လော်ယွီရှို့တစ်ယောက် သားငယ်ဖြစ်သူ၏သတင်းကိုကြားပြီးနောက် သူမ၏ လက်နှစ်ဖက်ကို အလိုအလျောက် ပွတ်သပ်လိုက်မိပြီးနောက် စုဝေ့ချင်း၏ အခန်းတံခါးဆီသို့ အမြန်သွားကာ တွန်းဖွင့်ပြီး အထဲသို့ ချောင်းကြည့်လိုက်သည် ။
“လောင်စု.. လာကြည့်စမ်းပါဦး၊ ဝေ့ချင်းရဲ့ အခန်းက အရမ်းမသေးလွန်းနေဘူးလား၊ သူ့ရဲ့အခန်းနဲ့ ဒုတိယသားရဲ့ အခန်းကြားကကာထားတဲ့ အကန့်ကို ဖြိုလိုက်ပြီး အခန်းနှစ်ခန်းကို တစ်ခန်းတည်းဖြစ်အောင် ပေါင်းလိုက်ရင် မကောင်းဘူးလား၊
ပြီးတော့ ဒါကို သေသေချာချာ ပြင်ဆင်ပြီး ဝေ့ချင်းအတွက် အခန်းသစ် လုပ်ပေးရအောင်”
“ဒါက မကောင်းလောက်ဘူးမလား၊ အဲဒါကို ဖြိုလိုက်ရင် ဝေ့ယန်နဲ့ သူ့ရဲ့ဇနီး ပြန်လာတဲ့အချိန် ဘယ်မှာ နေကြမှာလဲ”
“သူတို့ကို ဖုန်းဆက်ပြီး မေးကြည့်လိုက်ကြတာပေါ့၊ သူတို့ ဇနီးမောင်နှံက ကျွန်းကို သွားကြတာဆိိုတော့ နောက်ထပ်နှစ်အတော်ကြာမှ ပြန်လာကြမှာ၊ ဒီအခန်းက ကြားထဲမှာ အလကားဖြစ်မနေဘူးလား”
လော်ယွီရှို့သည်ကား ဝေးလံသော ချုံကျိုးတွင်ရှိနေသည့် ဒုတိယသားကို ဂရုမစိုက်နိုင်တော့ပေ။
ယခုအချိန်တွင် သူမ၏ စိတ်နှလုံးထဲတွင် အငယ်ဆုံးသားအတွက်သာ ရှိနေတော့သည်။
နောက်ဆုံးတွင်တော့ စုဝေ့ချင်းက ပြန်ရောက်လာပြီး သူတို့ကိုအလျှင်အမြန် တားဆီးလိုက်ရသည်။
“ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်အခန်းမှာပဲ နေချင်တာ၊ ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုနဲ့ မရီးရဲ့ အခန်းကို မလိုချင်ဘူး”
စုဝေ့ချင်းအနေဖြင့် မိသားစုအတွင်း ပဋိပက္ခများ မဖြစ်စေလိုပေ။
ထို့အပြင် ထိုဇနီးမောင်နှံမှာ အလွန်စကားနည်းပြီး တိတ်ဆိတ်လွန်းသူများ ဖြစ်ပေ၏။ သူ့အနေဖြင့် ရဲဘော်လီရှန်းနှင့် အတူရှိချိန်တွင် ထိုကဲ့သို့ မဖြစ်လိုပေ။
“ကျွန်တော်တို့ နှစ်ယောက်လုံးက ဆေးဝါးစက်ရုံက ဝန်ထမ်းတွေပဲလေ၊ ကျွန်တော်တို့သာ အလုပ်ကို ကောင်းကောင်းလုပ်ရင် နောက်ပိုင်းမှာ ကိုယ်ပိုင်ဝန်ထမ်းအိမ်ရာ ရနိုင်လိမ့်မယ်..
