ဆေးဝါးစက်ရုံတွင် ဌာနတစ်ခုနှင့် တစ်ခု စားသောက်ချိန် မတူညီကြပေ။
ပထမဦးစွာ သုတေသနဌာနမှ သုတေသီများကို ဦးစွာကျွေးမွေးကြသည်။ ထို့နောက်တွင် အတွင်းရေးမှူးရုံးနှင့် နည်းပညာဌာနတို့၏ အလှည့်ဖြစ်ပြီး၊ သူ၏၏နောက်တွင်တော့ ထုတ်လုပ်ရေးဌာနနှင့် အရည်အသွေးစစ်ဆေးရေးဌာနတို့၏ အလှည့်ဖြစ်ပေသည်။
ကျန်ရှိသော ဌာနများမှာ နောက်ဆုံးမှသာ စားသောက်ကြရလေ၏။
ထို့ကြောင့် လီရှန်း ရောက်ရှိသွားချိန်တွင် ကန်တင်း၌ လူသိပ်မများသေးပေ။
ဖန်ထုံက လီရှန်းကို ဆွဲခေါ်ကာ အစားအစာများကို ဦးစွာယူလိုက်သည်။
ဝက်နံရိုးဟင်းက အမှန်ပင် ရှိနေခဲ့ပြီး ဆီပြန်ဟင်းပင်ဖြစ်နေခဲ့သေးသည်။ သူတို့နှစ်ဦး တစ်ယောက်လျှင်တစ်ပွဲစီ ယူကာ ထောင့်တစ်နေရာတွင် ထိုင်လိုက်ကြလေ၏။
လီရှန်း ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အတွင်းရေးမှူးရုံးမှ လူများ ရောက်ရှိလာကြသည်။ စုဝေ့ချင်းက စားသောက်ဆောင်သို့ ဝင်လာသည်နှင့် ပတ်ဝန်းကျင်ကို အလျှင်အမြန်ဝေ့ကြည့်လိုက်လေ၏။
လီရှန်းကိုမြင်တွ့လိုက်ရချိန်တွင် သူ၏ မျက်လုံးများက တောက်ပသွားခဲ့လေ၏။ သူက လီရှန်း၏အနားသို့ အလျှင်အမြန်ရောက်လာကာနှုတ်ဆက်လိုက်သည်။
“ရဲဘော် လီရှန်း”
လီရှန်းသည်လည်း သူ့ကို မြင်လျှင်လက်ရမ်းပြလိုက်သည်။
သူတို့နှစ်ယောက်လုံးက တည်ငြိမ်ပြီး ယုံကြည်ချက်ရှိနေခဲ့ကြသောကြောင့် ကြည့်နေသူများမှာလည်း နားလည်မှုရှိစွာဖြင့် ပြုံးလိုက်မိကြသည်။
ဖန်ထုံက လီရှန်းကို ပုခုံးဖြင့် တွန်းတိုက်၍ တီးတိုးမေးလာသည်။
“အဲဒါ နင့်ရည်းစားလား”
လီရှန်းက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့၍ဖြေလိုက်မိသည်။
“အင်း”
ယနေ့မနက်တွင် လီလင်း၏ အကြံပေးမှုများကြောင့် သူမအနေဖြင့် ရဲဘော်စုဝေ့ချင်း၏ ခံစားချက်များကို လက်ခံရန် ဆုံးဖြတ်လိုက်ပေပြီ ။
ယခုအချိန်တွင် သူမက ဤနေရာသို့ ပြန်ရောက်လာပြီဖြစ်သောကြောင့် ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းသင့်သည် မဟုတ်ပါလား။
အိမ်ထောင်ပြုခြင်းမှာလည်း ဘဝ၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ပေသည်။
ကမ္ဘာများစွာကို ဖြတ်သန်းခဲ့ရပြီး နာကျင်စရာကောင်းသော နေ့ရက်များကို ခံနိုင်ရည်ရှိခဲ့သူဖြစ်သည့်အတွက် သူမတွင် လူတစ်ယောက်ကို အကဲဖြတ်ရန်အတွက် ကိုယ်ပိုင်စံနှုန်းများ ရှိနေခဲ့သည်။
