နှစ်သစ်အချိန်သို့ရောက်ရှိနေပြီဖြစ်၍ စက်မှုစက်ရုံသည်လည်း နှစ်ကုန်အလုပ်များအဆုံးသတ်ခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပေပြီ။
အလုပ်သမားများမှာ အလုပ်များပြားနေခဲ့ပြီး လူတိုင်းက ကြိုးစားလုပ်ဆောင်နေခဲ့ကြသည်။
လူတိုင်းက နောက်ဆုံးသောရက်အနည်းငယ်တွင် သူတို့၏စွမ်းဆောင်ရည်ကို ပြသလိုကြပြီး စက်ရုံခေါင်းဆောင်များထံမှ အသိအမှတ်ပြုခြင်းကို ခံယူကာ “ထူးချွန်သူ” ဆုတံဆိပ်နှင့် ဆုပစ္စည်းများကို လိုချင်နေခဲ့ကြသည်။
ထိုသို့ရရှိမှသာ နှစ်သစ်ကူးတွင် ဆွေမျိုးများထံသို့ သွားရောက်လည်ပတ်သည့်အချိန်မျိုး၌ မိသားစုထဲတွင် အထူးချွန်ဆုံးဖြစ်လာပေလိမ့်မည်။
စက်ရုံ၏ဒါရိုက်တာတစ်ဦးဖြစ်သည့် ကျန်းကျူးရိသည်လည်း နှစ်ကုန်အကဲဖြတ်မှု အမျိုးမျိုးအတွက် တာဝန်ရှိနေခဲ့သည်။
သူက ဤရက်ပိုင်းအတွင်း အလုပ်မှ ဆယ်မိနစ်စော၍ ပြန်တတ်သည်။ အိမ်သို့ရောက်သည်နှင့် ခြံရှေ့တံခါးကို အလျှင်အမြန်ပိတ်ဆို့တတ်ပေ၏။
သူ့အနေဖြင့် တစ်စုံတစ်ယောက်က အဆက်အသွယ်ကိုသုံးစွဲပြီး ဆုရရှိရန်အတွက် လာရောက်တောင်းဆိုမည်ကို စိုးရိမ်နေခဲ့ရသည်။
ယခုအချိန်တွင် မရေမတွက်နိုင်သော မျက်လုံးများက သူ၏ ခြံဝင်းလေးကို စောင့်ကြည့်နေခဲ့ကြပြီး လှုပ်ရှားမှုအနည်းငယ်ရှိလျှင်ပင် သတိထားနေကြသည်။
ထို့ကြောင့် လီရှန်း အိမ်သို့ ရောက်ရှိလာချိန်တွင် တံခါးမှာ အတွင်းဘက်မှ ဂျက်ထိုးထားခဲ့လေ၏။
“ဦးလေး၊ အန်တီ...”
လီရှန်းတစ်ယောက် တံခါးကို ထုကာ အားကုန်အော်ဟစ်လိုက်ရသည်။
သူမ၏အသံကိုကြားလျှင် ဘေးအိမ်မှ ခေါင်းတစ်လုံး ပြူထွက်လာပြီးသူတို့၏ ခြံထဲသို့ လှမ်းအော်လိုက်၏။
“လောင်ကျန်း၊ အစ်မဖန်၊ ရှင်တို့ရဲ့ ရှန်းရှန်း ပြန်လာပြီ”
ထို့နောက်တွင်တော့ ထိုသူက လီရှန်းကို ဖော်ရွေစွာ ပြုံးပြလာခဲ့သည်။
“နင့်ဦးလေးနဲ့ အန်တီက ဒီရက်ပိုင်း စောစောအိပ်တတ်ကြတယ်၊ အခုလည်း အိပ်ယာထဲမှာပဲ ရှိနေလောက်တယ်”
လီရှန်း :”...”
နေလုံးကြီးက အနောက်ဘက်က ထွက်လာတာများလား။
သူမရဲ့ အိမ်နီးနားချင်းတွေက ဒီလောက်တောင် ယဉ်ယဉ်ကျေးကျေး စကားပြောတတ်လို့လား?