အဲဒီကျရင် အစ်ကိုကြီးတို့ ဇနီးမောင်နှံလိုမျိုး အပြင်ဘက်မှာ ခွဲနေလို့ ရတာပဲ၊ မဟုတ်ရင် ဒုတိယအစ်ကို ပြန်လာတဲ့အချိန် နေစရာ မရှိတော့ဘူးဆိုရင် ဒုတိယအစ်ကိုက ဘယ်လောက်တောင် ဝမ်းနည်းသွားမလဲ”
စုဝေ့ချင်း၏ စကားတို့က စုဝေ့မင်၏ စိတ်ကို ထိမှန်သွားစေသည်။
လော်ယွီရှို့သည်လည်း တွန့်ဆုတ်သွားခဲ့လေသည်။
သူမအနေဖြင့် မည်သည့်အချိန်တွင်မျှ ခံစားချက်ကို မပြတတ်သော သူမ၏ဒုတိယသားဖြစ်သူ ဝမ်းနည်းနေချိန်တွင် မည်သို့သော အမူအရာမျိုးရှိနေမည်ကိုတော့ သိချင်နေမိသည်။
“ဒါဆို မင်းတို့နှစ်ယောက်က တရားဝင် တွဲနေကြပြီလား”
စုဝေ့မင်က အဓိကအချက်ကို မေးမြန်းလိုက်သည်။
စုဝေ့ချင်း ခဏမျှကြောင်အ,သွားပြီးနောက် ရှုပ်ထွေးစွာ ပြောလာခဲ့သည်။
“ကျွန်တော် ဒီနေ့ သူမနဲ့အတူ သူမရဲ့ ဦးလေးနဲ့ အန်တီကို သွားတွေ့ခဲ့တယ်၊ ဒါပေမဲ့... ကျွန်တော်တို့က ရည်းစားတွေ ဟုတ်၊မဟုတ်ဆိုတာတော့ မသိသေးဘူး”
“ဒါဆိုရင်တော့ သေချာပေါက် အဆင်ပြေမှာပါ”
လော်ယွီရှို့က လက်ခုပ်တီးလိုက်ကာ ဝမ်းသာပျော်ရွှင်စွာပြောလာခဲ့သည်။
“မင်းက သူ့ဘက်က လူကြီးတွေကိုတောင် တွေ့ပြီးပြီဆိုမှတော့ တစ်ချိန်လောက် သူတို့ကိုလည်း ဒီကို ဖိတ်ပြီး အလည်ခေါ်လိုက်ဦး၊ နှစ်ဖက်လုံးက ကျေနပ်တယ်ဆိုရင် အမြန်ဆုံး လက်ထပ်လိုက်ကြ၊
အရင်ဆုံး အိမ်ထောင်ပြုရမယ်၊ ပြီးမှ အလုပ်ကို အာရုံစိုက်ကြပေါ့၊ လက်ထပ်ပြီးသွားရင် မင်းတို့ နှစ်ယောက်စလုံး အလုပ်မှာပဲ အာရုံစိုက်လို့ ရသွားပြီလေ”
စုဝေ့ချင်း : “...”
အဲဒီလိုမျိုးကြီး တွက်လို့ရလို့လား။
ရဲဘော် လော်ယွီရှို့က လုပ်ရပ်များမှတစ်ဆင့် သူမအနေဖြင့် မည်သို့လုပ်ဆောင်နိုင်သည်ကို သက်သေပြခဲ့လေပြီ။
*
နောက်တစ်နေ့မနက်တွင် လီရှန်းတစ်ယောက် အိပ်ချင်မူးတူးဖြစ်နေဆဲအချိန်၌ သူမ၏အိမ်တွင်သာ အိပ်ပျော်နေသည်ဟု တွေးနေမိလေ၏။
သူမက တစ်ဖက်သို့ လှည့်လိုက်ချိန်တွင် ခုတင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သော်လည်း ကံကောင်းထောက်မစွာပင် ကုတင်ဘေးဘောင်က သူမကို တားဆီးပေးလိုက်နိုင်ခဲ့သည်။
သို့သော်လည်း ထိုအဖြစ်အပျက်ကြောင့် သူမ လန့်နိုးသွားကာ မတ်မတ်ထိုင်လိုက်မိလေ၏။
