အိမ်နီးချင်းများက ဖန်ချင်း၏ စကားများကို စိတ်ထဲတွင် မထားကြပေ။
သူတို့အားလုံးတွင်လည်း သားနှင့်သမီးနှစ်မျိုးလုံး ရှိကြသူများဖြစ်သောကြောင့် သားကို ချီးမွမ်းသည်ဖြစ်စေ၊ သမီးကို ချီးမွမ်းသည်ဖြစ်စေ လက်ခံနိုင်ကြသည်။
သို့သော် သားငါးယောက်သာရှိပြီး သမီးတစ်ယောက်မှ မရှိသော အိမ်နီးချင်းတစ်ဦးကတော့ ဖန်ချင်းက သူမအား ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။
ခဏအကြာတွင် ဖန်ချင်းက ပန်းသီးတစ်စိတ်စီ တင်ထားသော ပန်းကန်ပြားဖြင့် ထွက်လာခဲ့လေသည်။
လူတိုင်းက မြည်းစမ်းကြည့်ချင်ရုံသာဖြစ်သောကြောင့် နည်းသည်ဟု မည်သူကမျှ မငြည်းညူကြပေ။
စားပြီးနောက်တွင်ပင် ဝိုင်းဝန်း ချီးမွမ်းကြလေသည်။
“ပြောရမယ်ဆိုရင် ဒီပန်းသီးလေးတွေက တကယ်ကို ချိုတာပဲ”
“တာ့ဖန်ကို ကျေးဇူးတင်ရမှာပဲ”
ချီးမွမ်းခြင်းခံရသောကြောင့် ဖန်ချင်းက ပို၍ပင် ကျေနပ်ဂုဏ်ယူလာခဲ့လေသည်။
တစ်ဖက်မှ အိမ်နီးချင်းဖြစ်သူက နှုတ်ခမ်းကိုမဲ့ပြီးပြောလာသည်။
“ငါ မြည်းတောင် မမြည်းရသေးဘူး၊ ကုန်သွားပြီလား၊ တာ့ဖန်... နင် ပိုပြီး ရက်ရက်ရောရောရှိသင့်တယ်၊ အိမ်နီးချင်းတွေကို အမြဲတမ်း အဲဒီလိုမျိုးတွန့်တိုမနေစမ်းပါနဲ့”
သူမက ယနေ့အတွက် ပန်းသီးနှင့် မနေ့က ဝက်အဆုတ်စွပ်ပြုတ်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ပေသည်။
ယနေ့တွင် ဖန်ချင်းက ဝက်အဆုတ်စွပ်ပြုတ်ကို ပြန်လည်အပူပေး၍ ချက်နေချိန်ကလည်း သူမ၏ မိသားစုမှာ အလွန်စားချင်ခဲ့ကြသည်။ သူတို့က အအောင့်အီးနိုင်တော့သည့်အတွက် စားသောက်ဆိုင်သို့ သွားကာ တစ်ယွမ်တန် ဝက်သားချက်ကို ဝယ်စားခဲ့ကြရသည်။
“နင်ပြောတာမှန်တယ်.. နင်တို့မိသားစုလည်း ဒီနေ့ ဝက်သားချက်ဝယ်စားကြတယ်မလား၊ ငါလည်း သွားပြီး တစ်တုံးလောက် မြည်းကြည့်ဦးမယ်”
ဖန်ချင်းက ပြောနေရင်းဖြင့် ထိုအိမ်နီးချင်း၏ အိမ်ဆီသို့ လျှောက်သွားရန် ပြင်လိုက်သည်။
အိမ်နီးချင်းက ချက်ချင်းပင် လန့်သွားပြီး အိမ်ထဲသို့ အမြန်ပြေးဝင်သွားလေသည်။ တံခါးကြားမှ သူမ၏ အသံကို ကြားနေရသေး၏ ။
“ဒီတာ့ဖန်ကတော့ တကယ်ပါပဲ၊ စနောက်တာတောင် လက်မခံဘူး”
ဖန်ချင်း နှာခေါင်းရှုံ့လိုက်သည်။
ဘယ်သူက စနောက်တာကိုတောင် မခံနိုင်တာလဲဆိုတာ မသိတော့ဘူး။
*