စုဝေ့ချင်းကို သိကျွမ်းခဲ့သည်မှာ တစ်လခန့်သာ ရှိသေးသော်လည်း စုဝေ့ချင်းသည်က ရိုးသားပြီး၊ တက်တက်ကြွကြွနေတတ်ကာ သတ္တိရှိသော အမျိုးသားတစ်ဦးဖြစ်ကြောင်းကို သူမ ပြောနိုင်ပေသည်။
စုဝေ့ချင်းအနေဖြင့် ဆေးဝါးစက်ရုံသို့ အလုပ်လျှောက်ထားခဲ့ခြင်းမှာ စိတ်လိုက်မာန်ပါလုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း သူမ သိပေ၏။
သို့သော် သူသည်က သူ၏လုပ်ရပ်အပေါ် နောင်တရခြင်းမရှိဘဲ အဆင့်တိုင်းတွင် အကောင်းဆုံးကြိုးစားခဲ့ပေသည်။
ထိုအချက်ကပင် လုံလောက်ပေပြီ။
စုဝေ့ချင်းက အစားအစာများကို အမြန်ယူကာ ပန်းကန်ကိုကိုင်၍ သူမ၏အနီးသို့ ပြန်ပြေးလာခဲ့သည်။
ထို့နောက် နေရာတွင် ဝင်ထိုင်ပြီးသည်နှင့် သူ၏ပန်းကန်ကို လီရှန်း၏ရှေ့သို့ တိုးပေးကာ ပြောလာခဲ့သည်။
“ကိုယ် နံရိုးတွေ အများကြီး ရခဲ့တယ်၊ မင်း များများစားနော်”
“ကောင်းပြီ”
လီရှန်းက ပြန်ပြောလိုက်ပြီးနောက် သူမ၏ဘေးနားတွင်ရှိနေသော ဖန်ထုံနှင့် မိတ်ဆက်ပေးလိုက်လေသည်။
ဖန်ထုံသည်က ရင်းနှီးသောသူများနှင့်ဆိုလျှင် တက်ကြွစွာပြုမူတတ်သော်လည်း သူစိမ်းများနှင့် တွေ့ချိန်တွင်တော့ အေးစက်သွားတတ်သူ ဖြစ်လေ၏။ သူမက တည်ငြိမ်စွာ ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ရဲဘော် စု”
“... မင်္ဂလာပါ”
စုဝေ့ချင်း ချောင်းတစ်ချက်ဟန့်ကာ အလျှင်အမြန် ခေါင်းညိတ်ပြလိုက်ပြီး လီရှန်းထံသို့သာ အာရုံပြန်ရောက်သွားခဲ့သည်။
သူလည်း မတတ်နိုင်ပါချေ။ ဤရဲဘော်ဖန်က သူ၏ ဒုတိယမရီးနှင့် အလွန်တူနေခဲ့ပေသည်။
အပြင်လူများလည်း ရှိနေသောကြောင့် စုဝေ့ချင်းက ပြောချင်သည့် စကားအားလုံးကို မပြောနိုင်ဘဲ လီရှန်းကိုသာ များများစားသောက်ရန် တိုက်တွန်းနေခဲ့သည်။
ဘေးနားတွင်ရှိနေသော ဖန်ထုံသည်ကား အပြင်ပန်းတွင် အေးစက်နေသော်လည်း စိတ်ထဲမှ အံ့သြနေခဲ့လေ၏။
ဤရဲဘော်စုမှာ အတော်လေး ကောင်းမွန်သည့်ပုံရ၏။ ရုပ်ရည်ချောမောရုံသာမက လူကိုလည်း ဂရုစိုက်တတ်ပေသည်။
ထိုအချိန်တွင် လော်ယွီရှို့က ကန်တင်းဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။ သူမ၏ လက်ထဲတွင်လည်း အပူခံထမင်းဘူးတစ်ဘူး ပါလာလေ၏။
သူမက စားသောက်ဆောင်ထဲသို့ မဝင်ဘဲ ဝင်ပေါက်တွင် ရပ်ကာ အတွင်းဘက်သို့ လှမ်းကြည့်လာခဲ့သည်။
သူမသည်က အမျိုးသမီးရေးရာ၏ တာဝန်ခံတစ်ဦး ဖြစ်ရုံသာမက စက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး စုဝေ့မင်၏ဇနီးလည်း ဖြစ်သောကြောင့် စက်ရုံတွင် လူသိများသူတစ်ဦးဟု ဆိုနိုင်သည်။
