လီရှန်း နည်းပညာဌာနသို့ ရောက်ရှိလာပြီးနောက်တွင် နည်းပညာဌာနမှ ဝန်ထမ်းများက အဘယ်ကြောင့် အမြဲတမ်း ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာများ ရှိနေခြင်းဖြစ်ကြောင်းကို စုဝေ့ချင်း နောက်ဆုံးတွင် နားလည်သွားရပေသည်။
၎င်းမှာ သူတို့ကို ထိုကဲ့သို့ ဖြစ်အောင် ဖိအားပေးနေသည့် သုတေသနဌာနမှ လူများကြောင့်ပင် ဖြစ်၏။
ထို့ကြောင့် စုဝေ့ဟိုင်အနေဖြင့် အိမ်သို့ ပြန်လာသည့်အချိန်တွင် အလုပ်အကြောင်းများကို စကားမစပါက လီရှန်းဘက်မှလည်း သေချာပေါက် နူးညံ့သိမ်မွေ့သူတစ်ဦးအဖြစ် ဆက်လက်ရှိနေမည်ပင်။
စုဝေ့ဟိုင်က သူ၏နှုတ်ခမ်းကို ပိတ်ဆို့သည့် ဘဲနှုတ်သီးအမူအရာလုပ်လိုက်ပြီး အလုပ်အကြောင်း ထပ်မပြောတော့ကြောင်း အရိပ်အယောင် ပြလိုက်လေသည်။
ကလေးနှစ်ယောက်ဖြစ်သော ရှောင်ချန်နှင့် ရှောင်ကျွင့်တို့သည်လည်း သူတို့၏အဖေက ထိုသို့လုပ်သည်ကို မြင်သောအခါ လိုက်တုပပြီး ဘဲနှုတ်သီးလေးများလုပ်လျက် လော်ယွီရှို့ကို သွားရှာကြလေသည်။
ရလဒ်အနေဖြင့် လော်ယွီရှို့တစ်ယောကာ လက်ထဲတွင် ဟင်းချက်ယောက်မကို ကိုင်လျက် စုဝေ့ဟိုင်၏နောက်သို့ ပြေးလိုက်ကာ ရိုက်နှက်တော့၏။
“မင်းကတော့ တစ်နေ့ကုန် ကောင်းတာဆိုရင် တစ်ခုမှ မသင်ဘူး၊ ကလေးတွေကိုပါ လမ်းမှားအောင် လုပ်နေတယ်”
စုဝေ့ဟိုင်က အမြန်ပင် ရှောင်တိမ်းလိုက်ရသည်။
ထို့နောက် စုဝေ့ချင်းက သူ၏တူနှစ်ယောက်ကို ဆွဲခေါ်ကာ ပခုံးများကို ဆုတ်ကိုင်ပြီး လီရှန်းနှင့် မိတ်ဆက်ပေးလေသည်။
“...ကောင်းပြီ၊ အခုကစပြီး သူမကို ဒေါ်လေးလို့ ခေါ်ရမယ်”
“ဒေါ်လေး!”