တစ်ဖက်တွင်တော့ လီရှန်းနှင့် စုဝေ့ချင်းတို့ ဆေးဝါးစက်ရုံသို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့တွင် ခရီးဆောင်ပစ္စည်းများစွာပါရှိသော်လည်း နှစ်ယောက်လုံးက အလုပ်လုပ်နိုင်သူများဖြစ်ကြလေ၏။
သူတို့က ပစ္စည်းများကို ခွဲဝေယူဆောင်ကာ တစ်ဦး၏နောက်မှတစ်ဦး လျှောက်လှမ်းရင်း အမျိုးသမီး ဝန်ထမ်းအိပ်ဆောင် အဆောက်အအုံဆီသို့ သွားခဲ့ကြသည်။
ဤသည်မှာ လူလွတ် အမျိုးသမီးဝန်ထမ်းများအတွက် အိပ်ဆောင်ဖြစ်သောကြောင့် စုဝေ့ချင်းအနေဖြင့် ဝင်းတံခါးဝအထိသာ လိုက်ပို့နိုင်ပေသည်။ သူ့အနေဖြင့် အတွင်းဘက်သို့ ဝင်ခွင့်မရှိသဖြင့် အပြင်ဘက်တွင် ရပ်စောင့်နေခဲ့သည်။
“ကျွန်မ အထဲကို ဝင်ပြီး အကူအညီ ခေါ်လိုက်ဦးမယ်”
လီရှန်းက စုဝေ့ချင်းကို ပြုံးလျက် ပြောလိုက်သည်။
“သွားလေ”
စုဝေ့ချင်းက သူ၏ လပ်ထဲမှ အိတ်ကို ချလိုက်ပြီး ပြောလာခဲ့သည်။
“ကိုယ် ဒီပစ္စည်းတွေကို စောင့်ပေးထားမယ်”
သို့နှင့် လီရှန်းက အိပ်ဆောင်ထံသို့ ဝင်သွားခဲ့လေ၏။
မလှမ်းမကမ်းတွင် နည်းပညာဌာနမှ ဒါရိုက်တာဝမ်က ခါးကိုလက်တစ်ဖက်ဖြင့် ထောက်ကာ ဆေးလိပ်သောက်နေပြီး သူ၏ဘေးတွင်တော့ စက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး စုဝေ့မင် ရပ်နေခဲ့သည်။
ဒါရိုက်တာဝမ်က ဆေးလိပ်ကို တစ်ကြိမ်ရှိုက်လိုက်ပြီး စုဝေ့မင်၏ လက်မောင်းကို တံတောင်ဖြင့် တွန်းကာ ပြောလိုက်လေ၏။
“လောင်စုန့်.. အဲဒီ လူငယ်က မင်းတို့မိသား၀ုက ဝေ့ချင်း မဟုတ်ဘူးလား”
“အင်း...”
လူအများ၏ရှေ့တွင် အမြဲတစေ တည်ငြိမ်လေးနက်သောအမူအရာကို ထိန်းသိမ်းထားသည့် စုဝေ့မင်တစ်ယောက်သားဖြစ်သူကို မြင်လျှင် မျက်မှောင်ကြုတ်လိုက်မိသည် ။
“ဒီကောင်လေးက အမျိုးသမီး ဝန်ထမ်းအိပ်ဆောင်နားမှာ ဘာလို့ လျှောက်သွားနေတာလဲ၊ ဒါက တကယ်ကို မသင့်လျော်တာပဲ”
သူက ပြောနေရင်းဖြင့်ပင် စုဝေ့ချင်းကို သွားရောက်ဆွဲခေါ်ရန် ပြင်လိုက်သည်။
ဒါရိုက်တာဝမ်က သူ့ကို အမြန်တားလိုက်လေ၏။
“လောင်စု ၊မလောစမ်းပါနဲ့ ၊ ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ”
သူက အမျိုးသမီးအိပ်ဆောင်ဘက်ကို မေးငေါ့ပြလိုက်လေ၏။
“မင်းရဲ့ အငယ်ဆုံးသားက ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်အသစ် ရဲဘော်လီကို အဆောင်ကို လိုက်ပို့ပေးတာလေ”
ရဲဘော်လီ?