အချိန်သိပ်မကြာမီ ဖန်ချင်း၏ အသံက ခြံထဲမှ ထွက်ပေါ်လာခဲ့သည်။
“လာပြီ၊ လာပြီ”
ချက်ချင်းပင် သူမက အိမ်စီးဖိနပ်ဖြင့် တံခါးဝဆီသို့ တရွတ်တိုက်လျှောက်လာခဲ့ပြီး တံခါးကလည်း အတွင်းဘက်မှ ပွင့်သွားခဲ့၏။
အိမ်နီးနားချင်း၏စကားက မှန်ကန်ပေသည်။ သူမ၏ အန်တီဖြစ်က အနွေးအင်္ကျီအပါးကိုသာ ဝတ်ဆင်ထားပြီး အိပ်ယာထဲမှ ထွက်လာပုံရသည်။
“ရှန်းရှန်း၊ ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ၊ အမြန်ဝင်ခဲ့ဦး”
သူမက လီရှန်းကို အထဲသို့ ဝင်ခိုင်းလိုက်ပြီး အပြင်ဘက်ကို အလျှင်အမြန် ဝေ့ကြည့်ကာ တံခါးကို ဝုန်းခနဲ ပိတ်လိုက်ပြန်သည်။
ရုတ်တရက် အိမ်နီးနားချင်း၏ အသံက ဘေးဘက်မှ ထွက်ပေါ်လာခဲ့ပြန်၏။
“အစ်မဖန်၊ စိတ်မပူပါနဲ့၊ ကျွန်မ သက်သေခံပေးလို့ရတယ်၊ ဒီနေ့လာတာက အစ်မရဲ့တူမပဲလေ”
“နင်က ဘာတွေများ သက်သေခံနေမှာလဲ၊ နင် တစ်နေ့လုံး ဘာတွေ တွေးနေတာလဲ၊ ငါ့အိမ်ကို စောင့်ကြည့်မနေဘဲ နင့်သားကိုပဲ နောက်နှစ်ဆေးဝါးစက်ရုံ စာမေးပွဲဖြေဖို့အတွက် စာကြည့်ခိုင်းစမ်းပါ”
ဖန်ချင်းအနေဖြင့် ဤရက်ပိုင်းအတွင်း စောင့်ကြည့်ခံနေရသည်ကို အလွန်ပင် ငြီးငွေ့နေခဲ့သောကြောင့် တစ်ဖက်လူ၏မျက်နှာကို ရိုက်နှက်၍ အော်ဟစ်ချင်စိတ်များဖြစ်နေလေသည်။
အိမ်နီးနားချင်းက ပခုံးတွန့်ကာ ပြောလိုက်သည်။
“ကျွန်မက တခြားလူတွေကို ကူညီချင်တဲ့ စိတ်နဲ့ လုပ်ပေးတာ”
ဖန်ချင်းတစ်ယောက် သူမအနေဖြင့် ထိုကဲ့သို့ကူညီမှုကို မလိုအပ်ကြောင်း စိတ်ထဲမှညည်းတွားလိုက်မိသည်။
“အန်တီ၊ အထဲကို အမြန်ဝင်ရအောင်၊ တော်တော်အေးနေပြီ”
ဖန်ချင်းမှ ပြန်လည်အော်ဟစ်ချင်နေသေးကြောင်းကို မြင်လိုက်ရသောကြောင့် လီရှန်းတစ်ယောက် သူမကို အိမ်ထဲသို့ အမြန်ဆွဲခေါ်သွားခဲ့ရသည်။
“ ဘာလို့ ရန်ဖြစ်နေမှာလဲ၊ သူက ဂွမ်းကပ်အင်္ကျီအထူကြီး ဝတ်ထားတာ၊ အေးလမအေးလားဆိုတာတောင် သိမှာမဟုတ်ဘူး ၊ အပြင်ဘက်မှာ တစ်ညလုံး ထိုင်နေနိုင်မှာပဲ”
ဖန်ချင်းသည်လည်း အလွန်ပင်ချမ်းလာသောကြောင့် အိမ်ထဲသို့ အမြန်ပြန်ဝင်ကာ ခန်ထက်သို့ ဝင်ထိုင်လိုက်သည်။
“စိတ်ပျက်စရာကောင်းလွန်းတယ်၊ သူတို့က ငါ့ရဲ့ခြံဝင်းကို တစ်နေ့လုံး စောင့်ကြည့်နေကြတာ၊ အရင်တုန်းက ဘယ်လိုဆိုးရွားတာတွေလုပ်ခဲ့မိလို့ သူတို့နဲ့ အိမ်နီးနားချင်း ဖြစ်နေရတာလဲ မသိဘူး၊