“ဒါရိုက်တာလော်က ဒီနေ့ ကန်တင်းကို ဘာလာလုပ်တာလဲ”
အနီးအနားရှိ အတင်းအဖျင်းပြောနေသည့်အဖွဲ့လေးမှာ လော်ယွီရှို့ကို မြင်လျှင် နောက်သို့တွန့်သွားကြ၏။
အထူးသဖြင့် ဒါရိုက်တာဝမ်ပင်။
သူက သူ၏ခေါင်းကို ထမင်းပန်းကန်ထဲသို့ပင် မြှုပ်ထားချင်နေခဲ့သည်။
“သူမက ပုံမှန်ဆိုရင် အိမ်မှာပဲ စားတာမဟုတ်ဘူးလား၊ အခု ဘာလို့ကန်တင်းကိုရောက်နေတာလဲ၊ ငါတော့ ကြောက်လွန်းလို့ ထမင်းတောင်စားမဝင်တော့ဘူး”
သူက စုဝေ့မင်အား စနောက်ရသည်ကို ဝါသနာပါသော်လည်း လော်ယွီရှို့ကိုမူ အနည်းငယ်ကြောက်ရွံ့မိသည်။ အဓိကပြဿနာမှာ လော်ယွီရှို့က နှုတ်စောင့်သူ မဟုတ်သကဲ့သို့ သူသည်လည်း စနောက်တတ်သူဖြစ်သည့်အတွက် သူမ၏ စနောက်ခြင်းကို မကြာခဏခံရတတ်သောကြောင့်သာ ဖြစ်ပေသည်။
“အမှန်ပဲ! ဒီနေ့ ဝက်နံရိုးဟင်းကတောင် စားလို့မကောင်းတော့ဘူး”
သူ၏ စိတ်တူကိုယ်တူ သူငယ်ချင်းကလည်း ပန်းကန်ထဲမှ နံရိုးများကို ကြည့်ကာ တီးတိုးဆိုလာခဲ့လေသည်။
ရုတ်တရက် လော်ယွီရှို့က တစ်စုံတစ်ခုကို မြင်သွားပုံရပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တက်ကြွစွာ လှုပ်ရှားလာခဲ့သည်။
ဒါရိုက်တာဝမ်က တီးတိုးပြောလိုက်သည်။
“မြန်မြန်! မင်းရဲ့ခေါင်းကိုအမြန်ငုံ့ထားစမ်းပါ”
ရန်သူ လာနေပြီ!
သူနှင့်အတူ စားနေသော အမျိုးသားလည်း လည်ပင်းကိုကျုံ့ကာ ခပ်တိုးတိုးရေရွတ်လာခဲ့သည်။
“မမြင်စေနဲ့၊ မမြင်စေနဲ့...”
လော်ယွီရှို့ သူတို့၏ဘေးမှ အမြန်ဖြတ်သွားပြီးနောက်မှသာ သူတို့နှစ်ယောက်လုံး သက်ပြင်းချနိုင်တော့သည်။
သူတို့က တစ်ဦးကိုတစ်ဦး ကြည့်ကာ ‘ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီ’ ဟူသော အကြည့်ကို ဖလှယ်လိုက်ကြသည်။
ထို့နောက် လော်ယွီရှို့ မည်သည့်နေရာသို့ သွားကြောင်းကို စိတ်ဝင်တစား လိုက်ကြည့်ခဲ့ကြပြန်သည်။
လော်ယွီရှို့က ထောင့်တစ်နေရာတွင်ရှိနေသော လီရှန်းထံသို့ တန်းတန်းမတ်မတ် သွားခဲ့လေသည်။
ယမန်နေ့ညက သူမ၏ အငယ်ဆုံးသား စုဝေ့ချင်းမှ သူတို့နှစ်ဦးမှာ ရည်းစားမဖြစ်ကြသေးဟု ပြောခဲ့သော်လည်း၊ တစ်ဖက်လူက သူမ၏ ငတုံးသားလေးကို အိမ်အထိခေါ်ဆောင်သွားခဲ့သည်ဆိုကတည်းက အဖြေက ရှင်းလင်းနေပြီဟု လော်ယွီရှို့က ခံစားမိပေသည်။
ဤတုံးအ,သောသားလေးက မည်သည့်အရာကိုမှ နားမလည်သောကြောင့် သူ့၏မိခင်ဖြစ်သူကပင် ဝင်ပါပေးရပေတော့မည်။