စုဝေမင်မှာ မျက်နှာသေဖြင့်ပင် ရှိနေသေးပြီး သူ၏ မျက်မှောင်မှာလည်း ကြုတ်ထားဆဲပင်ဖြစ်သည်။
“မင်းရဲ့ မိသားစုထဲမှာ မကြာခင် မင်္ဂလာသတင်း ရှိတော့မယ့်ပုံပဲ”
ဒါရိုက်တာဝမ်က ပြုံးလျက် ပြောလာခဲ့ပြန်သည် ။
“ဂုဏ်ယူပါတယ်ကွာ”
“ဒီကောင်လေးကတော့...”
စုဝေ့မင်၏ မျက်နှာမှာ ပို၍ပင်အုံ့မှိုင်းသွားခဲ့သည်။
“သူက ရည်းစားထားနေတာကို မိသားစုကိုတောင် မပြောဘူး”
ဒါရိုက်တာဝမ်တစ်ယောက် စုဝေ့မင်က အမှန်တကယ် စိတ်ဆိုးနေသည်ကို မြင်လျှင် အံ့အားသင့်သွားမိသည်။
စုဝေ့မင်က တကယ်ပဲ မသိထားသေးတာလား။
သို့သော် စုဝေ့မင်၏ စရိုက်အရဆိုလျှင် သူသည်က နေ့ဘက်တွင် အလုပ်လုပ်ပြီး ညဘက်တွင် အိမ်သို့ပြန်ကာ သတင်းစာဖတ်၊ ရေဒီယိုနားထောင်ရင်း ငြီးငွေ့စရာကောင်းသော ဘဝကို ဖြတ်သန်းသူဖြစ်ပုံရပေ၏။သူက မည်သူနှင့်မျှ ရင်းနှီးစွာ ဆက်ဆံနေမည်ပုံမပေါ်ပေ။
ထို့ကြောင့် သူ မသိခြင်းမှာ ပုံမှန်ပင် ဖြစ်ပေလိမ့်မည်။
“ငါ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကောလာဟလတွေ ကြားခားသေးတယ်၊ မင်းရဲ့ ဝေ့ချင်းက ဘူတာရုံမှာ အမျိုးသမီးတစ်ယောက်နဲ့ အကြာကြီး စကားပြောနေတာတဲ့၊
သူတို့က ရယ်ရယ်မောမောနဲ့ စကားပြောနေကွတာဆိုတော့ သေချာပေါက် တွဲနေကြတာပဲဖြစ်လိမ့်မယ်”
ဒါရိုက်တာဝမ်က ဆေးလိပ်ကို နောက်တစ်ခေါက်ရှိုက်လိုက်ပြီးနောက် စနောက်လိုစွာ ပြောလိုက်သည်။
“မင်းလို လူအိုကြီးက အမြဲတမ်း ဒီလိုမျိုးကြောက်စရာကောင်းတဲ့ မျက်နှာနဲ့နေလို့ ဝေ့ချင်းက သူ့ရည်းစားကို အိမ်ကို မခေါ်လာရဲတာ ဖြစ်မှာပေါ့”
စုဝေ့မင်ကဒေါသထွက်နေသကဲ့သို့ အသံတစ်ချက်သာ ပြုလိုက်လေသည်။
တကယ်တမ်းတွင် သူ့အနေဖြင့် အလွန်ပင် အံ့အားသင့်နေခဲ့ပြီး သူ၏ အေးစက်သော ပုံရိပ်ကလည်း ပျက်စီးလုနီးပါးပင် ဖြစ်နေခဲ့သည်။
ထိုနေ့က သူနှင့် လော်ယွီရှို့တို့မှ သားဖြစ်သူတို့လူငယ်စုံတွဲကို ချောင်းမြောင်းကြည့်နေသည်ကို တစ်စုံတစ်ယောက် မြင်သွားမည်လားဟု စိတ်ပူနေမိခဲ့သည်။
ထိုအချိန်တွင်သာ မြင်သွားပါက သူ၏ ဂုဏ်သိက္ခာက ပျက်စီးသွားပေလိမ့်မည်။