အသက်ကြီးသော ရှောင်ချန်က ချက်ချင်းပင် အော်ခေါ်လိုက်ပြီး ရှောင်ကျွင့်ကလည်း လိုက်ခေါ်လေ၏။
ထိုသို့ အခေါ်ခံလိုက်ရသောကြောင့်လီရှန်း၏ မျက်နှာက နီရဲသွားရပြီး သူမ၏အခန်းထဲသို့ အမြန်ပြေးဝင်ကာ သစ်သီးသကြားလုံးတစ်ဆုပ်ကို ယူပြီး ကလေးများ၏ အိတ်ကပ်ထဲသို့ ထည့်ပေးလိုက်၏။
“လိမ္မာတယ်၊ သကြားလုံးလေးတွေ စားကြဦး”
ကလေးနှစ်ယောက်မှာ သစ်သီးသကြားလုံးများ ရရှိသွားသောကြောင့် လော်ယွီရှို့ထံသို့ ချက်ချင်း ပြေးသွားကြလေ၏။
“အဘွား၊ ဒေါ်လေးက ကျွန်တော်တို့ကို သကြားလုံးတွေ ပေးတယ်”
“ဟုတ်ပါပြီ”
လော်ယွီရှို့က ပြုံးလိုက်ပြီးသူမ၏မြေးနှစ်ယောက်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်၏။
“မင်းတို့တွေ ဒေါ်လေးကို ကျေးဇူးတင်ရမယ်လေ၊ ငါတို့ရဲ့မြေးတွေက ယဉ်ကျေးပြီး လိမ္မာတဲ့ကလေးတွေမလား”
ညီအစ်ကိုနှစ်ယောက်လည်း လီရှန်းကို ကျေးဇူးတင်ရန်အတွက် အမြန်ပြန်ပြေးလာကြပြန်သည်။
ထိုကလေးငယ်တို့၏ အသံလေးများက လီရှန်း၏ နှလုံးသားကို အရည်ပျော်ကျသွားစေလေ၏။
“မင်း ကလေးတွေကို ချစ်လား”
စုဝေ့ချင်းက ဘေးမှနေ၍ မျှော်လင့်ချက်အပြည့်ဖြင့် လီရှန်းကို ကြည့်ပြီး မေးလိုက်သည်။
လီရှန်းက ခေါင်းငြိမ့်ပြလိုက်လေ၏။
“အင်း”
သူမက ဘာလို့ မချစ်ရမှာလဲ။
သူမအနေဖြင့် မစ်ရှစ်လုပ်ရန်အတွက် ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး ဇာတ်ကောင်ပေါင်းများစွာကို ပြုစုပျိုးထောင်ခဲ့ဖူးသော်လည်း ထိုသူတို့က သူမနှင့် သက်ဆိုင်သည်ဟု တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
သူမက ကမ္ဘာနှင့် ကင်းကွာနေသကဲ့သို့သာ အမြဲတစေခံစားနေရသည်။
ဖြစ်နိုင်သည်မှာ...
လူနှစ်ယောက်အတွက် အိမ်တစ်လုံး၊ တစ်နေ့လျှင် ထမင်းသုံးနပ်၊ တစ်နှစ်လျှင် ရာသီလေးခုနှင့် သူမ၏အနားတွင် ကလေးငယ်များ ရှိနေခြင်းတိာ့ကသာ စစ်မှန်သော အိမ်တစ်လုံးဖြစ်ပေလိမ့်မည်။
“ဒါဆို ကိုယ်တို့လည်း ကလေးတွေ အများကြီး ယူကြရအောင်”
စုဝေ့ချင်းအနေဖြင့် ကလေးများနှင့် ပတ်သက်၍ ခံစားချက်များစွာ မရှိသော်လည်း ရဲဘော်လီရှန်းကသာ ပျော်ရွှင်မည်ဆိုပါက ကလေးမည်မျှပင်ရှိသည်ဖြစ်စေ သူ့ဘက်မှ ချစ်ပေးလိမ့်မည်။
လီရှန်းက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း မည်သည့်စကားကိုမှ ပြန်မပြောခဲ့ချေ။
စုဝေ့ချင်းကတော့ ရဲဘော် လီရှန်းမှ ကန့်ကွက်ခြင်း မရှိသောကြောင့် စိတ်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်နေခဲ့လေ၏။
