“အမေ..”
စုဝေ့ချင်းတစ်ယောက် အလွန်ပင်ထိတ်လန့်သွားရလေ၏။ သူက ဘေးဘက်သို့ တိုးကပ်ကာ အံကိုတင်းတင်းကြိတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့က ..မဖြစ်သေးဘူးလို့ ပြောထားတယ်လေ...”
“ကောင်းပါပြီ အန်တီ”
လီရှန်းက တိုက်ရိုက်ပင်ပြန်ဖြေလိုက်သည်။
“ကျွန်မရဲ့ဦးလေးက လစဥ်လတိုင်း တစ်ရက်နေ့ဆိုရင် အဖိုးဆီကို သွားပြီးလည်ပတ်တတ်လေ့ရှိတယ်”
“ အရမ်းကောင်းတယ်! ဒါဆို တစ်ရက်နေ့ကျရင် အန်တီတို့ ရှန်းရှန်းရဲ့ ဦးလေးနဲ့အတူ အဖိုးဆီကို လိုက်ခဲ့မယ်လေ”
လော်ယွီရှို့က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်ပြီး ရက်ချိန်းကို အတည်ပြုလိုက်လေသည်။
စုဝေ့ချင်းသည်ကား လုံးလုံးလျားလျား ဆွံ့အမင်သက်သွားခဲ့ရချေသည်။
“မင်း.. သဘောမတူဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား”
လီရှန်း နှုတ်ခမ်းကို အနည်းငယ်စူလိုက်ပြီး ပြန်ပြောလိုက်သည်။
“ရှင်က ဒုတိယတစ်ခေါက်ထပ်မမေးခဲ့ဘူးလေ”
လော်ယွီရှို့တစ်ယောက် သားဖြစ်သူ၏ နောက်ကျောအား ရိုက်ပြီး ဆူပူလိုက်လေသည်။
“ငါ သိသားပဲ၊ နင်တို့လို စာပေသမား လူငယ်တွေက အလုပ်တွေတော့ အများကြီးရှုပ်နေကြပြီး ဆုံးဖြတ်ချက်မှာ မပြတ်သားကြဘူး၊ မင်း ဘာလို့ တိုက်ရိုက် မမေးဘဲ ခန့်မှန်းနေရတာလဲ”
*
လော်ယွီရှို့ စိတ်နှလုံးပျော်ရွှင်မြူးတူးစွာဖြင့် သီချင်းညည်းဆိုကာ ဝက်နံရိုးဟင်းကို ကိုင်ပြီး အိမ်သို့ပြန်လာခဲ့လေ၏။
သို့သော်လည်း အိမ်သို့ ပြန်လာရာ လမ်းတွင် အသိမိတ်ဆွေနှင့် ဆုံတွေ့ခဲ့လေသည်။
“ဒါရိုက်တာလော်၊ ဟင်းချက်ဖို့ အိမ်ပြန်တာလား”
သူမကို နှုတ်ဆက်လာသူမှာ စုမိသားစု၏ အိမ်နီးချင်းဖြစ်သူ လုချင်းလန် ဖြစ်ပေသည်။ သူမက အရည်အသွေးစစ်ဆေးရေးဌာနမှလက်ထောက်ဒါရိုက်တာလုတုန်ရှန်း၏ ဇနီးလည်းဖြစ်ပေ၏။
“ဟုတ်တယ်၊ ဒီနေ့ ကန်တင်းမှာ ဝက်နံရိုးဆီပြန်ဟင်းရှိတာနဲ့ လောင်စုအတွက် တစ်ပွဲသွားယူလာတာ”
လော်ယွီရှို့က သူမလက်ထဲမှ အပူထိန်းဘူးကို ဖွင့်ပြလိုက်လျှင် အတွင်းဘက်မှ အငွေ့များထွက်နေဆဲသော ဝက်နံရိုးဟင်းများကို တွေ့လိုက်ရ၏။
ထိုဟင်း၏ ရနံ့နှင့်ပင် အလွန်အရသာရှိမည်ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
“ဒါရိုက်တာလော်ကတော့ တကယ့်ကို ရက်ရောတာပဲ၊ နံရိုးတွေက ဒီလောက်အများကြီးဆိုတော့ ဈေးလည်းမနည်းလောက်ဘူး”
