းကျူးရိလည်း သူတို့ကို အိတ်အနည်းငယ်လောက် ကူညီသယ်ပေး၍ လိုက်ပို့ပေးခဲ့သည်။
ဖန်ချင်းက သူတို့ကို ပန်းသီးများ ပြန်ပေးချင်ခဲ့လေ၏။
“ဒါတွေကို ယူသွားပြီး စားလိုက်ကြလေ.. မင်းဦးလေးနဲ့ ငါက ဒါတွေကို မကြိုက်ဘူး၊ မင်းတို့ လူငယ်တွေပဲ ကောင်းကောင်းစားကြ”
“အန်တီ၊ ဒီပန်းသီးတွေကို ကျန်းချောင်ကိုပဲ စားဖို့ပေးလိုက်လေ၊ ပြီးတော့ ကျွန်မတို့ရဲ့ လက်တွေကိုလည်း ကြည့်ပါဦး၊ ပန်းသီးတွေကို ထပ်ပြီးသယ်နိုင်ပါဦးမလား”
လီရှန်းက အပြုံးတစ်ခုနှင့်ပြောကာ ဖန်ချင်း၏ ရင်ခွင်ထဲသို့ ပန်းသီးကို ပြန်ထည့်ပေးလိုက်သည်။
သူတို့၏လက်ထဲမှ အိတ်ကြီး အိတ်ငယ်များကို မြင်လျှင် ဖန်ချင်းလည်း လက်လျှော့လိုက်ရတော့သည်။
ဤသို့ဖြင့် သက်လတ်ပိုင်းဇနီးမောင်နှံက သူတို့ကို ဘတ်စ်ကားပေါ်သို့ ပို့ဆောင်ပေးခဲ့ပြီး ကားထွက်သွားသည်အထိ စောင့်ကြည့်ပြီးမှသာ အိမ်သို့ အတူပြန်လာခဲ့ကြသည်။
သူတို့ အိမ်တံခါးဝသို့ ရောက်သည်နှင့် အိမ်နီးချင်းတစ်ဦးက တံတိုင်းပေါ်မှ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည် ။
“သူတို့ကို သွားပို့ပေးလိုက်ပြီလား၊ ဒါနဲ့ လီရှန်းက ဆေးဝါးစက်ရုံမှာ အလုပ်သွားလုပ်မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဘာဖြစ်လို့ ယောကျ်ားလေးတစ်ယောက်ကို ခေါ်လာရတာလဲ၊ သူက နင်တို့ရဲ့ သမက်လောင်းလား”
“ အမှန်ပဲ”
ဖန်ချင်းအနေဖြင့် သူမ၏ အိမ်နီးချင်းများက သူမအား အရှက်ရစေလိုကြောင်းကို သိထားသည်။
သူမက အဘယ်ကြောင့် အရှက်ခွဲခံမည်နည်း။
သူမ၏ အသံဈ မြင့်တက်လာပြီး အလွန်အမင်း ပျော်ရွှင်နေသည့် လေသံဖြင့် ပြောလိုက်လေ၏။
“ငါ့ရဲ့ ရှန်းရှန်းက ငါတို့အတွက် ဘာပြဿနာမှ မပေးခဲ့ဘူး၊ သူမက ဆေးဝါးစက်ရုံကို အလုပ်ရရုံတင် မဟုတ်ဘူး၊ ပထမအဆင့်နဲ့တောင် အောင်မြင်ပြီး နည်းပညာဌာနလိုမျိုး အရမ်းကောင်းတဲ့ဌာနထဲကို တိုက်ရိုက်ဝင်ခွင့်ရသေးတယ်
နောက်ပြီး ပြည်နယ်မြို့တော်က ရည်းစားကိုတောင် ရခဲ့တာ! အဲဒီကောင်လေးက ပထမဆုံးအကြိမ် လာလည်တာကိုတောင် ကော်ကွမ်းပန်းသီးတွေ အိတ်ကြီးအပြည့်နဲ့ ယူလာခဲ့သေးတယ်လေ၊
ကော်ကွမ်း ပန်းသီးဆိုတာ သာမန်သမဝါယမဆိုင်တွေမှာတောင် ရှာရခက်တယ်ဆိုတာ နင်တို့ သိလောက်ပါတယ်”
သူမ၏ အော်ဟစ်သံကြောင့် တံတိုင်းပေါ်မှ အိမ်နီးချင်းသာမက အရှေ့အိမ်နှင့် အနောက်အိမ်ဘက်မှ အိမ်နီးချင်းများစွာကပါ ဖြစ်ပျက်နေသည်တို့ကို ကြည့်ရှာရန် ထွက်လာကြလေသည်။
လူအများအပြားထွက်လာကြသည်ကို မြင်လျှင် ဖန်ချင်းက ဟန်ဆောင်၍ သက်ပြင်းတစ်ချက်ချ၍ ထပ်ပြောလိုက်ပြန်သည် ။
“ဟင်း.. နင်တို့ ငါ့ကိုမေးရင်တော့ သားတွေက သမီးတွေလောက် စိတ်မချရဘူးလို့ပဲပြောချင်တယ်၊ သမီးဆိုတာက ပွဲလမ်းသဘင်ဆိုရင် မိဘတွေရဲ့အိမ်ကို လက်ဆောင်ပစ္စည်း အိတ်ကြီးအိတ်ငယ်တွေနဲ့ လာကြတာလေ၊
ငါတို့လို မိဘတွေကလည်း အများကြီး စားသောက်ရတယ်၊ သားတွေဆိုတာက ဘာများအသုံးကျလို့လဲ၊တစ်နေ့ကုန် စိတ်ပူနေရတယ်၊ အလုပ်အတွက် စာမေးပွဲတောင် မအောင်ကြဘူး၊ အသက်ကြီးတာတောင် မိဘတွေက ထောက်ပံ့နေရတုန်းပဲ၊
ဒါကြောင့် ငါလည်း ငါ့ရဲ့ အကြီးဆုံးနဲ့ ဒုတိယသားတွေကို ပညာတတ်လူငယ်တွေအဖြစ် ကျေးလက်ဒေသကို လွှတ်လိုက်တာ! ငါ့ရဲ့ မြင်ကွင်းကနေ မမြင်ချင်လို့ ဖယ်ရှားထားလိုက်တာလေ”
သူမက လက်ကို ဝှေ့ယမ်းလိုက်ပြီး အိတ်ထဲမှ ပန်းသီးအသေးနှစ်လုံးကို အမြန်ထုတ်လိုက်သည်။
“ကောင်းပြီ၊ လူတိုင်းပဲ ချက်ချင်း မသွားကြနဲ့ဦး၊ ငါ ဒီပန်းသီးတွေကို လှီးပေးမယ်၊ အားလုံးပဲ မြည်းကြည့်ကြဦး၊ ဒါတွေက နာမည်ကြီး ကော်ကွမ်းပန်းသီးတွေလေ”
“ကောင်းတာပေါ့ ငါတို့စောင့်နေမယ်!”
အလကားရမည့် အခွင့်အရေးကို မယူလျှင် အရူးတစ်ယောက်ဖြစ်နေလိမ့်မည်။
***