ဤသို့ တွေးမိပြီးနောက် စုဝေ့မင်တစ်ယောက် အမှန်တကယ်ပင် ဒေါသထွက်လာခဲ့ရလေ၏။
“ဒါပေမဲ့ ဒီရဲဘော်လီက တကယ်ကို မဆိုးလှဘူး၊ လောင်လျို့တောင် ဒီနေ့ သူ့ကို ချီးမွမ်းနေသေးတယ်၊ မင်းရဲ့ ဝေ့ချင်းက အမြင်ရှိသားပဲ၊ သူက အလုပ်ဝင်တာ တစ်ရက်ပဲ ရှိသေးတယ်၊ ငါတို့ ဌာနက အလှဆုံး မိန်းကလေးကို သူက သိမ်းပိုက်သွားပြီ”
ဒါရိုက်တာဝမ်က နှမြောနေသကဲ့သို့အမူအရာဖြင့် ခေါင်းခါလိုက်သည် ။
“ငါတို့ ဌာနက ထူးချွန်တဲ့ကောင်စုတ်လေးတွေကတော့ ကံမကောင်းကြဘူးပဲ၊ ငါလည်း ဒါရိုက်တာတစ်ယောက်အနေနဲ့ ခေါင်းကိုက်နေရပြီ”
အတန်ကြာအောင် ဝေခွဲမရဖြစ်နေပြီးနောက် စုဝေ့မင်တစ်ယောက် နောက်ဆုံးတွင် ပြောလိုက်နိုင်ခဲ့သည်။
“ဒီတစ်ကြိမ်မှာ ငါတို့က အမျိုးသမီးဝန်ထမ်းကို တစ်ယောက်တည်းပဲခန့်ထားတာမှ မဟုတ်တာ”
အလုပ်ရုံထဲမှာတောင် အမျိုးသမီးသုံ့ယောက် ရှိနေတယ်လေ!
ဘာလို့ သူရဲ့ အနာဂတ် ချွေးမလောင်းကိုပဲ ဝိုင်းကြည့်နေကြတာလဲ။
“ဒါလည်း ဟုတ်တာပဲ၊ ဒီတစ်ပတ်ပိတ်ရက်ကျရင် စက်ရုံထဲမှာ ကပွဲတစ်ခုလောက် ကျင်းပကြရအောင်၊ သူတို့တွေလည်း တစ်ယောက်နဲ့တစ်ယောက် ပိုသိသွားကြတာပေါ့”
ဒါရိုက်တာဝမ်က သူ၏ အဓိက ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။
သေချာပေ၏။ တာယ်တမ်းတွင် သူကသာ ပျော်ပျော်နေတတ်သူဖြစ်ပြီး ကပွဲတစ်ခုကိုကျင်းပချင်နေခြင်းဖြစ်သည်။
အခုအချိန်မှာ ဖျော်ဖြေရေး အများအပြားကို ပိတ်ပင်ထားခဲ့သည်။ ပြဇာတ်ကြည့်စရာမရှိ၊ ဝတ္ထုဖတ်စရာလည်းမရှိ၊ ရုပ်ရှင်ဆိုသည်ကလည်း တိုက်ဆိုင်မှသာ ကြည့်ခွင့်ရသည်။
ဘဝက အလွန်ပင် ငြီးငွေ့စရာ ကောင်းလှသောကြောင့် ကိုယ်ပိုင်နည်းလမ်းဖြင့် ပျော်စရာကို ရှာကြရပေမည်။
“မင်း သဘောပဲ၊ ဒီကိစ္စအတွက် မင်းကိုယ်တိုင် စီစဉ်လိုက်၊ ငါက စာရွက်စာတမ်းမှာ လက်မှတ်ပဲ ထိုးပေးမှာ၊ တခြားကိစ္စတွေမှာတော့ ဝင်မပါဘူး”
စုဝေ့မင်က ဒါရိုက်တာဝမ်၏ အဆိုပြုချက်ကို ခေါင်းညိတ် သဘောတူလိုက်ရုံသာ တတ်နိုင်ခဲ့ပေသည်။
ဒါရိုက်တာဝမ်လည်း သူလိုချင်သည့်အရာကိုရရှိပြီးနောက် သီချင်းတညည်းညည်းနှင့် စိတ်ကျေနပ်စွာ ထွက်သွားခဲ့လေသည်။
