အခန်းကို သန့်ရှင်းရေး လုပ်ပြီးနောက် သူတို့အားလုံး ကန်တင်းသို့ အတူသွားခဲ့ကြသော်လည်း ပေါင်းထားသော ကန်စွန်းဥများကိုသာ မြင်လိုက်ရသဖြင့် ချက်ချင်းပင် စိတ်ပျက်သွားကြရလေ၏။
ကန်တင်းအတွင်းရှိ တခြားလူများမှာလည်း မျက်နှာမသာမယာဖြင့် စားသောက်နေကြသည်ကို တွေ့လိုက်ရသည်။
ဖန်းကွမ်းရှင်းမှာ ထမင်းပန်းကန်ကို ကိုင်ထားချိန်မှာပင် သူမနှင့် အလုပ်ရုံတစ်ခုတည်းမှ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရ၏။
ကျန်းရှို့ယင်းသည်လည်း လူသစ်နှစ်ယောက်နှင့် အတူမနေလိုသောကြောင့် ဆန်ပြုတ်ကို ခပ်ယူကာ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် ထောင့်တစ်နေရာသို့ ထွက်သွားလေတော့သည်။
ထိုနှစ်ယောက် ထွက်သွားပြီးနောက်မှသာ လီလင်းက သက်ပြင်းချရင်း ဆိုလာ၏။
“သူတို့ ရှေ့မှာဆို ငါ စကားပြောရတာကို အရမ်း သတိထားနေရတယ်”
“နင် စကားပြောရင် နည်းနည်းလောက်သတိထားရမယ်”
လီလင်း: “ငါက ပါးစပ် သိပ်ပြီးမစောင့်ထိန်းနိုင်ဘူးလေ၊ စကားမှားသွားမှာကို ကြောက်တယ်၊ ငါက တမင်ရည်ရွယ်ပြီး ပြောတာမဟုတ်ပေမဲ့ တခြားလူတွေက စိတ်ထဲမှာ ထည့်ထားရင် ပြသနာဖြစ်လိမ့်မယ်၊
မနက်ကလည်း ကြည့်လိုက်ဦး၊ စကားတစ်ခွန်းတည်းနဲ့ လူနှစ်ယောက်အကြောင်းကို ပြောသွားတာပဲ၊ နောက်ဆို ငါ ပိုသတိထားရမယ်”
သူမအနေဖြင့် ကျန်းရှို့ယင်း၏ အတင်းအဖျင်း ခေါင်းစဉ်တစ်ခု ဖြစ်သွားမည်ကို အလွန်ပင်ကြောက်လန့်နေမိ၏။
သူတို့နှစ်ယောက်က အစားအစာများကို ယူကာ ထောင့်တစ်နေရာတွင် ထိုင်လိုက်ကြသည်။ အဆောင်ထဲတွင် မဟုတ်တော့သည့်အတွက်ကြောင့် လီလင်းတစ်ယောက် တစ်ညလုံး အောင့်အည်းထားခဲ့ရသော စကားကို ထုတ်ပြောလိုက်လေတော့သည်။
“မနေ့ကတည်းက ငါ မေးမလို့ပဲ၊ အဲဒီနေ့က နင့်ကို အလုပ်တွေကူလုပ်ပေးနေတဲ့ လူက ဘယ်သူလဲ၊ နင့်ရည်းစားလား”
လွန်ခဲ့သော နှစ်ရက်က လီလင်းအနေဖြင့် ဆေးဝါးစက်ရုံတွင် အလုပ်ရသွားသဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည့်အတွက် မေးမြန်းရန် အချိန်မရခဲ့ပါချေ။
