“လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ချိတ်တာထက် ဓာတ်ပုံကို ချိတ်တာက ပိုကောင်းမယ်ထင်တယ်၊ ဓာတ်ပုံဘောင်ကို အကြီးလုပ်ပြီး ဦးလေးနဲ့ အန်တီရဲ့ပုံ၊ ပြီးတော့ အစ်ကိုကြီးနဲ့ ယောက်မတို့ရဲ့ ပုံတွေကိုပါ ထည့်လိုက်လို့ ရတာပဲလေ”
လီရှန်းက တိုက်ရိုက်မပြောချင်သောကြောင့် တခြားအကြံတစ်ခုကိုသာ ထုတ်လိုက်ရသည် ။
“ဒါဆို ကြည့်လို့လည်း ကောင်းပြီး မိသားစုကလည်း စည်ကားသိုက်မြိုက်တယ်လို့ ထင်ရတာပေါ့”
“ဟုတ်သားပဲ”
စုဝေ့မင်မှာ “မိသားစု စည်ကားသိုက်မြိုက်သည်” ဟူသော စကားကြောင့် ချက်ချင်းပင် သဘောကျသွားပြီး ဓာတ်ပုံများကိုသာ ဧည့်ခန်းတွင် ချိတ်ရန် ဆုံးဖြတ်လိုက်လေသည်။
လူငယ်ဇနီးမောင်နှံ၏ လက်မှတ်ကိုတော့ အိပ်ခန်းထဲတွင်သာ ဘောင်သွင်းပြီး ချိတ်ခိုင်းလိုက်၏။
“ဒါတွေကို အဖေကိုယ်တိုင် လုပ်ပေးမယ်”
စုဝေ့မင်က စိတ်ပျက်သွားသည့် စုဝေ့ချင်းကို ပုတ်လိုက်သည်။
“ဒါနဲ့ မင်းတို့တွေ ပရိဘောဂတွေရော ဝယ်ပြီးပြီလား၊ ပရိဘောဂတွေကို အရင်သွင်းရမယ်၊ ဒါမှ နေရာအတိုင်းအတာကို ကြည့်ပြီး ဓာတ်ပုံဘောင်တွေကို လုပ်လို့ရမှာ”
စုဝေ့ချင်းနှင့် လီရှန်း : “...”
သူတို့နှစ်ဦးက လက်ထပ်မှတ်ပုံတင်လက်မှတ်ကို လာပို့ရန်သာ အာရုံရောက်နေသောကြောင့် ပရိဘောဂဝယ်ရန် ကိစ္စကို လုံးဝမေ့လျော့နေခဲ့ကြချေပြီ။
“လက်ထပ်မှတ်ပုံတင်လက်မှတ်ကို အိမ်မှာပဲ ထားခဲ့လိုက်တော့၊ မင်းတို့နှစ်ယောက် မြန်မြန်သွားပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ကြချေ၊ သန်ဘက်ခါကျရင် လူတိုင်းက အားလပ်ရက် ပိတ်ကြတော့မှာ”
လူငယ်ဇနီးမောင်နှံနှစ်ဦးက ဤမျှအထိ မေ့လျော့တတ်လိမ့်မည်ဟု စုဝေ့မင် မထင်မှတ်ထားခဲ့သောကြောင့် ပစ္စည်းများသွားဝယ်ရန် တိုက်တွန်းလိုက်ရလေသည်။
လူငယ်စုံတွဲကလည်း အိမ်တံခါးအပြင်သို့ အမြန်ပင် ပြန်လည်ထွက်ခွာခဲ့ကြပြန်၏။
စုဝေ့မင်က အိမ်ရှေ့တွင်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်မှာကြားလိုက်သည်။
“ဒီည ရှောင်လီ့ကို အိမ်မှာ ထမင်းလာစားရအောင် ခေါ်လာခဲ့ဖို့ မမေ့နဲ့ဦးနော်”
“နားလည်ပါပြီ”
စုဝေ့ချင်းကလည်း အောက်ထပ်မှနေ၍ စုဝေ့မင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
