စုဝေ့ချင်းအနေဖြင့် ယခင်က အလုပ်များနေခဲ့သည့်အပြင် လက်ထပ်မှတ်ပုံတင်လက်မှတ်အတွက် လီရှန်းနှင့်ပြောဆိုရန်ကိုလည်း စိုးရိမ်စိတ်တို့ဖြင့် နှောင့်နှေးစေခဲ့မိသည်။
လော်ယွီရှို့က သူ့ကို ထိုကိစ္စအတွက် တိုက်တွန်းခဲ့ဖူးသော်လည်း အမျိုးသမီးရေးရာအဖွဲ့ချုပ်မှာ နှစ်ကုန်ပိုင်းကာလများတွင် တခြားဌာနများထက် ပိုမိုအလုပ်ရှုပ်လေ့ရှိပေ၏။
ထို့အပြင် လော်ယွီရှို့သည်လည်း တခြားလူများ၏ကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်သူမျိုး မဟုတ်သည့်အတွက် ထိုကိစ္စကို စုဝေ့ချင်းထံသို့ လွှဲအပ်ပြီးနောက် သူမ၏အလုပ်ကိုသာ အာရုံစိုက်၍လုပ်ကိုင်နေခဲ့လေသည်။
စုဝေ့ချင်းက လီရှန်းနှင့် လက်ထပ်မှတ်ပုံတင်လက်မှတ် သွားရောက်မလုပ်ဆောင်သေးဘဲ ဤမျှလောက်အထိ အချိန်ဆွဲထားလိမ့်မည်ဟု လော်ယွီရှို့အနေဖြင့် လုံးဝထင်မှတ်ထားခဲ့ပုံမရချေ။
“ဒါဆို အခုပဲ သွားကြရအောင်”
ကုန်တိုက်ကြီးကို လှမ်းကြည့်လိုက်သည့် လီရှန်း၏မျက်လုံးများတွင် ချက်ချင်းပင် ရည်မှန်းချက်ကြီးမားသည့် အရိပ်အယောင်များဖြစ်ပေါ်လာခဲ့လေ၏။
ဤအချိန်တွင် လူငယ်စုံတွဲ၏မျက်လုံးများက သိသာထင်ရှားစွာ ဆင်တူနေခဲ့ကြသည်။
ကုန်တိုက်မှာ စက်မှုယန္တယားနှင့် ဆေးဝါးစက်ရုံကြားတွင် တည်ရှိသောကြောင့် သူတို့နှစ်ဦးက လိုင်းကားတစ်စီးတည်းကို အတူစီးရန်မှာ အဆင်မပြေတော့ချေ။
ထို့ကြောင့် တစ်ဦးက လမ်း၏ တစ်ဘက်ခြမ်းမှ ကားကိုစီးကာ ကျန်တစ်ဦးက လမ်းနောက်တစ်ဖက်ခြမ်းသို့ ကူးပြီး တခြားကားတစ်စီးကို စီးခဲ့ရလေသည်။
မကြာမီမှာပင် လီရှန်းစီးရမည့်ကားက ရောက်ရှိလာ၏။
သူမက လမ်းတစ်ဖက်ရှိ စုဝေ့ချင်းကို လက်ဝှေ့ရမ်းနှုတ်ဆက်ပြီးနောက် ကားပေါ်သို့တက်ကာ စက်မှုယန္တယားဆီသို့ ဦးတည်သွားခဲ့လေသည်။
လီရှန်းထွက်သွားပြီး မကြာမီ စုဝေ့ချင်းသည်လည်း ဆေးဝါးစက်ရုံသို့ ဦးတည်သောကားပေါ်သို့ တက်ခဲ့လေ၏။
လီရှန်း စက်မှုယန္တယားစက်ရုံ၏ ဝန်ထမ်းအိမ်ရာဝင်းဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
နှစ်ကုန်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ စုဝေ့မင်နှင့် သူ၏ဇနီးဖြစ်သူသာမက ကျန်းကျူးရိသည်လည်း အလွန်အလုပ်ရှုပ်နေခဲ့၏။
