လော်ယွီရှို့တစ်ယောက် ဒေါသတကြီးဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့သည်။
“ဘာဖြစ်လာတာလဲ၊ မင်း ရှောင်လီကို သွားတွေ့တာမဟုတ်ဘူးလား၊ မတွေ့ခဲ့ရဘူးလား”
ဆာလောင်နေသော ဗိုက်ဖြင့် အောင့်အီး၍ သတင်းစာဖတ်နေသော စုဝေ့မင်က သူမ၏အမူအရာကို မြင်လျှင် စိတ်ဝင်တစား မေးလိုက်လေ၏။
သူက သတင်းစာကို ဘေးဘက်သို့ ပစ်ချလိုက်ပြီး လော်ယွီရှို့ထံသို့ လျှောက်လာခဲ့သည်။
ထို့နောက် သူမ၏လက်ထဲမှ အပူထိန်းဘူးကို လှမ်းယူပေးလိုက်သော်လည်း ဘူးထဲမှ အလေးချိန်ကို ချိန်ကြည့်ပြီး တွေဝေစွာဖြင့် ပြောလာခဲ့လေသည်။
“မင်း ပန်းသီးစွပ်ပြုတ်ကို မပေးခဲ့ရဘူးလား”
“ဒီလို အချိုလွန်ကဲနေတဲ့ စွပ်ပြုတ်ဟင်းချိုကို ဘယ်သူမှ သောက်မှာ မဟုတ်ဘူးလို့ ငါ ပြောခဲ့သားပဲ”
စုဝေ့မင် အဖုံးကို ဖွင့်ရန် ကြိုးစားလိုက်လေ၏။
သို့သော် သူ အဖုံးကို မဖွင့်နိုင်သေးမီပင် လော်ယွီရှို့က အပူထိန်းဘူးကို ဆွဲယူလိုက်လိမ့်မည်ဟု မည်သူကထင်မှတ်ထားမည်နည်း။
“ရှင် စကားကောင်းကောင်း မပြောတတ်ရင် စားနေစရာ မလိုဘူး!”
ထို့နောက် သူမက ဒေါသတကြီးဖြင့် လှည့်ထွက်ကာ အပြင်ဘက်သို့ထုတ်ထားသည့် မီးဖိုချောင်လေးထဲသို့ ဝင်သွားခဲ့လေသည်။
“မသွားနဲ့တော့လေ၊ ငါ ဗိုက်အရမ်းဆာနေပြီ!”
စုဝေ့မင်လည်း သူမ၏ နောက်သို့ အလျှင်အမြန် လိုက်သွားခဲ့ရသည်။
သူ အထဲသို့ဝင်သွားချိန်တွင် လော်ယွီရှို့က အပူထိန်းဘူးကို ဖွင့်ပြီး ဘူးထဲမှ ဝက်နံရိုးဟင်းများကို ပန်းကန်တစ်ခုထဲသို့ လောင်းထည့်နေသည်ကို တွေ့လိုက်ရလေ၏။
လော်ယွီရှို့က သူ့ကို မျက်စောင်းထိုးလာခဲ့သည်။
“ဗိုက်ဆာရင် ကိုယ့်ဘာသာကိုယ် လုပ်မစားတတ်ဘူးလား၊ ရှင့်မှာ လက်မပါဘူးလား၊ ကျွန်မက ဟိုပြေးဒီပြေးနဲ့ အလုပ်တွေရှုပ်နေတာတောင် ရှင့်အတွက် လုပ်ပေးနေရတယ်.. ပင်ပန်းလို့ သေရတော့မှာပဲ”
စုဝေ့မင်က ဟင်းပန်းကန်များကို အပြင်ဘက်ရှိ ထမင်းစားပွဲသို့ သယ်ဆောင်သွားပြီးနောက် လော်ယွီရှို့ကိုလည်း ဝင်ထိုင်နိုင်စေရန်အတွက် အလျှင်မြန်ကူညီပေးလိုက်လေ၏။
“ပြောစမ်းပါဦး၊ မင်း ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”
“အဲဒီလုချင်းလန်ဆိုတဲ့ မိန်းမကြောင့်ပေါ့၊ သူမက ကျွမ်မရဲ့ မျက်နှာတည့်တည့်မှာလာပြီး လော်တာ့ဖော့လို့ ခေါ်ရဲတယ်လေ”
