လီရှန်းက အိမ်တွင် တစ်ညအိပ်ပြီး နောက်တစ်နေ့ နံနက်စောစောတွင် စက်ရုံသို့ သွားခဲ့လေ၏။
စုဝေ့ချင်းနှင့် မတွေ့ဆုံမီ သူမက ပြင်းထန်သောအလုပ်တာဝန်များအောက်တွင် နစ်မွန်းနေခဲ့ပြန်သည်။
ဆေးညွှန်းများကို မှတ်သားခြင်း၊ အလွတ်ပြန်ရေးခြင်းမှသည် Latin ၏ဆေးဝါးပညာရပ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်အထိ သူမအတွက် တစ်ပတ်သာ ကြာမြင့်ခဲ့သည်။
အစပိုင်းတွင် အစ်မလျို့က လူသစ်လေးက မှတ်ဉာဏ်ကောင်းသည်ဟူ၍သာ ထင်ခဲ့သော်လည်း သူမ၏ တုံ့ပြန်နိုင်စွမ်းကလည်း အလွန်ပင်ကောင်းမွန်ကြောင်း သိရှိသွားခဲ့ပြီးနောက်တွင် လီရှန်းအပေါ် အလွန်အမင်း ကြင်နာလာခဲ့သည်။
ထိုသို့ကြင်နာနွေးထွေးသော်လည်း သူမအပေါ် မျှော်လင့်ချက်က ပို၍ပင်ကြီးကြီးမားမား ထားလာခဲ့ပြီး စိတ်ရှည်လက်ရှည် သင်ကြားပေးလာခဲ့၏။ ဖန်ထုံပင်လျှင် မနာလိုဖြစ်လာခဲ့ရသည်။
“ငါ နည်းပညာဌာနကို စရောက်တုန်းက အစ်မလျို့က ငါ့အပေါ် ဒီလောက်ထိ စိတ်မရှည်ခဲ့ဘူး”
“အစ်မလျို့က ရှင့်အပေါ် မျှော်လင့်ချက်တွေ အများကြီးထားထားလို့ ဖြစ်မယ်၊ ဒါကြောင့် စိတ်မရှည်သလို ဖြစ်နေတာ”
လီရှန်း စနောက်လိုက်သည်။
ဖန်ထုံ: “ငါ့ကို လာနောက်မနေနဲ့”
သူမ၏အခြေအနေကို ကောင်းစွာ သိရှိထားပေသည်။ အစ်မလျို့က လီရှန်းအပေါ်တွင် အမှန်တကယ် မျှော်လင့်ချက်ကြီးကြီး ထားနေခြင်း ဖြစ်ပေ၏။
သို့သော်လည်း သူမ မနာလိုမဖြစ်ပါချေ။ သူမထံတွင် လီရှန်းကဲ့သို့ ဇွဲလုံးလမရှိပေ။
သူမသာဆိုလျှင် ဤမျှတိုတောင်းသော အချိန်အတွင်း “Latin ၏ဆေးဝါးပညာရပ်များ” စာအုပ်တစ်အုပ်လုံးကို ကျက်မှတ်နိုင်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။
ညနေဘက် အလုပ်ပြီးသည်နောက်တွင် လီရှန်းက အဆောင်သို့ အလျှင်အမြန်ပြန်ကာ အလုပ်ယူနီဖောင်းကို လဲလှယ်လိုက်သည်။ ထို့နောက် ခွင့်စာကိုဖြည့်လိုက်ပြီး ဆေးဝါးစက်ရုံမှ အမြန် ထွက်လာခဲ့လေသည်။
ဆေးဝါးစက်ရုံ၏ အပြင်ဘက်တွင် စုဝေ့မင်နှင့် ဇနီးဖြစ်သူ လော်ယွီရှို့အပြင် စုဝေ့ချင်းပါ စောင့်ဆိုင်းနေခဲ့ပေပြီ။
“နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊ စောင့်နေရတာ ကြာပြီလား”
လီရှန်း အားနာစွာဖြင့် နှုတ်ဆက်လိုက်၏။
