အိမ်သို့ ရောက်ခါနီးအချိန်တွင် လုချင်းလန်နှင့် ဆုံတွေ့ခဲ့ကြ၏။
“ဝေ့ချင်း၊ ဒါက မင်းရဲ့ ချစ်သူလား”
သူမက လီရှန်းကို ခြေဆုံးခေါင်းဆုံး ကြည့်ကာ မေးလိုက်သည်။
ထိုအချိန်မှသာ သူမလည်း ဝန်ခံလိုက်ရတော့၏။
ဤမိန်းကလေးမှာ အမှန်တကယ်ပင် သူမ၏ညီမထက် ပို၍ လှပပေသည်။
အထူးသဖြင့် သူမ၏ မျက်လုံးများမှာ အလွန်ပင် တောက်ပနေပြီး ကျန်းမာသော မျက်ဝန်းတစ်စုံဖြစ်ကြောင်း ထင်ရှားလှပေသည်။
အသက်ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်ထားရသော၊ မိသားစု၏ အဝေးမှုန်မျိုးရိုးကို ဆက်ခံထားသည့် သူမ၏ညီမနှင့်မူ လုံးဝပင် မတူချေ။
“ကျွန်တော်တို့က ချစ်သူတွေတင် မဟုတ်တော့ဘူး”
စုဝေ့ချင်းက သူတို့၏ လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ဂုဏ်ယူဝင့်ကြွားစွာ မြှောက်ပြလိုက်သည်။
“ကြည့်လိုက်၊ ကျွန်တော်တို့တွေ လက်ထပ် မှတ်ပုံတင်ပြီးသွားကြပြီ”
လုချင်းလန် : “...”
ဒါက တကယ်ကို မြန်ဆန်လွန်းတယ်။
“ဂုဏ်ယူပါတယ်၊ သက်ဆုံးတိုင် ပေါင်းဖက်နိုင်ပါစေ၊ သားသမီးရတနာတွေလည်း အများကြီး ထွန်းကားပါစေ”
သူမ၏ စိတ်ထဲတွင် မည်မျှပင် ဝေဖန်ပြစ်တင်နေပါစေ၊ လုချင်းလန်က အပြုံးများပြည့်နေသော မျက်နှာထားဖြင့် ကောင်းချီးပေးစကား ဆိုရပေမည်။
သူမက လော်ယွီရှို့ကိုသာ ကြည့်မရဖြစ်နေခြင်း မဟုတ်ပါလား။
လုချင်းလန်၏ ဆုတောင်းစကားကို ကြားလိုက်ရသောကြောင့် စုဝေ့ချင်းက ချက်ချင်းပင် ပျော်ရွှင်သွားရကာ သူ၏အိတ်ကပ်ထဲမှ သကြားလုံးတစ်ဆုပ်ကို အမြန်နှိုက်ယူလိုက်သည်။
“မင်္ဂလာသကြားလုံးလေးတွေ စားပါဦး၊ ပါးစပ်တွေ ချိုသွားအောင်လို့”
ထို့နောက် လီရှန်းဘက်သို့ လှည့်ကာ လုချင်းလန်နှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကိုယ့်တို့ရဲ့ အိမ်နီးချင်းလေ၊ အန်တီလုလို့ပဲ ခေါ်လို့ရတယ်”
“ဟေး၊ ငါ့ကိုပဲ မိတ်ဆက်မနေနဲ့ဦးလေ၊ မင်းရဲ့ဇနီးလေးအကြောင်းကိုလည်း ငါ့ကို မိတ်ဆက်ပေးပါဦး”
လုချင်းလန်သည်ကား ထုတ်လုပ်ရေးဌာနမှ အလုပ်သမားတစ်ဦးဖြစ်၍ နည်းပညာဌာနသို့ မရောက်ဖြစ်ချေ။
လီရှန်းက ဆေးဝါးစက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်ကြောင်းသာ သိထားပြီး မည်သည့်ဌာနတွင် အလုပ်လုပ်သည်ကိုတော့ သူမ မသိရှိထားပေ။