ဤကဲ့သို့ နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်တွင် လော်ယွီရှို့အနေဖြင့် သူမ၏ ဤနာမည်ပြောင်ကို မကြားဖူးဘဲမနေပါချေ။
သူမအနေဖြင့် ထိုကဲ့သို့ ရိုင်းစိုင်းစွာ နာမည်ပေးခံရသည်ကို မနှစ်သက်သော်လည်း လူတိုင်း၏ပါးစပ်ကို လိုက်လံပိတ်ဆို့၍ မရနိုင်သောကြောင့် စိတ်ထဲတွင်သာ မျိုသိပ်ထားခဲ့ရသည်။
သို့သော် ယနေ့တွင် လုချင်းလန်က သူ၏၏ရှေ့တွင်ပင် ထိုသို့ခေါ်လိုက်သည့်အတွက် လော်ယွီရှို့၏ ဒေါသတို့က ပေါက်ကွဲသွားရခြင်းဖြစ်ပေ၏။
“ဒီနေ့ ရှန်းရှန်းကို တွေ့ခဲ့ရတဲ့အတွက် ပျော်ရွှင်နေလို့သာပေါ့၊ မဟုတ်ရင် ကျွန်မ သူ့ပါးစပ်ကို ဆွဲဖြဲပစ်လိုက်ပြီ”
စုဝေ့မင်: “...”
တစ်စုံတစ်ယောက်က တစ်ဖက်လူ၏ ဆိုးရွားသော နာမည်ပြောင်ကို လူကိုယ်တိုင်၏အရှေ့တွင် ခေါ်ဆိုလိုက်ခြင်းက အလွန်ပင်ရိုင်းဆိုင်းပေ၏။
“ဒီလုချင်းလန်က တကယ်ကို ရိုင်းစိုင်းလွန်းတာပဲ၊ ငါ လောင်လုကို ဒီကိစ္စအကြောင်း ပြောရမယ်”
“ဟုတ်တယ်၊ သူ့မျက်နှာကိုလည်း ကြည့်ဦး၊ ဖားမျက်စိနဲ့ မိန်းမကများ!
အဲဒီဖားမက သူ့ရဲ့ညီမကို ကျွန်မတို့ရဲ့ဝေ့ချင်းနဲ့ မိတ်ဆက်ပေးဖို့ ကြံစည်နေသေးတယ်၊ ကျွန်မတို့အိမ်က တိရစ္ဆာန်ရုံ မဟုတ်ဘူး”
လုချင်းလန်မှာ အမြင်အာရုံမကောင်းဘဲ မျက်လုံးက အလွန်မှုန်သည့်အတွက် သူမ၏မျက်လုံးများက ဖောင်းကြွနေခဲ့သည်။ လော်ယွီရှို့က ထိုအချက်ကို ဆုတ်ကိုင်၍ ဝေဖန်လိုက်လေ၏။
စုဝေ့မင်တစ်ယောက် မည်သို့ပြန်ပြောသင့်ကြောင်း မသိတော့ပါချေ။ တစ်ဖက်လူက လော်ယွီရှို့ကို ‘လော်တာ့ဖော့’ ဟု ခေါ်ခဲ့သော်လည်း၊ လော်ယွီရှို့သည်လည်း သူမကို ‘ဖားမ’ဟူ၍ နာမည်ပြန်ပေးလိုက်လေပြီ။
“သူက ဘာလို့ ဝေ့ချင်းကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ပြောလာတာလဲ”
စုဝေ့မင် စကားလမ်းကြောင်းကိုပြောင်းရန်အတွက် တခြားကိစ္စတစ်ခုကို အမြန်မေးလိုက်ရသည်။
“အဲဒီမူဝါဒကြောင့်ပဲနေမှာပေါ့၊ သူ့ညီမကလည်း ဒီမူဝါဒအတွက် လက်ထပ်ဖို့ အလျင်လိုနေလောက်တယ်၊ ဒါကြောင့် ဝေ့ချင်းနဲ့ မိတ်ဆက်ပေးချင်တာလေ၊
ဒါပေမဲ့ သူ့ရဲ့ အပြုအမူကိုကြည့်လိုက်ဦး၊ ဝေ့ချင်းသာ ဆေးဝါးစက်ရုံမှာ အလုပ်မရရင် သူ့ညီမနဲ့မတန်ဘူးလို့ ထင်နေတာမလား၊
အဲဒါက ဘယ်လိုလူမျိုးမလို့လဲ၊ ပြည်နယ်မြို့တော်က ဖြစ်နေရုံနဲ့ ဒီလောက်ထိ ဂုဏ်မောက်နေစရာမလိုပါဘူး!”
