မတိုင်ခင်အချိန်က ကျန်းကျူးပင်းတစ်ယောက် တာဝန်တစ်ခုကိုထမ်းဆောင်နေချိန်တွင် လမ်းခရီး၌ ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။
နှစ်ဖက်လုံး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သင်္ဘောပေါ်ရှိ လူတချို့ကလည်း ဒဏ်ရာရရှိခဲ့ကြလေသည်။
ကွမ်းရှောင်ထင်းတစ်ယောက် ထိုသတင်းကိုကြားလိုက်ရချိန်တွင် အလွန်ကြောက်လန့်သွားခဲ့ရကာ ခြေထောက်များပင် မခိုင်ဖြစ်နေခဲ့ရပြီး မတ်တပ်ပင် မရပ်နိုင်ခဲ့ပါချေ။
ရလဒ်အနေဖြင့် ဒဏ်ရာရသူများကို ပြန်လည်ခေါ်ဆောင်လာခဲ့သော်လည်း ကျန်းကျူးပင်းက ထိုအဖွဲ့ထဲတွင် ပြန်ပါမလာခဲ့ပေ။
ဒဏ်ရာရသူများကို လာပို့ခြင်းသာဖြစ်ပြီး ဒဏ်ရာမရရှိသူများသည်က သင်္ဘောပေါ်မှပင် မဆင်းဘဲ တခြားတာဝန်တစ်ခုသို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း စုံစမ်းသိရှိရပြီးမှသာ ကွမ်းရှောင်ထင်းတစ်ယောက် စိတ်အေးသွားခဲ့ရပေသည်။
တစ်လခန့်အကြာတွင် ရေတပ်အဖွဲ့က တာဝန်ပြီးဆုံး၍ အိမ်သို့ ပြန်ရောက်လာခဲ့ကြသည်။
ကျန်းကျူးပင်းသည်လည်း ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာ၏။
ဇနီးမောင်နှံနှစ်ယောက် ညဘက် စကားပြောကြသည့်အချိန်မှသာ ကျန်းကျူးပင်းတစ်ယောက် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရကြောင်းကို ကွမ်းရှောင်ထင်း သိလိုက်ရသည်။
အကယ်၍ ထိုသူသာ “သတိထား” ဟူသော တစ်စုံတစ်ဦး၏ အော်ဟစ်လိုက်သံကို ရုတ်တရက် မကြားခဲ့ရပါက သူ သင်္ဘောကြမ်းပြင်ပေါ်သို့ ဝပ်ချလိုက်ရန် အချိန်မီတော့မည် မဟုတ်ပါချေ။
ကျည်ဆန်မှာ အလွန်ခက်သည့် ထောင့်မှပစ်လိုက်ခြင်း ဖြစ်ပေသည်။ သူ အောက်သို့ဝပ်လိုက်ပြီးနောက်တွင် ကျည်ဆန်က သူ့ရှေ့မှသစ်သားသေတ္တာကို ထိမှန်သွားခဲ့လေ၏။
ထိုအချိန်မှသာ သူသည်က သေမင်းလက်မှ လွတ်မြောက်ခဲ့ကြောင်းကို သိလိုက်ရ၏။
သို့သော်လည်း ထို “သတိထား” ဟူသော အော်ဟစ်သံက ကျန်းကျူးပင်း၏ နှလုံးသားထဲတွင် လှိုင်းလုံးကြီးများကဲ့သို့ ခံစားချက်များကို လှုပ်ခတ်စေခဲ့သည်။
“အဲဒါ ရှန်းရှန်းရဲ့ အသံပဲ ဖြစ်ရမယ်”
ကျန်းကျူးပင်းက အခိုင်အမာ ပြောခဲ့သည်။
ကွမ်းရှောင်ထင်းက အစပိုင်းတွင်မယုံကြည်ခဲ့သော်လည်း ကျန်းကျူးရိ ပေးလိုက်သော အသားခြောက်ထုပ်ကို ရုတ်တရက် သတိရသွားခဲ့လေ၏။
