လီရှန်း၏ အိမ်ထောင်စုစာရင်းကို လီမိသားစုမှ ဖယ်ရှားပြီးနောက် ကျန်းကျူးရိ၏ နာမည်အောက်တွင် ထည့်သွင်းထားခဲ့သည်။
ကျန်းရူတုန်း၏ အကြီးဆုံးသားဖြစ်သည့်အတွက် ကျန်းကျူးရိ၏ အိမ်ထောင်စုစာရင်းက အခြားညီအစ်ကိုများကဲ့သို့ ခွဲမထွက်ဘဲ ကျန်းရူတုန်းနှင့်အတူ ရှိနေခဲ့သည်။
ထို့ကြောင့် ကျန်းကျူးရိအနေဖြင့် သက်သေခံလက်မှတ် လိုအပ်ပါက အရှေ့ပိုင်းရုံးသို့ပင် သွားရောက်ယူပေးရပေလိမ့်မည်။
“အဖေ၊ ကျွန်တော်လည်း လိုက်မယ်!”
သူတို့ ထွက်သွားတော့မည်ကို မြင်လျှင် ကျန်းချောင်က အော်ပြောလိုက်၏။
ကျန်းကျူးရိက သူ၏ပုခုံးကို ပုတ်ပြီးပြန်ပြေခဲ့သည်။
“မင်းအမေကို သွားပြောလိုက်ဦး၊ ငါ မင်းအစ်မအတွက် သက်သေခံလက်မှတ် သွားယူပေးလိုပ်ဦးမယ်”
သူတို့က လိုင်းကားမစီးဘဲ စက်ဘီးစီးကာ စက်ရုံမှ ထွက်လာခဲ့ပြီး ဖြတ်လမ်းမှ သွားခဲ့ကြသည်။ ဆယ်မိနစ်ပင် မပြည့်မီ ကျန်းရူတုန်း၏ အိမ်သို့ ရောက်ရှိသွားလေ၏။
လီရှန်း သက်သေခံလက်မှတ် လိုအပ်ကြောင်းကို ကြားလျှင် ကျန်းရူတုန်းက ဝူယွီနျန်အား အိမ်ထောင်စုစာရင်းစာအုပ်ကို အမြန်ရှာခိုင်းလေသည်။
ကျန်းကျူးရိက အိမ်ထောင်စုစာရင်းစာအုပ်ကို ယူပြီး သက်သေခံလက်မှတ် သွားထုတ်ပေးခဲ့သည်။
“ဒီအိမ်ထောင်စုစာရင်းစာအုပ်ကိုပါ ယူသွားလိုက်၊ လက်ထပ်မှတ်ပုံတင် လက်မှတ် လုပ်ရင် ဒါလည်း လိုလိမ့်မယ်”
လီရှန်းလည်း အိမ်ထောင်စုစာရင်းစာအုပ်ကို ယူပြီး မတော်တဆ ကြည့်လိုက်မိလျှင် ရုတ်တရက် တစ်စုံတစ်ခုကိုသတိပြုမိသွားသည်။
“အကြီးဆုံးဦးလေး၊ ဘာလို့ အဘွားဝူရဲ့ နာမည်က ဒီစာအုပ်ထဲမှာ မပါတာလဲ”
“မင်းရဲ့ အဘွားဝူမှာ သူ့ကိုယ်ပိုင်အိမ် ရှိတယ်လေ”
ကျန်းကျူးရိက ရှင်းပြလာသည်။
“အိမ်ထောင်စုစာရင်းဆိုတာ ကိုယ့်အိမ်နဲ့ကိုယ် မှတ်ပုံတင်ရတာ”
လီရှန်းလည်း တခြားအရာများကို ထပ်မတွေးတော့ဘဲ အိမ်ထောင်စုစာရင်းစာအုပ်ကို အိတ်ထဲသို့ ထည့်လိုက်သည်။
“ဒါဆို ကျွန်မ အခု စုဝေ့ချင်းဆီကို သွားလိုက်တော့မယ်”
“ငါ ကားဂိတ်အထိ လိုက်ပို့ပေးမယ်”
ကျန်းကျူးရိက သူ၏စက်ဘီးပေါ်သို့ ပြန်တက်ကာ လီရှန်းကို ကားဂိတ်အထိ လိုက်ပို့ပေးခဲ့သည်။
ကိုက် (၂၀၀)ခန့်သာ ကွာဝေးသော်လည်း ထိုမျှလောက်သော အကွာအဝေးကိုပင် လီရှန်းအား မပင်ပန်းစေလိုပါချေ။
လီရှန်း ကားပေါ်သို့တက်သွားပြီး ပြတင်းပေါက်မှတစ်ဆင့် ကျန်းကျူးရိကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။
ကျန်းကျူးရိ၏ မျက်လုံးများက အနည်းငယ် နီမြန်းနေခဲ့လေ၏။
လီရှန်းကို ပထမဦးဆုံး ခေါ်လာခဲ့စဉ်က သူမမှာ ညစ်ပတ်နံစော်နေပြီး သေးငယ်လှသော ကောင်မလေးတစ်ဦး ဖြစ်ခဲ့ကာ စကားပြန်ပြောနိုင်ရန်ပင် ခွဲစိတ်ရပြီး ခြောက်လနီးပါး အချိန်ယူခဲ့ရသည်ကို သူ မှတ်မိနေသေးသည်။
