ဖန်ထုံအနေဖြင့် အိမ်ထောင်ရေးကိစ္စတွင် အလျင်စလိုဆုံးဖြတ်နေခဲ့ခြင်း မဟုတ်ပါချေ။ ဤခေတ်ကာလတွင် လူတိုင်းက ဤကဲ့သို့ လျှင်မြန်ပြတ်သားစွာ ဆုံးဖြတ်နေကြခြင်းဖြစ်ပေသည်။
“အစောကြီး လက်ထပ်လိုက်တာက ပိုကောင်းပါတယ်၊ ဒါမှ တခြားလူတွေက ကြားဖြတ်လုဖို့ ကြံစည်တာမျိုးမရှိတော့မှာ”
ဖန်ထုံက တစ်စုံတစ်ယောက်မှ ချောင်းနားထောင်နေမည်ကို စိုးရိမ်နေသကဲ့သို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး တီးတိုးပြောလာခဲ့သည်။
“ငါ့ရဲ့ချစ်သူပြောတာကို ပြန်ပြောရရင် ရဲဘော်စု ဆေးဝါးစက်ရုံကို အလုပ်ဝင်ခွင့်ရပြီးကတည်းက သူ့ကို မျက်စိကျနေတဲ့လူတွေလည်း အများကြီးပဲ ရှိလာတယ်တဲ့”
ဖန်ထုံ၏ ချစ်သူမှာ ဆေးဝါးသုတေသနဌာနမှ သုတေသီတစ်ဦးဖြစ်ပြီး နေအိမ်လိုင်းခန်းကိုလည်း စောစီးစွာရရှိထားသူဖြစ်ပေ၏။
သူတို့နှစ်ဦးက မကြာခင်ရောက်လာသည့် တရုတ်နှစ်သစ်ကူးအားလပ်ရက်တွင် အိမ်သို့ပြန်ပြီး လက်ထပ်ရန် စီစဉ်ထားခဲ့ကြသည်။
နောက်တစ်နှစ်တွင် သူမက အမျိုးသမီးဝန်ထမ်းဆောင်မှ ထွက်ခွာပြီး အိမ်ထောင်သည်လိုင်းခန်းသို့ ပြောင်းရွှေ့ရလိမ့်မည်။
ထိုအဆောက်အအုံမှာ စုမိသားစုနေထိုင်ရာအဆောက်အအုံထဲတွင်ရှိနေခဲ့သည်။
ထို့ကြောင့်လည်း သူမအနေဖြင့် ထိုအဆောက်အအုံအတွင်းရှိ အတင်းအဖျင်းသတင်းများကို သိရှိနေခဲ့သည်။
“ရဲဘော်စု အလုပ်မရှိတုန်းကတော့ အဲဒီလူတွေက သူ့ကို အထင်သေးခဲ့ကြတယ်၊ အခု အလုပ်ရထားတာနဲ့ သူတို့ရဲ့စိတ်တွေပြောင်းလဲလာကြပြီ”
ဖန်ထုံက ထိုလူများကို အခွင့်အရေးသမားများဟုသာ ယူဆထားခဲ့သည်။ သူမ၏ချစ်သူနှင့် ကြင်ဖက်တွေ့ခဲ့ချိန်ကလည်း အလုပ်သမားခြံဝန်းထဲရှိ လူများက သူမ၏ကွယ်ရာတွင် အတင်းပြောခဲ့ကြသည်ကို မမေ့နိုင်သေးပါချေ။
“ဒါနဲ့ ရှင် ဒီနေ့ စုဝေ့ချင်းကို မြင်တော့ သူ့ကို ရင်းနှီးနေသလိုပဲ၊ သူ့ကိုအရင်ကတည်းက သိနေတာလား”
လီရှန်းက ဖန်ထုံအနေဖြင့် စုဝေ့ချင်းကို မြင်လိုက်ရသည့်အချိန်ကတည်းက သိရှိနေခဲ့ပြီး သူမ မိတ်ဆက်မပေးရသေးမီကတည်းက “ရဲဘော်စု” ဟု နှုတ်ဆက်လိုက်ကြောင်းကို ရုတ်တရက် သတိရသွားကာ မေးမြန်းလိုက်သည်။
ဖန်ထုံက ပြန်ဖြေလာခဲ့လေ၏။
“ငါက သူ့ကို သိပေမယ့် သူကတော့ ငါ့ကို မသိလောက်ဘူး၊ သူက ဒီစက်ရုံထဲမှာ အတော်လေးနာမည်ကြီးတာလေ”
သို့သော်လည်း ကောင်းသတင်းဖြင့် ကျော်ကြားခြင်းမျိုးတော့ မဟုတ်ပါချေ။