“နောက်မကျပါဘူး၊ အန်တီတို့လည်း အခုတင် ရောက်တာ”
စုဝေ့ချင်း စကားမပြောမီ လော်ယွီရှို့က သူ့ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး လီရှန်း၏ လက်ကို ဆွဲကိုင်ကာ မေးမြန်းလိုက်သည်။
“အခု ငါတို့ ဘယ်ဘတ်စ်ကားကိုစီးရမလဲ”
“လမ်းကြောင်းနံပါတ်(3)က ဘတ်စ်ကားကိုစီးရမှာပါ”
ကျန်းရူတုန်း၏ မိသားစုက မြို့ဟောင်းဘက်တွင် နေထိုင်သောကြောင့် စက်ရုံမှ ကြိုပို့ပေးသည့်ကားကို စီး၍ မရပါချေ။
သို့သော်လည်း ဆေးဝါးစက်ရုံက အနည်းငယ် ဝေးလံသောနေရာတွင် ရှိနေသောကြောင့် ထိုနေရာတွင် လမ်းကြောင်း(3) ဘတ်စ်ကား မရှိပါပေ။
သူတို့အနေဖြင်် ယူကျန့်လမ်းမပေါ်ရှိ ဘူတာသို့ အနည်းငယ် လမ်းလျှောက်သွားရပေမည်။
လီရှန်းက အိတ်များကို ကူသယ်ပေးရန် ကြိုးစားသော်လည်း အိတ်က ထင်ထားသည်ထက် ပိုမို လေးလံနေကြောင်းကို တွေ့လိုက်ရသည်။
“မသယ်နဲ့၊ ကိုယ်ပဲ သယ်လိုက်မယ်”
စုဝေ့ချင်းက လီရှန်း၏ လက်ထဲမှ အိတ်ကို လျှင်မြန်စွာ လွှဲယူလိုက်သည်။
“ကိုယ်ဝယ်ထားတာတွေကို အမေက သဘောမကျဘူးလေ၊ ဒါကြောင့် အဖေ ဝှက်ထားတဲ့ အကောင်းဆုံး ပစ္စည်းတွေကို အကုန်ထုတ်လာတာ”
“ဒါတွေကို ကျွန်မ လက်မခံနိုင်..”
“ဒါပေမဲ့ ငါတို့ရဲ့အထက်မှာ အကြီးအကဲတွေ ရှိနေသေးတယ်လေ”
လော်ယွီရှို့က သူမ၏ သြဇာညောင်းလှသောအရှိန်အဝါဖြင့် လီရှန်း၏ အာရုံကို ထပ်မံ ဆွဲဆောင်လိုက်ပြန်၏။
“ဒါ့အပြင် မိန်းကလေးကောင်းတစ်ယောက်ကို မိသားစုတွေအများကြီးက လိုချင်ကြတာပဲ၊ အန်တီရဲ့ ဝေ့ချင်းက မင်းကို လက်ထပ်ချင်တယ်ဆိုတော့ အန်တီတို့ဘက်ကလည်း သင့်တော်တဲ့ ယဉ်ကျေးမှုကို ပြသရမှာပေါ့၊
ဝေ့ချင်းက ငယ်သေးတော့ ဘာမှ နားမလည်ဘူး၊ သူ ဝယ်ချင်ရာတွေကို လျှောက်ဝယ်တာ၊ သူ့ရဲ့အမေအနေနဲ့ မင်းကို ကောင်းကောင်း ဆက်ဆံဖို့ အန်တီ့မှာ တာဝန်ရှိတယ်၊
မဟုတ်ရင် လူတွေက အန်တီတို့မိသားစုက မင်းကို တန်ဖိုးမထားဘူးလို့ ထင်ကုန်ကြလိမ့်မယ်”
ထိုသို့ပြောရင်း လော်ယွီရှို့က လီရှန်းကို အရှေ့ဘက်သို့ နှစ်လှမ်းခန့် ဆွဲခေါ်သွားခဲ့သည်။
“ငါတို့ အမေနဲ့ သမီး အရှေ့ကသွားကြမယ်”
စုဝေ့ချင်း: “...”
သူ့အမေက ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်ဖို့ ကောင်းနေရတာလဲ!