“ဘာဖြစ်တာလဲ”
မျက်နှာချင်းဆိုင်ခုတင်ပေါ်မှ လီလင်းသည်လည်း သူမ၏အသံကြောင့် လန့်သွားကာ ထထိုင်လိုက်သည်။ သို့သော်လည်း သူမကတော့ အိပ်ချင်မူးတူး ဖြစ်မနေပေ။
လီရှန်းက ခေါင်းကို အသာကုတ်ခြစ်ရင်း ပြောလိုက်သည်။
“ငါ အိပ်ချင်မူးတူးနဲ့ အိမ်မှာပဲ ရှိနေသေးတယ်လို့ ထင်နေတာ၊ ဒါကြောင့် သတိလက်လွတ်နဲ့ တစ်ဖက်လှည့်လိုက်ပြီး အပေါ်က ပြုတ်ကျတော့မလို့ဖြစ်သွားတယ်”
“နင် ကျောင်းက ပြန်သွားတာ ဘယ်နှရက်မှ မရှိသေးဘူး၊ မာကျောတဲ့ခုတင်ပေါ်မှာ အိပ်ရတဲ့ အရသာကိုတောင် မေ့သွားပြီလား”
လီလင်းက ပြောစရာစကားဆွံ့အစွာ ပြောလိုက်မိ၏။ လီရှန်း၏ အိမ်က ခုတင်က မည်မျှပင်ကြီးမားနေသည်ကို သူမ အမှန်ပင် မတွေးနိုင်တော့ပေ။
ပြုတ်ကျမည်ကိုပင် ကြောက်စရာမလိုဘဲ စိတ်လွတ်ကိုယ်လွတ် လှည့်ပတ်အိပ်နိုင်သည်ဆိုလျှင် အလွန်ကျယ်ဝန်းနေလိမ့်မည် မဟုတ်ပါလား။
လီရှန်းသည်လည်း ‘ချွေတာခြင်းမှ ဖြုန်းတီးခြင်းသို့ ကူးပြောင်းရန် လွယ်ကူသော်လည်း ဖြုန်းတီးခြင်းမှ ချွေတာခြင်းသို့ ပြန်လှည့်ရန် ခက်ခဲသည်’ ဟူသော အချက်ကို လက်ခံမိသော်လည်း ဇွတ်အတင်းငြင်းဆိုလိုက်သည်။
“ဒါက ငါတို့ အဆောင်က ခုတင်တွေက အိပ်လို့ကောင်းတယ်ဆိုတာကို သက်သေပြနေတာပဲ မဟုတ်ဘူးလား”
“ရှောင်လီ ပြောတာ အမှန်ပဲ”
ဖန်းကွမ်းရှင်းက ကုတင်ပေါ်မှ ဆင်းကာ ခေါင်းဘီးကိုယူ၍ ဆံပင်ဖြီးရန်ပြင်ဆင်လိုက်လေသည်။
သူမ၏ အနီရောင်ကိုင်းပါသော မျက်မှန်ကို လီရှန်း၏ ခုတင်ဘေးတွင်တင်ထားလိုက်ပြီး သူမ၏ မျက်နှာကို ကောင်းစွာ ရောင်ပြန်ဟပ်နေကာ မျက်နှာကိုမြင်တွေ့နိုင်အောင် ပြုလုပ်လိုက်လေ၏။ သူမအနေဖြင့် အောက်ဘက်ကို ငုံ့ကြည့်ရန် မလိုတော့သည့်အတွက် အဆင်ပြေနေခဲ့သည်။
“ငါတို့ အဆောင်က သေးငယ်ပေမဲ့ အတော်လေး နွေးထွေးပါတယ်”
စောင်ကိုခေါက်နေသော ကျန်းရှို့ယင်းကလည်း ဝင်ပြောလေ၏။
“ဒါက ငါတို့အားလုံး အိပ်စက်တဲ့အလေ့အထ ကောင်းလို့လည်း ပါတာပေါ့၊ အခန်း (၂၀၃) က လီဟုန်လီဆိုရင် ညဘက်တွေမှာ သွားကြိတ်တတ်တယ်၊ (၂၀၉) က ရှုသာ့ဖုန်းဆိုရင်လည်း ဟောက်တတ်သေးတယ်၊ ငါတို့သာ အဲဒီလို အခန်းဖော်မျိုးတွေနဲ့ ဆုံရင်တော့ တကယ်ကို ဒုက္ခရောက်မှာပဲ”
လီရှန်း: “...”