ငါတို့ရဲ့ စက်မှုစက်ရုံက မြေကွက်လဲလှယ်ပြီးရင်တော့ ငါလည်း တခြားနေရာကို ပြောင်းပြီး အိမ်နီးနားချင်းအသစ်ရလာမှာပဲ”
လီရှန်း စနောက်လိုက်သည်။
“အဲဒီအချိန်ကျရင် ပိုဆိုးတဲ့သူနဲ့ ထပ်တွေ့ရင် ဘယ်လိုလုပ်မလဲ”
“တော်ပြီ နိမိတ်မကောင်းတာတွေ မပြောနဲ့တော့”
ဖန်ချင်းက သူမကို မျက်စောင်းထိုးလိုက်ပြီး၊ စောင်အောက်တွင်ရှိနေသော အနွေးအိတ်ကိုလှမ်းဖယ်လိုက်သည်။
ထို့နောက် သူမ ကိုင်ထားသော တဘက်ကိုဖြည်ပြီး အနွေးအိတ်ကို လီရှန်းဆီသို့ လှမ်းပေးလိုက်လေ၏။
“ဒါလေးနဲ့ လက်ပိုနွေးအောင် လုပ်လိုက်ဦး၊ အန်တီက မင်း မနက်ဖြန်မှအဘိုးရဲ့အိမ်ကို တန်းသွားမယ်လို့ ထင်နေတာ၊ ဒီနေ့ ဘယ်လိုဖြစ်လို့ပြန်လာတာလဲ”
“ဦးလေးနဲ့ အန်တီ့ကို ပြောစရာရှိလို့ဒီကိုအရင်လာခဲ့တာ”
လီရှန်းက ထိုအနွေးအိတ်ကို လှမ်းယူလိုက်ပြီး ရင်ဘတ်တွင် ပိုက်ထားလိုက်လေ၏။ သူမ၏ခန္ဓာကိုယ်က နွေးထွေးမှုကို ခံစားလိုက်ရသည်။သူမက တံခါးဘက်သို့ လှမ်းကြည့်ပြီး မေးလိုက်၏။
“ဦးလေးရော”
“ဒါရိုက်တာလျို့ရဲ့အိမ်မှာ သွားသောက်နေတယ်”
ကျန်းကျူးရိအနေဖြင်် အလုပ်သမားများ အိမ်သို့လာခြင်းကို ရှောင်လွှဲနိုင်သော်လည်း အထက်လူကြီးမှ ဖိတ်ကြားလာလျှင် မရှောင်ရှားနိုင်ပါချေ။ ထို့ကြောင့် အရက်ပုလင်းကို ယူပြီး သွားရပေသည်။
“မနက်ဖြန်ညမှ ပြောလို့မရဘူးလား၊ ဘာလို့ တစ်ရက်ကြိုပြောဖို့ လိုတာလဲ”
ဖန်ချင်းက ဘေးကိုလှည့်လိုက်ပြီး ခုတင်ဘေးရှိ စားပွဲပေါ်မှ ယုန်ဖြူနို့သကြားလုံးများကို ယူကာ လီရှန်းထံသို့ပေးလိုက်သည်။
ထို့နောက် ကြေးသော့လေးတစ်ခုဖြင့် စားပွဲကို ပြန်ပိတ်လိုက်၏။
ဤသည်မှာ ကျန်းချောင် လာမယူစေရန် လုပ်ဆောင်ထားခြင်းဖြစ်သည်။
“ကျွန်မ စုဝေ့ချင်းနဲ့ တွဲနေပြီ”
လီရှန်းက သူမ၏ ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ် စောင်းလိုက်ကာ တီးတိုးပြောလိုက်လေ၏။
ဖန်ချင်းက ချက်ချင်းပင် အော်ဟစ်လာခဲ့သည်။
“ဘာ!!”
လီရှန်းက သူမ၏ ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်ရသည်။
“အန်တီ၊ အသံလျှော့ပါဦး!”