ယမန်နေ့ကလည်း တစ်နေကုန် အလုပ်ရုံတွင် အလုပ်လုပ်နေခဲ့ရပြီး ညနေပိုင်း စုဝေ့ချင်းကို မြင်လိုက်ရမှသာ သတိပြန်ရလာခဲ့ခြင်းဖြစ်သည်။
သို့သော် ဖန်းကွမ်းရှင်း၏ ခံစားချက်ကို ငဲ့ညှာသောကြောင့် အဆောင်သို့ ပြန်ရောက်သည့်တိုင်အောင် မမေးမြန်းဘဲ အောင့်အီးထားခဲ့ရသည်။
“အဲဒီလိုပဲ ပြောရမှာပေါ့”
လီရှန်းတစ်ယောက် အနည်းငယ်ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့၍ပြောလိုက်လေသည်။
လီလင်း၏ မျက်လုံးများက ခေက်ချင်းပင် တောက်ပသွားပြီး အတင်းအဖျင်းများကို စိတ်ဝင်စားသော အမူအရာဖြင့် လီရှန်း၏အနီးသို့ တိုးကပ်လာကာ မေးမြန်းလိုက်၏။
“နင်တို့ ဘယ်လို စသိတာလဲ”
တစ်ဖက်လူသည်လည်း ဆေးဝါးစက်ရုံစာမေးပွဲကို အောင်မြင်ခဲ့ကြောင်းကို သူမ ယမန်နေ့က သတိထားမိခဲ့သည်။
ထိုသူက အတွင်းရေးမှူးရုံးတွင် တာဝန်ကျခဲ့သူ ဖြစ်ပေ၏။
“စာမေးပွဲ လာဖြေတုန်းက သိခဲ့တာ၊ သူကလည်း ဒီစာမေးပွဲကို ဖြေချင်နေတာနဲ့ ငါ့ကို လာမေးတယ်လေ၊ ဒါနဲ့ ငါတို့ သိသွားခဲ့ကြတယ်၊ နောက်တော့ စာအုပ်တွေ အပြန်အလှန် လဲဖတ်ရင်းနဲ့ရင်းနှီးသွားကြတာ...”
လီရှန်း၏ရှင်းပြချက်က ရိုးရှင်းသော်လည်း လီလင်းအနေဖြင့် စိတ်ကူးအတွေးဖြင့် နယ်ချဲ့နေမိလေပြီ။
သူတို့နှစ်ဦး ဆုံတွေ့ကြပုံ၊ ရင်းနှီးသွားကြပုံ၊ အတူတူ စာကျက်ကြပုံနှင့် နောက်ဆုံးတွင် ဆေးဝါးစက်ရုံသို့ အတူတူ အလုပ်ဝင်ခွင့် ရရှိသွားကြပုံများကို သူမက ချက်ချင်းပင် မြင်ယောင်မိသွားတော့သည်။
“နင်တို့နှစ်ယောက်ရဲ့အချစ်ရေးက အရမ်းကို စိတ်ကူးယဥ်ဆန်တာပဲ”
ထို့နောက်တွင် သူမ၏ စေ့စပ်ထားသူနှင့် နှိုင်းယှဉ်ပြီးနောက် လီလင်းတစ်ယောက် စိတ်ဓာတ်ကျသွားရပြန်သည်။
“ငါ့ရည်းစားကတော့ အခုထိ ပြန်မလာသေးဘူး၊ သူက အတွင်းရေးမှူးလေးပဲလုပ်တာကို၊ မြို့ထဲအထိ ဘာသွားလုပ်တာလဲမသိပါဘူး”
ဤသည်မှာ လီရှန်းအနေဖြင့် လီလင်းဘက်မှ သူမ၏ ရည်းစားအကြောင်းကို ပြောသည်ကို တတိယအကြိမ်မြောက် ကြားရခြင်းဖြစ်ပေ၏။
“မြို့နယ်ခွဲတစ်ခုမှာ မြို့နယ်မှူးအသစ် ရောက်လာလို့ အတွင်းရေးမှူးလိုနေတယ်တဲ့၊ အဲဒါကြောင့် သူက ရက်ပိုင်းလောက် သွားကူပေးရင်း မြို့နယ်ရဲ့ အခြေအနေကို ကြည့်နေတာလေ”
