ကျန်းဟုန်မေ့က သူတို့ကို လှမ်းမြင်သည်နှင့် ကျန်းရူတုန်း၏ နားအနီးသို့ ကပ်ကာ တီးတိုးပြောလိုက်၏။
ကျန်းရူတုန်းက သူမကို ပုတ်ပြီး ပြောလိုက်သည်။
“ပြောစရာရှိတာကို ကောင်းကောင်း ပြောလေ၊ ဘာလို့ ဒီလောက်တောင် အနားကိုကပ်နေတာလဲ၊ ငါ နားမထိုင်းပါဘူး”
သူ၏ လေသံမှာ သိပ်ပြီး မပျော့ပြောင်းသော်လည်း မျက်လုံးများထဲတွင်တော့ စိုးရိမ်စိတ်များ ရှိနေပေသည်။
သူသည်ကား ဂုဏ်သရေရှိလှသော ခမည်းခမက်လောင်းများအပေါ်သို့ စိတ်ဝင်စားမှု မရှိဘဲ၊ လီရှန်း၏ ဘေးတွင် ရပ်နေသော စုဝေ့ချင်းကိုသာ စူးစိုက်ကြည့်နေခဲ့၏။
လူတစ်ဦးနှင့်တစ်ဦး တွေ့ဆုံသည့်အချိန်တွင် သတိထားရမည့် အချက်သုံးချက် ရှိသည်။
သို့သော် သူ၏ စုဝေ့ချင်းအပေါ် ပထမဆုံးအမြင်တွင်ပင် အလွန်သဘောကျသွားခဲ့၏။ ထိုလူငယ်လေးသည်က အသားအရေဖြူဖွေးပြီး ကြည်လင်သော မျက်ဝန်းများ ရှိသည်။
သူ လီရှန်းကို ကြည့်သည့်အချိန်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာများ ရှိနေသည်ကို မြင်နိုင်ပေ၏။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက လီဟုန်ကျွင့်မှ ကျန်းဟုန်ကျန်းကို ကြည့်ခဲ့သော စိုးရိမ်ထိတ်လန့်လောက်စရာ အမူအရာနှင့် လုံးဝ ကွာခြားပေ၏။
အမှန်တကယ်တမ်းတွင် စုဝေ့ချင်းသည်လည်း စိုးရိမ်နေခဲ့သော်လည်း၊ ထိုစိုးရိမ်စိတ်အောက်တွင် အတိုင်းအဆမရှိသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများက ကိန်းအောင်းနေပေသည်။
“ရှန်းရှန်းက ဟုန်ကျန်းထက် ပိုပြီး ကံကောင်းတာပဲ”
ကျန်းရူတုန်း သက်ပြင်းချလိုက်မိသည်။
ကျန်းဟုန်မေ့က ကျန်းရူတုန်း၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်၏။
“အဖေ၊ ကျွန်မ မီးဖိုချောင်ထဲကိုသွားပြီး အန်တီဝူကို ခေါ်လိုက်ရမလား၊ ဒီလို အရေးကြီးတဲ့နေ့မှာ သူ့ကို မီးဖိုချောင်ထဲမှာပဲ အလုပ်ရှုပ်ခိုင်းမထားသင့်ဘူး”
ဝူယွီနျန့်သည်ကား မိုးမလင်းမီကတည်းက အလုပ်ရှုပ်နေခဲ့ပြီး မီးဖိုချောင်ထဲမှ ထွက်မလာသေးပါချေ။
ကျန်းဟုန်မေ့အနေဖြင့် ဝူယွီနျန့်တစ်ယောက် ပြဿနာမဖြစ်စေရန် ရှောင်ဖယ်နေခြင်း ဖြစ်ကြောင်းကို သိနေပေသည်။
ဆိုရလျှင် သူမသည်က သူတို့၏ မိခင်အရင်းမဟုတ်သောကြောင့် ဤနေရာတွင် ရှိမနေသင့်ဟု ခံစားနေရခြင်း ဖြစ်နိုင်ပေ၏။