သူ ရဲဘော်လီရှန်းကို မတွေ့ရတာ တစ်နေ့တောင် ရှိနေပြီ။
“အခုခေတ်မှာတော့ အရင်တုန်းကလိုမျိုး လုပ်ထုံးလုပ်နည်းတွေ သိပ်မရှိတော့ဘူး၊ အရင်တုန်းကဆိုရင်တော့ ရိုးရာလက်ထပ်ပွဲ အခမ်းအနားတွေ ရှိမှာပေါ့”
လော်ယွီရှို့က အနည်းငယ် ရှေးရိုးစွဲဆန်သူ ဖြစ်ပေသည်။ လွတ်လပ်စွာ ချစ်ကြိုက်ခြင်းက ကောင်းမွန်သည်ဟု သူမ ထင်သော်ငြားလည်း အတိတ်ကာလကကဲ့သို့ လက်ထပ်စာချုပ်ရေးထိုးခြင်းကသာ အမှန်တကယ် လက်ထပ်ခြင်းဖြစ်သည်ဟု ခံစားနေခဲ့ရသည်။
သို့သော်လည်း ယခုအချိန်တွင်တော့ လက်ထပ်စာချုပ်နှင့် ဆင်တူသော လက်ထပ်မှတ်ပုံတင်လက်မှတ်ကို ရရှိနိုင်ပေပြီ။
“အခုတော့ အဲဒါတွေက ခေတ်မစားတော့ပါဘူး၊ ဒါ့အပြင် ဆက်ဆံရေးသာ ကောင်းမွန်မယ်ဆိုရင် လက်ထပ်လက်မှတ်မရှိရင်တောင် ပျော်စရာကောင်းပါတယ်”
လီရှန်းအနေဖြင့် သူမ၏ အရှေ့မှလူများက စစ်ဖြစ်ပွားဆဲကာလအတွင်း လက်ထပ်ခဲ့ကြသည်ကို သတိရလိုက်မိသည်။သူတို့က မည်သည့်အရာမှမပိုင်ဆိုင်ဘဲ ဆင်းရဲနွမ်းပါးခဲ့ကြသော်လည်း ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ လက်တွဲခဲ့ကြသည် မဟုတ်ပါလား။
“တကယ်တော့ အိမ်ထောင်ရေးမှာ အရေးကြီးဆုံးက လူတွေပါပဲ”
လော်ယွီရှို့က လီရှန်း၏ စကားကို သဘောတူသည်။ သူမနှင့် ရဲဘော်စုတို့ လက်ထပ်ခဲ့ချိန်ကလည်း မည်သည့် အခမ်းအနားမျှ မရှိခဲ့ပါချေ။
ရိုးရှင်းသော ကတိသစ္စာတစ်ခုသာ ပြုခဲ့ကြသော်လည်း ယခုအချိန်တွင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူတို့၏စကားကိုနာထောင်နေခဲ့သည့် စုဝေ့မင်သည်လည်း အတိတ်အကြောင်းကို ပြန်လည်အမှတ်ရသွားခဲ့လေ၏။ သိုဖြင့် ဇနီးမောင်နှံနှစ်ယောက်က တစ်ဦးကိုတစ်ဦး အပြုံးဖြင့် ကြည့်လိုက်မိကြ၏။
လီရှန်းနှင့် စုဝေ့ချင်းတို့သည်လည်း ထိုအခြေအနေကိုမြင်ခဲ့ပြပြီး စိတ်ပျော်ရွှင်သွားခဲ့ကြလေသည်။
ကံကောင်းစွာဖြင့် သူတို့ ဘူတာရုံသို့ ရောက်ရှိချိန်မှာပင် နံပါတ် (၃) ဘတ်စ်ကား ရောက်ရှိလာခဲ့၏။
လူတိုင်းက ကားပေါ်သို့ တက်လိုက်ကြသည်။ စုဝေ့မင်က အင်ဂျင်ဖုံးပေါ်တွင် တိုက်ရိုက်ထိုင်ကာ ယာဉ်မောင်းဆီသို့ စီးကရက်တစ်လိပ် ကမ်းပေးလိုက်လေ၏။