ဆိုရလျှင် ဒါရိုက်တာဝမ်က အမလျို့ထံတွင် မကြာခဏဆိုသလို ပြောဆိုတတ်လေ့ရှိသည်။
ဒါရိုက်တာလော်ယွီရှို့က ရက်စက်ကြမ်းတမ်းသော ဇနီးဖြစ်ပြီး၊ စက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူး စုဝေ့မင်မှာ ကိုယ့်ကိုယ်ကို ပျောက်ကွယ်သွားသည်အထိ ဖိနှိပ်ခံထားရသော သနားစရာကောင်းသူ ဖြစ်သည်။
သူတို့၏ အငယ်ဆုံးသားဖြစ်သူ စုဝေ့ချင်းသည်ကား အလုပ်အကိုင်မရှိဘဲ၊ မိဘကို မှီခိုနေသည့် ပျင်းရိသောလူငယ်တစ်ဦးဖြစ်ကြောင်း ပြောလေ့ရှိသည်။
ဆိုရလျှင် ယခုနောက်ပိုင်းတွင်တော့ ရဲဘော်စုဝေ့ချင်း၏ ဂုဏ်သတင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့ပေပြီ။
သူသည်က အမှားကို နောင်တရပြီး လမ်းမှန်ပေါ်သို့ ပြန်ရောက်လာခဲ့သည့် ရည်မှန်းချက်ရှိသည့် လူငယ်တစ်ဦး ဖြစ်လာခဲ့သည်။
သူမတို့နှစ်ဦး အလုပ်သို့ ပြန်လာချိန်တွင် လုပ်ဖော်ကိုင်ဖက်တချို့နှင့် ဆုံမိခဲ့ကြသည်။
ထိုသို့ဆုံတွေ့သည်နှင့် ဖန်ထုံ၏ မျက်နှာပေါ်မှ အပြုံးများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
ထိုပြောင်းလဲမှုက လီရှန်းအတွက် သိချင်စိတ်များဖြစ်ပေါ်စေခဲ့သည်။
“နင် နောက်ကို သိလာလိမ့်မယ်”
ဖန်ထုံက မနှစ်မြို့ဖွယ်ရာ အတိတ်များကို ပြန်လည်သတိရသွားသကဲ့သို့ နှုတ်ခမ်းကို အသာတွန့်ကွေးပြီး ပြောလာခဲ့သည်။
သူမက ခေါင်းကို အမြန်ခါရမ်းလိုက်ကာ ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီး လီရှန်းအား သတိပေးလိုက်ပြန်သည်။
“နောက်ပိုင်းမှာ သုတေသနဌာနက လူတွေ တစ်ခုခုလာတောင်းဆိုရင် အကုန်လုံးကို သဘောမတူလိုက်နဲ့၊ ရောက်လာတဲ့လူက ငါ့ရဲ့ရည်းစားကိုယ်တိုင်ဆိုရင်တောင် လက်မခံနဲ့၊ နောက်ပြီး သူတို့အပေါ် သိပ်ပြီး မကောင်းပြနဲ့”
လီရှန်း နားမလည်နိုင်စွာ မေးလိုက်မိသည်။
“ဘာလို့လဲ”
ဖန်ထုံက နှာခေါင်းရှုံ့ရင်း ပြန်ဖြေလာခဲ့လေ၏။
“ သူတို့တွေက သူများဆီက အခွင့်အရေးယူဖို့ပဲ ကြည့်နေတဲ့လူတွေချည်းပဲ”
ထို့နောက် ဖန်ထုံက ထိုသုတေသီများ၏ ထူးဆန်းသော တောင်းဆိုချက်များကို တစ်ခုပြီးတစ်ခု ပြောပြလာခဲ့သည်။ နောက်ဆုံးတွင် သူမ၏ မကျေနပ်ချက်များကိုပါ ဖွင့်ဟခဲ့လေ၏။
“ငါ အမြဲတမ်း ရှင်းပြနေရတယ်၊ လက်ရှိ တရုတ်နိုင်ငံမှာ အဲဒီလို ပစ္စည်းမျိုး မထုတ်လုပ်နိုင်သေးဘူး၊ တကယ်လို့ သူတို့သာ အရမ်းလိုချင်ရင် ဂျပန်ကနေပဲ မှာလို့ရမှာလေ!