ကျန်းချောင်သည်က ဆောင်းရာသီကျောင်းပိတ်ရက်တွင်ရောက်နေခဲ့သောကြောင့် ဖန်ချင်းကို ကူညီကာ အိမ်သန့်ရှင်းရေးကို လုပ်ကိုင်ပေးနေခဲ့လေသည်။ သူက အလွန်ပင်သိတတ်လိမ်မာသော သားတစ်ဦး ဖြစ်ပေ၏။
ယခင် သူ၏အစ်ကိုနှစ်ဦး အိမ်တွင်ရှိနေချိန်၌ ပြတင်းပေါက်သုတ်ခြင်း၊ စောင်လျှော်ခြင်းစသည့် အိမ်အလုပ်မှန်သမျှကို ထိုအစ်ကိုနှစ်ယောက်က ဦးဆောင်၍ လုပ်ကိုင်ခဲ့သည်။
ယခုနှစ်တွင်တော့ သူ၏အစ်ကိုများက အိမ်တွင်မရှိတော့သည့်အတွက် သူ့ဘက်မှ ဦးဆောင်၍ အိမ်အလုပ်တာဝန်များကို လွှဲပြောင်းယူထားလေသည်။
လီရှန်း အိမ်သို့ရောက်သွားချိန်တွင် သူက ခါးစည်းဝတ်စုံနှင့် လက်အိတ်များကို ဝတ်ဆင်ထားပြီး လက်ကိုင်အရှည်ပါသော ကြက်မွေးကို ကိုင်ကာ ဖုန်ခါနေခဲ့လေ၏။
မျက်နှာကျက်မှထောင့်များမှာ တစ်နှစ်ပတ်လုံး မသုတ်ဖြစ်ခဲ့သည့်အတွက် ပင့်ကူအိမ်များဖြင့် ပြည့်နှက်နေပေပြီ။
ကျန်းချောင်က ထိုနေရာများကိုပါ ရှင်းလင်းနေခဲ့သောကြောင့် တံခါးဖွင့်ပေးချိန်တွင် သူ၏ဆံပင်များ၌ ပင့်ကူအိမ်များပင် ကပ်ညိနေခဲ့လေသည်။
လီရှန်းကို မြင်လိုက်ရလျှင် ကျန်းချောင်က အံ့သြသွားပုံရပြီး မေးလာခဲ့သည်။
“ကျဲ၊ ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ”
ပိုင်မားခရိုင်ရှိ စက်ရုံများက များသောအားဖြင့် ဆယ့်နှစ်လပိုင်း (၂၆)ရက်နေ့မှသာ နှစ်သစ်ကူးပိတ်ရက်အဖြစ် ပိတ်လေ့ရှိသည်။
ယနေ့က နှစ်သစ်ကူးအကြိုနေ့သာဖြစ်သေးသောကြောင့် ဆေးဝါးစက်ရုံတွင် အလုပ်မရှိ၍လားဟူ၍သာ တွေးတောမိခဲ့သည်။
“စက်ရုံမှာ ဒီနေ့ အောင်သွယ်ပေးတဲ့ပွဲရှိတယ်လေ၊ ငါ့မှာ လက်တွဲဖော်ရှိနေပြီဆိုတော့ အဲဒီကိုသွားလို့မဖြစ်ဘူး၊ ဒါကြောင့် ဒီနေ့ အားနေတုန်းမှာ ရဲဘော်စုဝေ့ချင်းနဲ့ လက်ထပ်မှတ်ပုံတင်လက်မှတ် သွားလုပ်မလို့ ပြန်လာတာ”
လီရှန်း အိမ်ထဲသို့ဝင်လိုက်ချိန်တွင် အိမ်တစ်ခုလုံး ရှုပ်ထွေးနေသည်ကို တွေ့လိုက်ရ၏။ စားပွဲနှင့် ကုလားထိုင်အားလုံးကို အပြင်ဘက်သို့ ထုတ်ထားခဲ့သည်။
အိမ်ထဲတွင် တိတ်ဆိတ်နေသောကြောင့် ကျန်းချောင်တစ်ဦးတည်းသာ ရှိနေပုံရပေ၏။
လီရှန်းက လက်လှမ်းပြီး သူ၏ဆံပင်မှ ပင့်ကူအိမ်များကို ဖယ်ရှားပေးလိုက်ကာ မေးမြန်းလိုက်သည်။