သို့သော်လည်း ကျန်းဟုန်မေ့အနေဖြင့် စိတ်မကောင်း ဖြစ်နေမိသည်။ သူမ၏ မိခင်မှာ သူမကိုမွေးဖွားပြီး မကြာမီမှာပင် ဆုံးပါးသွားခဲ့ပြီး ဝူယွီနျန့်ကသာ သူမကိုကိုယ်တိုင်မွေးသည့် သမီးကဲ့သို့ ပြုစုစောင့်ရှောက်ခဲ့ခြင်း ဖြစ်ပေသည်။
သူမ၏ နှလုံးသားထဲတွင်တော့ ဝူယွီနျန့်မှာ မိခင်အရင်းနှင့် မခြားပါချေ။ ယခုကဲ့သို့ အချိန်မျိုးတွင် ဝူယွီနျန့်က မီးဖိုချောင်ထဲ၌ ပုန်းနေသည်ကို မြင်ရသည်မှာ သူမအတွက် စိတ်ထိခိုက်စရာ ဖြစ်နေခဲ့သည်။
ကျန်းရူတုန်းက ခေါင်းခါပြလိုက်၏။
“မလိုပါဘူး၊ သူ နေချင်သလို နေပါစေ”
ထိုသို့ပြောခဲ့သော်လည်း သမီးဖြစ်သူ၏ ခံစားချက်ကို ထောက်ထားသောအားဖြင့် သူက ဆက်ပြောလိုက်သည်။
“သူက အမြဲတမ်း ဒီလိုပါပဲ၊ သူ့အတွက် စိတ်မကောင်း မဖြစ်ပါနဲ့၊ မင်းသာ သူ့ကို ဇွတ်အတင်း ထွက်လာခိုင်းရင် သူ ပိုပြီး နေရခက်နေလိမ့်မယ်၊ မင်း တကယ် သူ့ကို ဂရုစိုက်တယ်ဆိုရင် ခဏခဏ ပြန်လာတွေ့ပေးရင် ရပြီ”
ထိုစကားကို ကြားလျှင် ကျန်းဟုန်မေ့လည်း သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်သွားရတော့၏။
ကျန်းကျူးရိနှင့် တခြားလူများ ဧည့်ခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်က ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာခဲ့သည်။ လူတချို့က ကျန်းရူတုန်းနှင့် အရင်တွေ့ဆုံခဲ့ကြသည်။
လော်ယွီရှို့က ယနေ့တွင် ဧည့်သည်တစ်ဦးဖြစ်နေခဲ့သောကြောင့် ကျန်းဟုန်မေ့က သူမ၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီးဧည့်ခံခဲ့သည်။
တစ်ဦးမှာ ယဉ်ကျေးမှုအဖွဲ့မှ ဆရာမဖြစ်ပြီး၊ ကျန်တစ်ဦးမှာ အမျိုးသမီးအဖွဲ့ချုပ်မှ ဒါရိုက်တာဖြစ်သောကြောင့် သူတို့နှစ်ဦးက စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ယဉ်ကျေးမှုအဖွဲ့၏ နှစ်ကုန်ဖျော်ဖြေပွဲများအကြောင်းသို့ စကားရောက်သွားခဲ့ကြပေ၏။
လော်ယွီရှို့သည်က အနုပညာအဖွဲ့ဝင်များကို ဆေးဝါးစက်ရုံ၏ ဖျော်ဖြေပွဲများတွင် ပါဝင်ရန် ဖိတ်ကြားချင်နေခဲ့သည်။
သူမအနေဖြင့် ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် ယဉ်ကျေးမှုအဖွဲ့တွင် မည်သည်ကိုရွေးချယ်သင့်ကြောင်း ဝေခွဲမရ ဖြစ်နေသော်လည်း ကျန်းဟုန်မေနှင့် တွေ့ဆုံပြီးနောက်တွင်တော့ ခရိုင်ယဉ်ကျေးမှုအဖွဲ့ကိုသာ ဖိတ်ရန်ဆုံးဖြတ်လိုက်တော့သည်။
မနက်ဖြန်တွင်ပင် ဝန်ထမ်းများကို အကြံပြုမည်ဟုပြောဆိုခဲ့သည်။