“လီရှန်းက ကျွန်တော်တို့စက်ရုံရဲ့ နည်းပညာဌာနမှာ အလုပ်လုပ်တာလေ”
စုဝေ့ချင်းက ဂုဏ်ယူစွာဖြင့် ဆက်လက်မိတ်ဆက်ပေးခဲ့သည်။
“သူမက ကျွန်တော်တို့ ဆေးဝါးစက်ရုံကို ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးနဲ့ အောင်မြင်ပြီး ဝင်လာခဲ့တာ”
ဘုရားရေ! နည်းပညာဌာနတဲ့လား။
ထိုသည်မှာ အရေးပါသော ဌာနတစ်ခုဖြစ်ပြီး စုဝေ့ချင်းရှိနေသော အတွင်းရေးမှူးရုံးထက်ပင် ပို၍ သြဇာအာဏာကြီးမားပေသည်။
လုချင်းလန်တစ်ယောက် မနာလိုစိတ်ဖြင့်ပြည့်ကျပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
လော်တာ့ဖောင်းက တကယ်ကို ကံကောင်းတာပဲ။
လော်ယွီရှို့တွင် ချွေးမသုံးယောက်ရှိရာ တစ်ဦးမှာ လက်မထပ်မီက ကုန်တိုက်မှ အရောင်းစာရေးမဖြစ်ပြီး၊ နောက်တစ်ဦး၏ မိသားစုမှာလည်း အရာရှိများဖြစ်ကြသည်။
ယခုတစ်ဦးမှာမူ ထိုသူများထက်ပင် သာလွန်နေသေး၏။ သူမသည်က အရည်အချင်း အပြည့်ရှိသော ဆေးဝါးစက်ရုံ အလုပ်သမားဖြစ်သည့်အပြင် နည်းပညာဌာနတွင်လည်း အလုပ်လုပ်နေသူဖြစ်နေပြန်၏။
ဤအချက်က လုချင်းလန်ကို ရှာလကာရည် နှစ်ပုလင်းလောက် သောက်ထားရသကဲ့သို့ စိတ်ထဲတွင် ချဉ်တူးခါးသီးသွားစေသည်။
အိမ်သို့ ပြန်ရောက်လျှင် သူမ၏ခင်ပွန်းကို ကြည့်ကာ ပို၍ပင် စိတ်မရှည်ဖြစ်လာပြီး မကျေမနပ် ညည်းညူလိုက်မိသည်။
“ကျွန်မတို့ရဲ့ သားကြီးက နောက်ကျရင် ဘယ်လိုဇနီးမျိုးကို ရှာလာမလဲဆိုတာ သိချင်မိတယ် ၊ လော်တာ့ဖောင်းရဲ့ ချွေးမအငယ်ဆုံးလေးလောက် ကောင်းပါ့မလား”
“မင်း ဘာတွေ ပြောနေတာလဲ”
သူမ၏ခင်ပွန်း လုတုန်ရှန်က ရှုပ်ထွေးသွားရလေ၏။
လုချင်းလန်က စုဝေ့ချင်း လက်ထပ်လိုက်သည့်အကြောင်းကို သူမ၏ခင်ပွန်းသည်အား အမြန်ပြောပြလိုက်လျှင် လုတုန်ရှန်က ပို၍ပင် စကားမဲ့သွားရလေ၏။
“မင်းရဲ့သားက ဝေ့ချင်းလောက် ရုပ်ရည်ချောလို့လား၊ ဝေ့ချင်းလောက်ရော အရည်အချင်းရှိလို့လား၊ အနည်းဆုံးတော့ မင်းရဲ့သားက အမှတ်ကောင်းကောင်းနဲ့ ဆေးဝါးစက်ရုံကို အလုပ်ဝင်နိုင်ပါ့မလား”
ဒီဘဝမှာတော့ မျှော်လင့်ချက် မရှိတော့ဘူးထင်ပါတယ်။
စုဝေ့ချင်းတစ်ယောက် လေးလံသောခြေလှမ်းများနှင့် လီရှန်းကို သူ၏အိမ်ရှေ့တံခါးဆီသို့ ခေါ်လာခဲ့ပေသည်။
တစ်ဖက်လူ၏အမူအရာကို မြင်လျှင် လီရှန်းက အကြံပြုလိုက်သည်။