ဒါပေမဲ့ ငါတို့နိုင်ငံရဲ့ လက်ရှိ အခြေအနေကို လူတိုင်းသိထားပြီးသားပဲမလား.. ပြီးတော့ ဂျပန်ကနေဝယ်လို့ရမရဆိုတာကိုမပြောနဲ့ဦး.. သူတို့ကရော ရောင်းချင်ပါ့မလားဆိုတာတောင် မသေချာဘူး”
သူတို့၏ဌာနက နည်းပညာဌာနဟူ၍ နာမည် ရှိသော်လည်း တကယ်တမ်းတွင် မရှိသည့်အရာများကို ရှိလာစေရန် ဖန်တီးပေးနိုင်စွမ်းမရှိပါချေ။
သူတို့သည်လည်း ဆေးဝါး၏ကဏ္ဍက အလွန်အရေးကြီးကြောင်းနှင့် ဆေးဝါးအသစ်တစ်မျိုး ထုတ်လုပ်နိုင်ခြင်းက ပြည်သူလူထုတို့၏ အသက်ဘေးကင်းလုံခြုံရေးနှင့် ဆက်စပ်နေကြောင်းကို သိရှိကြပေသည်။ထို့ကြောင့် လုပ်နိုင်စွမ်းမရှိသည့်အချိန်တိုင်းတွင် သူတို့လည်း သုတေသီများကဲ့သို့ပင် စိတ်မကောင်းဖြစ်ကြရသည်။
ထိုအကြောင်းများကို ဆွေးနွေးမိပြီးနောက် သူတို့နှစ်ယောက်လုံး၏ စိတ်တို့က လေးလံသွားခဲ့ကြရသည်။
တရုတ်နိုင်ငံ၏ ဆေးဝါးလုပ်ငန်းကဏ္ဍအနေဖြင့် လျှောက်လှမ်းရမည့် လမ်းခရီးက ရှည်လျားလွန်းသေးသည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်လောက်က နိုင်ငံတစ်ဝှမ်းတွင် ပိုလီယိုရောဂါများ ဖြစ်ပွားခဲ့ချိန်က နိုင်ငံတော်မှ ကာကွယ်ဆေး သုတေသနအတွက် အမြောက်အမြားရင်းနှီးမြှုပ်နှံခဲ့ပြီး သုံးနှစ်မပြည့်မီမှာပင် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။
ထိုအောင်မြင်မှုက ပြည်တွင်းရှိ ဆေးဝါးသုတေသနဌာနများအတွက် ယုံကြည်မှုတစ်ခုဖြစ်လာစေခဲ့လေ၏။
“လွန်ခဲ့တဲ့နှစ်တွေကစပြီး ငါတို့ရဲ့စက်ရုံက အသည်းရောင်အသားဝါ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြတာလေ”
ဖန်ထုံက သက်ပြင်းချရင်း ဆက်ပြောလာခဲ့သည်။
“ဒါပေမဲ့ နိုင်ငံတကာမှာတောင် နမူနာပြစရာမရှိသေးဘူး၊ ငါတို့အနေနဲ့ မြစ်ကို စမ်းတဝါးဝါးဖြတ်ကူးဖို့အတွက် ကျောက်တုံးတွေတောင် မရှိသလိုဖြစ်နေတာ၊
မရှိတဲ့အရာကို အသစ်ဖန်တီးရတာက အရမ်းကို ခက်ခဲလွန်းတယ်”
အသည်းရောင်အသားဝါ ကာကွယ်ဆေးလား။
လီရှန်း အနည်းငယ် ကြောင်အမ်းသွားလေ၏။
သူမ ပြန်လည် သတိရသွားခဲ့သည်။ လက်ရှိတွင် အသည်းရောင်အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေးကို ထုတ်ဖော်နိုင်ခြင်း မရှိသေးပါချေ။
လက်ရှိ တရုတ်နိုင်ငံတွင် ရရှိနိုင်သည် တစ်ခုတည်းသော ကာကွယ်ဆေးမှာ BCG ဟုခေါ်သည့် တီဘီရောဂါအတွက် ကာကွယ်ဆေးသာ ရှိသည်။