လူချင်းလန်က ပြည့်လျှံနေသော အပူထိန်းဘူးကိုကြည့်ပြီး တွက်ချက်ကြည့်စရာပင်မလိုဘဲ အနည်းဆုံး နှစ်ယွမ်ခန့်ပေးရမည်ဖြစ်ကြောင်း သိရှိလိုက်လေ၏။
“ဟုတ်တယ်၊ အခု ငါတို့ရဲ့ဝေ့ချင်းလည်း အလုပ်ရသွားပြီဆိုတော့ ငါလည်း စိတ်အေးသွားရပြီလေ.. အခုတော့ ငါနဲ့ ငါ့ရဲ့အမျိုးသားနှစ်ယောက်တည်းကိုပဲ ဂရုစိုက်စရာကျန်တော့တယ်”
လော်ယွီရှို့က ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။ ယခုအချိန်တွင် သူမ၏ မိသားစုဝင်အားလုံးမှာ တရားဝင်ဝန်ထမ်းများ ဖြစ်သွားကြပေပြီ။
ထို့အပြင် သူမနှင့် စုဝေ့မင်၏ လစာမှာလည်း မနည်းသည့်အတွက် အသားဟင်းကို စားသောက်နိုင်ခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပေသည်။
သူမ၏စကားကို ကြားလျှင် လုချင်းလန်က လော်ယွီရှို့ကို မနာလိုစွာ ကြည့်ပြီး သက်ပြင်းချရင်း ပြောလာခဲ့သည်။
“ရှင်ကတော့ ကောင်းမွန်တဲ့နေ့ရက်တွေကို ရောက်သွားပြီပေါ့၊ ကျွန်မကတော့ အခုထိ လိုအပ်နေတုန်းပဲ”
“ကျွန်မရဲ့ အကြီးဆုံးသားက ခုမှ အထက်တန်းပဲ ရှိသေးတာ”
သူမတွင်လည်း သားသုံးယောက်ရှိပြီး အကြီးဆုံးသားမှာ ဆယ့်ခုနစ်နှစ်အရွယ်ရှိကာ အထက်တန်း ဒုတိယနှစ်သို့ တက်ရောက်ရန် ပြင်ဆင်နေသူ ဖြစ်၏။
“ကလေးကို ခရိုင်ထဲက ကျောင်းကိုပဲ ပြောင်းလိုက်ပါလား၊ ပြည်နယ်မြို့တော်မှာက အခြေအနေတွေ သိပ်မအေးချမ်းဘူးလို့ ကြားတယ်”
လော်ယွီရှို့ အကြံပြုလိုက်သည်။
“ငါတို့ရဲ့ဝေ့ချင်းကို ကြည့်လေ၊ ပိုင်မားခရိုင်မှာပဲ အထက်တန်းတက်ခဲ့တာပဲ၊ ဒါတောင်မှ ဆေးဝါးစက်ရုံမှာ အလုပ်ရတာပဲမဟုတ်ဘူးလား”
လူချင်းလန်က အလျှင်အမြန် လက်ရမ်းပြလာခဲ့သည်။
“မလုပ်ပါနဲ့တော့၊ ကျွန်မရဲ့သားက အထက်တန်းကျောင်းကနေ ဘွဲ့ရဖို့ တစ်နှစ်ပဲ ကျန်တော့တာ၊ ပြည်နယ်မြို့တော်က ဆေးဝါးစက်ရုံစာမေးပွဲကိုပဲ ဖြေခိုင်းလိုက်တော့မယ်”
သူမ၏ အမြင်တွင် စုဝေ့ချင်း ဆေးဝါးစက်ရုံသို့ အလုပ်ဝင်ခွင့်ရခြင်းမှာ ကံကောင်းလွန်းခြင်းသာ ဖြစ်ပြီး အတုယူစရာ အချက်အလက်မရှိပါချေ။
စုဝေ့ချင်းသည်က အိမ်တွင် မိဘကို မှီခိုကာ နှစ်နှစ်တိုင်တိုင် လူပိုတစ်ယောက်အဖြစ် နေထိုင်ခဲ့သည်ကို လူတိုင်း သိကြသည် မဟုတ်ပါလား။
လော်ယွီရှို့အနေဖြင့်လည်း လုချင်းလန် မည်သည့်အကြောင်းများကို တွေးတောနေသည်ကို ကောင်းစွာ သိရှိပေသည်။
လုချင်းလန်က သူမ၏အကြံပေးစကားများကို လက်မခံလိုသည့်အတွက် သူမလည်း ဆက်မပြောတော့ပေ။
သူမသည်က စကားနားမထောင်သောလူများကို အတင်းအကျပ် ပြောဆိုတတ်သည့်လူမျိုးမဟုတ်ပါချေ။
