ဖန်ချင်းသည်လည်း စုဝေ့ချင်းနှင့် တွေ့ဖူးသောကြောင့် ထိုလူငယ်က အလွန်ကောင်းမွန်သော လူငယ်တစ်ဦးဖြစ်ကြောင်း သတ်မှတ်ထားပေသည်။
အထူးသဖြင့် ကျန်းကျူးပင်း တာဝန်ကျရာ စစ်တပ်နယ်မြေတွင် စစ်မှုထမ်းနေသော အစ်ကိုဖြစ်သူရှိနေခြင်းက ဖန်ချင်းကို ပို၍ရင်းနှီးသကဲ့သို့ ခံစားရစေသည်။
ထို့အပြင် စုဝေ့ချင်း၏ မိသားစုသည်က ပိုင်မားခရိုင်တစ်ခုလုံးတွင် အကောင်းဆုံးဟုဆိုနိုင်သော မိသားစုဖြစ်၏။
ထိုလူငယ်လေးကိုယ်တိုင်ကလည်း ရည်မှန်းချက်ရှိပြီး ယခုအချိန်တွင် အလုပ်အကိုင်ကောင်းတစ်ခုလည်း ရရှိထားသည်။
သတင်းစာများတွင်ပင် ဆောင်းပါးများပ ါဝင်ရေးသားဖူးသည်ဟု ကြားသိထားရသောကြောင့် သူက အရည်အချင်းရှိသူတစ်ဦးဖြစ်လိမ့်မည်။
မောင်နှမများပြားလွန်းပြီး စိတ်ဓာတ်မကောင်းသူများ ပါဝင်သည့် မိသားစု၊ သို့မဟုတ် ဘက်လိုက်တတ်သော ယောက္ခမရှိသည့် မိသားစုများတွင် နေထိုင်ရခြင်းမှာ အလွန်ပင် ခက်ခဲနိုင်သည်။
သို့သော်လည်း စုမိသားစုက ကံကောင်းလွန်းပေ၏။ သားသမီးတိုင်းကအောင်မြင်နေသည့်အတွက် တစ်ဦးနှင့်တစ်ဦး အနှောင့်အယှက်ပေးစရာမလိုအပ်ပေ။
အိမ်ခန်းများ ရရှိပြီးနောက်တွင်လည်း သူတို့ဘာသာ သီးခြားစီ ခွဲ၍ နေထိုင်နိုင်ပေလိမ့်မည်။
ဖန်ချင်း၏ အမြင်တွင်တော့ သူတို့နှစ်ယောက်မှာ အကောင်းဆုံး လက်တွဲဖော်များပင်ဖြစ်သည်။
“ဒါနဲ့ သူတို့တွေက ဘယ်တော့လောက်ကို လာမယ်လို့ ပြောခဲ့တာလဲ”
လီရှန်းက နောက်ထပ် နို့သကြားလုံးတစ်လုံးကို အခွံခွာလိုက်ပြန်၏။
“မနက်ဖြန်တဲ့”
နို့သကြားလုံးက အမှန်တကယ်ပင် အရသာရှိပြီး နို့ရနံ့တို့သင်းပျံ့နေခဲ့သည်။
“ဘယ်အချိန်လို့ပြောလိုက်တာလဲ!!”
ဖန်ချင်း ထပ်မံ အော်ဟစ်လိုက်ရသည်။
လီရှန်းတစ်ယောက် သူမ၏ ခြေထောက်များကို တံခါးဘက်သို့ မသိမသာလှည့်ထားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
“မနက်ဖြန်ပါ!”
ပြောပြီးသည်နှင့် သူမက တံခါးဝသို့ အလျှင်အမြန်ပြေးထွက်သွားတော့သည်။ ချက်ချင်းပင် အခန်းထဲမှ ဖန်ချင်း၏ ဒေါသတကြီး အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့သည်။
“ဒီလောက်အရေးကြီးတာကို ဘာလို့ အခုမှ လာပြောရတာလဲ၊ ဒီကလေးမလေးကတော့!”