“တကယ်လို့ ရှင် တကယ်ကြီး နောင်တရနေရင် ကျွန်မတို့ ဒီလက်မှတ်ကို ယူပြီး အောင်သွယ်ပေးတဲ့ပွဲ ကျင်းပနေတဲ့နေရာကို သွားပြီး ခဏလောက် လမ်းလျှောက်လိုက်ကြမလား”
ယနေ့တွင် ဒါရိုက်တာဝမ်က စားသောက်ပွဲတစ်ခုကို လက်ခံကျင်းပပေးနေပြီး ၎င်းကို အပိုင်းနှစ်ပိုင်း ခွဲထားပေသည်။
နေ့ခင်းဘက်အစီအစဉ်မှာ စက်ရုံအတွင်းရှိ လူပျို၊ အပျို လူငယ်များအတွက် တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ခွင့်ရနိုင်စေရန် အခွင့်အရေးပေးခြင်းဖြစ်ပြီး၊ ညဘက်အစီအစဉ်မှာတော့ စနစ်တကျ ကျင်းပသည့် ကပွဲတစ်ခုပင် ဖြစ်ပေ၏။
အောင်သွယ်ပွဲတွင် အောင်မြင်စွာ ဆုံတွေ့ခဲ့ကြသည့် လူပျို၊ အပျိုများသာမကဘဲ အိမ်ထောင်သည် ဇနီးမောင်နှံများကပါ ကပွဲတွင် ပါဝင်ဆင်နွှဲကာ အပန်းဖြေနိုင်ကြပေသည်။
အိမ်ထောင်ကျပြီးသွားရုံမျှနှင့် “ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငပိ၊ ရှာလကာရည်နှင့် လက်ဖက်” ဟူသော နေ့စဉ်လူမှုကိစ္စများကြားတွင်သာ ငြီးငွေ့ဖွယ် အသက်ရှင်ရမည်ဟု မည်သူကမျှ မဆိုထားပါချေ။
စက်ရုံအတွင်းရှိ အမျိုးသား၊ အမျိုးသမီးအများစုက ဒါရိုက်တာဝမ်၏ ဆုံးဖြတ်ချက်ကို စိတ်ရင်းဖြင့် ထောက်ခံကြပေသည်။
ဆေးဝါးစက်ရုံမှာ ပြည်နယ်အဆင့် စက်ရုံဖြစ်သော်လည်း ခရိုင်မြို့ငယ်တစ်ခုတွင် တည်ရှိနေခြင်း ဖြစ်၏။
ထို့ကြောင့် မိဘအများစုမှာ သားသမီးများနှင့်အတူ လာရောက်မနေထိုင်ကြဘဲ ပြည်နယ်မြို့တော်တွင်သာ ကျန်ရစ်ခဲ့ကြသည်။
ဤအချက်ကြောင့်ပင် ဆေးဝါးစက်ရုံရှိ ဇနီးမောင်နှံငယ်လေးများက ပြည်နယ်မြို့တော်ရှိ တခြားစက်ရုံများမှ ဇနီးမောင်နှံများထက် ပိုမိုလွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်ကြခြင်း ဖြစ်ပေသည်။
ထို့ကြောင့်..
ယခုအချိန်တွင် စက်ရုံအတွင်းရှိ လူအများစုမှာ ခန်းမဆောင်ကြီးဆီသို့ သွားရောက်နေကြပြီဖြစ်ရာ ဤအဆောက်အအုံငယ်လေးမှာ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့လေ၏။
စုဝေ့ချင်းမှာ မည်သည့်နေရာမှ စတင်၍ ကြွားလုံးထုတ်ရမည်ကိုပင် မသိတော့ချေ။
လီရှန်း၏စကားကိုကြားလျှင် စုဝေ့ချင်း၏ မျက်လုံးများ တောက်ပသွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် မေးလာလေ၏။
“တကယ် သွားလို့ရမလား”
လီရှန်း : “...”