သားအဖနှစ်ဦး၏ ကျယ်လောင်လှသော အသံများက အဆောက်အအုံတစ်ခုလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားသောကြောင့် အိမ်တွင်ရှိနေသမျှ လူတိုင်းက ခေါင်းပြူ၍ ကြည့်လာကြလေ၏။
“လောင်စု၊ မင်းနဲ့ မင်းရဲ့သားက ဘာတွေ အော်ဟစ်နေကြတာလဲ”
“ဘာကိုအော်ဟစ်ရမှာလဲ၊ အငယ်ဆုံးသားနဲ့ သူ့ရဲ့ဇနီးက ဒီနေ့ပဲ လက်ထပ်မှတ်ပုံတင်လက်မှတ် ရလာကြလို့လေ၊ အဲဒါကြောင့် ဝေ့ချင်းကို သူ့ရဲ့ဇနီးကိုခေါ်ပြီး အိမ်မှ် ထမင်းလာစားဖို့ ခေါ်လာခိုင်းနေတာ”
စုဝေ့မင်က ညည်းညူနေသယောင်ရှိသော်လည်း အမှန်စင်စစ်မှာမူ ကြွားဝါနေခြင်းသာ ဖြစ်ပေသည်။
“အိုး၊ လက်ထပ်မှတ်ပုံတင်လက်မှတ် ရပြီလား၊ ဂုဏ်ယူပါတယ်၊ လက်ထပ်ပွဲက သန်ဘက်ခါမှ မဟုတ်ဘူးလား”
“အဲဒီအချိန်ကျရင် လူတွေ အားလပ်ရက်ခွင့်ယူပြီး ပိတ်ကုန်မှာမလား၊
ဒါကြောင့် သူတို့စောစောသွားကြမှ ဖြစ်မယ်၊ ဝယ်စရာရှိတာတွေလည်း ဝယ်ရဦးမယ်လေ”
တိတ်ဆိတ်နေသော အဆောက်အအုံမှာ ရုတ်တရက်ပင် သက်ဝင်လှုပ်ရှားလာတော့၏။
စုဝေ့ချင်း လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ကိုင်ဆောင်ထားချိန်က မရရှိခဲ့သော အာရုံစိုက်မှုများမှာ ယခုအချိန်တွင် ရဲဘော် စုဝေ့မင်၏ အော်ဟစ်သံကြောင့် ရှေ့တန်းသို့ ရောက်ရှိလာခဲ့ချေပြီ။
ဤသားအဖနှစ်ဦးမှာ တမင်သက်သက် လုပ်နေကြခြင်းဖြစ်မည်ဟု လီရှန်းပင် သံသယဝင်မိလေ၏။
ဒါတွေအားလုံးက ကြွားဖို့သက်သက်ပဲ!
——
လူငယ်ဇနီးမောင်နှံက လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်လာခဲ့ကြပြီး၊ ဦးစွာ အိမ်ထောင်စုစာရင်းစာအုပ်ကို ယူကာ ရုံးခန်းသို့သွား၍ ဝယ်ယူခွင့်ပစ္စည်းစာရင်းကို သွားရောက်ထုတ်ယူခဲ့ကြသည်။
စာရင်းများ ဝေငှပေးနေသော စာရေးမလေးက စုဝေ့ချင်းကို မှတ်မိနေလေသည်။
“ရှင်တို့နှစ်ယောက်က ဘာမှမဝယ်ချင်တော့ဘူးလို့ ကျွန်မ ထင်နေတာ၊ လိုက်ခေါ်တာတောင် မမီလိုက်ဘူး၊ အတော်လေးမြန်တာပဲ”
လက်ထပ်မှတ်ပုံတင်လက်မှတ်များကို ထုတ်ပေးသည့် တာဝန်ခံစာရေးမလေးက သူတို့အထဲသို့ ဝင်လာသည်နှင့် အပြုံးလေးဖြင့် စနောက်လိုက်၏။