လီလင်းအနေဖြင့် အစိုးရရေးရာကိစ္စများကို ကောင်းစွာ နားမလည်သော်လည်း သူမ၏ ရည်းစားပြောသမျှကို အကုန်မှတ်မိနေခဲ့သည်။
“ဒါဆိုရင်လည်း မကြာခင် ပြန်လာလောက်မှာပါ.. နှစ်သစ်ကူးအချိန်မှာ မိသားစုတွေ မဆုံရဘဲတော့ မနေပါဘူး”
လီရှန်း လီလင်းကို နှစ်သိမ့်ပေးလိုက်လေ၏။
လီလင်းက လီရှန်းကို မကျေမနပ် ကြည့်ကာ ပြောလာခဲ့သည်။
“ငါက နင့်ထက် အရင်စေ့စပ်ထားတာ.. ဒါပေမဲ့ ဒီပုံအတိုင်းဆိုရင် နင်က ငါ့ထက်တောင် အရင် အိမ်ထောင်ကျဦးမယ်ထင်ရတယ်”
“ငါက တစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလေ”
လီရှန်းတစ်ယောက် အိမ်ထောင်ပြုရန် အသက်မပြည့်သေးကြောင်း ပြောလိုက်သော်လည်း ယခုခေတ်တွင် တရားဝင် အိမ်ထောင်ပြုနိုင်သည့် အသက်မှာ တစ်ဆယ့်ရှစ်နှစ် ဖြစ်နေကြောင်းကို ရုတ်တရက် သတိရသွားလေ၏။
ထို့အပြင် မနေ့ညက ဖန်ချင်းပြောခဲ့သော စကားများကိုပါ သတိရသွားသောကြောင့် သူမ စကားကို အမြန်ပြင်လိုက်ရသည်။
“ပြီးတော့ ငါက နင့်ထက် အရင် လက်ထပ်ဖြစ်ရင်တောင် ရက်ပိုင်းလောက်ပဲ ကွာမှာပဲ၊ နင်တို့က စေ့စပ်ထားပြီးသားဆိုတော့ မကြာခင် လက်ထပ်ကြတော့မှာပဲမလား”
“အင်း”
လီလင်းက ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြပြီး ပြောလာခဲ့လေ၏။
“ထူးခြားတာ ဘာမှမရှိရင်တော့ ဒီနှစ်ကုန်ပိုင်းလောက်ကို ဖြစ်မှာပါ”
လီရှန်း : “ဒါနဲ့ ငါတို့က ပြီးခဲ့တဲ့လကမှ ကျောင်းကထွက်ပြီး အစောကြီး အိမ်ထောင်ပြုတဲ့သူတွေကို ပြောခဲ့ကြသေးတယ်မလား၊ အခု တစ်လပဲ ကြာသေးတယ်၊ ငါတို့ရဲ့အလှည့် ရောက်နေပြီ၊ ဒါက အရမ်း မြန်လွန်းသလိုပဲ”
လီရှန်းအနေဖြင့် မစ်ရှင်ထမ်းဆောင်နေချိန်အတွင်း အိမ်ထောင်ပြုရန် မစဉ်းစားခဲ့သော်လည်း ယခု ပြန်ရောက်လာသည့်အချိန်တွင်တော့ ထိုကိစ္စက သူမကို စိတ်အနှောင့်အယှက် ပေးနေလေပြီ။
လီလင်း :”မဟုတ်တာ၊ ဒီဘက်ခေတ်မှာ ကြင်ဖက် တစ်ခါလောက်တွေ့ရုံနဲ့တင် စေ့စပ်ကြတာပဲလေ၊ နင်ကမှ ထူးဆန်းနေတာ၊ အကြာကြီး တွဲနေပြီး လက်မထပ်ဘူးဆိုရင် အဲဒါ လူယုတ်မာပဲမဟုတ်ဘူးလား”
လီရှန်း: “...”