ယခုအချိန်တွင်တော့ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမက လက်ထပ်တော့မည်။
သူက မျက်ရည်များကို အင်္ကျီ လက်စဖြင့်သုတ်ကာ အိမ်သို့ ပြန်လာခဲ့၏။
“မင်းရဲ့စိတ်ဓာတ်ကတော့ ပျော့ညံ့လိုက်တာ”
ကျန်းရူတုန်းက လှောင်ပြောင်လိုက်သည်။
ကျန်းကျူးရိက ခေါင်းခါရမ်းပြီးပြောလိုက်လေ၏။
“အဖေ၊ ကျွန်တော် စက်ရုံမှာ အလုပ်တွေ ရှိသေးတယ်၊ ပြန်လိုက်ဦးမယ်”
“သွားတော့၊ သွားတော့”
ကျန်းရူတုန်းက သူ၏သားကြီးကို ကြည့်ပင်မကြည့်ချင်တော့ဘဲ မောင်းထုတ်လိုက်ကာ သူ၏အခန်းထဲသို့ ဝင်သွားခဲ့သည်။
ကျန်းကျူးရိ ထွက်သွားပြီးနောက် ဝူယွီနျန်က အခန်းထဲသို့ လက်ဖက်ရည် လာပို့ချိန်၌ ကျန်းရူတုန်းက ကျန်းဟုန်ကျန်း၏ ဓာတ်ပုံဟောင်းကို လက်ကိုင်ပုဝါဖြင့် သုတ်နေသည်ကို တွေ့လိုက်ရလေ၏။
ဓာတ်ပုံထဲတွင် ကျန်းဟုန်ကျန်းက ပြုံးရယ်နေခဲ့ပြီး နုပျိုနေဆဲပင်။
“အခု ရှန်းရှန်းလည်း လက်ထပ်တော့မှာဆိုတော့ ဟုန်ကျန်းလည်း စိတ်အေးအေးနဲ့ အနားယူနိုင်ပါပြီ”
ဝူယွီနျန်က ကျန်းရူတုန်းကို နှစ်သိမ့်ပေလိုက်သည်။
ကျန်းရူတုန်းက ဝူယွီနျန်ကို လှည့်ကြည့်ရင်း ပြောလာလေ၏။
“ဒီနှစ်တွေအတွင်းမှာ မင်းလည်း အများကြီး ပင်ပန်းခဲ့ရပြီ”
“ပင်ပန်းစရာ မရှိပါဘူး”
ဝူယွီနျန်က ကျန်းရူတုန်းထံမှ လက်ကိုင်ပုဝါကို ဆွဲယူကာ ကျန်းဟုန်ကျန်း၏ ဘေးရှိ ဓာတ်ပုံကို သုတ်ပေးလိုက်သည်။
ထိုပုံက ကျန်းရူတုန်း၏ ပထမဇနီး၏ဓာတ်ပုံပင် ဖြစ်ပေသည်။ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာကာ အသံမှာလည်း တိမ်ဝင်သွားခဲ့ရသည်။
“တကယ်လို့ ကျွန်မရဲ့ အစ်မကြီးသာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင်လည်း ရှန်းရှန်း လက်ထပ်တာကို မြင်ပြီး ပျော်နေမှာပဲ”
——
လီရှန်းတစ်ယောက် ကားပေါ်မှာကတည်းက ကားဂိတ်၌ ရပ်နေသော စုဝေ့ချင်းကို လှမ်းမြင်လိုက်ရ၏။
သူက အစိမ်းရောင် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး အပေါ်မှ ထူထဲသော ဂွမ်းကတ်အင်္ကျီကို ထပ်ဝတ်ထားခဲ့သည်။ သူ၏ဆံပင်များမှာလည်း ပြောင်ချောနေအောင် ဖြီးသင်ထားသောကြောင့် သူ ပြန်ရောက်သွားချိန်တွင် ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြင်ဆင်လာခဲ့ကြောင်း ထင်ရှားပေသည်။
အေးစက်သော လေပြင်းများကြားတွင် မတ်မတ်ရပ်နေသော သူ၏ပုံစံမှာ ထင်းရှူးပင်ငယ်လေးတစ်ပင်ကဲ့သို့ပင် ထင်ရှားနေခဲ့သည်။
ကားက ကားဂိတ်တွင် တည်ငြိမ်စွာရပ်တန့်လိုက်သည်။
လီရှန်းက စုဝေ့ချင်း၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားပြီး ကားတံခါးဆီသို့ မျှော်လင့်တကြီး စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ထိုပုံစံကို မြင်ရသည့် မည်သူမဆို ပြုံးရယ်မိကြမည်ဖြစ်ပြီး သူ၏ကိုယ်စား အမှန်တကယ်ပင် ဝမ်းသာမိကြပေလိမ့်မည် ။
“စုဝေ့ချင်း!”