ပုံမှန်အားဖြင့် သူတို့က အလုပ်ရှုပ်နေချိန်တွင် လူအများနှင့် စကားလက်ဆုံပြောကာ ရယ်မောရန် အချိန်မရှိသည်မှာ သေချာပေသည်။
သို့သော်လည်း ယနေ့က တစ်ဆယ့်နှစ်လပိုင်း (၂၄)ရက်နေ့သို့ ရောက်ရှိနေပြီ မဟုတ်ပါလား။
သူတို့အားလုံးက လက်ထပ်မှတ်ပုံတင်လက်မှတ်များအားလုံးကို ထုတ်ပေးပြီးစီးခဲ့သောကြောင့် စိတ်သက်သာရာရနေကြပြီ ဖြစ်ပေသည်။
ထို့ကြောင့် သူမက လီရှန်းတို့နှင့် စနောက်ရန် အချိန်ရနေခြင်းပင်။
“ဒီနေ့ ပစ္စည်းတွေ အကုန်ထုတ်ယူနိုင်ဦးမလား”
“သေချာပေါက် ရနိုင်ပါတယ်”
စုဝေ့ချင်းက ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
နှစ်သစ်ကူးပြီးနောက် မူဝါဒအသစ် ထွက်လာသည်နှင့် လက်ထပ်ပွဲများက စည်ကားလာမည်မှာ သေချာပေသည်။ ထိုအချိန်ကျလျှင် ပရိဘောဂစက်ရုံများနှင့် နောက်ထပ်လုပ်ငန်းများမှာ အော်ဒါများစွာ လက်ခံရရှိကြလိမ့်မည်။
ပါးနပ်သော စက်ရုံပိုင်ရှင်များက နှစ်သစ်မကူးမီကတည်းက အချိန်ပိုဆင်း၍ ပစ္စည်းများကို အများအပြား ထုတ်လုပ်စုဆောင်းထားကြပေလိမ့်မည်။
နှစ်သစ်ကူးပြီး၍ မူဝါဒအသစ် ကြေညာသည်နှင့် လုပ်ငန်းများကို အမြန်ဆုံး စတင်နိုင်ရန် သူတို့ စောင့်ဆိုင်းနေကြပေလိမ့်မည်ပင်။
သူတို့ တွေးမိသည့်အချက်ကို ထိုစက်ရုံမန်နေဂျာများလည်း သေချာပေါက် တွေးမိကြမည်။
ထို့ကြောင့် ပစ္စည်းမရရှိမည်ကို သူ လုံးဝစိတ်မပူချေ။ ထိုသို့ဖြစ်မည့်အစား ပရိဘောဂစက်ရုံသို့သွားပြီး စိတ်ကြိုက် ရွေးချယ်နိုင်ပေဦးမည်။
ဝယ်ယူခွင့်ပစ္စည်းစာရင်းကို ရရှိပြီးနောက် သူတို့နှစ်ဦးက ပရိဘောဂစက်ရုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ကြသည်။ စက်ရုံအတွင်း၌ အမှန်တကယ်ပင် အလုပ်ရှုပ်နေကြပြီး အဝတ်အစားဗီရိုများ၊ အံဆွဲပါသော သေတ္တာများ၊ စာရေးစားပွဲများနှင့် တခြားသော ပရိဘောဂအမျိုးမျိုးကို တွေ့မြင်ရ၏။
ဗီရိုများမှာ အရေအတွက်အများဆုံးဖြစ်ပြီး အငယ်စားမှ အကြီးစားအထိ ရှိသည့်အပြင် ကိုယ်လုံးပေါ်မှန် တပ်ဆင်ထားသည့် တံခါးသုံးပေါက်ပါ ဗီရိုကြီးများကိုပင် တွေ့ရပေသေးသည်။
“ဒါလေး ကောင်းတယ်”
ထိုဗီရိုကို မြင်လိုက်ရလျှင် လီရှန်း၏ မျက်လုံးများ တောက်ပသွားလေ၏။
