လီရှန်း သူမ၏ စားပွဲသို့ ပြန်သွားပြီး စာအုပ်ကို စိတ်ဝင်တစားဖြင့် ဆက်လက်ဖတ်ရှုနေခဲ့သည်။
လျို့ဖင်း သူမ၏ အထက်လူကြီးကို အကြံပေးလိုက်၏။
“ရှင် ရှင့်ရဲ့ အခန်းထဲကို ပြန်သွားပြီး စားလိုက်ပါလား၊ ဒီအလုပ်ခန်းထဲမှာ အခုလို စားနေတာက ဘယ်လိုလုပ်ပြီးသင့်တော်မှာလဲ”
ဒါရိုက်တာဝမ်က သူမ၏ စကားကို ဂရုမစိုက်ဘဲ ပေါက်စီကို ဆက်စားနေခဲ့လေ၏။
နောက်ဆုံး တစ်လုပ်ကို ပါးစပ်ထဲသို့ အတင်းသွတ်သွင်းပြီးမှ သူက ရုတ်တရက် စကားပြန်ပြောခဲ့သည်။
“လျို့ဖင်း၊ ငါတို့ရဲ့ ဌာနမှာ အတွင်းရေးမှူးတစ်ယောက်ထားဖို့ အကူအညီတောင်းရင် ဘယ်လိုလဲ၊ စာအရေးအသား ကောင်းတဲ့သူမျိုးဆိုရင် ပိုကောင်းမယ်မလား”
လျို့ဖင်း: “...”
သူတို့ နည်းပညာဌာနမှာ ဘယ်တုန်းက အတွင်းရေးမှူးရှိခဲ့ဖူးလို့လဲ။
လျို့ဖင်းတစ်ယောက် တစ်ဖက်လူကို လက်သီးဖြင့် ထိုးချင်စိတ် ပေါက်သွားရ၏။
“တကယ်လို့ အတွင်းရေးမှူး ရောက်လာရင် ကျွန်မကပဲ နေရာဖယ်ပေးလိုက်ရမလား”
သူမက ထိုကိစ္စကို အမှန်တကယ်ပင် စဉ်းစားနေပုံရ၏။
“မလိုဘူး မလိုဘူး၊ လျို့ဖင်း ငါက နောက်နေတာ”
ဒါရိုက်တာဝမ်အနေဖြင့် လျို့ဖင်းက အမှန်တကယ် ဌာနပြောင်းရန် စဉ်းစားနေသည်ကို မြင်လျှင် စကားလမ်းကြောင်း လွှဲလိုက်ရတော့သည်။
“ငါ အလုပ်ခန်းကိုပြန်တော့မယ်၊ မင်းလုပ်စရာရှိတဲ့ အလုပ်တွေကိုဆက်လုပ်တော့၊ ငါ သွားပြီ”
ထိုသို့ပြောပြီးနောက် သူက လျို့ဖင်း၏ မျက်နှာကိုပင် မကြည့်တော့ဘဲ အလျှင်အမြန် ထွက်ခွာသွားလေတော့၏။
သူ့အနေဖြင့် လျို့ဖင်း၏ လေးနက်လွန်းသော မျက်နှာကို ဆက်မကြည့်ချင်သကဲ့သို့ သူမဘက်မှ ဌာနပြောင်းရန်ပြောလာမည်ကိုလည်း မကြားချင်ပါချေ။
အကယ်၍ သူမ၏ နေရာတွင် မည်သည့်အရာကိုမှမသိသော လူသစ်တစ်ယောက် ရောက်လာပါက သူကသာ တစ်ဆင့်ချင်း သင်ပေးနေရမည် မဟုတ်ပါလား။
သူ၏ စိတ်ရှည်မှုဖြင့် ထိုသို့ လုပ်နိုင်မည် မဟုတ်ပေ။
ဒါရိုက်တာဝမ် ထွက်သွားသည်နှင့် လျို့ဖင်းလည်း ချက်ချင်းပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။
သူမက လီရှန်းရှိရာဘက်သို့ လှမ်းကြည့်လိုက်လျှင် လီရှန်းက ခေါင်းပင်မဖော်ဘဲ စာဖတ်နေသည်ကို တွေ့လိုက်ရသောကြောင့် ပို၍ပင် ကျေနပ်သွားခဲ့လေ၏။
နည်းပညာဌာနမှာ လွန်ခဲ့သော နှစ်နှစ်ကတည်းက လူသစ်များကို ခေါ်ယူနေခဲ့ခြင်း ဖြစ်သည်။ ဒါရိုက်တာဝမ်က ပေါ့ပေါ့ပါးပါး နေတတ်သော်လည်း သူ၏ လက်အောက်ငယ်သားများအပေါ်တွင် စံနှုန်း အလွန်မြင့်မားပေ၏။