လီရှန်း ကားပေါ်မှ ဆင်းသည်နှင့် စုဝေ့ချင်းကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။ သူ၏အမူအရာကြောင့် သူမ၏ နှလုံးသားမှာလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေသည်။
သူမ အိမ်ထောင်စုစာရင်းအတွက် သက်သေခံလက်မှတ် သွားယူစဉ်က သူမကိုယ်သူမ အိပ်မက်မက်နေသကဲ့သို့ ခံစားနေခဲ့ရသော်လည်း ယခု စုဝေ့ချင်းကို မြင်လိုက်ရချိန်တွင် သူမ အမှန်တကယ် သဘောပေါက်လာခဲ့သည်။
သူမ လက်ထပ်တော့မည်ပင်။
သူမ၏ ယခင်ဘဝမှ ယခုဘဝအထိ..
ထို့အပြင် တာဝန်ထမ်းဆောင်ခဲ့ရသော ကမ္ဘာများစွာအတွင်း ဖြတ်သန်းခဲ့ရသမျှတွင် ယခုမှသာ သူမ၏ဘဝကို ကိုယ်ပိုင်ထိန်းချုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
သူမသည်က ကံကြမ္မာ၏ တွန်းပို့မှုနောက်သို့ လိုက်ပါရန် မလိုတော့သကဲ့သို့၊ တာဝန်ပေးအပ်ခြင်း ခံရသူများ၏ ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားကာ ခြေလှမ်းမမှားစေရန် ကြိုးစားနေစရာ မလိုတော့ချေ။
စုဝေ့ချင်းက သူမကိုယ်တိုင် ရွေးချယ်ခဲ့သော လူသားပင် ဖြစ်ပေသည်။
သူမက သူမ၏ ကိုယ်ပိုင်ဆန္ဒအရ သူ့ကို လက်ထပ်ခဲ့ခြင်းဖြစ်သောကြောင့် သူမ၏ ကိုယ်ပိုင်ခံစားချက်ကိုသာ ထည့်သွင်းစဉ်းစားရန် လိုအပ်တော့သည်။
စုဝေ့ချင်းက အဝေးမှ သူမဆီသို့ ပြေးလာသည်ကို ကြည့်ရင်း လီရှန်း၏ မျက်လုံးများမှာ အပြုံးများဖြင့် တောက်ပနေခဲ့၏။
စုဝေ့ချင်း စကားမပြောရသေးမီ သူမက သူမ၏လက်ထဲရှိ အိမ်ထောင်စုစာရင်းစာအုပ်ကို ရှေ့သို့မြှောက်ပြလိုက်ပြီး စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြောလိုက်သည်။
“ကြည့်လိုက်၊ ကျွန်မ အိမ်ထောင်စုစာရင်းစာအုပ် ရခဲ့ပြီ၊ ပြီးတော့ အိမ်ထောင်စုစာရင်း သက်သေခံလက်မှတ်လည်း ရခဲ့ပြီ”
“ကိုယ်လည်း ရပြီ”
စုဝေ့ချင်းင သူ၏အိမ်ထောင်စုစာရင်းစာအုပ်ကို စိတ်လှုပ်ရှားစွာ ဆွဲထုတ်ပြလာခဲ့သည်။
“ကိုယ်လည်း သက်သေခံလက်မှတ်ကို အဆင်သင့် လုပ်ထားပြီးပြီ၊ အခုပဲ လက်ထပ်မှတ်ပုံတင်လက်မှတ် သွားလုပ်ကြမလား”
“ကောင်းပြီ”
လီရှန်း ခေါင်းကို အလေးအနက် ညိတ်လိုက်ပြီး စုဝေ့ချင်း၏လက်ကို ပထမဆုံးအကြိမ်အဖြစ် ဆုပ်ကိုင်လိုက်သည်။
“သွားမယ်၊ အိမ်ထောင်စု မှတ်ပုံတင်ရုံးကို သွားပြီး လက်ထပ်မှတ်ပုံတင်လက်မှတ် သွားယူကြရအောင်”