ထိုအသားခြောက်ထုပ်မှာ အရေးကြီးသော တာဝန်တစ်ခုအဖြစ် ပေးပို့ခဲ့သော်လည်း ချုံကျိုးသို့ ရောက်ရှိရန် ရက်ပေါင်း တစ်ဆယ့်ငါးရက်ကျော်ခန့် ကြာမြင့်ခဲ့ပေသည်။
ထိုအချိန်တွင် ကျန်းကျူးပင်းက သင်္ဘောပေါ်သို့ ရောက်နေခဲ့ပေပြီ ။
ကွမ်းရှောင်ထင်းက အသားခြောက်ထုပ်ကို ရရှိပြီးနောက် လမ်းခရီးတွင် ပျက်စီးလာမည်ကို စိုးရိမ်သည့်အတွက် အမြန်ပင် အထုတ်အပိုးဖြည်ကာ အိမ်အမိုးတန်းတွင် ချိတ်ဆွဲရန်လုပ်ခဲ့သည်။
ကံကောင်းစွာဖြင့် အသားများမှာ အေးသောအရပ်မှ သယ်ဆောင်လာခဲ့ခြင်းဖြစ်ပေ၏။ ချုံကျိုးသို့ ရောက်ချိန်တွင်လည်း ပို့ဆောင်ရေးမှလူများက အသားခြောက်က အချိန်ကြာရှည်မခံကြောင်းကို သိသောကြောင့် သူမထံသို့ အမြန်ဆုံးလာရောက်ပို့ဆောင်ပေးခဲ့ကြသည်။
ကွမ်းရှောင်ထင်းတစ်ယောက် အသားခြောက်များကို ချိတ်ဆွဲရန်လုပ်ဆောင်ခဲ့ပြီး သူမ၏သားဖြစ်သူ ကျန်းတင်းကွန်းက အသားများကို သူမထဲသို့ လှမ်းပေးနေခဲ့၏။
သူက အသားများကို ပေးနေရင်းဖြင့် အထဲဘက်မှ စာတစ်စောင်ကို ဆွဲထုတ်လိုက်မိလေသည်။
ထိုစာထဲတွင် လီရှန်း မြင်တွေ့ခဲ့သော အိပ်မက်၏အကြောင်းကို ရေးသားထားခဲ့ပြီး ယခု ကျန်းကျူးပင်း၏ စကားနှင့် ပြန်တိုက်ကြည့်ချိန်တွင် ထိုအဖြစ်အပျက်နှစ်ခုက ချက်ချင်းပင် ဆက်စပ်သွားခဲ့လေသည်။
ထို့ကြောင့် ထိုညက “သတိထား” ဟု အော်ခဲ့သူမှာ လီရှန်းပင်ဖြစ်ကြောင်းကို ကွမ်းရှောင်ထင်းက အခိုင်အမာ ယုံကြည်သွားတော့သည်။
သူ၏ညီဖြစ်သူနှင့် ခယ်မဖြစ်သူတို့၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလျှင် ကျန်းကျူးရိတစ်ယောက် ထိတ်လန့်သွားရသော်လည်း အလျှင်အမြန်ပြောလိုက်သည်။
“ဘာကိုအိပ်မက်တွေအကြောင်းတွေပြောနေတာလဲ၊ ဒါတွေက ပဒေသရာဇ်ခေတ်က အယူသီးမှုတွေပဲ၊ ရဲဘော်ကွမ်းရှောင်ထင်း မင်း စကားပြောတာ ဆင်ခြင်ရမယ်”
ကွမ်းရှောင်ထင်းလည်း သူမ၏ မျက်ရည်များကို အမြန်ထိန်းလိုက်ပြီး ပြောလာလေ၏။
“ကျွန်မ အရမ်းပျော်နေလို့ပါ”
ကွမ်းရှောင်ထင်းမှ သတိပြန်ဝင်သွားသည်ကို မြင်လျှင် ကျန်းကျူးရိလည်း စိတ်အေးသွားရလေ၏။ ထိုအချိန်တွင်ပင် လီရှန်းက ရောက်ရှိလာသောကြောင့် သူမကို လက်ယပ်ခေါ်လိုက်သည်။
“ရှန်းရှန်း ရောက်လာပြီ”
ကွမ်းရှောင်ထင်းလည်း နောက်တစ်ကြိမ် ပြန်လည်စိတ်လှုပ်ရှားသွားပြီး ပြောလာလေသည်။
“မြန်မြန်လေး၊ အစ်ကိုကြီး ကျွန်မ ရှန်းရှန်းနဲ့ စကားပြောချင်တယ်”