သူက လူတစ်ယောက်ကို ထက်မြက်ရုံ၊ ပညာရပ်ဆိုင်ရာ ဗဟုသုတ ရှိရုံမျှဖြင့် မတင်းတိမ်ဘဲ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရန်နှင့် စကားပြောတတ်ရန်၊ အထူးသဖြင့် မည်သည့်အချိန်တွင် နှုတ်ပိတ်နေရမည်ကို သိထားရန်တို့ကိုပါ လိုလားသူ ဖြစ်၏။
အမှန်အတိုင်းပြောရလျှင် လျို့ဖင်းအနေဖြင့် သူမ၏ သမီးအတွက် သမက်ရွေးချယ်စဉ်ကပင် ဤမျှအထိ စည်းကမ်းကြီးခြင်းမရှိခဲ့ဖူးပါချေ။
ဒါရိုက်တာဝမ်၏ စံနှုန်းမြင့်မားမှုကြောင့် နည်းပညာဌာနသို့ လူများစွာက ရောက်လာလိုက်၊ ပြန်ထွက်လိုက် ဖြစ်နေရသည်။
တချို့ဆိုလျှင် ရောက်လာပြီး နာရီပိုင်းအတွင်း ဒါရိုက်တာဝမ်၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရဖူးသည်။
သို့သော် ယခုတစ်ကြိမ်တွင် ဒါရိုက်တာဝမ်က အတော်လေး ကျေနပ်နေပုံရပေသည်။
လျို့ဖင်းအနေဖြင်် ဒါရိုက်တာဝမ်က လီရှန်းအပေါ်ထားသည့် စိတ်သဘောထားအမှန်ကို မသိသေးပါချေ။
တကယ်တမ်းတွင် ဒါရိုက်တာဝမ်မှာ စုဝေ့မင်ထံမှ စားသောက်ပွဲတစ်ခု ကျင်းပခွင့်ရရှိခဲ့ကြပြီးနောက်တွင် အသုံးချပြီးသည်နှင့် တစ်ဖက်လူကို ပစ်ပယ်လိုက်ခြင်း မလုပ်လိုခြင်းသာဖြစ်ပေ၏။
သူ့အနေဖြင့် စုဝေ့မင်၏ အနာဂတ်ချွေးမလောင်းလေးကို အခက်တွေ့စေရန် မလုပ်ချင်ပါချေ။
သို့သော်လည်း လီရှန်းတစ်ယောက် နည်းပညာဌာနတွင် ဆက်လက်နေထိုင်နိုင်မည်လား ဆိုသည်ကိုတော့ သူ ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပေသေးသည်။
မည်သို့ပင်ဖြစ်စေ အနည်းဆုံး စားသောက်ပွဲကြီး ပြီးဆုံးသွားသည်အထိ သူ စောင့်ကြည့်နိုင်သည် မဟုတ်ပါလား။
သို့မဟုတ်ပါက ရှေးရိုးစွဲသည့် စုဝေ့မင်မှ သူ၏ကတိကို ဖျက်ကာ လက်မှတ်ထိုးပေးရန် ငြင်းဆိုလာပေလိမ့်မည်။
စားသောက်ပွဲတိုင်းတွင် စုဝေ့မင်၏ လက်မှတ်ကို ရယူနေရသည့်အဖြစ်ကို တွေးမိပြီး ဒါရိုက်တာဝမ်တစ်ယောက် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်မိ၏။
သူသည်လည်း မတတ်နိုင်ပါချေ။
စုဝေ့မင်က ကျွမ်းကျင်နည်းပညာရှင်တစ်ဦး ဖြစ်နေသည်မဟုတ်ပါလား။
သူကိုယ်တိုင်အနေဖြင့် ဒုတိယစက်ရုံညွှန်ကြားရေးမှူး၏ ရာထူးအတွက် ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
သို့မဟုတ်ပါက သူကိုယ်တိုင်ပင် လက်မှတ်ထိုးလိုက်ပေမည်။