“ကျွန်မရဲ့ ဒုက္ခပေးတတ်တဲ့ ကလေးတွေအကြောင်းကို ထားလိုက်ပါတော့.. ဒါရိုက်တာလော် ၊ ကျွန်မ ရှင့်ကို မေးစရာလေး တစ်ခုရှိတယ်”
လုချင်းလန်က လော်ယွီရှို့မှ ကျောင်းပြောင်းရန် ထပ်မံတိုက်တွန်းမည်ကို စိုးရိမ်သောကြောင့် စကားလမ်းကြောင်းလွှဲလိုက်လေ၏။
သူမ၏ အမျိုးသားမှာ လက်ထောက်ဒါရိုက်တာအဆင့်သာ ရှိပြီး၊ စုဝေ့မင်မှာ စက်ရုံ၏ဒုတိယညွှန်ကြားရေးမှူး ဖြစ်သည့်အတွက် အဆင့်အတန်းချင်းက များစွာကွာခြားပေသည်။
ထို့ကြောင့် သူမက စကားကို အမြန်ဖြတ်လိုက်သည်။
“ဒါရိုက်တာတို့ရဲ့အိမ်က ဝေ့ချင်းလည်း အသက်မငယ်တော့ဘူးမလား”
လော်ယွီရှို့၏ နှလုံးခုန်သံက စည်းချက် မြန်သွားရပြီးပြန်မေးလိုက်၏။
“ဘာဖြစ်လို့လဲ”
“ဝေ့ချင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ၊ ကျွန်မရဲ့အမျိုးဘက်က မိန်းကလေးတစ်ယောက် ရှိတယ်၊ သူမက အထက်တန်းအောင်ထားတာလေ၊
ရုပ်လည်း ချောတယ်၊ မိဘနှစ်ယောက်လုံးလည်း အလုပ်ရှိတယ်၊ သူမမှာ အမနှစ်ယောက်နဲ့ မောင်လေးတစ်ယောက်ရှိတယ်၊ ကျွန်မက သူမကို ဝေ့ချင်းနဲ့ဆိုရင် အသက်အရွယ်ချင်းလည်း တူမယ်ထင်လို့...”
ကျန်ရှိသော စကားများကို ထုတ်မပြောသော်လည်း ပြောချင်သည့်အဓိပ္ပါယ်က ရှင်းလင်းပေသည်။
လော်ယွီရှို့: “...”
ကုန်လွန်ခဲ့သည့် ရက်များအတွင်း လုချင်းလန်က စုဝေ့ချင်းအတွက် မည်သည့်မိန်းကလေးနှင့်မျှ မိတ်ဆက်ပေးရန် မပြောခဲ့ပါချေ။
ယခု စုဝေ့ချင်း ဆေးဝါးစက်ရုံတွင် အလုပ်ရသွားသည်နှင့် မိန်းကလေးတစ်ဦးက ချက်ချင်းပင် ပေါ်ထွက်လာခဲ့လေပြီ။
ထို့ပြင် အထက်တန်းအောင်မြင်ထားပြီး၊ ရုပ်ရည်ချောမောကာ၊ မိဘများကလည်း အလုပ်ရှိသည်။
ထိုအချက်အားလုံးမှာ သူမ၏ လီရှောင်ရှန်းထံတွင် ရှိနေပြီးသားအချက်များပင်မဟုတ်ပါလား။
လော်ယွီရှို့တစ်ယောက် မျက်လုံးလှန်ခြင်သည့်စိတ်ကို အတင်းအကြပ် ထိန်းချုပ်လိုက်ပြီး အနေရခက်သော အမူအရာဖြင့် ပြောလိုက်လေ၏။
“အိုး..နင် ရောက်လာတဲ့အချိန်က တကယ်ကို သင့်တော်တဲ့အချိန်မဟုတ်ဘူးပဲ၊ ငါ့တို့ရဲ့ ဝေ့ချင်းမှာ ချစ်သူရှိနေပြီလေ”
“ဟင်”
လုချင်းလန်တစ်ယောက် အမှန်တကယ် အံ့သြသွားခဲ့ရသည်။
“ ဘယ်တုန်းက ဖြစ်သွားတာလဲ၊ ဒါရိုက်တာပြောတာကို ဘာလို့ တစ်ခါမှမကြားဖူးခဲ့တာလဲ”
“ဒီကောင်လေးက ငါ့ကိုလည်း အခုမှ ပြောပြတာလေ၊ ငါလည်း အကြီးဆုံးသားရဲ့ မင်္ဂလာဆောင်ကိစ္စနဲ့ အလုပ်ရှုပ်နေလို့ ခဏလောက်နားဦးမယ်တွေးထားတာ.. အခု ဒီအငယ်ဆုံးကောင်လေးက အလုပ်တွေရှာလာပြန်ပြီ”