“ဆရာ၊ နံပါတ် (၃) ကားရဲ့ နောက်ဆုံးအချိန်က ဘယ်နှနာရီလဲ”
“(၈) နာရီခွဲပါ”
ယာဉ်မောင်းက စီးကရက်ကို ယူလိုက်ပြီး အချိန်ကို ပြောပြလိုက်၏။
ထို့နောက် စီးကရက်ကို အနံ့ခံကြည့်လိုက်ပြီး အပြုံးများက ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဤသည်မှာ အလွန်ကောင်းမွန်သော စီးကရက်ဖြစ်နေခဲ့သည်။
“နောက်ဆုံးကားက (၈) နာရီခွဲလောက်မှာ ထွက်မှာ၊ ခင်ဗျားတို့က ဘယ်မှာ စောင့်ချင်လို့လဲ”
လီရှန်းက အမြန်ပင် ပြန်ဖြေလိုက်၏။
“တုန်းယွမ်ရဲ့ ပတ်ဝန်းကျင်နားမှာပါ”
“ဒါဆိုရင်တော့ နောက်အကျဆုံး (၈) နာရီ (၄၅) မိနစ်မှာလောက် အဲဒီမှာ စောင့်နေရမယ်”
လိုချင်သည့် အဖြေကို ရရှိပြီးနောက် စုဝေ့မင်က ယာဉ်မောင်းနှင့် ခေတ္တမျှ စကားပြောဆိုပြီး လော်ယွီရှို့၏ ဘေးတွင် သွားထိုင်လိုက်သည်။
ယူကျန့်လမ်းမှ တုန်းယွမ်သို့ သွားသည့်လမ်းတွင် မှတ်တိုင်ငါးခုရှိပြီး ခရိုင်အလယ်ဗဟိုမှ အဝိုင်းတစ်ခုကိုလည်း ဖြတ်သန်းရပေသည်။
စုဝေ့မင်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း လမ်းကြောင်းကို မှတ်သားနေခဲ့၏။ အကယ်၍ အချိန်လွန်သွားပါက မှတ်တိုင်ငါးခုဆိုသည်မှာ လမ်းလျှောက်ပြန်လျှင်လည်း သိပ်မဝေးပါချေ။
တုန်းယွမ်သို့ ရောက်ချိန်တွင် သူတို့ ကားပေါ်မှ မဆင်းရသေးမီ ဘူတာတွင် စောင့်နေသော ကျန်းကျူးရိကို မြင်လိုက်ရသည်။
“ကျွန်မရဲ့ အကြီးဆုံးဦးလေး ရောက်နေပြီ”
လီရှန်းက စုဝေ့ချင်းကို ပြောပြလိုက်သည်။
စုဝေ့ချင်းတစ်ယောက် ချက်ချင်းပင် စိုးရိမ်ပူပန်လာခဲ့ပြီး နားရွက်နှင့် မျက်နှာများ နီရဲလာခဲ့လေ၏။
သူက လက်များနှင့် မျက်နှာကို အမြန်ပွတ်သပ်ကာ စိုးရိမ်စိတ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်ရသည်။
ရှေ့ဆုံးတွင် ထိုင်နေသော စုဝေ့မင်သည်လည်း သူ၏ အဝတ်အစားများကို တိတ်တဆိတ် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်နေခဲ့သည်။
ကားရပ်သွားသည်နှင့် လီရှန်းက အမြန်ဆင်းကာ ကျန်းကျူးရိကို လှမ်းခေါ်လိုက်သည်။
“အကြီးဆုံးဦးလေး..”