လီရှန်းသည်ကား သူမ၏ အနာဂတ်ယောက္ခမလောင်း၏ အရှိန်အဝါကြောင့် အကျိုးကျေးဇူး ခံစားနေရသည်ကို လုံးဝမသိရှိပေ။
ဤအချိန်တွင် သူမက စာအုပ်ထဲမှ လက်တင်ဆေးပညာစကားများကို ကြိုးစား၍ ကျက်မှတ်နေပြီး တစ်ခါတစ်ရံတွင် အလွတ်ပြန်လည် ရေးသားကြည့်နေခဲ့၏။
သူမအနေဖြင့် မစ်ရှင်ထမ်းဆောင်သည့် ကမ္ဘာများတွင် စာသင်ယူခြင်းကို ကျင့်သားရနေပြီဖြစ်သောကြောင့် စာကျက်နေချိန်အတွင်း တခြားအရာအားလုံးကို မေ့လျော့နေတတ်သည့် အခြေအနေသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဒါရိုက်တာဝမ်က သူမ၏ စားပွဲဘေးမှ နှစ်ကြိမ်၊ သုံးကြိမ်မျှ လှည့်ပတ်သွားလာနေသော်လည်း ထိုမိန်းကလေးက သူ့ကို တစ်ချက်မျှပင် မော့မကြည့်သည်ကို အံ့သြဖွယ်တွေ့လိုက်ရ၏။အစပိုင်းတွင် သူမက သူ့ကို မော့ကြည့်ရန် ကြောက်ရွံ့နေခြင်းဖြစ်မည်ဟု ထင်မြင်ခဲ့သော်လည်း သေသေချာချာ လေ့လာကြည့်ပြီးနောက် သူမက လေ့လာသင်ယူမှုတွင် စိတ်နှစ်ထားပြီး ပတ်ဝန်းကျင် အပြောင်းအလဲများကို လုံးဝသတိမပြုမိလောက်သည်အထိ အမှန်တကယ် အာရုံစူးစိုက်နေခြင်း ဖြစ်ကြောင်းကို သိလိုက်ရသည်။
ဒါရိုက်တာဝမ်တစ်ယောက် စိတ်ဝင်စားသွားရပြီး လီရှန်း၏ အာရုံကိုရယူရန်အတွက် တစ်ခါတစ်ရံတွင် ဆူညံသံများကိုပြုလုပ်ကြည့်ခဲ့သည်။
သို့သော် လီရှန်းက သူ့ကို လုံးဝဂရုမစိုက်ပါချေ။
နောက်ဆုံးတွင် လျို့ဖင်းတ၀်ယောက် ဆက်လက်ကြည့်မနေနိုင်တော့ဘဲ ဒါရိုက်တာဝမ်ကို လှမ်းခေါ်လိုက်၏။
“ဒါရိုက်တာ၊ ဒီနေ့ ဘာလို့ ဒီလောက်တောင် အားနေတာလဲ”
“မဟုတ်ပါဘူး၊ ဒီကလေးမလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ မထင်မိဘူးလား”
ဒါရိုက်တာဝမ်မှာ အသက်သုံးဆယ်ကျော်အရွယ်သာ ရှိနေသေးသော်လည်း သူ၏မျက်လုံးထဲတွင် အသက် ဆယ့်ရှစ်နှစ်အရွယ်လီရှန်းမှာ ကလေးတစ်ယောက်သာ ဖြစ်ပေသည်။
သို့သော် လျို့ဖင်းကမူ ထိုသို့မမြင်ပါချေ။ သူမက ဒါရိုက်တာဝမ်ကို သံသယရှိသည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်။
“ရှင် ရှောင်လီကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်”
ဒါရိုက်တာဝမ်သည်ကား လူငယ်တစ်ယောက်ဖြစ်ခဲ့စဥ်က စေ့စပ်ထားဖူးသော်လည်း ကံမကောင်းစွာဖြင့် သူနှင့် စေ့စပ်ထားသူမှာ မင်္ဂလာမဆောင်မီ ငှက်ဖျားရောဂါဖြင့် ကွယ်လွန်သွားခဲ့လေ၏။