သို့သော်လည်း ထိုဆေးကိုပင် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်သည့် ကုမ္ပဏီ မရှိသေးပါချေ။
ဤသည်မှာ သူတို့ထံတွင် နည်းပညာ မရှိခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံတော်မှ ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်မျိုး မရှိသေးသောကြောင့်သာဖြစ်ပေသည်။
လက်ရှိ နိုင်ငံတော်၏ စီးပွားရေးအခြေအနေကြောင့်သာမန်ပြည်သူများအနေဖြင့် သူတို့၏ ကိုယ်ပိုင်ငွေများကို သုံးစွဲပြီး သားသမီးများကို ကာကွယ်ဆေးထိုးပေးရန်အတွက်လည်း မဖြစ်နိုင်ပေ။
နိုင်ငံတော်အဆင့် ကာကွယ်ဆေးထိုး ပေးမည့်အစီအစဉ်က အနည်းဆုံး ငါးနှစ်ခန့် ကြာမြင့်ပေဦးမည်။
လီရှန်းနှင့် ဖန်ထုံတို့ ထိုအကြောင်းများကိုဆွေးနွေးခဲ့ကြပြီး စိတ်မကောင်းဖြစ်သွားကြရသည်။
ရုံးခန်းထဲသို့ ပြန်ရောက်ချိန်တွင်တော့ နောက်ထပ်စကားမပြောဖြစ်ကြပေ။
လီရှန်းတစ်ယောက် ပုံမှန်ကဲ့သို့ စာဖတ်ရန်တွင် စိတ်မဝင်စားသကဲ့သို့ ဖြစ်နေခဲ့ပြီး သူမ၏ စိတ်ထဲတွင် ကမ္ဘာအနှံ့ရှိ ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များကိုသာ ရှာဖွေနေမိခဲ့သည်။
သူမ၏ မှတ်ဥာဏ်ထဲမှ နောက်ဆုံးသော အတည်ပြုချက်အရ:
နောက်တစ်နှစ်အထိ အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးနှင့် ပတ်သက်သည့် သတင်းမျိုးရှိလာဦးမည်မဟုတ်ပါချေ။
ထို့အပြင် ထိုကာကွယ်ဆေးမှာ ဂျပန်လူမျိုးဇနီးသည်နှင့်အတူ လိုက်ပါသွားသော နိုင်ငံခြားသားဆရာဝန်တစ်ဦး၏ ရှာဖွေတွေ့ရှိမှုမှတစ်ဆင့် တရုတ်နိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။
ဆိုရလျှင် သူမအနေဖြင့် သုတေသန များကို ပြုလုပ်လိုသော်လည်းသုတေသနအဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိသေးပေ။
ထို့ကြောင့် လက်ရှိတွင် သူမအနေဖြင့် စာအုပ်များထဲမှ လေ့လာစရာများကို မှတ်သားပြီး အခြေခံ အလုပ်သမားတစ်ဦး၏ တာဝန်ကိုသာ အာရုံစိုက်လုပ်ဆောင်သင့်ပေသည်။
သို့နှင့် လီရှန်းတစ်ယောက် လက်တွေ့မကျသော အတွေးများကို ပြန်လည်ဖယ်ထုတ်လိုက်ပြီး စိတ်ကူးထဲမှ ရုန်းထွက်လိုက်သည်။ ပြီးနောက် အသိပညာဥယျာဉ်ထဲသို့ ကိုယ့်ကိုယ်ကိုယ်နှစ်မြှုပ်လိုက်ပြီး မှတ်သားစရာများကို စတင်ကျက်မှတ်နေခဲ့သည်။
အလုပ်စပြီး မိနစ်အနည်းငယ်အကြာတွင် ဒါရိုက်တာဝမ်တစ်ယောက် ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
“အသံလျှော့လိုက်!”