ဤကဲ့သို့ အော်ဟစ်လိုက်ပါက အခြေအနေကို မသိသည့်လူများက အိမ်တွင်ကြောက်စရာကောင်းသည့် ကိစ္စတစ်ခုဖြစ်ပျက်နေသည်ဟု ထင်သွားကြပေလိမ့်မည်။
ဖန်ချင်းက လီရှန်း၏ လက်ကို ဖယ်ထုတ်လိုက်ပြီး အသံကို ချက်ချင်းလျှော့ကာ မေးလိုက်သည်။
“ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သေသေချာချာပြောပြဦး”
“ အဲဒီနေ့ညတုန်းက စုဝေ့ချင်းက ကျွန်မရဲ့ အထုပ်အပိုးတွေကို ကူသယ်ပေးတဲ့အချိန်က သူ့ရဲ့မိဘတွေက ကျွန်မနဲ့ သူနဲ့ ချစ်သူတွေဖြစ်နေပြီလို့ အထင်လွဲသွားကြတယ်၊
နောက်နေ့ကျတော့ စုဝေ့ချင်းရဲ့ အမေက ပန်းသီးစွပ်ပြုတ်တွေ ယူလာပေးတယ်လေ၊ ပြီးတော့ စုဝေ့ချင်းဘက်က ပန်းသီးတွေပဲယူလာပေးတာက ယဉ်ကျေးမှု မရှိသလိုဖြစ်နေလို့ ကျွန်မကို လာတွေ့တာတဲ့၊
ပြီးတော့ အန်တီတို့ ဘယ်အချိန်လောက်ကို အားမလဲဆိုတာ မေးခဲ့တယ်၊ နှစ်ဖက်မိသားစု တွေ့ဆုံချင်လို့ဆိုပြီးပြောခဲ့တယ်”
လီရှန်းက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ပြီး ဆက်ပြောလိုက်သည်။
“နောက်ပြီး ရဲဘော်စုဝေ့ချင်းက လူကောင်းတစ်ယောက်လို့ ထင်တယ်၊ ကျွန်မတို့ နှစ်ယောက်လုံးက ဆေးဝါးစက်ရုံမှာ အလုပ်လုပ်နေတာဆိုတော့ လက်ထပ်ဖြစ်မယ်ဆိုရင် နောက်နှစ်အိမ်ခန်းခွဲတမ်းမှာလည်း ပါဝင်ခွင့်ရမှာပဲ
ပြီးတော့.. အန်တီ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့စကားတွေကိုလည်း ကျွန်မရဲ့ နှလုံးသားထဲမှာ မှတ်ထားပါတယ်
စုဝေ့ချင်းက တကယ်ကို စိတ်သဘောထားကောင်းတဲ့လူတစ်ယောက်ပဲ၊ ဒါကြောင့်လည်း သူနှင့် ချစ်သူဖြစ်ဖို့ ကျွန်မ သဘောတူလိုက်တာ”
ဖန်ချင်းတစ်ယောက် လီရှန်း၏စကားများကို နားထောင်ရင်းဖြင့် မျက်ခုံးများက ပို၍ရှုံ့လာခဲ့ပြီး နောက်ဆုံးတွင်တော့ တိုက်ရိုက်ပင် မေးမြန်းလာခဲ့သည်။
“နင့်ရဲ့စကားအရ သူ ပစ္စည်းတွေလာကူသယ်ပေးတဲ့ နောက်တစ်နေ့မှာပဲ သူ့အမေက နင့်ဆီကို ရောက်လာတာပေါ့ ဟုတ်လား”
“ဟုတ်တယ်”
လီရှန်း ခေါင်းညိတ်ပြလိုက်သည်။
“ဒီကောင်လေးက နင့်ကို လှည့်စားဖို့အတွက် သူ့အမေနဲ့ ကြိုတင်ကြံစည်ထားတာများလား”
ဖန်ချင်းသည်ကား လီရှန်းကဲ့သို့ နုနယ်သော မိန်းကလေးတစ်ဦး မဟုတ်ပါချေ။ အကယ်၍ စုဝေ့ချင်းသာ သူ၏မိခင်ကို အရိပ်အယောင်တစ်ခုခု မပြခဲ့ပါက ဒါရိုက်တာလော်အနေဖြင့် ယခုကဲ့သို့ တိုက်ရိုက်လာရောက်တွေ့ဆုံမည် မဟုတ်ကြောင်းကို သူမ သိရှိနေခဲ့သည်။
လီရှန်းက ခေါင်းကိုလျှင်မြန်စွာ ခါရမ်းလိုက်သည်။
“အဲဒီလိုတော့ မဟုတ်လောက်ပါဘူး၊ ဒါရိုက်တာလော် ရောက်လာတုန်းက သူကိုယ်တိုင်တောင် အရမ်းလန့်သွားတာ”