စုဝေ့ချင်းတစ်ယောက် စကားပင် မပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေသောကြောင့် ခေါင်းကိုသာ အကြိမ်ကြိမ် ညိတ်နေမိခဲ့သည်။
သူက ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ သူ၏လက်ထဲရှိ အိတ်ကို ဖွင့်၍ လီရှန်းကို ပြလိုက်၏ ။
“ကိုယ် ခုနကပဲ ကုန်တိုက်ကို သွားပြီး သကြားလုံးတစ်ပေါင် ဝယ်လာခဲ့တယ်၊ ဒါကို မှတ်ပုံတင်ရုံးက ရဲဘော်တွေကို ဝေပေးကြမယ်”
“ရှင်ကတော့ အရမ်းကို ပေါ်ပေါ်ထင်ထင် လုပ်ချင်တာပဲ”
လီရှန်းက သူ့ကို တားဆီးလိုသော လေသံဖြင့် တီးတိုးပြောလိုက်လေ၏။
ယခုခေတ်ကာလတွင် အလွန်အမင်း လူသိထင်ရှား လုပ်ဆောင်ပါက အပြစ်တင်ဝေဖန်ခံရရန် လွယ်ကူပေသည်။
“ကိုယ်ကတော့ ကိုယ်လက်ထပ်တော့မယ့်အကြောင်းကို တစ်ကမ္ဘာလုံးကို ကြေညာချင်နေတာ”
လီရှန်းက သကြားလုံးအိတ်ကို သိမ်းယူသွားမည်ကို ကြောက်သောကြောင့် စုဝေ့ချင်းက သကြားလုံးများကို သူ၏ရင်ခွင်ထဲသို့ ပိုက်ထားလိုက်ကာ လီရှန်းကို သတိကြီးစွာ ကြည့်ရင်း ပြောလာလေ၏။
“အဲဒီရဲဘော်တွေ သကြားလုံးစားရရင် ကိုယ်တို့အတွက် လှပတဲ့ အိမ်ထောင်ရေးသက်သေခံလက်မှတ်လေးတစ်ခုကို သေချာပေါက် ရွေးပေးကြလိမ့်မယ်”
လီရှန်းတစ်ယောက် တစ်ဖက်လူ၏စကားကို ကြားလိုက်ရလျှင် စုဝေ့ချင်းမှာ ဝမ်းသာပျော်ရွှင်လွန်းသောကြောင့် စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေပြီဟု ခံစားလိုက်ရပေသည်။
ယခုခေတ်ကာလတွင် လက်ထပ်မှတ်ပုံတင်လက်မှတ်များသည်က ပုံစံခွက်တစ်ခုတည်းသာ ရှိပေ၏။
လက်မှတ်၏ ဘယ်ဘက်ခြမ်းတွင် အထက်လူကြီးခေါင်းဆောင်တစ်ဦး၏ ပုံတူနှင့် အောက်ဘက်တွင် သူ၏ဩဝါဒစကားများကို ဖော်ပြထားပြီး၊ ညာဘက်ခြမ်းတွင်မူ ကာယကံရှင်နှစ်ဦး၏ မှတ်ပုံတင်အချက်အလက်များနှင့် သဘောတူညီကြောင်း ကြေညာချက်တို့ ပါရှိပေသည်။
ဤထက်ပို၍ လှပသော လက်ထပ်မှတ်ပုံတင်လက်မှတ်ဟူသည် ရှိနိုင်ပါဦးမည်လား။
လူအများကို အံ့သြသွားရလောက်အောင် အမှန်တကယ်ပင် ရှိနေခဲ့ပေသည်။
လက်မှတ်ပုံစံက တူညီသော်လည်း သူတို့ကလက်မှတ် အထပ်လိုက်ကြီးထဲမှ အနားသားအညီညာဆုံးနှင့် အသန့်ရှင်းဆုံး တစ်ရွက်ကို ရွေးထုတ်ကာ မှတ်ပုံတင်ခဲ့ကြခြင်း ဖြစ်ပေသည်။