လော်ယွီရှို့တစ်ယောက် ထိုအကြောင်းကို ပြန်တွေးမိသည့်အချိန်တိုင်း ဒေါသထွက်လာရလေ၏။
ဝေ့ချင်းအနေဖြင့် ယခင်က တရားဝင် အလုပ်မလုပ်ခဲ့သော်လည်း ငွေများစွာ ရှာနိုင်ခဲ့သည် မဟုတ်ပါလား။
စုဝေ့မင် မေးလိုက်လေ၏။
“မင်း ဝေ့ချင်းရဲ့ ချစ်သူအကြောင်းကိုရော ပြောလိုက်သေးလား”
“မပြောပါဘူး၊ ကျွန်မက အဲဒီလောက် မတုံးအဘူး”
လော်ယွီရှို့က အလွန်ပင် နှုတ်လုံခဲ့သည်။
သူမက စုဝေ့ချင်းနှင့် လီရှန်းတို့၏ အကြောင်းကို လုံးဝထုတ်မပြောခဲ့ပါချေ။
သူမအနေဖြင့် ရန်သူများကို မည်သို့ ကိုင်တွယ်ရမည်ကို ကောင်းစွာ သိရှိထားသည်။သူမ၏ အကြီးဆုံးသား နောက်အိမ်ထောင်ပြုသည့်အချိန်က တချို့လူများက ဝူလီ၏ အိမ်သို့ သွားရောက်ပြီးပြဿနာရှာခဲ့ကြသော်လည်း ဝူလီက အိမ်ထောင်ရေးအတွက် ခိုင်မာစွာ ဆုံးဖြတ်ထားခဲ့သောကြောင့် မအောင်မြင်ခဲ့ကြပေ။
ထို့ကြောင့် သူမက စုဝေ့ချင်း၏ အိမ်ထောင်ရေးကိစ္စတွင် ပို၍ သတိထားနေခဲ့ပေသည်။
စုဝေ့ချင်းတစ်ယောက် လက်ထပ်စာချုပ် မချုပ်ဆိုမီအချိန်ထိ မည်သည့်အချက်အလက်ကိုမျှ ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
နေ့လယ်စာ စားပြီးနောက် လီရှန်းက သူမ၏ အလုပ်ခန်းသို့ ပြန်ပြီး ဆေးပညာများကို ဆက်လက်လေ့လာရန် ပြင်ဆင်လိုက်၏။
စုဝေ့ချင်းအနေဖြင့် လီရှန်းနှင့် အချိန်ကြာကြာနေခဲ့သော်လည်း ရဲဘော် လီရှန်းသည်က အရာအားလုံးတွင် ကြိုးစားချင်စိတ်ရှိသူ ဖြစ်ကြောင်းကို သိထားသည့်အတွက် အလိုက်သိသော အမျိုးသားတစ်ဦးကဲ့သို့ရှိနေပေးခဲ့သည်။
သူမ၏ ကြိုးစားအားထုတ်မှုကို အနှောင့်အယှက်မဖြစ်စေလိုပါချေ။
ထို့ကြောင့် သူ လုပ်နိုင်သည်မှာ လီရှန်းအား နည်းပညာဌာန၏ ဝင်ပေါက်အထိ လိုက်ပို့ပေးပြီး သူမ၏ ပုံရိပ် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေရုံသာ ရှိခဲ့သည်။
ဖန်ထုံက လီရှန်းကိုပြောလာခဲ့သည်။
“နင်က တကယ်ကို ရက်စက်တာပဲ”
သူမသည်လည်း ရဲဘော်စု၏ သနားစရာကောင်းသော မျက်လုံးများကို တွေ့မြင်ခဲ့ပေ၏။