“ဒါဆို သူ့မိသားစုအခြေအနေကိုလည်း သေသေချာချာ ထပ်ပြောဦး”
ဖန်ချင်းတစ်ယောက် စိုးရိမ်စိတ်မပျောက်သေးပါချေ။ ထို့ကြောင့် လီရှန်းမှ စုဝေ့ချင်း၏ မိဘများအကြောင်းနှင့် သူ၏အစ်ကိုများ၊ မရီးများ၏အကြောင်းကို ပြောပြလိုက်သည်။
ဖန်ချင်း ပြန်လည်သုံးသပ်လာခဲ့သည်။
“ဒါဆို လက်ရှိမှာ စုဝေ့ချင်းက သူ့မိဘတွေနဲ့အတူ နေတယ်၊ သူ့ရဲ့အစ်ကိုကြီးတို့ဇနီးမောင်နှံက ကိုယ်ပိုင်အိမ်နဲ့နေတယ်၊ ဒုတိယအစ်ကိုကတော့ စစ်တပ်ထဲမှာနေတာ အဲလိုလား”
လီရှန်း ယုန်ဖြူနို့သကြားလုံးတစ်လုံးကို အခွံခွာပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ဒါဆိုရင်တော့ အဆင်ပြေပါတယ်”
ဖန်ချင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူမက သူမ၏ ယောက်မများနှင့် ဆက်ဆံရေး ကောင်းမွန်သော်လည်း၊ ထိုသို့ကောင်းမွန်နေသည်က သီးသန့်စီနေထိုင်ကြသည့်အတွက်ကြောင့်သာ ဖြစ်ကြောင်းကို သိရှိထားပေ၏။
အနည်းငယ်ဝေးကွာစွာ နေထိုင်ခြင်းက ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေသည်။ နီးကပ်လွန်းပါက ပြဿနာများ ဖြစ်လာတတ်သည်။
အကယ်၍ တစ်အိမ်တည်းတွင် အတူနေရမည်ဆိုပါက တစ်နည်းနည်းဖြင့် စကားများရန်ဖြစ်ကြပေလိမ့်မည်။
အနည်းဆုံး သူမနှင့် ချန်ဖန်းတို့က စိတ်သဘောထားချင်း တိုက်ဆိုင်ကြမည်မဟုတ်ပါချေ။
“ဘာပဲဖြစ်ဖြစ် နင်တို့ လက်ထပ်ဖြစ်ရင် အခွင့်အရေးရတာနဲ့ ကိုယ်ပိုင်အိမ်ခန်းလေးတစ်ခုရအောင်လုပ်ရမယ်”
ယောက္ခမနှင့် ပေါင်းသင်းဆက်ဆံရသည်က အဆင်ပြေသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ကိုယ်ပိုင်နေရာလေးတစ်ခု ရှိနေခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
လီရှန်းသည်လည်း လိမ္မာပါးနပ်စွာဖြင့် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။လီရှန်းက သူမ၏စကားကို နားထောင်သည်ကို မြင်လျှင် ဖန်ချင်း စိတ်အေးသွားရပေ၏။ မိန်းကလေးတစ်ဦးအတွက် လက်ထပ်ခြင်းသည်က ဒုတိယအကြိမ် ပြန်လည်မွေးဖွားခြင်းနှင့် ဆင်တူပေသည်။
ထိုအိမ်ထောင်ရေးက မည်သို့အကျင့်စရိုက်ရှိသည့် ယောက္ခမမိသားစုနှင့် တွေ့ဆုံရမည်ဆိုသည့်အပေါ်တွင် မူတည်နေသည်။
အိမ်ထောင်ရေး သာယာခြင်း၊ ယောက္ခမနှင့် အဆင်ပြေခြင်း၊ ယောက်မများနဲ့ ဆက်ဆံရလွယ်ကူခြင်းတို့က ကံတရားအပေါ်တွင်သာ မူတည်ပေသည်။
ကံကောင်းလျှင် ဘဝက ချောမွေ့မည်ဖြစ်သော်လည်း၊ ကံမကောင်းပါက မတွေးရဲစရာ ပြဿနာမျိုးစုံနှင့် ကြုံတွေ့ရနိုင်သည်မဟုတ်ပါလား။
***