ကျန်းရှင်းမင်က စုဝေ့ချင်းကို စကားပြောရန်အတွကာ ဘေးသို့ ခေါ်သွားခဲ့ပြီး၊ ယန်အန်းကော်ကတော့ စုဝေ့မင်နှင့် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
၎င်းတို့နှစ်ဦးမှာ ပြည်နယ်မြို့တော်တွင် ကျင်းပသော အစည်းအဝေးများ၌ ဆုံဖူးကြသူများဖြစ်ပေသည်။
သူတို့က အဖွဲ့ငယ်လေးများခွဲကာ စကားပြောဆိုကြပြီး လူတိုင်းက အသိမိတ်ဆွေဟောင်းများ ဖြစ်နေကြသည်ကို တွေ့ရှိသွားကြသည်။
ဤသို့ဖြင့် မကြာမီမှာပင် အကြောင်းအရာတစ်ခုတည်းကို ဆွေးနွေးဖြစ်သွားကြတော့၏။
ဖန်ချင်းက မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။ ဝူယွီနျန့်မှ ဟင်းသီးဟင်းရွက်များ ပြင်ဆင်နေရင်းဖြင့် သူမ ရောက်လာသည်ကို မြင်လျှင် လက်မထောင်ပြလိုက်၏။
“အဲဒီကလေးက တကယ်ကို လူကောင်းလေးပဲ”
“ဟုတ်တယ်၊ အတော်လည်း ချောတယ်”
ချန်ဖန်းသည်လည်း ယနေ့တွင် ပြုံးရွှင်စွာ ပြောဆိုလာခဲ့သည်။လီရှန်း၏ ခမည်းခမက်လောင်းများမှာ ဆေးဝါးစက်ရုံမှ ဒုတိယညွှန်ကြားရေးမှူးဖြစ်ကြောင်း သိရှိသွားကတည်းက သူမက ဖန်ချင်းအပေါ် သိသိသာသာအလျှော့ပေး ဆက်ဆံလာခဲ့ခြင်း ဖြစ်ပေသည်။
သူမက ပြောလာခဲ့သည်။
“ကျွန်မရဲ့ မောင်က အရည်အချင်းမရှိတာ မဟုတ်ပါဘူး၊ သူက နည်းနည်းလောက် ရှေးဆန်နေရုံတင်ပါပဲ၊ ဒါပေမဲ့ သူက တကယ်ကို ထက်မြက်တယ်
သူသာ ရှန်းရှန်းရဲ့ စာအုပ်တွေကို သုံးပြီး လေ့လာမယ်ဆိုရင် စာမေးပွဲကို သေချာပေါက် အောင်မြင်လိမ့်မယ်”
အတိုချုပ်ရလျှင် သူမသည်က သူမ၏မောင်ဖြစ်သူအပေါ် ကျိုးကြောင်းစီလျော်ခြင်းမရှိသော ယုံကြည်မှု ရှိနေခြင်းပင်ဖြစ်ပေ၏။
အိမ်ရှေ့ခန်းသို့ ရောက်ကတည်းက စကားတစ်ခွန်းမှ မပြောဘဲရှိနေသည့် လီရှန်းက ယခုအချိန်တွင် သူမ၏အဖိုးဖြစ်သူ ကျန်းရူတုန်းအား စိုက်ကြည့်နေမိခဲ့၏။
သူသည်က ထုံးစံအတိုင်း မျက်မှောင်ကြုတ်ထားခဲ့ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ စကားပြောဆိုခြင်းကို မနှစ်သက်ဘဲ တည်ကြည်လေးနက်သော မျက်နှာအမူအရာမျိုးရှိနေဆဲဖြစ်ကြောင်း သူမ တွေ့မြင်နေရသည်။
အကယ်၍ လွန်ခဲ့သောအချိန်က သူမသာဆိုလျှင် ကြောက်ရွံ့တုန်လှုပ်ပြီး ထောင့်တစ်နေရာတွင် ကပ်နေမိမည်ဖြစ်သည်။ အဖိုးဖြစ်သူမှ သူမအား သတိမပြုမိစေရန်အတွက် ကိုယ့်ကိုယ်ကိုယ် သေးငယ်သွားအောင် ကျုံ့ထားမိပေလိမ့်မည်။
သို့သော် ယခုတွင်တော့...