လူတိုင်းက ညစာကို အရသာရှိစွာ စားသောက်ခဲ့ကြသည်။
အထူးသဖြင့် ရဲဘော် စုဝေ့မင်မှာ အလွန်ပင် ပျော်ရွှင်နေသောကြောင့် သူ၏ လေးနက်သော မျက်နှာအမူအရာကိုပင် မနည်းထိန်းထားရရှာပေသည်။
သူက လေးနက်သကဲ့သို့ ဟန်ဆောင်နေသော်လည်း လီရှန်းအနေဖြင့် သူ၏ ဟန်ဆောင်တည်ငြိမ်မှုအောက်မှ မထိန်းနိုင်ဘဲ ပေါ်ထွက်နေသော အပြုံးများကို မြင်နေခဲ့ရသည်။
သူတို့က လက်ထပ်မှတ်ပုံတင်ထားပြီး ဖြစ်သော်လည်း မင်္ဂလာပွဲ မကျင်းပရသေးသောကြောင့် လီရှန်းအနေဖြင့် ဝန်ထမ်းအဆောင်သို့ ပြန်သွားပြီး၍ နေထိုင်ရဦးမည် ဖြစ်ပေ၏။
“အမြန်ပြန်လိုက်တော့၊ ဝန်ထမ်းအဆောင်က တံခါးပိတ်တော့မယ်”
ထမင်းစားပြီးနောက် စုဝေ့မင်က လီရှန်းကို ပြန်ရန် တိုက်တွန်းလိုက်ပြီး လော်ယွီရှို့နှင့် ဝူလီတို့ကိုတစ်ဆက်တည်းပြောလိုက်လေ၏။
“မင်းတို့နှစ်ယောက် စားပွဲကို သိမ်းလိုက်ကြဦး ငါ ဝေ့ဟိုင်နဲ့ ပြောစရာလေးရှိတယ်၊ ဝေ့ချင်း၊ မင်းက ရှောင်လီကို သွားပို့လိုက်ဦး”
“ကောင်းပါပြီ အဖေ”
စုဝေ့ချင်းက အဝတ်လှန်းစင်ပေါ်မှ တောက်ပသော အနီရောင်ပုဝါမာဖလာတစ်ထည်ကို အမြန်ဆွဲယူလိုက်ပြီး လီရှန်း၏ လည်ပင်းတွင် ပတ်ပေးလိုက်၏။
“သွားရအောင် ကိုယ် မင်းအတွက် ပြန်ပို့ပေးမယ်”
လီရှန်းတစ်ယောက် နူးညံ့သော မာဖလာလေးကို လက်ဖြင့်ဆုပ်ကိုင်ရင်း စုဝေ့ချင်းကို မော့ကြည့်ကာ ပြုံးလိုက်မိပေသည်။
“ဒီမာဖလာကို ဘယ်တုန်းက ဝယ်ထားတာလဲ”
“ဒီနေ့ပဲလေ”
စုဝေ့ချင်းက မာဖလာကို ချည်ထုံးလေးတစ်ခု ပြုလုပ်ပေးလိုက်ပြီးနောက် လီရှန်းကို တံခါးအပြင်ဘက်သို့ အသာအယာ တွန်းထုတ်လိုက်ရင်း ပြောလာ၏။
“အစိုးရစားသောက်ဆိုင်မှာ မင်းကို စောင့်နေတုန်း ကုန်တိုက်ကို ပြေးသွားပြီး ဝယ်ခဲ့တာ၊
ဒီနေ့က ကိုယ်တို့ နှစ်ယောက် လက်မှတ်ထိုးတဲ့ ပထမဆုံးနေ့လေ၊ မင်းဆီမှာ အနီရောင် မင်္ဂလာဝတ်စုံ မရှိသေးပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ မင်္ဂလာရှိတဲ့အရောင်ပါတဲ့ တစ်ခုလောက်တော့ ရှိစေချင်တယ်”
စုဝေ့ချင်း၏ အသံက အဝေးသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားရပေ၏။
အေးစက်သော ဆောင်းလေညင်းသည်က သူ၏ ဇနီးအသစ်လေးအပေါ် ပြောလာသော ချစ်စကားများကို သယ်ဆောင်သွားခဲ့လေ၏။