စီးကရက်သောက်နေသော ကျန်းကျူးရိက စီးကရက်ကို ချက်ချင်း ငြိမ်းသတ်လိုက်ပြီး ပြာများကို ခါချကာ လီရှန်းထံသို့ လျှောက်လာခဲ့သည်။
လီရှန်း၏ နောက်ဘက်တွင်တော့ သက်လတ်ပိုင်း ဇနီးမောင်နှံနှင့် ရင်းနှီးနေသော လူငယ်လေး စုဝေ့ချင်းတို့ ရပ်နေသည်ကို မြင်လျှင် သူ့ဘက်မှ ဦးစွာ နှုတ်ဆက်လိုက်လေ၏။
“ဒုတိယညွှန်ကြားရေးမှူးစု ဖြစ်မယ်၊ အခုလို တွေ့ရတာဂုဏ်ယူပါတယ်”
ကျန်းကျူးရိက ဖော်ရွေစွာ နှုတ်ဆက်လိုက်ပြီး စုဝေ့မင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်လေ၏။
စုဝေ့မင်သည်လည်း အပြုံးတစ်ခုဖြင့် ကျန်းကျူးရိ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ဒါရိုက်တာကျန်း၊ ခင်ဗျားရဲ့အကြောင်းကို ကြားဖူးတာကြာပြီ၊ အခုမှပဲ လူချင်းတွေ့ရတော့တယ်”
သူက စုဝေ့ချင်းကို ညွှန်ပြပြီးပြောလိုက်လေ၏။
“ကျွန်တော့်ရဲ့သားက ဘာကိုမှ နားမလည်ဘူး၊ ပြီးခဲ့တဲ့အပတ်က သေသေချာချာ နှုတ်မဆက်ဘဲ သွားခဲ့ဆိုပြီးလို့ ကျွန်တော့်ရဲ့ဇနီးက တောင်းပန်ချင်နေတာ၊
ဒါကြောင့် ရှောင်လီကို အမြန်ရှာပြီး သင့်တော်တဲ့ ယဉ်ကျေးမှုနဲ့အတူ လာပြီးနှုတ်ဆက်ဖို့ ရက်ရွေးလိုက်တာပါ”
“ကျွန်မတို့ရဲ့ ရှန်းရှန်းကလည်း ကလေးဆန်သေးတယ်၊ ပြီးခဲ့တဲ့အပတ်က ဝေ့ချင်းကို ခေါ်လာတုန်းက လောင်ကျန်းနဲ့ ကျွန်မတောင် လန့်သွားတာ၊
ဒါပေမဲ့ အခုခေတ် လူငယ်တွေက အရင်လို မဟုတ်တော့ဘူးဆိုတော့ ကျွန်မတို့ လူကြီးတွေကပဲ အလိုက်သင့် ပြောင်းလဲပေးရတာပေါ့”
နှစ်ဖက်မှလူကြီးများက ကလေးများ၏အကြောင်းကို ဦးစွာပြောဆိုကြပြီးနောက် တစ်ဦးကိုတစ်ဦး ပြန်လည်ချီးကျူးနေကြပြန်သည်။
ကျန်းရူတုန်း၏ ခြံဝင်းတံခါးဝသို့ ရောက်သောအချိန်တွင် သူတို့က မိတ်ဟောင်းဆွေဟောင်းများကဲ့သို့ ရင်းနှီးနေကြပေပြီ ။
ကျန်းရူတုန်း၏ ခြံဝင်းမှာ နေရာကောင်းတွင် ရှိသည်။ တုန်းယွမ်လမ်းမပေါ်ရှိ လမ်းကြား၏ တတိယမြောက်အိမ်ဖြစ်ပေ၏။
လမ်းမနှင့်လည်းမနီးလွန်းသကဲ့သို့ လမ်းဆုံနှင့်လည်းမနီးသောကြောင့် မြို့လယ်တွင်ရှိသော်ငြား တိတ်ဆိတ်ငြိမ်သက်ပေသည်။
အိမ်တွင် သက်ကြီးရွယ်အို ဇနီးမောင်နှံသာ နေထိုင်ကြပြီး သားသမီးများကလည်း ညအိပ်လာခဲသောကြောင့် ခြံဝင်းလေးမှာ အလွန်ကျယ်ဝန်းသကဲ့သို့ ထင်ရသည်။
ကျန်းကျူးရိက စုမိသားစုကို အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ကျန်းရူတုန်းသည်က ဧည့်ခန်းတွင် အသင့် စောင့်ဆိုင်းနေပေပြီ။
“အဖေ၊ ရှန်းရှန်းရဲ့ ချစ်သူနဲ့မိဘတွေ ရောက်လာပြီ”
***