“ကျွန်မက အခုလေးတင်မှ ပြန်ရောက်တာပဲလေ၊ မဟုတ်ဘူးလား”
လီရှန်းက ပါးစပ်ထဲတွင် သကြားလုံးများ အပြည့်ဖြင့် တီးတိုး ပြန်ပြောလိုက်သည်။
ဖန်ချင်းက သူမ၏နောက်သို့ လိုက်မဆွဲတော့ပါချေ။ ထို့အစား သူမက အဝတ်အစားများကို အမြန်လဲလှယ်လိုက်ပြီး အနွေးထည်နှင့် ဘောင်းဘီရှည်များကို ဝတ်ဆင်လိုက်ကာ ဂွမ်းဖိနပ်အထူကြီးများကို စီးလိုက်ပြီး မီးဖိုခန်းထဲသို့ပြေဝင်ပြီး အလျှင်အမြန်မီးဖိုလိုက်လေသည်။
လီရှန်းက တံခါးဝတွင် သကြားလုံးစားရင်း ရပ်နေသေးသည်ကို မြင်လျှင် သူမက ချက်ချင်းပင် ဒေါသထွက်သွားရပြန်သည်။
“မင်း အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊ အမြန်သွားပြီး ရေပုံးနဲ့ အဝတ်စိုတွေယူလာခဲ့.. အိမ်ထဲက ထောင့်တွေကိုပါ အကုန်လိုက်တိုက်ရမယ်”
လီရှန်း နားမလည်နိုင်စွာ မေးလိုက်သည်။
“ဘာလို့လဲ”
“ဘာလို့ဖြစ်ရမှာလဲ၊ စုမိသားစုက လာတဲ့အချိန်ကျရင် ငါတို့အိမ်ကို ဒီလောက်ထိ ဖရိုဖရဲဖြစ်ပြီးရှုပ်ပွနေတာကို မြင်စေချင်လို့လား”
ဖန်ချင်း အော်လိုက်ပြန်သည်။
ဒီကလေးမကတော့ တကယ်ကိုအလိုက်မသိတာပဲ!
အနည်းဆုံး တစ်ပတ်လောက် ကြိုတင်ပြောထားသင့်တာ မဟုတ်ဘူးလား!
လီရှန်းက ပြန်ပြောလာခဲ့သည်။
“ဒါပေမဲ့ မနက်ဖြန်က (၁) ရက်နေ့လေ၊ မနက်ဖြန် အဘိုးရဲ့အိမ်ကို တန်းသွားမယ်လို့ ကျွန်မ သူတို့ကို ပြောထားပြီးပြီ”
ဖန်ချင်း: “...
သူမရဲ့ လက်တွေက တကယ်ကြီး ယားယံလာပြီ။
“နင် ဒီမှာပဲ ငြိမ်ငြိမ်နေစမ်း”
ဖန်ချင်းတစ်ယောက် ဒေါသကြောင့် ရင်ဘတ်များပင် အောင့်လာရပြီး ရင်ဘတ်ကို ဖိထားရင်းဖြင့် စက်ရုံမှူး၏အိမ်သို့ တန်းတန်းမတ်မတ် သွားခဲ့လေသည်။
ထို့နောက် ထိုနေရာတွင် စက်ရုံမှူးနှင့်အတူ အရက်သောက်နေသော ကျန်းကျူးရိကို ဆွဲခေါ်လာခဲ့သည်။
စက်ရုံမှူးက ဝင်ရောက်ညှိနှိုင်းပေးရန် ကြိုးစားလိုက်သည်။
“ဇနီးမောင်နှံချင်းပဲ.. မင်းတို့တွေ စကားကောင်းကောင်း ပြောလို့မရဘူးလား”
“ကျွန်မတို့တွေ ရန်ဖြစ်နေတာ မဟုတ်ပါဘူး”
ဖန်ချင်းက အပြုံးဖြင့် အမြန်ပင်ရှင်းပြလိုက်၏။