သူက အချုပ်အနှောင်မရှိသော လူငယ်တစ်ဦးဖြစ်သော်လည်း သူ၏စေ့စပ်ထားသူကို အလွန်ချစ်မြတ်နိုးကြောင်းနှင့် တခြားသော အမျိုးသမီးရဲဘော်များကို ထိခိုက်စေလိုခြင်းမရှိကြောင်း နေရာအနှံ့တွင် ကြေညာခဲ့ကာ ယနေ့အချိန်ထိ အိမ်ထောင်မပြုဘဲနေခဲ့ခြင်း ဖြစ်ပေသည်။
ထိုကဲ့သို့သော အသက်ကြီးပိုင်း လူပျိုကြီးတစ်ဦးက ငယ်ရွယ်သော မိန်းကလေးတစ်ဦး၏ အနီးအနားသို့ မကြာခဏရောက်လာခြင်းက လျို့ဖင်းအား သံသယဝင်လာစေခဲ့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဒါရိုက်တာဝမ်တစ်ယောက် ထိတ်လန့်သွားကာ သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြရန် အလျှင်အမြန် ကြိုးစားလိုက်၏။
“ငါက ဘယ်လောက်ပဲ ဆိုးသွမ်းပါစေ၊ ဒီလို ငယ်ရွယ်တဲ့မိန်းကလေးကိုတော့ လက်ဖျားနဲ့တောင် မတို့ဘူး၊ အထူးသဖြင့် ရဲဘော်ရှောင်လီပဲ.. သူမရဲ့ ရည်းစားက ဘယ်သူလဲဆိုတာ မင်းသိလား”
ကျွန်မ မသိချင်ပါဘူး။
“ ဘယ်သူလဲ”
“လောင်စုရဲ့ အငယ်ဆုံးသား စုဝေ့ချင်းလေ၊ မနေ့ညက ငါနဲ့ လောင်စုတို့ တောအုပ်ထဲမှာ ဆေးလိပ်သောက်နေတုန်း အဲဒီကလေးက ရှောင်လီကို အမျိုးသမီးဝန်ထမ်း အဆောင်ထဲအထိ လိုက်ပို့ခဲ့တာကို ငါ့မျက်စိနဲ့မြင်ခဲ့တယ်”
ထိုစကားကို ကြားလျှင် လျို့ဖင်း၏ မျက်လုံးများက အံ့သြသင့်မှုကြောင့် ပြူးကျယ်သွားရလေ၏။
“မထူးဆန်းတော့ပါဘူး၊ အဲဒီကောင်လေးက အိမ်မှာပဲနေပြီး အလုပ်မလုပ်ဘဲနေတာကနေ ရုတ်တရက် အရမ်းကြိုးစားလာတယ်ထင်နေတာ.. ချစ်သူရှိနေလို့ဖြစ်နေတာကိုး”
အကြီးပိုင်းမျိုးဆက်များ၏ အမြင်တွင် သတင်းစာထဲ၌ ဆောင်းပါးတိုလေးများ ဖော်ပြခံရခြင်းမှာ ကံကောင်းခြင်းတစ်ခုသက်သက်သာ ဖြစ်ပေ၏။ ထိုအလုပ်ကို တရားဝင် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုဟု မယူဆကြပေ။
လွန်ခဲ့သော နှစ်နှစ်အတွင်း စုဝေ့ချင်း၏နေထိုင်ပုံမှာ သူတို့၏ ထင်မြင်ချက်အရ မိဘကို မှီခိုနေသော လူပျင်းလေးတစ်ဦးသာ ဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းကစ၍ လူတိုင်းက သူ့ကို အမြင်သစ်ဖြင့် စတင်ကြည့်လာခဲ့ကြသည်။
ဒါရိုက်တာဝမ် သက်ပြင်းချလိုက်မိ၏။
အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ နေထိုင်မိပါက အတင်းအဖျင်းများပျံ့လွင့်လာနိုင်သောကြောင့် ဒါရိုက်တာဝမ်တစ်ယောက် အလုပ်ခန်းသို့ ပြန်သွားခဲ့သည်။
သူက ဂရုမစိုက်သော်လည်း ရှောင်လီ၏ ဂုဏ်သိက္ခာကို ထိခိုက်သွားပါက လောင်စုက သူ့၏နောက်သို့ လိုက်၍ ရိုက်နှက်ပေလိမ့်မည်။