အထူးသဖြင့် ကိုယ်လုံးပေါ်မှန်က သူမအတွက် အလွန်ပင် အသုံးဝင်ပေသည်။ မည်သည့်မိန်းကလေးကမျှ ကိုယ်လုံးပေါ်မှန်ကို မငြင်းပယ်နိုင်ကြချေ။ အထူးသဖြင့် ဤဗီရိုမှာ သဘာဝသစ်သားဖြင့် ပြုလုပ်ထားပြီး အပြင်ဘက်တွင် အရောင်တင်ဆီကြည်ကိုသာ သုတ်ထားခြင်းဖြစ်ရာ ဘေးရှိ အနီရောင်ဗီရိုနှင့် နှိုင်းယှဉ်လျှင် ပို၍ရိုးရှင်းကာ လှပနေသည်။
လီရှန်းက စုဝေ့ချင်းဘက်သို့ လှည့်ကြည့်လိုက်လေ၏။
“ကျွန်မ ဒါလေး လိုချင်တယ်”
“ဒီဗီရိုက စျေးမနည်းဘူးနော်”
ပရိဘောဂစက်ရုံမှ ထုတ်လုပ်ရေးဒါရိုက်တာက အမြန်ပင် ဝင်ပြောလိုက်သည်။
သူသည်က မရောင်းချလို၍ မဟုတ်ဘဲ သတို့သမီးဘက်မှ သဘောကျသော်လည်း သတို့သားက မတတ်နိုင်ပါက ဇနီးမောင်နှံကြားတွင် စိတ်ဝမ်းကွဲမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။
“သဘောကျရင် ဝယ်လိုက်လေ”
စုဝေ့ချင်းက ထုတ်လုပ်ရေးဒါရိုက်တာ၏ စေတနာကို အနည်းငယ်မျှပင် သတိမပြုမိဘဲ အလွန်ပင် ဆောင့်ကြွားကြွားနိုင်စွာဖြင့် စျေးနှုန်းကို တိုက်ရိုက်မေးမြန်းလိုက်၏။
ထုတ်လုပ်ရေးဒါရိုက်တာ : “...”
သူက ထိုလူငယ်ကို လောကကြီးအကြောင်းကို အမှန်တကယ်ပင် နားမလည်သေးကြောင်း တွေးကာ စျေးနှုန်းကို ပြောပြလိုက်သည်။
“တစ်ရာ့ငါးဆယ်ပါ”
ထိုသည်က သေချာပေါက် စျေးမသက်သာချေ။
သို့သော် စုဝေ့ချင်းအတွက်တော့ ထိုစျေးနှုန်းမှာ လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိပေသည်။ ထို့အပြင် သူသည်က မကြာမီကပင် ဆောင်းပါးတစ်ပုဒ်ကို တင်ထားပြီး သတင်းစာတိုက်က လက်ခံခဲ့လျှင် ဆောင်းပါးခမှာ အပိုဝင်ငွေ ဖြစ်လာဦးမည် ဖြစ်၏။
ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး ထုတ်လုပ်ရေးဒါရိုက်တာ၏ အံ့သြနေသော အကြည့်အောက်တွင် ပြောလိုက်သည်။
“ဒါဆိုရင် ဗီရိုအကြီးတစ်လုံး ယူမယ်”
ထို့နောက် လီရှန်းဘက်သို့ လှည့်ပြောလိုက်ပြန်သည်။
“အံဆွဲပါတဲ့ စာရေးစားပွဲကိုလည်း တစ်ခါတည်း ကြည့်လိုက်ကြရအောင်”
သူ၏အခန်းက ကျယ်ဝန်းလှသဖြင့် ဗီရိုအကြီးတစ်လုံးတည်းရှိလျှင် အလွန်ပင် ဟာလာဟင်းလင်း ဖြစ်နေပေလိမ့်မည်။
လီရှန်းလည်း အံဆွဲပါသည့် စာရေးစားပွဲတို့ကို သွားရောက်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ပြုလုပ်ပြီးကာစဖြစ်ပြီး ဆေးမသုတ်ရသေးသည့် နှစ်မျိုးကို ရွေးချယ်လိုက်သည်။