အိမ်တံခါးဝတွင် ရပ်နေသော ဝူလီမှာ ထိုစကားများကို ကြားပြီး ငေးငိုင်သွားရသည်။ ပြန်လည်စဉ်းစားကြည့်လျှင် သူမနှင့် စုဝေ့ဟိုင်တို့ လက်ထပ်ခဲ့သည်မှာ နှစ်လပင် ရှိခဲ့ပြီဖြစ်သော်လည်း စုဝေ့ဟိုင်ထံမှ ထိုကဲ့သို့သော စကားမျိုး တစ်ခါမျှ မကြားဖူးခဲ့ချေ။
“ဝူလီ၊ လာပြီး စားပွဲဝိုင်း သိမ်းလိုက်ဦး”
လော်ယွီရှို့၏ အသံက အိမ်ထဲမှ ထွက်ပေါ်လာပေသည်။
ဝူလီသည် ရုတ်တရက် သတိပြန်ဝင်လာရသည်။
“လာပါပြီအမေ”
သူမက ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းနေစဉ် ထိုညနေခင်းက စုဝေ့ချင်းနှင့် လီရှန်းတို့ အတူရှိနေကြသည့် အခြေအနေကို ပြန်လည် မြင်ယောင်နေခဲ့သည်။
သူတို့နှစ်ဦးမှာ အလွန်ပင်ဟန်ချက်ညီပြီး သဘာဝကျလွန်းကာ အကြည့်တိုင်းတွင်လည်း အချစ်ရိပ်များ ပြည့်နှက်နေပေ၏။
သူမ၏ ယောက်မဖြစ်သူက အနည်းငယ် အေးစက်ပြီး စကားနည်းပုံရသော်လည်း စုဝေ့ချင်း၏ အကြည့်များမှာ အလွန်ပင် ပြင်းပြပြီး စိတ်အားထက်သန်လွန်းပေသည်။
စုဝေ့ဟိုင်၏ မျက်ဝန်းထဲတွင် ထိုကဲ့သို့သော ခံစားချက်မျိုးကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
စုဝေ့ဟိုင်၏ မျက်လုံးများ၌ အမြဲတစေအပြုံးရိပ်များသာ ရှိနေတတ်ပေ၏။
အခက်အခဲမှန်သမျှက သူ၏မျက်လုံးထဲတွင် အရေးမပါသကဲ့သို့ပင်။
သူမ၏ မိသားစုအခြေအနေက အလွန်ပင် ဆိုးရွားလှသော်လည်း စုဝေ့ဟိုင်၏ အကူအညီကြောင့်သာ ထိုရွှံ့နွံထဲမှ ရုန်းထွက်နိုင်ခဲ့သည်။
ထို့ကြောင့်လည်း သူမက စုဝေ့ဟိုင်ကို အလွန်ပင် လေးစားသဘောကျခဲ့ရသည်။ စုဝေ့ဟိုင်က သူမကို လက်ထပ်ရန် ကမ်းလှမ်းခဲ့ချိန်ကဆိုလျှင် ရင်ခုန်လွန်းသဖြင့် တစ်ညလုံးပင် အိပ်မပျော်နိုင်ခဲ့ချေ။
နောက်ပိုင်းတွင် သူတို့က ဆန္ဒရှိသည့်အတိုင်း လက်ထပ်ခဲ့ကြသည်။
သူမအနေဖြင့် စုဝေ့ဟိုင်၏ ဇနီးဖြစ်လာခဲ့ပြီး ကိုယ်ပိုင်မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ခဲ့ရသောကြောင့် ကျေနပ်သင့်ပေပြီ။
သို့သော်လည်း ယနေ့ စုဝေ့ချင်းမှ လီရှန်းကို ကြည့်သည့် အကြည့်မျိုးကို မြင်လိုက်ရသည့်အခိုက်တွင် စုဝေ့ဟိုင်ကလည်း သူမကို ထိုကဲ့သို့ ကြည့်ပေးရန် တောင့်တလာမိပြီး နောက်တစ်ကြိမ် အားမလိုအားမရ ဖြစ်လာရပြန်ပေသည်။
ဝူလီက နှေးကွေးနေသည်ကို မြင်လျှင် လော်ယွီရှို့က မနေနိုင်ဘဲ တိုက်တွန်းလိုက်ရ၏။
“မြန်မြန်လုပ်ကြရအောင်၊ ရှောင်ချန်နဲ့ ရှောင်ကျွင့်တို့လည်း အိပ်ချိန်ရောက်နေပြီ၊ သိမ်းဆည်းပြီးရင် ကလေးတွေကို အိပ်ရာထဲ ခေါ်သွားလိုက်တော့”
“ကောင်းပါပြီ အမေ”
ဝူလီသည် မျက်လွှာချလိုက်ပြီး လက်ကို အရှိန်မြှင့်၍ သိမ်းဆည်းလေတော့သည်။