ကျန်းကျူးရိလည်း ဖုန်းကို လီရှန်းထံသို့ ချက်ချင်းပင် ကမ်းပေးလိုက်လေ၏။ တစ်ဖက်မှ ကွမ်းရှောင်ထင်း၏အသံက တုန်ယင်စွာထွက်ပေါ်လာခဲ့သည်။
“ရှန်းရှန်း၊ မင်းရဲ့ ဒုတိယအဒေါ်က မင်းကို ကျေးဇူးတင်ကြောင်းပြောချင်နေတာ”
“ကျေးဇူးတင်စရာ မလိုပါဘူး ဒုတိယအဒေါ်၊ ကျွန်မတို့က မိသားစုတွေပဲမလား၊ အားနာစရာ မလိုပါဘူး”
ကွမ်းရှောင်ထင်း ပြောချင်သည့်စကားများကို လီရှန်း ချက်ချင်းပင် သိရှိလိုက်ပေသည်။ မတိုင်ခင်က ကွမ်းရှောင်ထင်း၏ အသံကို ဖုန်းထဲမှ ကြားလိုက်ရချိန်တွင် သူမအနေဖြင့် သတင်းဆိုးကြားရမည်ကို စိုးရိမ်နေခဲ့ရသည်။
ယခု ကွမ်းရှောင်ထင်း၏ အသံက အလွန် တက်ကြွနေကြောင်းကို ကြားလိုက်ရသည့်အတွက် စိတ်သက်သာရာရသွားခဲ့လေ၏။
“ ကောင်းပြီ ကောင်းပြီ၊ ရှန်းရှန်း လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ဟုန်မေ့က ငါတို့ဆီကို ဖုန်းဆက်ပြီးပြောတယ်၊ မင်းလက်ထပ်တော့မယ်ဆို”
လီရှန်း ရှက်ရွံ့သွားရန် အချိန်မရသေးခင်ပင် ကျန်းကျူးရိက ဖုန်းကို ပြန်ယူလိုက်၏။
“ငါလည်း ဒီအကြောင်းကို ပြောမလို့ပဲ”
လီရှန်း၏ လက်ထပ်ပွဲအကြောင်းကို ပြောရချိန်တွင် သူ့အနေဖြင့် မရယ်မောဘဲ မနေနိုင်ချေ ။
“သူက ကောင်းမွန်တဲ့လူငယ်တစ်ယောက်ပဲ၊ သူ့အဖေက ဆေးဝါးစက်ရုံရဲ့ ဒုတိယညွှန်ကြားရေးမှူး၊ သူ့အမေက အမျိုးသမီးရေးအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာတဲ့၊ ပြီးတော့ အဲဒီကောင်လေး ကိုယ်တိုင်လည်း ဆေးဝါးစက်ရုံမှာ အလုပ်ဝင်ခွင့် စာမေးပွဲအောင်ထားတာလေ၊
အခု သူနဲ့ ရှန်းရှန်းက လုပ်ဖော်ကိုင်ဖက်တွေပဲ၊ အဲဒီကောင်လေးက အတွင်းရေးမှူးရုံးမှာ လုပ်နေကြတာ၊ ရှင်းမင်လိုပဲ၊ နောက်ပြီး သူက စက်ရုံရဲ့ အတော်ဆုံး စာရေးဆရာတစ်ယောက်ပဲ၊
အိုး.. သူ့မှာ အစ်ကိုတစ်ယောက်ရှိသေးတယ်၊ သူကလည်း မင်းတို့ တပ်ဖွဲ့ထဲမှာပဲ၊ ကျူးပင်း သူ့ကို သိမလားတော့ မသိဘူး”
“ဘယ်သူလဲ”
ကျန်းကျူးပင်း၏ အသံက ဘေးမှ ထွက်လာ၏။
သူသည်က ကွမ်းရှောင်ထင်း ပြောနေသမျှကို တစ်ချိန်လုံး နားထောင်နေခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
ယခု လီရှန်း၏ လက်ထပ်ပွဲအကြောင်းကို ကြားရချိန်တွင် သူက ဖုန်းအနားသို့ ပိုမိုတိုးကပ်လာခဲ့သည်။
“သူ့နာမည်က စုဝေ့ယန်တဲ့၊ တပ်ခွဲမှူးတစ်ယောက် ဖြစ်မယ်”
စုဝေ့ယန်?