သူမ၏ဦးလေးဖြစ်သူက စုဝေ့ချင်းအား သူမ၏ ငယ်ဘဝအကြောင်းများကို ပြောပြနေချိန်တွင် အဖိုးဖြစ်သူ၏ခန္ဓာကိုယ်က ဦးလေးဖြစ်သူဘက်သို့ မသိမသာ ကိုင်းညွတ်နေသည်ကို သူမ သတိပြုမိလိုက်၏။
တစ်ဖက်လူက သူမ၏ ငယ်ဘဝပုံပြင်များကို နောက်တစ်ဖန်ပြန်၍ နားထောင်လိုနေသည့်ပုံရသည်။
အဖိုးဖြစ်သူက ထိုအကြောင်းများကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။ အထူးသဖြင့် စုဝေ့ချင်းက စက်ရုံမှ သူမ၏ အလုပ်အကိုင်အကြောင်းကို ပြောပြသောအချိန်တွင် တစ်ခါတစ်ရံ၌ တွေးတောဟန်ရှိပြီး ခေါင်းခါနေခဲ့တတ်သည်။
လီရှန်းအနေဖြင့် ထိုကိစ္စရပ်များတွင် ကောင်းမွန်စွာ မဆောင်ရွက်နိုင်ခဲ့ဟု ခံစားရပုံရ၏။
လီရှန်းတစ်ယောက် မနေနိုင်ဘဲ အဘိုးဖြစ်သူ၏အနားသို့ တိတ်တဆိတ် တိုးကပ်သွားလိုက်မိသည်။
“အဘိုး...”
သူမက ခပ်တိုးတိုး ခေါ်လိုက်လေ၏။
ကျန်းရူတုန်း ခဏမျှ တောင့်တင်းသွားပြီးမှ ပြန်ထူးလိုက်သည်။
“အင်း”
သူသည်က အနည်းငယ် အနေရခက်နေဆဲဖြစ်ကာ သူ့၏ဘေးနားရှိ စားပွဲခုံပုပေါ်မှ မြေပဲပန်းကန်ကို ညွှန်ပြလာသည်။
“ဘာမှလုပ်စရာမရှိရင် မြေပဲသွားစားနေလေ”
ဆိုရလျှင် အနေရခက်စွာဖြင့် ဂရုစိုက်မှုမျိုးကို ပြသခြင်းပင် ဖြစ်ပေတော့သည်။
“ကောင်းပါပြီ”
လီရှန်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ကျန်းရူတုန်း၏ ဘေးတွင် ဝင်ထိုင်ကာ မြေပဲတစ်ဆုပ်ကို ကောက်ယူလိုက်၏။ ထို့နောက် ကျန်းရူတုန်းအား မှီလျက် မြေပဲများကို စတင်စားနေခဲ့သည်။
ကျန်းရူတုန်းတစ်ယောက် “ဒါက ဘယ်လိုအမူအကျင့်မျိုးလဲ” ဟူသောစကားကို ပြောချင်နေသော်လည်း၊ ယမန်နေ့ညက သူ၏ အကြီးဆုံးသားပြောထားခဲ့သော သတိပေးချက်များကို သတိရလိုက်သောကြောင့် ထိုစကားလုံးများကို ပြန်လည် မျိုသိပ်လိုက်ရ၏။
ခဏတာမျှ လူမှုရေးအရ စကားစမြည် ပြောဆိုပြီးနောက် စုဝေ့မင်က အဓိကကိစ္စကို စတင်ပြောဆိုလာခဲ့သည် ။
“ကျွန်တော်နဲ့ ဇနီးသည်တို့ ဒီနေ့ ဒီကိုလာရတဲ့ အဓိကအကြောင်းရင်းက ကလေးနှစ်ယောက်ရဲ့ အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးဖို့အတွက်ပါ၊
ခင်ဗျားတို့လည်း လာမဲ့နှစ်အတွက် မူဝါဒအသစ်တွေအကြောင်းကို ကြားမိကြမယ်လို့ထင်တယ်၊ နှစ်သစ်ကူးပြီးရင် အခြေအနေတွေက ရှုပ်ထွေးလာဖို့ ရှိနေတယ်”
“အမှန်ပဲ”