စုဝေ့ချင်းက လီရှန်းကို အသားများများစားရန် တိုက်တွန်းနေချိန်တွင် လော်ယွီရှို့က အနားသို့ ရောက်ရှိလာခဲ့၏။
လော်ယွီရှို့ ကြင်နာစွာ ပြုံးပြလာခဲ့လေ၏။
သူမ၏ မျက်လုံးများမှာ လီရှန်းကိုသာ ကြည့်နေခဲ့ပြီး ချိုမြိန်မှုများဖြင့် ပြည့်နှက်နေပုံရသည်။ သူမ၏ အသံမှာလည်း နူးညံ့လွန်းပေသည်။
“မင်္ဂလာပါ လီရှန်း၊ အန်တီ့ကို မှတ်မိသေးရဲ့လား”
“အန်တီ”
လီရှန်းတစ်ယောက် လော်ယွီရှို့ရောက်လာကြောင်းကို မြင်လိုက်ရလျှင် စိတ်လှုပ်ရှားစွာနှင့် အမြန်မတ်တပ်ရပ်လိုက်မိ၏။
“ထိုင်ထိုင်၊ မတ်တပ်ရပ်နေစရာ မလိုပါဘူး”
လော်ယွီရှို့က လီရှန်း၏ ပုခုံးကို ဖိကာ ပြန်ထိုင်ခိုင်းလိုက်လေ၏။ စုဝေ့ချင်း အမေဖြစ်သူကို မော့ကြည့်ပြီး မေးလိုက်မိသည်။
“အမေ၊ ဘာလို့ ဒီကို ရောက်နေတာလဲ”
လော်ယွီရှို့က သူ့ဘက်သို့ ငုံ့ကြည့်လာခဲ့ပြီး ပြန်မေးလာလေ၏။
“...နင်ကရော ဒီမှာ ဘာလုပ်နေတာလဲ”
“ကျွန်တော် ဒီမှာ ထိုင်နေတာကြာပြီလေ”
စုဝေ့ချင်း အပြစ်ကင်းစင်စွာ ပြန်ပြောလာခဲ့သည်။
လော်ယွီရှို့တစ်ယောက် ချောင်းတစ်ချက်ဟန့်ကာ အနေရခက်စွာ ခေါင်းညိတ်ပြလိုက်သည်။
ဘေးနားတွင်ရှိနေသော ဖန်ထုံတစ်ယောက် ပေါက်ထွက်လုနီးပါး ဖြစ်နေသော ရယ်သံကို မနည်းထိန်းချုပ်နေခဲ့ရပြီ ခေါင်းကို အတင်းအကြပ်ငုံ့ကာ ထမင်းကိုသာ အမြန်စားနေခဲ့ရသည်။
ဒါရိုက်တာလော်က သူမရဲ့ သားကို လုံးဝသတိမပြုမိခဲ့တာမဟုတ်ဘူးလား။
“ရဲဘော်တွေကို အလုပ်ခေါ်တဲ့စာမေးပွဲမှာ ရှန်းရှန်းက ပထမရတယ်လို့ အန်တီ့အမျိုးသားဆီက ကြားခဲ့တယ်”
လော်ယွီရှို့က သူမ၏သားကို ဘေးသို့ တွန်းဖယ်ကာ လီရှန်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေသည်။
“ တိုက်ဆိုင်သွားတာပါ အန်တီ၊ ကျွန်မက ရဲဘော်ရွှမ်ယန်ထက် နှစ်မှတ်ပဲပိုများခဲ့တာ”
သူမအနေဖြင့် စုဝေ့ချင်းနှင့် မနှိုင်းယှဉ်ခဲ့ပါချေ။ တစ်ဖက်လူက သူမ၏ရှေ့တွင် ထိုင်နေသောကြောင့် သူ၏မျက်နှာကိုငဲ့ရဦးမည် မဟုတ်ပါလား။
“ဒါက တိုက်ဆိုင်မှုသက်သက် မဟုတ်ဘူး၊ စစ်မှန်တဲ့ အသိပညာတွေပဲ၊ ရှန်းရှန်းက အတော်လေး ကြိုးစားခဲ့တယ်ဆိုတာကို ဝေ့ချင်းဆီက ကြားထားတယ်၊ အခုတော့ မင်းရဲ့ရည်မှန်းချက်တွေအောင်မြင်ပြီး အလုပ်ရသွားပြီပဲ”
လော်ယွီရှို့၏ လေသံက ပို၍ပင် ရင်းနှီးဖော်ရွေလာခဲ့သည်။
“မနေ့က ဝေ့ချင်းက ရှန်းရှန်းရဲ့ လူကြီးတွေဆီကို ပန်းသီးတစ်အိတ်ပဲ ယူသွားခဲ့တယ်ဆိုတာကို ကြားတော့ အန်တီ အတော်လေးဒေါသထွက်သွားတာ..