လော်ယွီရှို့က ညည်းညူပြနေသော်လည်း တကယ်တမ်းတွင် ကြွားလုံးထုတ်နေခြင်းသာဖြစ်ပေ၏။
“ဒါပေမဲ့ ငါ့ဝေ့ချင်းက အမြင်ကောင်းရှိတယ်၊ ငါ သူ့ရဲ့ချစ်သူကို မြင်ဖူးကတည်းက သဘောကျသွားတာ”
“ဘာ? အစ်မတို့က လူချင်းတောင် တွေ့ပြီးပြီလား”
လုချင်းလန်တစ်ယောက် လုံးလုံးလျားလျား ထိတ်လန့်သွားရသည်။ စုမိသားစုသည်က ကိစ္စများကို တိတ်တဆိတ်နှင့် အောင်မြင်အောင် လုပ်ဆောင်တတ်ကြသည်ပင်။
“တကယ်တော့ အပြင်ကိုသွားတဲ့အချိန် ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့ သူတို့နှစ်ယောက်ကို ဆုံမိတာနဲ့ နှုတ်ဆက်ခဲ့ရုံပါပဲ”
လော်ယွီရှို့က ဆက်လက်၍ ကြွားဝါလေသည်။
“မိန်းကလေးက ရုပ်ရည်ကလည်းချောမောတယ်၊ အသားအရည်ကလည်း ဖြူဖွေးပြီး ပညာတတ်လေးတွေလိုမျိုးလည်း ယဉ်ကျေးသေးတယ်၊ သူမကလည်း အထက်တန်းအောင်ထားတာလေ၊ အလုပ်လည်း ကောင်းကောင်းရထားတယ်၊
သူမရဲ့မိသားစုတစ်ခုလုံးကလည်း တရားဝင်ဝန်ထမ်းတွေချည်းပဲ”
လုချင်းလန် : “...”
ဒါက ဘာကို ဆိုလိုတာလဲ။ သူမ မိတ်ဆက်ပေးမဲ့ မိန်းကလေးရဲ့ အခြေအနေက သာမန်ပဲလို့ပြောချင်နေတာလား။
သူမက ချက်ချင်းပင် ပြန်လည်ချေပတုံ့ပြန်လိုက်၏။
“ကျွန်မရဲ့ ညီမက ပြည်နယ်မြို့တော်ကလေ!”
ကားမှတ်တိုင်တွင် တွေ့ခဲ့ရသော မိန်းကလေးက ဒေသခံသာ ဖြစ်ရမည်။ သို့ဖြစ်၍ ပြည်နယ်မြို့တော်မှ မိန်းကလေးများနှင့် မနှိုင်းယှဉ်နိုင်ပါချေ။
“ပြည်နယ်မြို့တော်မှာနေတာက ဘာများအသုံးကျလို့လဲ၊ ငါ့အကြီးဆုံးသားရဲ့ ပထမဇနီးကိစ္စကတည်းက ငါ ပြည်နယ်မြို့တော်က မိန်းကလေးတွေကို သတိထားပြီးကြည့်နေတာ
သူတို့က စိတ်ကစားတတ်ကြတယ်၊ လက်ထပ်ပြီးတဲ့နောက်မှာ ဒီခရိုင်ထဲမှာ တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်လိမ့်မယ်လို့ နင် ထင်လို့လား”
လုချင်းလန်၏စကားကို ကြားလိုက်ရလျှင် လော်ယွီရှို့က လက်ကိုခါရမ်းလိုက်ပြီး ပြည်နယ်မြို့တော်မှ မိန်းကလေးများအပေါ် မနှစ်မြို့သော အမူအရာကို ပြသလိုက်လေသည်။
စုဝေ့ဟိုင်၏ ဇနီးဟောင်းမှာ ပြည်နယ်မြို့တော်မှဖြစ်၏။ လက်ထပ်ပြီးနောက် ကလေးများရလာခဲ့သော်လည်း သူမက ပိုင်မားခရိုင်တွင် မနေထိုင်ချင်ခဲ့ပေ။
အလုပ်ပြောင်းရွှေ့ရန်အတွက် အခွင့်အရေးရသည်နှင့် သူမ၏ ခင်ပွန်းဖြစ်သူနှင့် သားသမီးကို စွန့်ခွာကာ ပြည်နယ်မြို့တော်သို့ တုံ့ဆိုင်းခြင်းမရှိ ပြန်သွားခဲ့သည်။