“အိမ်မှာ တကယ်ပဲ ကိစ္စတစ်ခုရှိနေလို့ပါ၊ သိတဲ့အတိုင်း ကျွန်မတို့ ရှန်းရှန်းက ပုံမှန်ဆိုရင်တော့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး လိမ္မာသလိုထင်ရတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အတော်လေးဆိုးသွမ်းတာ၊
အခုပဲ အိမ်ကိုပြန်ရောက်လာပြီး ကျွန်မကို ဗုံးတစ်လုံးနဲ့ ထုလိုက်သလိုမျိုး ပြောသွားတယ်လေ၊ မနက်ဖြန်ကျရင် သူ့ချစ်သူရဲ့ မိဘတွေက ကျွန်မတို့ကိုလာတွေ့ကြမယ်တဲ့၊
ကျွန်မက ဘာမှမပြင်ဆင်ထားရသေးဘူးလေ ၊ ဒါကြောင့် လောင်ကျန်းကို လုပ်စရာရှိတာတွေ လုပ်ခိုင်းဖို့ ပြန်လာခေါ်ရတာပါ”
“ဘာ! ရှန်းရှန်းက ပြန်ရောက်နေပြီလား”
ကျန်းကျူးရိတစ်ယောက် အံ့သြမှုကြောင့် ချက်ချင်းပင် မူးဝေနေသည့်အရှိန်များ ပျောက်ကွယ်သွားခဲ့ရ၏။
“ရှောင်စုရဲ့ မိဘတွေက မနက်ဖြန် လာကြမယ်လို့ ပြောခဲ့တာလား”
“အဲဒါတင် မကသေးဘူး၊ တွေ့မဲ့နေရာကိုတောင် အဖေတို့အိမ်မှာလို့ ချိန်းထားသေးတာ၊ အရက်သောက်တာ အခု ရပ်ပြီး အဖေတို့အိမ်ကို အမြန်သွားပြီးပြင်ဆင်ကြရအောင်၊
မနက်ဖြန် တခြားလူတွေ လာတဲ့အချိန်ကျရင် အဲဒီမှာ ရှုပ်ထွေးနေမယ်ဆိုရင် မကောင်းဘူးလေ”
စက်ရုံမှူးသည်လည်း ဤအခြေအနေကို ကြားပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သို့သော်လည်း သူက စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။
“ရှန်းရှန်းမှာ ရည်းစားရနေပြီလား”
သူမက အလုပ်စဝင်တာ မကြာသေးဘူးမလား။
“ဟုတ်ပါတယ်၊ ဆေးဝါးစက်ရုံက လုပ်ဖော်ကိုင်ဖက်ပါပဲ”
ဖန်ချင်းက ဤအကြောင်းကို ပြောရသောအချိန်တွင် အလွန်ပင် ဂုဏ်ယူနေခဲ့သည်။
လီရှန်း၏ အိမ်ထောင်ရေးကိစ္စမှာ အလွန်ပင် ကံကောင်းလှသောကြောင့် စက်မှုစက်ရုံတွင်သာမက ပိုင်မားခရိုင်တစ်ခုလုံးတွင်ပင် ယခုထက် ပိုကောင်းသောသူကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်း သူမ ပြောချင်နေခဲ့လေ၏။
ထို့ကြောင့် သူမက အသံကို မြှင့်ပြီး ပြောလိုက်သည်။
“သတို့သားလောင်းက ဆေးဝါးစက်ရုံ ဒုတိယညွှန်ကြားရေးမှူးရဲ့ အငယ်ဆုံးသားလေ၊ သူတို့ရဲ့ ဒုတိယသားကလည်း စစ်တပ်ထဲမှာ တပ်ခွဲမှူးအဖြစ်တာဝန်ထမ်းဆောင်နေတာ၊ သူက အသက် (၂၀) ကျော်ပဲ ရှိသေးပေမယ့် တကယ်ကို အလားအလာရှိတဲ့ လူငယ်တွေပဲ”
“အိုး.. တကယ်ကို ကောင်းမွန်တဲ့ လက်တွဲဖော်ပဲ!”