“ဦးလေးနဲ့ အဒေါ်တို့ အိမ်မှာမရှိဘူးလား”
“အမေက အလုပ်တွေရှုပ်လွန်းလို့ ပြန်မလာနိုင်သေးဘူး”
ကျန်းချောင်က လီရှန်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
“ကျဲတို့ စက်ရုံကလည်း သန်ဘက်ခါဆို ပိတ်ပြီမလား”
သူ့အနေဖြင့် သူ၏အစ်မချက်သော ဟင်းလျာများကို စားသောက်ချင်နေမိပေသည်။
“အင်း. ပိုင်မားခရိုင်တင် မဟုတ်ဘူး၊ နန်ပြည်နယ်တစ်ခုလုံး တစ်ဆယ့်နှစ်လပိုင်း(၂၆)ရက်နေ့ဆို ပိတ်တယ်လေ၊ ဘာဖြစ်လို့လဲ”
“ဒါဆို အိမ်ကိုပြန်လာခဲ့ပါလား”
ကျန်းချောင်၏ မျက်လုံးများက တောက်ပသွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် ဆက်ပြောလိုက်သည်။
“ဒီရက်ပိုင်း ရာသီဥတုက သာယာနေတာဆိုတော့ ကျွန်တော် ကျဲရဲ့ အိပ်ရာခင်းတွေကို ဒီနေ့ လျှော်ပေးထားတယ်၊ သန်ဘက်ခါကျရင် အိမ်ပြန်လာပြီးအိပ်လို့ ရပြီ”
ကျန်းချောင်၏ မျှော်လင့်ချက်များက လီရှန်း၏နှလုံးသားကို နွေးထွေးစေပေသည်။
သို့သော် သူမက ပြန်ပြောလိုက်လေ၏။
“ဒုက္ခမရှာနဲ့တော့၊ ငါက (28)ရက်နေ့ကျရင် လက်ထပ်တော့မှာ၊ အိမ်မှာနေရင်တောင် အများဆုံး နှစ်ညပဲနေနိုင်လိမ့်မယ်”
လီရှန်းက လက်ထပ်မည့်အကြောင်းကို ထပ်ပြောလာသောကြောင့် ကျန်းချောင်တစ်ယောက် အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။
“ကျဲက အသက် (18)နှစ်ပဲ ရှိသေးတာ၊ လက်ထပ်ဖို့က စောလွန်းသေးတယ်၊ ကျွန်တော်က ကျဲကို နောက်ထပ် နှစ်နည်းနည်းလောက် အိမ်မှာနေစေချင်သေးတာ”
သူက ဆက်လက်ပြောလာနေဆဲပင်။
“ပြီးတော့ အဲဒီစုဝေ့ချင်းကိုလည်း ကျွန်တော် တစ်ခါမှ မတွေ့ဖူးသေးဘူး၊ သူက ဘယ်လိုလူမျိုးလဲဆိုတာတောင် ကျွန်တော် မသိဘူး”
ဤလူငယ်လေး ကျန်းချောင်မှာ သူ၏အစ်မဖြစ်သူ လက်ထပ်သွားမည်ကို အလွန်ပင် စိတ်မကောင်းဖြစ်နေခဲ့သည်။ ပြီးခဲ့သည့်တစ်ကြိမ်က စုဝေ့ချင်း အိမ်သို့လာချိန်တွင်လည်း သူက သူငယ်ချင်းဖြစ်သူ၏အိမ်သို့ ရောက်နေသောကြောင့် မတွေ့လိုက်ရပါချေ။
နောက်ပိုင်းတွင် စုဝေ့ချင်း၏မိသားစုနှင့် မိသားစုနှစ်ခု တွေ့ဆုံစားသောက်ပွဲကျင်းပသည့်နေ့တွင်လည်း အဘိုးဖြစ်သူထံသို့ သွားတွေ့မည်ဖြစ်ကြောင်း ကြားလျှင် သူလည်း အလွန်ပင်လိုက်သွားချင်ခဲ့သည်။