“အဲဒီလောက်တော့ မဟုတ်လောက်ပါဘူးနော်”
လီရှန်း မယုံကြည်နိုင်စွာ မေးလိုက်မိ၏။
လီလင်းက အလေးအနက် အမူအရာဖြင့် ပြောလာခဲ့လေ၏။
“ငါ အပိုတွေပြောနေတာ မဟုတ်ဘူး”
သူမက အဖေဖြစ်သူ၏ စက်ရုံမှ လူငယ်တစ်ဦးအကြောင်းကို ပြောပြခဲ့သည်။ ထိုလူငယ်မှာ ရည်းစားရှိသော်လည်း လက်ထပ်ရန် အချိန်ဆွဲနေခဲ့ပြီး အမျိုးသမီးဘက်မှ လမ်းခွဲချင်သော်လည်း ခွင့်မပြုခဲ့ပေ။
ထို့ကြောင့် အမျိုးသမီး၏ မိသားစုဝင်များက ဒေါသတကြီးဖြင့် စက်ရုံထဲအထိ လိုက်လာကာ အမျိုးသား၏ အိမ်ကို ရိုက်နှက်ဖျက်ဆီးခဲ့ကြလေသည်။
ထိုမြင်ကွင်းက ... အတော်ပင် တုန်လှုပ်ဖွယ် ကောင်းလွန်းပေ၏။
ဤခေတ်ကာလတွင် အိမ်ထောင်မပြုဘဲ အချိန်ဆွဲနေခြင်းမှာ လူယုတ်မာ၏ လုပ်ရပ်ပင်ဖြစ်ပေသည်။
ထို့ကြောင့်လည်း ကျန်းရှို့ယင်းက ဖန်းကွမ်းရှင်း၏ အကြောင်းကို ကွယ်ရာတွင် အတင်းပြောဝံ့ခြင်းဖြစ်၏။
အမျိုးသားတစ်ဦး၏ လှည့်ဖြားခြင်းကို ခံရခြင်းမှာ မိန်းကလေးတစ်ယောက်အတွက် ဂုဏ်ယူစရာ မဟုတ်နေခဲ့ပါချေ။
လီရှန်းအနေဖြင့် မစ်ရှင်တာဝန်များကို ထမ်းဆောင်နေသည်မှာ ကြာပြီဖြစ်သောကြောင့် ဤခေတ်ကာလ၏ ထူးခြားချက်များကိုပင် မေ့လျော့နေခဲ့ချေပြီ။
ယခု ထိုအကြောင်းကို ကြားရမှသာ ကျောချမ်းသွားမိပြီး ရဲဘော်စုဝေ့ချင်းအပေါ် သူမဘက်မှ မှားယွင်းမိပြီလားဟုပင် ခံစားလိုက်ရလေ၏။
မနက်စာ စားပြီးနောက် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြပြီး တစ်ဦးက ထုတ်လုပ်ရေးဌာန၏ တတိယအလုပ်ရုံသို့ သွားကာ ကျန်တစ်ဦးက နည်းပညာဌာနသို့ သွားခဲ့ကြသည်။
လီရှန်း နည်းပညာဌာနသို့ ရောက်ရှိလာချိန်တွင် ထိုနေရာ၌ လူနှစ်ဦးသာ ရှိနေသည်ကို တွေ့ရ၏။
တစ်ဦးမှာ သူမကို သင်ကြားပြသပေးမည့် လျို့ဖင်းဖြစ်ပြီး၊ အခြားတစ်ဦးမှာမူ လျို့ဖင်း၏ စားပွဲတွင် မှီလျက် အသားပေါက်စီကြီးတစ်လုံးကို စားနေသော ဒါရိုက်တာဝမ် ဖြစ်ပေသည်။
တစ်ဖက်လူက စားသောက်ရင်းဖြင့် စိတ်အားထက်သန်စွာ စကားပြောနေခဲ့သောကြောင့် လျို့ဖင်း၏ မျက်နှာမှာ ညိုမည်းနေခဲ့လေပြီ။