စုဝေ့ချင်းကို အကြောင်းပြချက်အဖြစ် သုံးလိုက်သည်မှာ အမှန်ပင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
ယခင်ကလည်း သူ့အနေဖြင့် ကပွဲကျင်းပရန် အကြိမ်ကြိမ် လျှောက်ထားခဲ့သော်လည်း မအောင်မြင်ခဲ့ပါချေ။ ယခုမှသာ ခွင့်ပြုချက်ကိုရခဲ့ခြင်း ဖြစ်ပေ၏။
လက်ရှိတွင် သူ့အနေဖြင့် ထောက်ပံ့ရေးဌာနနှင့် စကားပြောရန် လိုအပ်သေးသည်။ ခန်းမကြီးကို ငှားရမ်းပြီး ကပွဲလုပ်နိုင်ပါက ပို၍ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
စုဝေ့မင်က ထိုနေရာတွင် ခဏမျှ ရပ်နေပြီးနောက် မျက်မှောင်ကြုတ်ကာ လေးနက်၍ အေးစက်သော မျက်နှာအမူအရာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ထဲသို့ရောက်သည်နှင့် သူက လော်ယွီရှို့ကို အမြန်ပင်ရှာဖွေလိုက်လေသည်။
သူ၏ ရင်ထဲတွင် ဖိနှိပ်ထားသော ခံစားချက်များကို နောက်ဆုံးတွင်တော့ ဖွင့်ထုတ်လိုက်နိုင်ပေပြီ။
“ရဲဘော် လော်ယွီရှို့၊ မင်းရဲ့ အငယ်ဆုံးသားကတော့ အတော်လေးကို စွမ်းဆောင်နေပြီ၊ ငါတို့ မကြာခင်မှာ နောက်ထပ် မင်္ဂလာဆောင်တစ်ခု လုပ်ရတော့မယ် ထင်တယ်၊
ဒီကောင်လေးက အမျိုးသမီး အိပ်ဆောင်အထိတောင် လိုက်သွားသေးတယ်၊ အခုလည်း သူက ဟိုမိန်းကလေးအတွက် ပစ္စည်းတွေ ကူသယ်ပေးနေတယ်”
ထိုသို့ ပြောပြီးနောက် သူက မနာလိုသလို လေသံဖြင့် ဆက်ပြောလိုက်လေ။
“ဒီကောင်စုတ်လေး သူရဲ့တစ်သက်မှာ အခုလိုမျိုး ကြိုးစားပမ်းစား လုပ်တာကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ဒါက တကယ်ကို ရှားပါးတဲ့မြင်ကွင်းပဲ”
လော်ယွီရှို့သည်ကား အကောင်းဆုံး အတင်းပြောဖော်ပြောဖက်ဟု အမှန်ပင် ခေါ်ဆိုထိုက်ပေသည်။
စုဝေ့မင်ဘက်မှ ထိုသို့ပြောလိုက်သည်နှင့် သူမ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားခဲ့သည် ။
“တကယ်လား၊ ကျွန်မတို့ရဲ့ ဝေ့ချင်းက တကယ်ကြီးပြင်းလာပြီပဲ၊ သူက မိန်းကလေးကို လိုက်နေတဲ့ အချိန်မှာတောင် အိမ်မှုကိစ္စတွေကို ဘယ်လိုကူညီပေးရမယ်ဆိုတာ သိနေပြီ”
***