ဒီကလေးက ဘာလို့ စောစောစီးစီး မပြောရတာလဲ၊ အန်တီသာ သိရင် ပစ္စည်းတွေ အများကြီး ပိုပြီးပြင်ပေးလိုက်မှာ”
“ပန်းသီးကလည်း အတော်လေး ကောင်းပါတယ် အန်တီ”
လီရှန်း၏ စကားကို ကြားလျှင် လော်ယွီရှို့က ပို၍ပင် စိတ်အေးသွားရလေ၏။
ကြည့်စမ်း!
ဒီစကားက သူတို့ဘက်က ငြင်းဆိုတာမျိုးမလုပ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား။
လော်ယွီရှို့ သူမ၏ သားဘက်သို့ အောင်နိုင်သူတစ်ဦးကဲ့သို့ ဝင့်ကြွားစွာ ကြည့်လိုက်လေသည်။
“ဒီမှာ .. အန်တီ ပန်းသီးစွပ်ပြုတ်လေး လုပ်လာတယ်၊ ဒါ ရှန်းရှန်းအတွက် သီးသန့် ယူလာတာ၊ မင်း ကြိုက်မလား မြည်းကြည့်လိုက်ပါဦး”
လော်ယွီရှို့က အပူထိန်းဘူးကို စားပွဲပေါ်သို့တင်ကာ အဖုံးကို ဖွင့်လိုကလျှင် ချိုမြိန်သောရနံ့များက ချက်ချင်းပင် လွင့်ပျံ့လာခဲ့လေ၏။
စုဝေ့ချင်းက အမေဖြစ်သူထံမှ အာရုံစိုက်ခံရရန် ကြိုးစားရင်းဝင်ပြောလာခဲ့သည်။
“ အမေ၊ ကျွန်တော်လည်း သောက်ချင်တယ်”
“ဖယ်စမ်းပါ ၊ ဒါက ငါ ရှန်းရှန်းအတွက် သီးသန့်လုပ်လာခဲ့တာ”
လော်ယွီရှို့က သူမ၏ သားကို မျက်စောင်းထိုးလိုက်သည်။
ထို့နောက် တစ်ဖက်သို့ပြန်လှည့်ကာ လီရှန်း စွပ်ပြုတ်သောက်နေချိန်တွင် စကားဆက်လိုက်လေ၏။
“ရှန်းရှန်း၊ အန်တီလည်း အချိန်အကြာကြီး မဆွဲတော့ဘူး၊ ရှန်းရှန်းနဲ့ ဝေ့ချင်းတို့က သိတာလည်း ကြာပြီမလား၊ မနေ့ကလည်း ဝေ့ချင်းက မင်းရဲ့ ဦးလေးဆီကို သွားပြီးနှုတ်ဆက်ခဲ့တယ်လေ၊
အန်တီတို့ကလည်း လူကြီးလူကောင်းတွေဆိုတော့ ဒီအတိုင်း နေလို့မကောင်းဘူး၊ အန်တီကတော့ မင်းတို့အပေါ်မှာ ဘာမှ ကန့်ကွက်စရာ မရှိဘူး၊ တကယ်ကို စိတ်ကျေနပ်တယ်၊
ဒါကြောင့်... မင်းရဲ့ ဦးလေးက ဘယ်တော့လောက်ကို အားမလဲ၊ အန်တီတို့ မိသားစုတွေ နှစ်ဦးနှစ်ဖက် တွေ့ဆုံပြီးတော့ မင်္ဂလာကိစ္စလေးတွေ ဆွေးနွေးကြရင် မကောင်းဘူးလား”
***