ထိုခွဲခွာခြင်း၏ နောက်ဆုံးရလဒ်မှာ ကွာရှင်းခြင်းပင် ဖြစ်ပေသည်။
လုချင်းလန်တစ်ယောက် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ရသည်။
သူမ၏ စိတ်ထဲတွင် ဆေးဝါးစက်ရုံက ပြည်နယ်မြို့တော်တွင်လည်း ရုံးစိုက်ထားသည့်အတွက် ထိုလူငယ်စုံတွဲကို မြို့တော်တွင် အလုပ်လုပ်ခိုင်း၍ရသည်ဟူ၍ တွေးတောနေသေးသည်။
သို့သော်လည်း လော်ယွီရှို့အနေဖြင့် စုဝေ့ဟိုင်တို့ဇနီးမောင်နှံ ကွာရှင်းမည်ကိုပင် လက်ခံခဲ့ပြီး၊ စုဝေ့မင်ကိုလည်း သူ၏အာဏာကိုသုံး၍ ပြောင်းရွှေ့ရန်မလုပ်ဆောင်ခိုင်းခဲ့သည်ကို သတိရသွားခဲ့သောကြောင့် ဆက်ပြောလျှင်ပင် မထူးတော့ကြောင်းကို သိရှိလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် သူမက ထိုကိစ္စကို အပေါ်ယံမျှသာ စကားစခဲ့ခြင်းဖြစ်သည်။
“ဒီလိုဆိုရင်လည်း ကျွန်မ ထပ်မပြောတော့ပါဘူး၊ ကျွန်မက ဒီအတိုင်း စကားစပ်မိလို့ ပြောပြတာပါ”
လုချင်းလန်တစ်ယောက် လက်မလျှော့နိုင်သေးဘဲ နှုတ်ခမ်းကိုအနည်းငယ်စေ့ကာ မေးလိုက်ပြန်၏။
“အစ်မက ဝေ့ချင်းအတွက် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီပေါ့? ဒါနဲ့ အဲဒီမိန်းကလေးက ကျွန်မတို့စက်ရုံကပဲလား၊ ဘယ်သူ့ရဲ့သမီးလဲ”
“အဲဒါကိုတော့ ငါ မပြောရဲသေးဘူး”
သူမက အတင်းအကျပ် မေးမြန်းနေသည်ကိုမြင်လျှင် လော်ယွီရှို့ အနည်းငယ် စိတ်မရှည် ဖြစ်လာရသည်။
“ဝေ့ချင်းရဲ့ အကျင့်ကို နင်လည်း သိနေတာပဲလေ၊ ငါသာ တစ်ခုခု ပြောလိုက်ရင် သူက သောင်းကျန်းနေတော့မှာ”
လော်ယွီရှို့၏ အမူအရာကြောင့် လုချင်းလန် လှောင်ပြောင်လိုက်သည်။
“ဘာကိုမှမကြောက်တဲ့ လော်တာ့ဖော့*က သားဖြစ်တဲ့ဝေ့ချင်းကို ကြောက်နေရလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး”
(T/n: တာ့ဖော့: အမြှောက်ကြီး)
“သွားစမ်းပါ၊ နင်ကမှ စကားကြီးစကားကျယ်တွေ ပြောတတ်တာ”
တစ်ဖက်လူက သူမ၏ အမည်ပြောင်ကို သူမ၏ရှေ့တွင်ပင် ခေါ်ဆိုလိုက်သောကြောင့် လော်ယွီရှို့တစ်ယောက် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။
“ငါ့အမျိုးသားက ထမင်းစားဖို့ စောင့်နေလောက်ပြီ၊ ငါ ပြန်တော့မယ်”
သူမက လုချင်းလန်၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ အိမ်သို့ ပြန်လာခဲ့လေသည်။
လုချင်းလန်သည်ကား အနောက်ဘက်တွင်ရပ်ကာ နှာခေါင်းရှုံ့လျက် ကျန်ရစ်ခဲ့သည်။
“ဟမ့်! သူ့ရဲ့သားက ဘယ်လို နတ်သမီးမျိုးကို လက်ထပ်မလဲဆိုတာ ငါ စောင့်ကြည့်နေဦးမှာ”
***