သို့သော် လူကြီးများက ကလေးများပါလာလျှင် အနှောင့်အယှက်ဖြစ်မည် စိုးရိမ်သောကြောင့် မည်သူ့ကိုမျှ မခေါ်ရန် ဆုံးဖြတ်ခဲ့ကြပေသည်။
ကလေးငယ်များကို မခေါ်သည်က နားလည်နိုင်သည်။ သို့သော်လည်း အသက် (14)နှစ်ရှိပြီဖြစ်သော အရွယ်ရောက်ပြီးသူ ကျန်းချောင်ကိုပါ မလိုက်ခိုင်းသောကြောင့် သူက ပိုမိုဒေါသထွက်နေခြင်း ဖြစ်ပေသည်။
ကျန်းချောင်တစ်ယောက်အလွန်ပင် အလွန်ပင်ဒေါသထွက်နေသောကြောင့် စုဝေ့ချင်းကို မတွေ့ရသေးခင်ကတည်းက အထင်အမြင် လွဲမှားနေခဲ့ချေပြီ။
“သူက လူကောင်းတစ်ယောက်ပဲ၊ ရုပ်ရည်လည်း မဆိုးပါဘူး”
လီရှန်းက ကျန်းချောင်၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။
“နောက်ပြီး ငါ့မှာ မင်းတို့တွေရှိနေတာပဲလေ၊ တကယ်လို့ သူသာ ငါ့ကို နှိပ်စက်ရင် မင်းတို့တွေ ငါ့ဘက်က ကူပေးမှာမလား”
“သေချာတာပေါ့၊ တကယ်လို့ သူသာကျဲကို နှိပ်စက်ရင် ကျွန်တော့်ကို လာပြော၊ ကျွန်တော့်ရဲ့အစ်ကိုတွေကို ခေါ်ပြီး သူ့ကို သင်ခန်းစာပေးခိုင်းလိုက်မယ်”
ကျန်းချောင်က လီရှန်း၏ရှေ့တွင်လက်သီးဆုတ်ပြရင်း ပြောလိုက်လေ၏။
အသက် ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ် ကောင်လေးက အမြန်ကြီးထွားလာချိန်ဖြစ်၍ လီရှန်းထက် အရပ်ရှည်သော်လည်း ဂွမ်းကတ်အင်္ကျီဝတ်ထားချိန်တွင်ပင် သူ၏လက်မောင်းများက ပိန်သွယ်နေဆဲ ဖြစ်ကြောင်း မြင်တွေ့နိုင်ပေသည်။
သူမကို ကာကွယ်ပေးချင်နေသည့် သဘောထားတို့ကိုမြင်လျှင် လီရှန်းတစ်ယောက် စိတ်မကောင်းဖြစ်ကာရယ်လည်းရယ်ချင်မိလာရသည်။
“မင်း စာကိုပဲ ပိုကြိုးစားသင့်တယ်၊ မင်း အထက်တန်းအောင်တာနဲ့ ဆေးဝါးစက်ရုံမှာ အလုပ်ဝင်ဖို့ လျှောက်လို့ရပြီ”
ကျန်းချောင်၏ အစ်ကိုနှစ်ဦးက ကျေးလက်ဒေသသို့ သွားခဲ့ကြပြီး မကြာမီပင် တပ်ဖွဲ့ထဲသို့ ဝင်နိုင်တော့မည်ဖြစ်ပေ၏။
မိသားစုတွင် ကျန်ရစ်သော တစ်ဦးတည်းသောသား ဖြစ်သည့်အတွက် ကျန်းချောင်က ကျေးလက်ဒေသသို့ သွားရန်မလိုပါချေ။
ထို့ကြောင့် ယခုအချိန်ကတည်းက စာမေးပွဲအတွက် ပြင်ဆင်ထားမည်ဆိုလျှင် ဆေးဝါးစက်ရုံတွင် အလုပ်ရရန် ပြဿနာမရှိနိုင်ပါချေ။
ထို့အပြင်..
နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် တက္ကသိုလ်ဝင်စာမေးပွဲများကို ပြန်လည်စတင်တော့မည် မဟုတ်ပါလား။
ထိုအချိန်တွင် ကျန်းချောင်က အသက် နှစ်ဆယ်ကျော်သို့ ရောက်ရှိနေမည်ဖြစ်သောကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုပြီး တက္ကသိုလ်ကျောင်းသား ဖြစ်လာနိုင်သည့် အခွင့်အရေးရှိနေသေးသည်။
ထို့အတွက် သူ၏ပညာရေးကို လျစ်လျူမရှုရန် လိုအပ်ပေသည်။
“ငါတို့နှစ်ယောက်လုံး ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုရင် မင်းရဲ့ကျဲကို မတွေ့ရမှာ စိတ်ပူနေစရာမလိုတော့ဘူးလေ”
လီရှန်းက နူးညံ့စွာ ဖျောင်းဖျလိုက်သည်။
“ဒါဆိုရင်လည်း မင်းက သူ့ကို နေ့တိုင်း စောင့်ကြည့်နေလို့ရပြီ၊ သူ မင်းရဲ့ကျဲကို အနိုင်ကျင့်လို့ မရဘူးဆိုတာ သိအောင် ပြနိုင်တယ်”
“သူကများ ကျွန်တော့်ရဲ့ကျဲကို နှိပ်စက်ရဲမှာလား၊ လုံးဝမဖြစ်စေရဘူး”
ကျန်းချောင်က ချက်ချင်းပင် ခေါင်းကို အလေးအနက်ညိတ်လိုက်လေ၏။
လီရှန်း၏ စကားများက ဆယ်ကျော်သက်အရွယ် ကျန်းချောင်၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးလိုက်နိုင်ခဲ့သည်။
ဤအချိန်တွင် သူသည်က အရေးကြီးသော တာဝန်တစ်ခုကို အပ်နှင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး “အစ်ဖြစ်သူကို ကာကွယ်ဖို့” ဆိုသည်က သူ၏ ပထမဦးစားပေး တာဝန်ဖြစ်လာတော့သည်။
ထို့ကြောင့် လီရှန်းက ကျန်းကျူးရိကို သွားရှာရန် ရုံးခန်းသို့ သွားတော့မည့်အချိန်တွင် ကျန်းချောင်ကလည်း သူ၏ခါးစည်းနှင့် လက်အိတ်များကို အမြန်ချွတ်ကာ သူမနှင့်အတူ လိုက်ရန် ဇွတ်အတင်းပြောလာခဲ့သည်။
လီရှန်းလည်း သူ့ကို မငြင်းနိုင်တော့သည့်အတွက် ရုံးခန်းဆီသို့ ခေါ်ဆောင်သွားရလေသည်။
ကျန်းကျူးရိသည်က ရုံးခန်းထဲတွင်ဖုန်းပြောနေခဲ့သည်။ ဖုန်း၏ တစ်ဖက်ခြမ်းမှ ကွမ်းရှောင်ထင်း၏ စိတ်လှုပ်ရှားနေသော အသံကို ကြားနေရလေ၏ ။
“...အစ်ကိုကြီး၊ ရှန်းရှန်းကို ကျွန်မတို့ကိုယ်စား သေသေချာချာ ကျေးဇူးတင်ပေးပါဦး၊ သူမရဲ့ အိပ်မက်သာ မရှိခဲ့ရင် ကျူးပင်းကတော့ တကယ်ပဲ..”
ကွမ်းရှောင်ထင်း၏ အသံက တိမ်ဝင်သွားခဲ့လေ၏။
***