ကျန်းကျူးပင်းက မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားလိုက်ပြီး တစ်ဖက်လူကို ချက်ချင်းပင် သတိရသွားလေ၏ ။
“သူက လောင်ရှုရဲ့အောက်ကဖြစ်မယ်၊ တပ်ခွဲမှူးဆိုတာတော့ အမှန်ပဲ၊ ကျွန်တော် သူနဲ့ သိပ်တော့မရင်းနှီးဘူး၊ လောင်ရှုကို အခြေအနေ မေးကြည့်ပေးမယ်”
“တပ်ခွဲမှူးစုကို ပြောတာလား၊ ကျွန်မ သိတယ်လေ”
ကွမ်းရှောင်ထင်း၏ အသံက ထပ်မံထွက်ပေါ်လာပြန်၏ ။
“သူ့ရဲ့ဇနီး ကျန်းဝမ်ယွီက သားလေးတစ်ယောက် မွေးထားတာ၊ မီးတွင်းကာလမှာ သူ့ညီမက လာစောင့်ရှောက်ပေးနေတယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်မနဲ့ တခြား တပ်ဖွဲ့ကညီအစ်မတွေ သွားလည်ကြသေးတယ်”
ကျန်းကျူးပင်းမှာ တပ်ရင်းမှူးတစ်ဦး ဖြစ်သောကြောင့် သူ၏ဇနီး ကွမ်းရှောင်ထင်းသည်လည်း ထိုအသိုင်းအဝိုင်းတွင် တက်ကြွပါဝင်သူတစ်ဦး ဖြစ်ပေသည်။ သူမနှင့် အခြားတပ်သားများ၏ဇနီးမယားများက စုပေါင်းကာ တပ်သားမိသားစုများကို ကူညီစောင့်ရှောက်သည့် အဖွဲ့လေးတစ်ခု ဖွဲ့စည်းထားကြ၏။
သူတို့၏ နေ့စဉ်အလုပ်မှာ မိသားစုပြဿနာများကို ဖြေရှင်းပေးခြင်း သို့မဟုတ် ကလေးမွေးဖွားသည့် တပ်သား၏ဇနီးများထံ သွားရောက်အားပေးခြင်းများပင် ဖြစ်ပေသည်။
သူမသည်က ထိုအမျိုးသမီးအဖွဲ့ချုပ်၏ တရားဝင်မဟုတ်သည့် ဝန်ထမ်းတစ်ဦး ဖြစ်ပေ၏။
လစာမရရှိသော်လည်း ထိုအမျိုးသမီးကြီးများမှာ ထိုအလုပ်ကို ပျော်ရွှင်စွာ လုပ်ကိုင်နေကြသည်။
“တပ်ခွဲမှူးစုက လူကောင်းပဲ၊ ဒါပေမဲ့ စကားသိပ်ပြီး မပြောတတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်က ကျန်းဝမ်ယွီ လာနေတုန်းကဆို ဇနီးမောင်နှံနှစ်ယောက် ရန်ဖြစ်ကြပြီး ကျန်းဝမ်ယွီက စိတ်ဆိုးပြီး ပြန်သွားဖူးတယ်၊
မနှစ်ကမှ ပြန်လာတာလေ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ကျန်းဝမ်ယွီက အများကြီး ပြောင်းလဲသွားပြီ၊ သူက အလွန်ခင်မင်ရင်းနှီးစရာကောင်းပြီး စကားပြောတာလည်း အရမ်းနူးညံ့တယ်၊
သူတို့ဇနီးမောင်နှံရဲ့ ဆက်ဆံရေးကလည်း အများကြီး တိုးတက်လာပြီ၊ အခု ကလေးလည်း ရပြီဆိုတော့ သူမက ပြန်သွားမှာ မဟုတ်တော့ဘူး”
ထို့ကြောင့် သမီးယောက်မများကြားတွင်လည်း ပြဿနာရှိနိုင်မည် မဟုတ်ချေ။
ကွမ်းရှောင်ထင်းက တပ်သားများ၏ဇနီးများအကြောင်းကို ပြောရာတွင် အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနေသည့်အတွက် သူမကဝန်ထမ်းအိမ်ရာဝင်းတစ်ခုလုံးကို အလွန်နှံ့စပ်ကြောင်း သိရှိနိုင်ပေသည်။