သူမက သူ့ကို စောင်း၍ကြည့်နေသော်လည်း တစ်ဖက်လူက အထက်လူကြီးဖြစ်နေသောကြောင့် မည်သည့်စကားကိုမှ မပြောနိုင်ဘဲ ရှိနေရသည်။
လီရှန်းအနေဖြင့် အရှေ့သို့တက်ကာ နှုတ်ဆက်သင့်၊ မသင့်ကို ဝေခွဲမရ ဖြစ်နေမိသည်။ မည်သို့ပင်ဆိုစေ ဒါရိုက်တာဝမ်မှာ သူ၏ စကားပြောကောင်းနေသည့် အရှိန်ထဲတွင် နစ်မြောနေသည် မဟုတ်ပါလား။
သို့သော်လည်း သူမ စကားမပြောရသေးမီမှာပင် ဒါရိုက်တာဝမ်က သူမကို အရင်နှုတ်ဆက်လိုက်လေ၏။
“ဒါက မနေ့ကမှ ရောက်တဲ့ ရဲဘော် ရှောင်လီမလား”
“ဟုတ်ပါတယ် ဒါရိုက်တာဝမ်၊ ကျွန်မ နာမည်က လီရှန်းပါ”
“မနေ့က လျို့ဖင်းက မင်းရဲ့အကြောင်း ငါ့ကို ပြောပြပြီး ချီးကျူးနေသေးတယ်၊ ငါတို့ လျို့ဖင်းက လူတစ်ယောက်ကို ချီးကျူးခဲတယ်နော်၊ ဒါကြောင့် ရဲဘော် ရှောင်လီ... မင်း သူ့ကိုစိတ်မပျက်စေဘဲ ကြိုးစားပြီး အလုပ်လုပ်ရမယ်”
ဒါရိုက်တာဝမ်က မတ်မတ်ရပ်လိုက်ပြီး သူ၏ လက်ထဲရှိ ပေါက်စီကို နောက်ဘက်တွင် ဝှက်ကာ အလွန်ပင် အလေးအနက်ရှိသော အမူအရာမျိုး ပြင်ဆင်လိုက်လေသည်။
သူ၏ ပေါ့ပျက်ပျက် အမူအရာကို လီရှန်း မြင်တွေ့သွားခဲ့သည်ကိုတော့ သူ မသိခဲ့ရှာပေ။
လီရှန်းသည်လည်း မသိချင်ယာင်ဆောင်ကာ လေးနက်သော လေသံဖြင့်ပင် ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ ဒါရိုက်တာ၊ ကျွန်မ ဆက်ပြီး ကြိုးစားသွားပါ့မယ်”
“ကောင်းပြီ ကောင်းပြီ .. မင်း ဖတ်စရာ ရှိတာ သွားဖတ်တော့”
လျို့ဖင်းတစ်ယောက် ခေါင်းကိုက်သကဲ့သို့ ခံစားနေသောကြောင့် မျက်မှောင်ကိုကြုတ်ကာ ဒါရိုက်တာဝမ်ကို မကြည်သာစွာ ကြည့်လိုက်မိ၏။
ဒါရိုက်တာဝမ်ကတော့ သူမဘက်သို့ မျက်စိတစ်ဖက် မှိတ်ပြကာ ‘ငါ အရမ်းဟန်ဆောင်ကောင်းတယ်မလား’ ဟူသော အဓိပ္ပာယ်ဖြင့် ကြည့်လာခဲ့သောကြောင့် လျို့ဖင်း၏ ခေါင်းကိုက်သည့်ဝေဒနာက ပို၍ပင် တိုးလာရလေတော့သည်။
စက်ရုံအတွင်းရှိ တခြားသော ဌာနကြီး၊ငယ် အသီးသီးမှ ခေါင်းဆောင်များက လေးစားဖွယ် ကောင်းကြပေ၏။ သို့သော်လည်း သူမ၏ အထက်လူကြီးက အဘယ်ကြောင့် ဤမျှလောက် ပေါ့တိပေါ့ပျက် ဖြစ်နေရပါသနည်း။
လျို့ဖင်း မတွေးဘဲ မနေနိုင်တော့ပေ။
***