တဖြည်းဖြည်းနှင့် အချိန်က နေ့လယ်စာစားချိန်သို့ ရောက်ရှိလာခဲ့၏။
လီရှန်းသည်လည်း အာရုံစိုက်နေမှုမှ ပြန်လည်နိုးထလာကာ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ နေ့လယ်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
နည်းပညာဌာနမှ ဝန်ထမ်းများမှာ အေးဆေးတည်ငြိမ်စွာ နေတတ်ကြပြီး လူတိုင်းက အလုပ်ရှုပ်နေပုံရသည်။
အလုပ်ဝင်သည့် ဒုတိယမြောက်နေ့တွင်ပင် လီရှန်းတစ်ယောက် ဌာနထဲမှ တတိယမြောက်လူနှင့် မဆုံရသေးပေ။
သို့သော် ဤအချိန်တွင်ပင် အမျိုးသမီးတစ်ဦးက သူမကို နှုတ်ဆက်လာလေ၏။
“မင်္ဂလာပါ ရှောင်လီ၊ ငါ့နာမည်က ဖန့်ထုံ၊ မင်း ငါ့ကို ရှောင်ဖန့်လို့ ခေါ်နိုင်တယ်”
ထိုသို့ ပြောပြီးနောက် သူမက လီရှန်း၏အနားသို့ ရုတ်တရက် တိုးကပ်လာကာ တီးတိုးပြောလာခဲ့သည်။
“ကျေးဇူးပြုပြီး ငါ့နာမည်အပြည့်အစုံနဲ့တော့ မခေါ်ပါနဲ့”
လီရှန်း : “...”
ဖန့ထုံ?
ထမင်းဘူး ။ တစ်နည်းအားဖြင့် အသုံးမဝင်သူ ..
သူမ ချက်ချင်းပင် နားလည်လိုက်လေ၏။ ဤမိန်းကလေး၏ မိဘများက သူမကို ဤနာမည်ပေးချိန်တွင် ဆာလောင်နေခဲ့ကြပုံရသည်။
“မင်္ဂလာပါ ရဲဘော်ရှောင်ဖန့်”
လီရှန်းက တရားဝင်ဆန်သည့်နည်းဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
ဖန့်ထုံက အလျှင်အမြန် လက်ရမ်းပြလိုက်သည်။
“ဌာနထဲက လူတွေရဲ့ ပုံစံအတိုင်း လိုက်မလုပ်နဲ့၊ အလုပ်ထဲမှာ ဒီလိုမျိုး ဒုက္ခခံနေရတာနဲ့တင် တော်လောက်ပြီ၊ အလုပ်ပြီးရင်တော့ ဒီလိုမျိုးတွေ ထပ်မလုပ်ချင်တော့ဘူး”
ကြည့်ရတာ နောက်ထပ်ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ တစ်ယောက်ဖြစ်ပုံပဲ။
သို့သော် လီရှန်းက အလိုက်သိသော ရဲဘော်တစ်ဦးဖြစ်သည့်အတိုင်း နူးညံ့စွာ ပြုံးပြပြီး ပြန်ပြောလိုက်လေ၏။
“ကောင်းပါပြီ”
ဖန့်ထုံ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွား၏။
သူမအနေဖြင့် ဤကဲ့သို့ နူးညံ့ပြီး ချဉ်းကပ်ရလွယ်ကူသော အမျိုးသမီးငယ်များကို သဘောကျလေသည်။
“နေ့လယ်စာအတူသွားစားရအောင်၊ ဒီနေ့ ကန်တင်းမှာ နံရိုးဟင်းချက်တယ်လို့ကြားတယ်၊ ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်၊ မဟုတ်ရင် ဟင်းရည်တောင်ရမှာ မဟုတ်ဘူး”
ဖန်ထုံက လီရှန်း၏ လက်ကိုဆွဲကာ ကန်တင်းရှိရာသို့ ဦးဆောင်၍ပြေးသွားခဲ့လေ၏။
သူမ၏ အစားအသောက်အပေါ် အလေးထားမှုက သူမ၏ နာမည်နှင့် လိုက်ဖက်လှပေသည်။
***