သူက တကယ်ကြီး သွားချင်နေတာပဲ။
သို့သော်လည်း... လူငယ်ဘဝဆိုသည်မှာ မိုက်မဲသော အပြုအမူလေးများကို ပြုလုပ်ရန်အတွက်ပင် မဟုတ်ပါလား။
ထို့အပြင် လက်ထပ်ခြင်းမှာ ပျော်ရွှင်စရာ အချိန်ဖြစ်သောကြောင့် သူမက ခေါင်းညိတ်လိုက်သည်။
“သေချာတာပေါ့”
“ဒါဆို မြန်မြန်သွားကြရအောင်”
စုဝေ့ချင်းကလီရှန်း၏လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်လေသည်။
သို့သော်လည်း သူတို့နှစ်ဦး မထွက်ခွာမီမှာပင် အိမ်တံခါးက အတွင်းမှ ပွင့်လာပြီး စုဝေ့မင်၏ တင်းမာသော မျက်နှာကို မြင်တွေ့လိုက်ရလေ၏။
သူ၏ မျက်နှာအမူအရာမှာ ပျော်ရွှင်မှုနှင့် အားမလိုအားမရဖြစ်မှုတို့ ရောယှက်နေသော ခံစားချက်တို့ကို ဖော်ပြနေခဲ့သည်။
စုဝေ့မင်က ဦးစွာ လီရှန်းကို ကြည့်လိုက်ပြီးနောက် စုဝေ့ချင်းကို ပြန်ကြည့်လိုက်၏။
ဤခဏတွင် သူ့အနေဖြင့် လီရှန်းကို ဦးစွာ ကြိုဆိုရမည်လား၊ သို့မဟုတ် စုဝေ့ချင်းကို ဦးစွာ ဆူပူရမည်လားကို ဝေခွဲမရ ဖြစ်နေခဲ့သည်။
အိမ်ထောင်ကျပြီးသော အမျိုးသားတစ်ဦးက ဤမျှလောက်အထိ ကလေးဆန်နေသေးသည်လား။
လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ကိုင်ပြီး အောင်သွယ်ပွဲတွင် ကြွားဝါမည်ဆိုသည်က..
ဤကလေးက ဤကဲ့သို့သော အကြံမျိုး ထုတ်နိုင်ခြင်းမှာ အံ့သြစရာပင် ဖြစ်ပေ၏။
“အဖေ!”
စုဝေ့ချင်း ထိတ်လန့်သွားရသည်။
“အဖေက ဘာလို့ အိမ်မှာ ရှိနေတာလဲ”
စုဝေ့မင်က နှာခေါင်းရှုံ့ကာ အေးစက်စွာ တုံ့ပြန်လိုက်လေ၏။
လီရှန်းကလည်း အမြန်ပင် နှုတ်ဆက်လိုက်သည်။
“ဦးလေး”
“ရဲဘော်ရှောင်လီ ၊ မြန်မြန် အထဲကိုဝင်ပါဦး”
စုဝေ့မင်က လီရှန်းကို ကြည့်လာချိန်တွင် မျက်နှာအမူအရာ မပြောင်းလဲသော်လည်း သူ၏ မျက်လုံးများက သိသိသာသာ နူးညံ့သွားကာ ပြောဆိုသည့် လေသံမှာပင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေပေသည်။
စုဝေ့ချင်းက အိမ်ထောင်စုသက်သေခံလက်မှတ် သွားယူကာ လက်ထပ်မှတ်ပုံတင်တော့မည်ဟူသော သတင်းက စုဝေ့ချင်း ထွက်သွားပြီး နာရီဝက်ပင် မပြည့်မီ စုဝေ့မင်၏ နားထဲသို့ ရောက်ရှိလာခဲ့ပေသည်။
စုဝေ့မင်လည်း သူ၏အလုပ်များကို ချက်ချင်းလက်စသတ်ကာ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ခြင်းပင် ဖြစ်ပေ၏။
သို့သော် အသစ်စက်စက် ဇနီးမောင်နှံနှစ်ဦးမှာ အိမ်ရှေ့သို့ ရောက်ရှိလာသော်လည်း အထဲသို့ဝင်ရန် အကြံပင်မရှိကြချေ။ ထို့အပြင် ခန်းမဆောင်ကြီးဆီသို့သွားကာ ကြွားလုံးထုတ်ရန် စိတ်အားထက်သန်နေကြသေးသည်။