သူမအနေဖြင့် စုဝေ့ဟိုင် သူမကို အမှန်တကယ် ချစ်လာအောင် သေချာပေါက် လုပ်ဆောင်မည်ဟု စိတ်ထဲတွင် တိတ်တဆိတ်ကျိန်ဆိုလိုက်သည်။
လီရှန်း အဆောင်သို့ ပြန်ရောက်သည့်အချိန်တွင် တခြားလူများကလည်း အိပ်မပျော်ကြသေးချေ။
လီလင်းက အပေါ်ထပ် ခုတင်ပေါ်တွင် ထိုင်နေခဲ့ကာ ပျော်ရွှင်နေသော မျက်နှာအမူအရာဖြင့် ရှိနေခဲ့သည်။
သူမ၏ ပေါင်ပေါ်တွင် စာအုပ်တစ်အုပ် ရှိနေသော်လည်း စာဖတ်နေခြင်း မဟုတ်ဘဲ ဖန့်ဟုန်ရှင်းနှင့် စကားပြောနေခြင်း ဖြစ်ပေ၏။
ဖန့်ဟုန်ရှင်း၏ မျက်လုံးများမှာလည်း ထူးထူးခြားခြားတောက်ပနေပြီး စိတ်ကြည်လင်နေပုံရပေသည်။
ကျန်းရှို့ရင်းကိုတော့ မည်သည့်နေရာတွင်မျှ မတွေ့ရချေ။ ခုတင်ပေါ်ရှိ စောင်ကပုံလျှက်သားရှိနေသည်ကို ကြည့်ခြင်းအားဖြင့် သူမ မထွက်သွားမီအထိ ခုတင်ပေါ်တွင် လဲလျောင်းနေခဲ့ကြောင်း သိနိုင်သည်။
“ ရောက်လာပြီလား”
လီရှန်း အထဲသို့ဝင်လာသည်ကို မြင်လျှင် လီလင်းက အမြန်လှမ်းခေါ်လိုက်ပြီး သကြားလုံးအချို့ကို လှမ်းပေးလာသည်။
“ သကြားလုံးစားဦး”
“ဘာလဲ၊ မင်္ဂလာရက် သတ်မှတ်ပြီးပြီလား”
လီလင်း၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် မင်္ဂလာရက်ကို အဆင်ပြေချောမွေ့စွာ သတ်မှတ်နိုင်ခဲ့ကြောင်း လီရှန်း ရိပ်မိလိုက်သည်။
“သတ်မှတ်ပြီးပြီ၊ နောက်လ ငါးရက်နေ့လေ၊ အဲဒီနေ့ကျရင် မင်္ဂလာစားပွဲကို လာဖို့ မမေ့နဲ့ဦးနော်”
လပာထပ်မည့်အကြောင်းကို ပြောနေသည့် လီလင်း၏ အသံတွင် ချိုမြိန်မှုများ လွှမ်းမိုးနေပေ၏။ သူမ၏ ချစ်သူက မြို့နယ်အုပ်ချုပ်ရေးမှူးထံတွင် ယာယီအတွင်းရေးမှူးအဖြစ် အလုပ်လုပ်ရန် မြို့သို့ သွားရောက်ခဲ့သည်။
ထိုနေရာတွင် ရှိနေစဉ်အတွင်း မြို့နယ်၏ ငွေစာရင်းများကို စစ်ဆေးရာမှ တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့လေသည်။
သူက မြို့နယ်အုပ်ချုပ်ရေးမှူးသစ်နှင့် ပူးပေါင်းကာ အကျိုးပြုမှု အနည်းငယ် ပြုလုပ်နိုင်ခဲ့သဖြင့် ယခုအချိန်တွင် အတွင်းရေးမှူးရုံး၌ ရာထူးတစ်ဆင့် တိုးမြှင့်ခံခဲ့ရပေပြီ။
နှစ်သစ်ကူးပြီးနောက်တွင်မူ အတွင်းရေးမှူးအတွက် မိန့်ခွန်းများ ရေးသားပေးရသည့် နေရာသို့ ပြောင်းရွှေ့ရမည်ဟု ခန့်မှန်းရပေသည်။
သူက အတွင်းရေးမှူး တိုက်ရိုက်ဖြစ်မလာသေးသော်လည်း နောင်အနာဂတ်အတွက် ခိုင်မာသော အခြေခံကောင်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်၏။
***