အစ်မလျို့၏ ဆူပူသံက ချက်ချင်းပင် ထွက်ပေါ်လာခဲ့၏။
“တခြားလူတွေ အလုပ်လုပ်နေတာကို မမြင်ဘူးလား”
ဒါရိုက်တာဝမ်တစ်ယောက် မှားယွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။
အလုပ်စလုပ်တာ တစ်မိနစ်ပဲရှိသေးတာကို ဒီလောက်ထိအလုပ်ထဲကို စိတ်နှစ်နေဖို့ လိုလို့လား။
*
စုဝေ့ချင်းနှင့် တွဲရန် သဘောတူပြီးနောက် လီရှန်းတစ်ယောက် ထိုအခြေအနေဖြင့် ချက်ချင်းပင် နေသားကျသွားခဲ့သည်။
သူမအနေဖြင့် စုဝေ့ချင်းနှင့် နေ့စဥ်နေ့တိုင်း နေ့လယ်စာအတူစားရုံသာမက ညနေဘက်အလုပ်ဆင်းချိန်တွင်လည်း စက်ရုံဝင်းထဲမှ ပန်းခြံလေးထဲတွင် အတူ လမ်းလျှောက်လေ့ရှိသည်။
သူတို့က ဖန်ထုံနှင့် သူမ၏ သုတေသနဌာနမှချစ်သူတို့နှင့်ပင် ဆုံတွေ့ခဲ့သေးသည်။
တစ်ခုတည်းပဲ..
လီရှန်း အံ့သြသွားရသည့်တစ်ခုတည်းသောအချက်မှာ ဖန်ထုံက သူမ၏ချစ်သူနှင့် အတူရှိနေချိန်တွင်ပင် အေးစက်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်ပေသည်။
လီရှန်း : “...”
ကိုယ့်ရဲ့လက်တွဲဖော် ရှေ့မှာတောင် ဒီလိုမျိုး ဟန်ဆောင်နေရတာမပင်ပန်းဘူးလား။
စုဝေ့ချင်းသည်ကား ထိုအခြေအနေကို မြင်ပြီးနောက် ကြက်သီးများပင် ထသွားကာ လီရှန်းထံတွင် ညည်းညူပြောဆိုလာခဲ့သည်။
“ ကြောက်စရာကောင်းလွန်းတယ်၊ ကိုယ့်ရဲ့ ဒုတိယအစ်ကိုနဲ့ ဒုတိယမရီးတို့ကို မြင်တွေ့နေရသလိုပဲ”
လီရှန်းအနေဖြင့် စုဝေ့ချင်းထံမှ သူ၏ ဒုတိယအစ်ကိုနှင့် ဒုတိယမရီးအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပေသည်။ထို့ကြောင့် စုဝေ့ချင်း၏ စကားကို ကြားလိုက်ရချိန်တွင် လီရှန်း အနည်းငယ် နားမလည်နိုင်ဖြစ်သွားရသည်။
“ရှင့်ရဲ့ ဒုတိယအစ်ကိုနဲ့ မရီးက စကားပြောရတာကို မကြိုက်ကြဘူးလား”
“သူတို့က စကားမပြောရုံလေးပဲ မဟုတ်ဘူး”
စုဝေ့ချင်းတစ်ယောက် သူ၏ ငယ်ဘဝတွင် ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို ပြန်လည်တွေးတောကာ သက်ပြင်းရှည်တစ်ချက်ကို ချလိုက်မိသည်။
*.