“ဒီနှစ်ခုကိုလည်း အရောင်တင်ဆီကြည်ပဲ သုတ်ပေးပါ၊ အနီရောင်ဆေးသုတ်ဖို့ မလိုဘူး၊ မဟုတ်ရင် ဗီရိုနဲ့ လိုက်ဖက်မှာ မဟုတ်ဘူး”
“……ကောင်းပါပြီ”
ထုတ်လုပ်ရေးဒါရိုက်တာတစ်ယောက် နောက်ဆုံးတွင် လက်ခံသွားရတော့သည်။
ဤနှစ်ဦးမှာ အမှန်တကယ်ပင် ငွေကြေးမရှားပါးသူများ ဖြစ်ပုံရသည်။ ထို့နောက်တွင် သူတို့ ဖြည့်စွက်ထားသော ပစ္စည်းပို့ဆောင်ရမည့် လိပ်စာကို မြင်လိုက်ရမှသာ ဆေးဝါးစက်ရုံမှ ဖြစ်ကြောင်း သတိပြုမိသွားလေ၏။
ဆေးဝါးစက်ရုံမှဖြစ်၍ ပရိဘောဂအစုံလိုက် ဝယ်နိုင်ခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။
ပရိဘောဂများ ဝယ်ယူပြီးနောက်တွင်မူ စောင်များ၊ အိပ်ရာခင်းများ၊ ရေနွေးအိုးများနှင့် မျက်နှာသစ်ဇလုံများကဲ့သို့သော အသေးအဖွဲ ပစ္စည်းများသာ ကျန်တော့၏။
ဇနီးမောင်နှံနှစ်ဦးသည်လည်း ကုန်တိုက်သို့ တန်းတန်းမတ်မတ်သွားကာ ပစ္စည်းများကို အမြန်ပင် ရွေးချယ်ဝယ်ယူခဲ့ကြသည်။
သို့သော်လည်း ကုန်တိုက်မှ ပြန်ထွက်လာချိန်တွင် မိုးချုပ်နေချေပြီ။ သူတို့နှစ်ဦးက ပစ္စည်းများစွာကို သယ်ဆောင်ရင်း လူကြပ်ညှပ်နေသော လိုင်းကားပေါ်သို့ ဇွတ်အတင်းတိုးဝှေ့စီးကာ ဆေးဝါးစက်ရုံသို့ ခက်ခဲစွာ ပြန်လာခဲ့ကြရ၏။
အိမ်သို့ရောက်ချိန်တွင် ညစာက အဆင်သင့် ပြင်ဆင်ပြီးသား ဖြစ်နေပေပြီ။
လော်ယွီရှို့က သူတို့ကို မြင်သည်နှင့် ထမင်းစားလက်စ တူကို အမြန်ချကာ ကူညီရန် လာခဲ့သည် ။
“နောက်ဆုံးတော့ ပြန်လာကြပြီပဲ! မင်းတို့သာ မလာသေးရင် ငါက မင်းအဖေကို အပြင်ထွက် စောင့်ခိုင်းမလို့တောင် တွေးနေတာ”
“ပရိဘောဂစက်ရုံက ဗီရိုအကြီးတစ်လုံး မှာနေခဲ့ရလို့ပါ”
စုဝေ့ချင်းက စောင်ထုပ်ကို အိမ်ထဲသို့ သယ်သွားချိန်တွင် လီရှန်းက မျက်နှာသုတ်ပုဝါ နှစ်ထည်နှင့် ဆပ်ပြာခွက် နှစ်ခုပါသော မျက်နှာသစ်ဇလုံကို သယ်ဆောင်လာခဲ့သည်။ လော်ယွီရှို့က သူမသယ်လာသော ရေနွေးအိုးနှစ်လုံးကို လှမ်းယူကာ စုဝေ့ချင်း၏ အခန်းထဲသို့ တိုက်ရိုက်သယ်သွားပေးလေ၏။
ထို့နောက် လီရှန်းကို ခေါ်လိုက်သည်။
“ရှန်းရှန်း၊ သမီးရဲ့ ပစ္စည်းတွေကို ဒီအခန်းထဲမှာ ထားလိုက်လို့ ရတယ်နော်”
***