သက်သေခံလက်မှတ်ကို တင်ပြသည့်အချိန်မှစ၍ တရားဝင်တံဆိပ်တုံး ထုနှိပ်ကာ လက်ထပ်မှတ်ပုံတင်လက်မှတ် လက်ဝယ်ရရှိသည်အထိ ဆယ်မိနစ်ပင် မပြည့်ခဲ့ချေ။
အသစ်စက်စက် ထုတ်ပေးလိုက်သော လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ကိုင်ဆောင်ထားရင်း လူငယ်ဇနီးမောင်နှံနှစ်ဦးမှာ အိပ်မက်မှ နိုးလာသကဲ့သို့ ရုံးခန်းအတွင်းမှ ထွက်လာခဲ့ကြသည်။
သူတို့နှစ်ဦးက မသိစိတ်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်လုံးများထဲမှ မေးခွန်းထုတ်နေသော အရိပ်အယောင်များကို မြင်တွေ့လိုက်ရ၏။
“ငါတို့ အခု လက်ထပ်လိုက်ကြပြီလား” ဟူ၍ မေးနေသကဲ့သို့ပင်။
သေချာပေ၏။ ဆယ်မိနစ်အတွင်းမှာပင် သူတို့သည်က လူပျို၊ အပျိုဘဝမှ အသစ်စက်စက် ဇနီးမောင်နှံဘဝသို့ ရောက်ရှိသွားခဲ့ကြချေပြီ။
“ဒါဆို.. နောက်ထပ် ဘာဆက်လုပ်ကြမလဲ”
စုဝေ့ချင်း၏ အကြည့်က လက်ထပ်မှတ်ပုံတင်လက်မှတ်ပေါ်သို့ နောက်တစ်ခေါက် ကျရောက်သွားပြန်သည်။
သူက အထပ်လိုက်ထဲတွင် အညီညာဆုံးဖြစ်သော ဤလက်မှတ်လေး ကြေမွသွားမည်ကို စိုးရိမ်သောကြောင့် လက်ဖြင့် ခပ်ပြင်းပြင်းပင် မကိုင်ရဲချေ။
“အရင်ဆုံး လက်မှတ်ကို အိမ်ပြန်ပို့လိုက်ရင် ကောင်းမလား”
ထိုအချိန်တွင် လီရှန်း၏ မျက်လုံးထဲ၌လည်း ဤပါးလွှာသော စက္ကူရွက်မှာ ထူးခြားသော အဓိပ္ပာယ်များ ပြည့်နှက်နေပေသည်။ စုဝေ့ချင်းကဲ့သို့ပင် သူမသည်လည်း လက်ထပ်မှတ်ပုံတင်လက်မှတ်မှာ သပ်ရပ်လှပနေမှသာ ကြည့်ကောင်းမည်ဟု ခံစားနေမိ၏။
သူတို့နှစ်ဦးသည်က ယနေ့အတွက် အစီအစဉ်များကို အသေအချာ ဆွဲထားခဲ့ကြပေသည်။
လက်ထပ်မှတ်ပုံတင်လက်မှတ် ရရှိပြီးနောက် ဓာတ်ပုံသွားရိုက်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း လက်မှတ်ကို အမှန်တကယ် ရရှိလိုက်သောအချိန်တွင်တော့ တခြားမည်သည့်အရာကိုမျှ မလုပ်ချင်တော့ဘဲ ဤလက်မှတ်ကိုသာ အိမ်သို့ အရင်ဆုံး ပြန်ပို့လိုစိတ် ပြင်းပြနေကြတော့သည်။
ထို့ကြောင့် သူတို့နှစ်ဦးက လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ကိုင်ဆောင်ကာ လူအများကဲ့သို့ပင် လိုင်းကားပေါ်သို့ တက်ခဲ့ကြလေသည်။ ဆေးဝါးစက်ရုံသို့ ရောက်ရှိပြီးနောက် စုဝေ့ချင်းသည် လီရှန်းကို ဝန်ထမ်းအိမ်ရာဝင်းဆီသို့ ပထမဆုံးအကြိမ် ခေါ်ဆောင်သွားခဲ့ပေသည်။
***