ယန်အန်းကော်က ခေါင်းညိတ်လိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ ထူးထူးခြားခြား တည်ငြိမ်လေးနက်သည့်အမူအရာကို ဖော်ပြလာခဲ့လေ၏။
“အခုဆိုရင် ကျေးလက်ဒေသကိုဆင်းရမဲ့ အသက်အရွယ်ကိုလည်း လျှော့ချလိုက်ပြီ၊ အသက်က (၁၆) နှစ်ပြည့်ဖို့တောင် မလိုတော့ဘူး၊ (၁၆) နှစ်ထဲကို ရောက်တာနဲ့ ကျေးလက်ဒေသကိုသွားဖို့ စာရင်းသွင်းနိုင်ပြီ”
လီဟုန်ကျွင့်၏ အမွှာကလေးများမှာ နှစ်သစ်ကူးပြီးလျှင် (၁၆) နှစ်ထဲသို့ ရောက်ရှိကြလိမ့်မည်။
အကယ်၍ လီရှန်းသာ (၁၆)နှစ်ထဲတွင် ဆိုလျှင် နောက်ထပ်ခြောက်လခန့် စောင့်ဆိုင်းနိုင်သေးသည်။
သို့သော်လည်း ယခုအချိန်တွင်မူကား လီရှန်းသာ နှစ်သစ်မကူးမီအထိ အိမ်ထောင်မပြုသေးပါက လီဟုန်ကျွင့်သည် သူ၏ကလေးနှစ်ယောက်အစား လီရှန်း၏နာမည်ကို စာရင်း သွင်းနိုင်ပေလိမ့်မည်။
ကျန်းကျူးရိနှင့် ကျန်းရှင်းမင်တို့၏ မျက်နှာအမူအရာများကလည်း ပျက်ယွင်းသွားကြ၏။
“ဒါကြောင့် ကျွန်တော် ပြောချင်တာကတော့ စေ့စပ်ပွဲကို ကျော်လိုက်ပြီး တိုက်ရိုက်ပဲ လက်ထပ်ကြရအောင်”
စုဝေ့မင်က စီးကရက်လက်ကျန်ကို ပြာအိုးထဲ ထိုးနှစ်ငြှိမ်းသတ်ရင်း အကြံပြုလိုက်သည်။
ဤခေတ်ကာလတွင် စေ့စပ်ပွဲမလုပ်ဘဲ လက်ထပ်ကြသည့် စုံတွဲများ ရှိနေသော်လည်း ပိုင်မားခရိုင်တွင်တော့ အလွန်ပင် ရှားပါးလွန်းသည်။
မိသားစုအများစုမှာ တစ်နှစ် သို့မဟုတ် ခြောက်လခန့် ကြိုတင်ပြီး စေ့စပ်ထားသည့် ဓလေ့ကို လိုက်နာကြဆဲပင်။
အကယ်၍ မိသားစုနှစ်ခုကြားတွင် ကြီးကြီးမားမား အနှောင့်အယှက်မရှိဘဲ စေ့စပ်ပွဲ အဆင်ပြေခဲ့ပါက အိမ်ထောင်ရေးကိစ္စကို အထမြောက်သည်ဟု ယူဆကြပြီး ထိုအချိန်မှသာ မိသားစုနှစ်ဖက်လုံးက မင်္ဂလာပွဲကို ပျော်ရွှင်စွာ ကျင်းပပေးတတ်ကြသည်။ကျန်းကျူးရိသည်လည်း စုဝေ့မင်၏ အကြံပြုချက်ကို ကောင်းမွန်သည်ဟု ထင်မြင်မိသော်လည်း ကလေးနှစ်ယောက် လက်ထပ်ပြီးနောက် စုမိသားစုတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ပါက စုဝေ့မင်ဘက်မှ လီရှန်းအပေါ် အပြစ်တင်မည်ကို ပိုမိုစိုးရိမ်နေမိသည်။
ဆိုရလျှင် စေ့စပ်ပြီးနောက်တွင် သတို့သားမိသားစု၌ မတော်တဆမှုတစ်ခုခုနှင့် ကြုံတွေ့ရပါက သတို့သမီး၏ ဇာတာက ကံမကောင်းကြောင်းကို ပြောဆိုတတ်သည်။
သို့မဟုတ် သတို့သားနှင့် မတည့်နိုင်ကြောင်း အကြောင်းပြချက်အဖြစ် ပေးတတ်ကြသည်။
ဤကဲ့သို့ ဖြစ်ရပ်မျိုးက မရှားပါးပါချေ။
***