မူလက ခန့်ညားလေးနက်သော အမူအရာကို ထိန်းသိမ်းထားရန် ရည်ရွယ်ထားသည့် စုဝေ့မင်မှာ ဆက်လက်ပြီး ငြိမ်မနေနိုင်တော့ဘဲ တစ်စက်ရုံလုံးရှေ့တွင် သူတို့မိသားစု အရှက်ကွဲမည်ကို စိုးရိမ်သည့်အတွက် တံခါးကို အမြန်လာဖွင့်ပေးလိုက်ရခြင်းဖြစ်ပေသည်။
“လက်ထပ်မှတ်ပုံတင်လက်မှတ် ရခဲ့ပြီလား”
အိမ်ထဲသို့ ရောက်သည်နှင့် စုဝေ့မင်က မေးလိုက်၏။
“ရခဲ့ပြီ”
စုဝေ့ချင်းက လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ချက်ချင်းမြှောက်ပြကာ စုဝေ့မင်အား ကြွားဝါလိုက်သည်။
“အဖေ၊ ဒီမှာ ကြည့်လိုက်ပါဦး၊ မှတ်ပုံတင်ရုံးက ရဲဘော်က အဲဒီအထပ်လိုက်ကြီးထဲကမှ အညီညာဆုံး လက်မှတ်ကို ကျွန်တော့်အတွက် သေချာရွေးပေးလိုက်တာ”
စုဝေ့မင်တစ်ယောက် “ဒီလောက်လေးနဲ့” ဟု ပြောရန် ပြင်လိုက်သော်လည်း သူ၏မျက်လုံးများမှာ စုဝေ့ချင်း၏ လက်မှတ်ပေါ်သို့ ကျရောက်သွားခဲ့လေ၏။
“ဒါကတကယ်ကို ညီညာတာပဲ”
ခေါက်ရာပေါင်း ထောင့်ရှစ်ရာ ဖြစ်နေသည့် စုဝေ့ဟိုင်၏ လက်မှတ်နှင့် နှိုင်းယှဉ်ပါက စုဝေ့ချင်း၏ လက်မှတ်မှာ သိသိသာသာ ချောမွေ့နေခဲ့သည်။
သူက ထိုလက်မှတ်လေးကို ကြေမွသွားမည်စိုးရိမ်နေသောကြောင့် လက်ထဲတွင်သာ ကိုင်ထားခဲ့လေ၏ ။
“ဒါကိုတော့ ဖန်စားပွဲအောက်မှာ ဖိထားမှပဲ မပျက်စီးဘဲ ရှိနေမှာ”
သို့မဟုတ်ဘဲ မဟုတ်ပါက အံဆွဲထဲတွင် ထည့်ထားလျှင် အနှေးနှင့်အမြန် ကြေသွားပေလိမ့်မည်။
“ကျွန်တော်က ဓာတ်ပုံဘောင်ကြီးလုပ်ပြီး ဧည့်ခန်းမှာ ချိတ်ထားမလို့၊ ဒါဆို အိမ်ကိုလာသမျှ လူတိုင်း မြင်နိုင်လိမ့်မယ်”
စုဝေ့ချင်းက ခေါင်းကိုမော့ကာ ဓာတ်ပုံဘောင်လုပ်ပြီးလျှင် ချိတ်ရန် အကောင်းဆုံးနေရာကို ရှာဖွေနေတော့သည်။
စုဝေ့မင်ကလည်း ခေါင်းကိုမော့ပြီး သာဖြစ်သူနှင့် အတူ လိုက်ရှာပေးနေခဲ့သည်။
ထိုသားအဖနှစ်ဦးက နေရာတစ်ခုကို အမှန်တကယ် လိုက်ရှာနေကြသည်ကို မြင်လျှင် လီရှန်းက အလျှင်အမြန်ပင် တားဆီးလိုက်ရ၏ ။
“ဧည့်ခန်းထဲမှာ ချိတ်ထားတာက သိပ်ပြီးတော့ အဆင်မပြေဘူး ထင်တယ်”
“ဘာဖြစ်လို့လဲ”
စုဝေ့ချင်းက သံသယများဖြင့် လီရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ဘာတစ်ခုမှ အဆင်မပြေတာလေ!
ငယ်ရွယ်ချိန်မှာတုံးအတဲ့ကိစ္စလေးတွေ လုပ်လို့ရပေမဲ့ တစ်သက်လုံးတော့ တုံးအနေလို့ မဖြစ်ဘူး။
***