လီရှန်း ပါးစပ်ကိုသာ ပိတ်ထားလိုက်လေ၏။
သူမက စကားတစ်ခွန်းတည်းဖြင့် လူနှစ်ယောက်၏ လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်ခြင်းပင်ဖြစ်ပေသည်။
ကျန်းရှို့ယင်းအနေဖြင့် သူမပြုမူလိုက်သော အပြုအမူတို့က မသင့်တော်ကြောင်းကို သတိပြုမိခြင်း ရှိ၊ မရှိကိုတော့ သူမ မသိပါချေ။
လီရှန်းက မျက်နှာချင်းဆိုင်ရှိ လီလင်းကို လှမ်းကြည့်လိုက်လျှင် သူမသည်လည်း စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
လီရှန်း၏ အကြည့်ကို သတိပြုမိသွားလျှင် လီလင်းက သူမကို ပြုံးပြလာခဲ့သည်။ ဤသည်မှာ လီရှန်း ပေးထားခဲ့သော သတိပေးချက်ကို မှတ်မိနေသေးကြောင်း အချက်ပြလိုက်ခြင်းသာဖြစ်ပေ၏။
ဖန်းကွမ်းရှင်းသည်ကား ကျန်းရှို့ယင်း၏ ပြောပုံဆိုပုံကို ကျင့်သားရနေပြီ ဖြစ်သောကြောင့် သူမကို ဂရုမစိုက်ရန် ဆုံးဖြတ်လိုက်ဟန်တူ၏။
“ဒီနေ့ ကန်တင်းမှာ မနက်စာ ဘာကျွေးမလဲ မသိဘူး၊ ကန်စွန်းဥပေါင်းတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမယ်၊ ဒါကိုပဲ နေ့တိုင်းစားနေရတော့ မနေ့ဘက် အလုပ်သွားတော့ လေချဉ်တွေတောင် တက်လာတယ်”
“ကန်စွန်းဥပဲဖြစ်ဖို့ များလောက်တယ်”
ကျန်းရှို့ယင်းသည်လည်း ကန်စွန်းဥကို မစားချင်တော့ပေ။ သူမက စောင်ခေါက်ရန်ပင် အင်အားမရှိတော့သကဲ့သို့ သက်ပြင်းချလိုက်၏။
“မနေ့က ငါ မီးဖိုချောင်ထဲကို သွားကြည့်တော့ ကန်စွန်းဥတွေအပုံလိုက်ကြီး ရှိနေသေးတာ၊ ဒီကန်စွန်းဥတွေက အကြာကြီး အထားမခံဘူးလေ၊ အဲဒါကြောင့် နေ့တိုင်း စားနေရတာပဲ”
ထိုစကားကို ကြားလိုက်ရလျှင် လီရှန်းတစ်ယောက် ကန်စွန်းဥ တစ်ခုမျှ မစားရသေးသော်လည်း စိတ်ပျက်သကဲ့သို့ ခံစားလာရလေ၏။
အဆောင်တွင် လုပ်စရာ အလုပ်အများကြီး မရှိသကဲ့သို့ လီရှန်းတွင်လည်း ပစ္စည်းအများအပြား မရှိလှပေ။
သို့နှင့် သူတို့ လေးယောက် အတူတကွ လုပ်ဆောင်လိုက်ရဘဲ ဆယ်မိနစ်ပင် မပြည့်မီ အရာအားလုံး ပြီးစီးသွားလေ၏။ ဖန်းကွမ်းရှင်းက စနောက်ကာ ပြောလိုက်သည်။
“အခုတော့ ငါတို့ အဆောင်က လူစုံသွားပြီဆိုတော့ တာဝန်ကျစာရင်းကို ချမှတ်လို့ ရပြီပေါ့”
“စာရင်းတွေ ဘာတွေ လုပ်နေစရာ လိုလို့လား၊ တစ်နေ့ တစ်ယောက် အလှည့်ကျ လုပ်ကြတာပေါ့၊ ငါက အစီအစဉ်အရ ပထမဆုံးဆိုတော့ ဒီနေ့က ငါ့အလှည့်ပဲ”
ကျန်းရှို့ယင်းက သူမကို နောက်ဆုံးတွင်ထားမည်ကို စိုးရိမ်သကဲ့သို့ အလျှင်အမြန် ပြောလိုက်လေ၏။
လီလင်းက ဂရုမစိုက်သည့် အမူအရာဖြင့်ဆိုလာသည်။