စက်ရုံမှူးက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
“ရှန်းရှန်းက တကယ်ကို ကံကောင်းတာပဲ၊ ငယ်ငယ်ကတည်းက အမေဖြစ်သူ ဆုံးပါးသွားခဲ့ပေမယ့် မင်းတို့ ဇနီးမောင်နှံက ကိုယ်တိုင်မွေးတဲ့ သားသမီးလိုမျိုး ပြုစုစောင့်ရှောက်ခဲ့ကြတာ၊
အခုတော့ အလုပ်ကောင်းလည်းရ၊ လက်တွဲဖော်ကောင်းလည်း တွေ့ပြီဆိုတော့ နောက်ဆိုရင် ဘာမှစိတ်ပူပန်နေစရာ မလိုတော့ဘူး”
“အမှန်ပါပဲ”
ဖန်ချင်းက ဂုဏ်ယူစွာဖြင့် မေးကို ပင့်လိုက်သည်။
“ကျွန်မတို့ ရှန်းရှန်း လက်ထပ်တဲ့အချိန်ကျရင် စက်ရုံမှူးလည်း လာပြီး အရက်သောက်ပေးရမယ်နော်”
“ဒါပေါ့၊ ငါ့ကို မဖိတ်ဘဲ နေလို့ရမလား”
“တခြားလူ မဖိတ်ရင်တောင် စက်ရုံမှူးကိုတော့ မဖြစ်မနေ ဖိတ်မှာပါ”
ကျန်းကျူးရိသည်လည်း အခြေအနေကို သဘောပေါက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။
“ရက်သတ်မှတ်ပြီးတာနဲ့ ကျွန်တော် မဖြစ်မနေ လာဖိတ်ပါ့မယ်!”
စက်ရုံမှူးက စိတ်ကျေနပ်သည့်အမူအရာဖြင့် သူတို့ဇနီးမောင်နှံကို တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။
သူ ပြန်လှည့်လာချိန်တွင် သူ့၏ဇနီးသည်က သူ့ကို မပျော်မရွှင်ဖြစ်နေသောအမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် ချက်ချင်းပင် စိတ်မချမ်းမသာဖြစ်သွားရ၏။
“မင်းက ဘယ်လိုမျက်နှာအမူအရာနဲ့ ကြည့်နေတာလဲ”
“လီရှန်းက တကယ်ပဲ ရည်းစားကောင်းကောင်း ရသွားတယ်လို့ ရှင် ယုံနေတာလား”
“ငါ ယုံတာပေါ့”
စက်ရုံမှူးက ခေါင်းကို ကုတ်လိုက်ပြီး ပြောလာခဲ့သည်။
“မင်း လောင်ကျန်းတို့ ဇနီးမောင်နှံအကြောင်းကို မသိဘူးလား၊ သူတို့က ကိစ္စတစ်ခုကို မသေချာမချင်း ဘယ်လိုစကားကိုမှ အပြင်ဘက်ကို ထုတ်ပြောတဲ့လူတွေ မဟုတ်ဘူး”
ထို့ကြောင့် သူတို့နှစ်ယောက်က လက်ထပ်ရန်အဆင့်သို့အထိ ရောက်ရှိနေပြီဖြစ်ကြောင်း သေချာပေသည်။ စက်ရုံမှူးကတော်က မနာလိုသည့် လေသံဖြင့် ဆိုလာခဲ့သည်။
“အဲဒါဆေးဝါးစက်ရုံက ခေါင်းဆောင်ကြီးရဲ့ သားလေ၊ သူက ဘာလို့ လီရှန်းကို သဘောကျရမှာလဲ”
“ငါ့အမြင်မှာတော့ ရှန်းရှန်းက အတော်လေး ထူးချွန်တဲ့ မိန်းကလေးပဲ၊ မင်းရဲ့သမီးထက်တောင် အများကြီး ပိုတော်သေးတယ်”
စက်ရုံမှူးကတော်:”...”
ကျွန်မရဲ့သမီးက ရှင့်သမီးမဟုတ်လို့လား!