“ကျွန်မ ဒီအချိန်တော့ ရက်စက်မှ ဖြစ်မယ်၊ ကျွန်မသာ မကြိုးစားရင် လက်ထပ်ပြီးသွားတဲ့အချိန် လူတွေက လူချမ်းသာမိသားစုထဲကို အတင်းဝင်ခဲ့တယ်လို့ ပြောကြလိမ့်မယ်”
လီရှန်း သက်ပြင်းချလိုက်ပြီး သူမ၏ နှလုံးသားထဲမှ စကားများကို ထုတ်ပြောလိုက်မိ၏။
သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ထက်မြက်သည်ဟု သတ်မှတ်ထားခဲ့သော်လည်း ယခုခေတ်ကာလတွင် လူအများက သူမ၏ အရည်အချင်းကို လျစ်လျူရှုပြီး သူမ၏ နောက်ကြောင်းများကိုသာ လိုက်လံကြည့်ရှုကာ တိုက်ခိုက်ဝေဖန်တတ်ကြသည်မဟုတ်ပါလား။
ဤအခြေအနေမှ လွတ်မြောက်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ သူမဘက်မှ ပိုမိုထူးချွန်အောင် ကြိုးစားရန်သာ ရှိနေတော့သည်။
ထိုစကားကို ကြားလျှင် ဖန်ထုံတစ်ယောက် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နားလည်မှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် ၊ နင် ပြောတာအမှန်ပဲ”
သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြောလာခဲ့လေသည်။
“ငါနဲ့ ငါ့ရည်းစား စေ့စပ်တုန်းကလည်း လူတွေက ငါ့ကို အဆင့်အတန်းမြင့်တဲ့ မိသားစုထဲကို အတင်းတိုးဝင်ချင်တာလို့ ပြောခဲ့ကြတယ်၊
အဲဒီလူတွေကတော့ မနာလိုလို့ ပြောခဲ့ကြတာပဲ၊ သူတို့ကိုယ်တိုင်က လက်ထပ်ပြီးမှ ဘဝကို ပြောင်းလဲနိုင်ကြတဲ့သူတွေဆိုတော့ အမျိုးသမီးအားလုံးကိုလည်း အဲဒီလိုပဲလို့ ထင်နေခဲ့ကြတာ”
“ခေါင်းဆောင်ကြီးက ပြောဖူးတယ် ‘အမျိုးသမီးတွေက ကောင်းကင်ဘုံက ဝက်ကိုတောင် ထမ်းထားနိုင်တယ်’ တဲ့”
ဖန်ထုံတွင်လည်း ဤကဲ့သို့ အတွေ့အကြုံမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် လီရှန်းတစ်ယောက် အံ့သြသွားခဲ့ရလေ၏။
သူမက ဖန်ထုံ၏ ပုခုံးကို အသာပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။
“ဒါဆို ကျွန်မတို့တွေ ခေါင်းဆောင်ကြီးရဲ့ မျှော်လင့်ချက်တွေကို အပျက်စီးခံလို့မရဘူးလေ ဟုတ်တယ်မလား”
ဖန့်ထုံတစ်ယောက် လီရှန်း၏စကားကြောင့် ရယ်မောမိသွားရသည်။
“ဟုတ်တယ်၊ နင်ပြောတာ အမှန်ပဲ၊ နောက်တစ်ခါကျရင် ငါ သူတို့ကို ဒီလိုမျိုး ပြန်ပြောလိုက်မယ်”