“ဒါဆို မနက်ဖြန် ကျွန်မအလှည့်ပေါ့”
ဖန်းကွမ်းရှင်းက သဘက်ခါအချိန်ကို ရွေးချယ်လိုက်သောကြောင့် လီရှန်းကမူ သဘာဝကျစွာပင် စတုတ္ထမြောက် ဖြစ်သွားလေတော့၏။
“ဒါပေမဲ့ ကြိုပြောထားရဦးမယ်၊ ကျွန်မက တစ်ခါတလေ အိမ်မှာ တစ်ညတလေ ပြန်အိပ်ရတတ်လို့၊ အဲဒီလိုအချိန်တွေက ကျွန်မရဲ့အလှည့်နဲ့ တိုးနေရင် အားတဲ့သူက ကူလုပ်ပေးပါဦး၊ ကျွန်မပြန်လာရင်တော့ အဲဒီအလှည့်ကို ပြန်ယူပေးပါ့မယ်”
“အဲဒီအချိန်ကျမှ အားတဲ့သူက ကူလုပ်ပေးလိုက်တာပေါ့ အဆင်ပြေပါတယ်”
ဖန်းကွမ်းရှင်းအနေဖြင့် လီရှန်း၏ ပွင့်လင်းသော စရိုက်ကို သဘောကျမိသည်။
ယခုတစ်ခေါက် အဆောင်သို့ ရောက်လာသော မိန်းကလေးနှစ်ယောက်မှာ အတော်လေး ကောင်းမွန်ပုံရသည်ဟု သူမတွေးမိ၏။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် အနည်းဆုံးတော့ သူတို့က နှုတ်လုံကြပေသည်။
ကျန်းရှို့ယင်းကို စကားတစ်ခွန်းမျှပင် အပိုမပြောကြသည်ကို သူမ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
“ကျေးဇူးတင်ပါတယ်”
ကျန်းရှို့ယင်းက ပြန်မပြောသော်လည်း လီရှန်းက ဂရုမစိုက်ပေ။
မည်သို့ပင်ဆိုစေကာမူ သူမက ကြိုတင်ပြောပြထားခဲ့ပြီး ဖြစ်၏။
ကျန်းရှို့ယင်းက သူမ တာဝန်ပျက်ကွက်ကြောင်း လိုက်လံပြောဆိုလာမည်ကို သူမ မလိုလားပေ။
သူမ၏ စိတ်နေစိတ်ထားမှာ ယခင်ကကဲ့သို့ မဟုတ်တော့သကဲ့သို့ ဒေါသကို မြိုသိပ်ထားမည့်သူမျိုးလည်း မဟုတ်တော့ပါချေ။
စာရေးသူမှာပြောစရာရှိပါတယ် :
သက်ကြီးရွယ်အို ဇနီးမောင်နှံတွေဖြစ်တဲ့ စုဝေ့မင်နှင့် လော်ယွီရှို့တို့က အတင်းအဖျင်းပြောရတာကို ဝါသနာပါတဲ့ သူငယ်ချင်းကောင်းတွေပဲ!
ရဲဘော်စုဝေ့မင်မှာ တခြားနည်းလမ်းမျိုးတွေနဲ့ အပန်းဖြေမှုမျိုး မရှိဘူး။
သူရဲ့ စိတ်ဓာတ်ခွန်အားအတွက် အာဟာရအားလုံးက ဇနီးဖြစ် လော်ယွီရှို့ဆီကနေ တစ်ဆင့်ကြားရတဲ့ အတင်းအဖျင်းစကားတွေပဲ ဖြစ်လိမ့်မယ်။ညအချိန်မတော် အိပ်မပျော်ဘဲ ခုတင်ပေါ်တွင် လဲလျောင်းနေတဲ့ အချိန်အတွင်းမှာလည်း သူတို့ဇနီးမောင်နှံနှစ်ယောက်က သဘောမကျတဲ့လူတွေကို အတူတကွ ဝေဖန်လေ့ရှိတယ်။
စိတ်လှုပ်ရှားမှု လွန်ကဲလာတဲ့ အချိန်မျိုးတွေမှာဆိုရင် မီးတွေကိုတောင် ပြန်ဖွင့်ပြီး ထထိုင်ရင်းနှင့် အတူတကွ ကျိန်ဆဲတတ်ကြသေးတယ်!
သနားစရာကောင်းတဲ့ လူပျိုကြီး ဒါရိုက်တာဝမ်တစ်ယောက်တည်းကပဲ ညဘက်တွေမှာ ဘယ်လိုဖျော်ဖြေမှုမျိုးမှ မရှိဘဲ အထီးကျန်ဆန်နေရတာပဲ။
***