ကျန်းကျူးရိလည်း စိတ်အေးသွားရ၏။
လီရှန်းအနေဖြင့် ဆက်ဆံရခက်ခဲသော ယောက်မမျိုးနှင့် ကြုံတွေ့ရမည်ကို သူ အမှန်တကယ်ပင် စိုးရိမ်နေခဲ့သည်။
“ဒီနှစ်တော့ ပြန်ဖို့ နောက်ကျသွားပြီ၊ နောက်နှစ်ကျရင် ရှောင်ထင်းနဲ့ ကျွန်တော် နှစ်သစ်ကူးမှာ ပြန်လာခဲ့မယ်”
ကျန်းကျူးပင်း၏ ပျော်ရွှင်နေသော အသံက ထွက်ပေါ်လာပြန်သည်။
“အဲဒီအချိန်ကျရင် ရှန်းရှန်းက ကလေးတောင် ချီနေရလောက်ပြီ ဟားဟားဟား”
သူ၏စကားပင် မဆုံးသေးခင် ကွမ်းရှောင်ထင်း၏ ဆူပူသံများ ထွက်ပေါ်လာလေ၏။
လီရှန်းက အနည်းငယ် ချောင်းဟန့်လိုက်ပြီး ရှက်ရွံ့စွာဖြင့် မျက်နှာလွှဲလိုက်မိသည်။ ဇနီးမောင်နှံနှစ်ဦးက စကားများလွန်ကဲလာသည်ကို မြင်လျှင် ကျန်းကျူးရိက ဖုန်းကို ချလိုက်လေသည်။
သို့သော် ဖုန်းက ထပ်မံမြည်လာခဲ့ပြန်သည် ။
“အစ်ကိုကြီး၊ ရှန်းရှန်းရဲ့ ခန်းဝင်ပစ္စည်းအတွက် ကျွန်တော်နဲ့ ရှောင်ထင်းကို ငွေငါးရာလောက် ခဏချေးပြီး ပေးထားပါဦး”
ထိုသို့ပြောပြီးနောက် သူက ဖုန်းကို ချက်ချင်းချသွားခဲ့လေ၏။
ကျန်းကျူးရိ : “...”
ကျန်းကျူးရိက ဖုန်းကို အေးဆေးတည်ငြိမ်စွာ ပြန်တင်လိုက်ပြီးနောက် လီရှန်းကို ကြည့်ပြီး မေးလာခဲ့သည်။
“စက်ရုံက ဒီနေ့ပိတ်ထားတာလား”
လီရှန်းက အနည်းငယ် ချောင်းဟန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျွန်မ အိမ်ထောင်စုစာရင်း လာယူတာ၊ ဒီနေ့ ကျွန်မတို့တွေ အားနေတုန်းလေး စုဝေ့ချင်းနဲ့ လက်ထပ်မှတ်ပုံတင်လက်မှတ် သွားလုပ်မလို့လေ”
“ဟုတ်သားပဲ၊ မင်းတို့နှစ်ယောက် ခုထိ လက်ထပ်မှတ်ပုံတင်လက်မှတ် မလုပ်ရသေးဘူး”
လီရှန်း၏စကားကို ကြားမှ ကျန်းကျူးရိလည်း ဤလူငယ်စုံတွဲက လက်ထပ်မှတ်ပုံတင်လက်မှတ် မရသေးကြောင်းကို သတိရသွားခဲ့လေသည်။
လက်ထပ်မှတ်ပုံတင်လက်မှတ် မရှိပါက သူတို့နှစ်ယောက်မှာ တရားဝင်ဇနီးမောင်နှံ မဟုတ်သေးပါချေ။
ကျန်းကျူးရိတစ်ယောက် ထိုမျှအရေးကြီးကိစ္စကို မေ့လျော့နေခဲ့မိသောကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်မိသည်။
သို့သော် ယခုကလည်း နောက်မကျသေးသောကြောင့် သူက လီရှန်းကို အမြန်ပင် ခေါ်သွားရန်တွေးလိုက်သည်။
“ကောင်းပြီ သွားကြရအောင်၊ အရှေ့ပိုင်းအုပ်ချုပ်ရေးရုံးကို သွားပြီး အိမ်ထောင်စုသက်သေခံစာရွက် သွားယူရမယ်”
***