“ဒါနဲ့ ဒါရိုက်တာလော်က အခုလိုမျိုး ကြင်နာတတ်တာကို ငါ ပထမဆုံး မြင်ဖူးတာပဲ၊ နင့်ရဲ့ ချစ်သူက ဒါရိုက်တာလော်ရဲ့အငယ်ဆုံးသား ရဲဘော်စုဝေ့ချင်း ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝထင်မထားခဲ့ဘူး”
“ဘာဖြစ်လို့လဲ”
လီရှန်း အနည်းငယ် အံ့သြသင့်စွာဖြင့် မေးလိုက်၏။
“အန်တီက စက်ရုံထဲမှာ အတော်လေး နာမည်ကြီးတာလား”
“နင် ဒီမှာ ကြာကြာနေရင် နားလည်သွားလိမ့်မယ်၊ စက်ရုံရဲ့ဒုတိယညွှန်ကြားရေးမှူးနဲ့ သူ့ဇနီးက စည်းကမ်းကြီးတဲ့အချက်တွေကြောင့် နာမည်ကြီးတယ်၊
အထူးသဖြင့် ဒါရိုက်တာလော်ပေါ့၊ သူမက အမျိုးသမီးရေးရာရဲ့တာဝန်ခံဆိုတော့ မိသားစုပြဿနာတွေကို ဖြေရှင်းပေးရတာလေ၊
စက်ရုံထဲက မိသားစုတွေမှာ ပြဿနာတက်ရင် ဒါရိုက်တာလော်ရဲ့ ဦးဆောင်မှုအောက်မှာ အားလုံးက အဆင်ပြေသွားခဲ့ကြတာ”
ဖန်ထုံက လီရှန်းရှေ့တွင် လော်ယွီရှို့ကို သွယ်ဝိုက်၍ ချီးကျူးလိုက်လေသည်။
စည်းကမ်းကြီးတာလား?
နံရံနောက်ကနေ ချောင်းကြည့်တတ်တဲ့ စည်းကမ်းကြီးမှုမျိုးလား။
အဘယ်ကြောင့်မှန်း မသိပါဘဲ လွန်ခဲ့သောတစ်ကြိမ်က နံရံ၏နောက်ကွယ်မှ ချောင်းကြည့်နေခဲ့ကြသည့် ဇနီးမောင်နှံနှစ်ယောက်၏ ပုံရိပ်များက လီရှန်း၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့လေ၏။
ယခုအချိန်တွင် ပြန်တွေးကြည့်ပါက ပို၍ပင် ရယ်ချင်ဖွယ်ရာဖြစ်နေခဲ့သည်။
“ဒါနဲ့ ရဲဘော် ရှောင်လီ၊ နင် ဒီနှစ်ထဲမှာ လက်ထပ်ဖို့ အစီအစဉ်ရှိလား”
ဖန့်ထုံက ရုတ်တရက် လေသံတိုးတိုးဖြင့် မေးလာခဲ့သည်။
လီရှန်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖန်ထုံ၏ အမူအရာအတိုင်း ပြန်ကြည့်ပြီး ပြောလိုက်လေ၏။
“ကျွန်မ ဝေ့ချင်းနဲ့ တွဲနေတာ အချိန်ခဏလောက်ပဲ ရှိသေးတာ၊ ဒီနှစ်ထဲမှာ လက်ထပ်ဖို့က အရမ်းမြန်လွန်းနေတယ်”
“ဒီတော့ ဘာဖြစ်လဲ၊ ငါနဲ့ ငါ့ရည်းစားဆိုရင်လည်း စေ့စပ်တာ ရက်ပိုင်းပဲရှိသေးတယ်၊ နှစ်သစ်ကူးပြီးလို့ သူ ပြည်နယ်မြို့တော် ပြန်လာပြီးရင် လက်မှတ်ထိုးပြီး ရိုးရှင်းတဲ့မင်္ဂလာပွဲတစ်ခုလောက် လုပ်ဖို့ စီစဉ်ထားတယ်”
***