တစ်ဖက်တွင်တော့ ကျန်းကျူးရိတို့ဇနီးမောင်နှံက အိမ်သို့ မပြန်တော့ဘဲ စက်ဘီးထားရာဆီသို့ တန်းတန်းမတ်မတ် သွားခဲ့ကြသည်။
ကျန်းကျူးရိက စက်ဘီးပေါ်သို့တက်ပြီး ဖန်ချင်းကို နောက်ဘက်တွင်တင်ကာ ဖခင်ဖြစ်သူ ကျန်းရူတုန်း၏ အိမ်သို့ အပြေးအလွှား သွားခဲ့ကြ၏။
ထို့နောက်တွင် အိပ်ပျော်နေပြီဖြစ်သော သက်ကြီးရွယ်အိုဇနီးမောင်နှံနှစ်ယောက်ကို နှိုးလိုက်ကြပြီး မိသားစုတစ်ခုလုံးက အိမ်ကို နေရာအနှံ့သန့်ရှင်းရေး လုပ်ခဲ့ကြတော့သည်။
သို့သော်လည်း ဝူယွီနျန့်၏ ပုံမှန်အလုပ်ကြိုးစားမှုကြောင့်လည်း သန့်ရှင်းရေးလုပ်ရသည်က မပင်ပန်းခဲ့ပါချေ။ ကျန်းရူတုန်းမှာတော့ အလွန်ဝမ်းသာနေပြီး ကျန်းကျူးရိထံတွင် လီရှန်းကို ချီးကျူးစကားများ ပြောနေခဲ့၏။
“သူမက အခုတကယ်ကို လိမ္မာသွားပြီပဲ၊ သူမမှာ ချစ်သူရှိလာပြီဆိုတော့ အဘိုးနဲ့ လာပြီးတွေ့ပေးရမယ်ဆိုတာကို သိနေပြီပဲ”
ထိုသို့ပြောရင်း သူက စိတ်မကောင်းသလို ဖြစ်လာခဲ့ပြန်သည်။
“ဟုန်ကျန်းသာ ရှိနေသေးရင် ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ၊ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလေးတွေက အရွယ်ရောက်ကုန်ကြပြီ”
“အဖေ၊ မနက်ဖြန်ကျရင် ရှန်းရှန်းကို အရမ်းကြီး ခက်ခဲမလုပ်ပါနဲ့”
ကျန်းကျူးရိက အဖေဖြစ်သူ ဒေါသထွက်လာမည်ကို စိုးရိမ်နေခဲ့သော်လည်း လီရှန်းအတွက် သတ္တိမွေးပြီး ပြောလိုက်သည်။
“ရှန်းရှန်းက ကျေးဇူးသိတတ်တဲ့ ကလေးပဲ၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဖေက သူနှင့် သိပ်ပြီး ရင်းရင်းနှီးနှီးမနေခဲ့ပေမဲ့ သူက စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမပြောခဲ့ဘူး၊
သူမက အဖေ့ရဲ့ စိတ်ခံစားချက်ကို နားလည်ပါတယ်၊ အမြဲတမ်း အဖေ့အကြောင်းကို ပြောလေ့ရှိတယ်”
“ဟုန်ကျန်း ဆုံးသွားတာလည်း နှစ်အတော်ကြာပြီ၊ လီမိသားစုကလည်း အရမ်းကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့တယ်၊
ကျွန်တော်ကတော့ သူ့ရဲ့အိမ်ထောင်ဖက်မိသားစုဆီကို ဂုဏ်သိက္ခာရှိရှိနဲ့ သွားနိုင်ဖို့ကိုပဲ မျှော်လင့်မိတယ်”
ကျန်းရူတုန်းက သူ့ကို မျက်စောင်းထိုးလိုက်သည်။
“ဒါတွေကို ငါ့ကို သင်ပေးဖို့ လိုလို့လား”
ကျန်းကျူးရိတစ်ယောက် အဖေဖြစ်သူက သဘောတူလိုက်ပြီဖြစ်ကြောင်းကို သိရှိလိုက်ပြီး မည်သည့်စကားကိုမှ ထပ်မပြောတော့ဘဲ အမြန် ထွက်ပြေးသွားခဲ့လေ၏။
ဝူယွီနျန့်က ကျန်းရူတုန်း၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
“ကလေးက လူကောင်းလေးတစ်ယောက်ပဲ၊ သူ့ကို အရမ်းကြီး ခြောက်မနေစမ်းပါနဲ့”
“ဟမ့်”
နှစ်ယောက်လုံး၏ ဝေဖန်ခြင်းကို ခံရပြီးနောက်တွင် ကျန်းရူတုန်းက မည်သည့်စကားကိုမှ ပြန်မပြောတော့ပါချေ။
***